အခန်း ၁၆၆
Vol. 10 Ch. 166
အခန်း (၁၆၆) ဓားပြဘုရင်
ချင်ယွမ်ဖုန်း နိုးလာသည်နှင့် ရှေးဦးစွာ ကြုံတွေ့ရသည်မှာ ဓားပြများ စီးနင်းတိုက်ခိုက်ခြင်း ခံနေရသည့် မြို့ငယ်လေးတစ်မြို့ ဖြစ်ပေသည်။
ထိုဓားပြတို့သည် မြင်မြင်သမျှလူကို သတ်ဖြတ်ကာ ပစ္စည်းဥစ္စာများကို လုယက်ဖျက်ဆီးသည့် မူဝါဒကို ကျင့်သုံးနေကြခြင်းဖြစ်၏။
ဓားပြတစ်ဦးသည် ချင်ယွမ်ဖုန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာပြီး သူ၏ လက်ထဲရှိ ဓားမကြီးမှာလည်း အေးစက်လှသော အလင်းတန်းများ ဖြာထွက်နေလျက် ချင်ယွမ်ဖုန်း၏ လည်ပင်းကို တည့်တည့်ချိန်ရွယ်ထားလေသည်။
ချင်ယွမ်ဖုန်းသည် ယင်းကို တံလျှပ်အိပ်မက်တစ်ခုသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားသဖြင့် တစ်စုံတစ်ရာ ပြန်လည်ခုခံခြင်း မပြုဘဲ ဘေးသို့ အသာအယာ ရှောင်တိမ်းလိုက်ရုံသာ ပြုလေသည်။
သို့သော်လည်း ထိုဓားမကြီးမှာ သူ၏ လည်ပင်းကို ဝေ့ဝဲခုတ်သွားခဲ့ရာ အပေါ်ယံ ရှပ်ထိသွားပြီး သွေးစလေးများ စိမ့်ထွက်လာခဲ့၏။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် ဒဏ်ရာကို လက်ဖြင့် ထိတွေ့ကြည့်ကာ မိမိကိုယ်ကိုယ် နားမလည်နိုင်စွာ ရေရွတ်မိသည်မှာ - "ဒါက တကယ့်အစစ်အတိုင်းပဲလား၊ နာကျင်မှုကိုပါ ခံစားနေရတယ်" ဟူ၍ ဖြစ်ချေသည်။
ယခင်က ကြုံတွေ့ခဲ့ဖူးသော တံလျှပ်အိပ်မက်များနှင့် မတူဘဲ ထိုစဉ်က အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်ခဲ့သည်။
အရာရာမှာ ချောမွေ့လွန်းနေခဲ့ပြီး ချင်ယွမ်ဖုန်းအနေဖြင့် သေခါနီးအချိန်ကျမှသာ အမှန်တရားကို သိမြင်ခဲ့ရကာ ထိုအချိန်အထိ နာကျင်မှုကိုပင် မခံစားခဲ့ရပေ။
သို့သော် ယခုအခြေအနေကမူ သူ့ကို ဇဝေဇဝါ ဖြစ်သွားစေခဲ့ပြီ ဖြစ်၏။
ထိုဓားပြသည်လည်း ချင်ယွမ်ဖုန်းကို သတ်၍မရသေးသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။
သူသည် မြင်းကို ချက်ချင်း ဇက်ဆွဲလိုက်ပြီး နောက်သို့ ပြန်လှည့်ကာ ချင်ယွမ်ဖုန်းရှိရာဆီသို့ တစ်ဖန် ပြေးဝင်လာပြန်လေသည်။
ချင်ယွမ်ဖုန်းသည် စက်ဆုပ်ရွံရှာစိတ်များ ပြည့်နှက်သွားပြီးနောက် မိမိလက်ထဲရှိ ဝူကျိဓားကို အသာအယာ ဆုပ်ကိုင်လိုက်ကာ ဓားအိမ်အတွင်းမှ ရုတ်ခြည်း ဆွဲထုတ်လိုက်လေတော့သည်။
ထိုအခါ ဓားပြသည် မျက်လုံးအပြူးသားဖြင့်ပင် သူ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လျက် မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးစများမှာ ချင်ယွမ်ဖုန်း၏ မျက်နှာပေါ်သို့ စင်ဟပ်သွားခဲ့၏။
"ဒါက တကယ့်ကို အစစ်အတိုင်းပဲ" ချင်ယွမ်ဖုန်းသည် မျက်နှာပေါ်မှ သွေးစများကို သုတ်ဖယ်လိုက်ရင်း သူ၏ သံသယများမှာလည်း ပိုမိုကြီးထွားလာခဲ့သည်။
ထိုစဉ်မှာပင် ဓားပြတစ်ဦးသည် အထီးကျန်လှသော မိန်းကလေးငယ်တစ်ဦးထံသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရ၏။ ဓားပြများအတွက်မူ ကလေးငယ်များမှာ အသုံးမဝင်သော အရာများသာ ဖြစ်ပေသည်။
ထိုမိန်းကလေးငယ်မှာမူ ကြောက်လန့်လွန်းသဖြင့် အေးခဲသွားသကဲ့သို့ မလှုပ်မယှက် ရပ်နေရှာပြီး သူ၏ မျက်ဝန်းအစုံမှာလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။
"တောက်... ဒါက တကယ့်အစစ်ပဲ"
ချင်ယွမ်ဖုန်းသည် ဓားကို ကိုင်စွဲလျက် ရှေ့သို့ ပြေးဝင်သွားကာ မိန်းကလေးငယ်ကို ပွေ့ချီလိုက်ပြီး ဓားပြ၏ ဓားချက်ကို ရှောင်တိမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် လျင်မြန်လှသော ဓားချက်ဖြင့် ထိုဓားပြ၏ အသက်ကိုလည်း အဆုံးစီရင်လိုက်လေသည်။
ကျေးရွာအတွင်း၌ မီးလောင်မှုများ စတင်ဖြစ်ပွားလာပြီး ဓားပြများသည် ချင်ယွမ်ဖုန်း၏ တည်ရှိမှုကို သတိပြုမိသွားကာ သူ့ကို ဖြည်းဖြည်းချင်း ဝိုင်းရံလာကြ၏။
ချင်ယွမ်ဖုန်းသည် သံသယများဖြင့် ပြည့်နှက်နေသော်လည်း ယင်းမှာ တံလျှပ်အိပ်မက်မဟုတ်ဘဲ အစစ်အမှန် ဖြစ်နိုင်သည်ကိုလည်း သဘောပေါက်လိုက်ပြီ ဖြစ်သည်။
မိမိမျက်စိရှေ့တွင် သေဆုံးသွားသူများမှာ အသက်ရှင်နေသော လူသားများသာ ဖြစ်ပေသည်။
သို့သော်လည်း ထိုဓားပြများသည် ရက်စက်ကြမ်းကြုတ်သော်ငြား ကျင့်စဉ်အဆင့် တစ်စုံတစ်ရာ မရှိကြပေ။
ဆိုလိုသည်မှာ ၎င်းတို့သည် သိုင်းပညာ အနည်းငယ်သာ တတ်မြောက်ထားသည့် သာမန်လူသားများသာ ဖြစ်ကြ၏။ ချင်ယွမ်ဖုန်းသည် မည်သည့်ကရုဏာမျှ မထားဘဲ တိုက်ရိုက် တိုက်ခိုက်လေတော့သည်။
အစွမ်းထက်သော မဟာဆရာတစ်ဦးအနေဖြင့် သူသည် သာမန်လူများအပေါ်တွင် အနှိုင်းမဲ့ အောင်နိုင်သူ ဖြစ်နေသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
သူ၏ ကျေးဇူးကြောင့်သာ မိန်းကလေးငယ်နှင့် အမျိုးသမီးများ ကျေးရွာအတွင်း၌ ကျန်ရှိနေခဲ့ခြင်းဖြစ်၏။ ထိုမိန်းကလေးငယ်၏ မိဘများမှာမူ မိမိတို့ကလေးကို ကာကွယ်ရင်း ဓားပြများလက်ချက်ဖြင့် သေဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။
ဓားပြတို့သည် ချင်ယွမ်ဖုန်း၏ မျက်စိရှေ့မှောက်တွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြ၏။ ချင်ယွမ်ဖုန်းသည် မည်သည့်ခံစားချက်မျှ မရှိဘဲ အသက်များကို ရိတ်သိမ်းနေသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေလေသည်။
ဓားပြခေါင်းဆောင်သည် ချင်ယွမ်ဖုန်းကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး ကြောက်စိတ်ကြောင့် ဆီးပင်ထွက်မတတ် ဖြစ်သွားကာ မြင်းဇက်ကြိုးကို ဆွဲလျက် ရွာအပြင်ဘက်သို့ ထွက်ပြေးလေတော့သည်။
သို့သော် ချင်ယွမ်ဖုန်းသည် သူ့ကို မည်သို့ လွတ်မြောက်ခွင့် ပေးပါမည်နည်း။ မိမိရှေ့ရှိ နောက်ဆုံးဓားပြကို ရှင်းလင်းပြီးနောက် သူသည် လက်ထဲရှိ ဓားကို အသာအယာ ပစ်လွှတ်လိုက်၏။
ဓားသည် လေဟုန်စီးလျက် ပျံသန်းသွားပြီး ဓားပြခေါင်းဆောင်၏ ကျောပြင်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားခဲ့ရာ သူသည် မြေပြင်ပေါ်သို့ မကျမီ မီတာအနည်းငယ်အထိ လွင့်ထွက်သွားလေသည်။
ချင်ယွမ်ဖုန်းသည် ဓားပြအားလုံးကို ရှင်းလင်းခဲ့သော်လည်း သူသည် အနည်းငယ်မျှ ပျော်ရွှင်ခြင်း မရှိပေ။ ဤသာယာလှပသော ကျေးရွာငယ်လေးမှာ ယခုအခါ ပျက်စီးယိုယွင်းမှုများသာ ကျန်ရစ်တော့၏။
အမျိုးသမီးများသည်လည်း မိမိတို့ ခင်ပွန်းများ၏ ရုပ်အလောင်းကို တွေ့ရှိရသောအခါ ပြိုလဲလျက် ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။
ချင်ယွမ်ဖုန်းမှာလည်း ဘာပြောရမှန်း မသိတော့ချေ။
မိန်းကလေးငယ်သည်လည်း သူ၏ ရင်ခွင်ထဲမှာပင် ရှိနေပြီး သူမ၏ မျက်ဝန်းအစုံမှာမူ မျက်ရည်ပင် ထွက်မလာတော့ပေ။
"ဘာလို့လဲ... ရှင်က ဒီလောက်အစွမ်းထက်တာကို ဘာလို့ အစကတည်းက သူတို့ကို မတားခဲ့တာလဲ" အမျိုးသမီးတစ်ဦးသည် အော်ဟစ်ငိုကြွေးလျက် ချင်ယွမ်ဖုန်း၏ ခြေရင်းတွင် လဲကျကာ သူ၏ လက်သီးဆုပ်လေးများဖြင့် သူ့ကို အားနည်းစွာ ထုနှက်လေသည်။
"ဘာလို့လဲ... ဘာလို့ မတားခဲ့တာလဲ..." ထိုအမျိုးသမီးသည် ရင်ကွဲမတတ် ငိုကြွေးနေပြီး အခြားအမျိုးသမီးများလည်း ပြေးဝင်လာကာ ချင်ယွမ်ဖုန်းကို မရပ်မနား ဆဲဆိုကြလေတော့သည်။
ချင်ယွမ်ဖုန်းသည် နောင်တရစိတ် တစ်စုံတစ်ရာ မရှိချေ။ ဤအမျိုးသမီးများသည် သူတို့၏ ချစ်ရသူများကို ဆုံးရှုံးလိုက်ရသဖြင့် ရင်ဖွင့်ဖြေဖျောက်ရန် လိုအပ်နေသည်ဟုသာ သူက ခံယူထား၏။
"ငါနဲ့အတူ လိုက်ခဲ့မလား" ချင်ယွမ်ဖုန်းသည် မိမိရင်ခွင်ထဲရှိ မိန်းကလေးငယ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။ မိန်းကလေးငယ်က ခေါင်းညိတ်ပြ၏။
သူမသည် ချင်ယွမ်ဖုန်းနှင့်အတူ ရှိနေရသည်မှာ ဘေးကင်းလုံခြုံသည်ဟု ခံစားရပြီး မိဘများမှာလည်း သူမ၏ မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သွားစရာ မြေနေရာ မရှိတော့ပေ။
"ကောင်းပြီ... ဒါဆိုရင် ငါ မင်းကို ခေါ်သွားမယ်" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည် - "မင်းနာမည် ဘယ်လိုခေါ်လဲ"
“ရှောင်ရှန်းပါ” ဟု မိန်းကလေးငယ်က ဖြေကြားလေသည်။
ချင်ယွမ်ဖုန်းသည် ရှောင်ရှန်းဆိုသော မိန်းကလေးငယ်ကို ပွေ့ချီလျက် ကျေးရွာအတွင်းမှ ထွက်ခွာခဲ့တော့၏။
"ငါ ဘယ်ကို ဆက်သွားရမလဲ" ကျေးရွာမှ ထွက်ခွာလာပြီးနောက် ချင်ယွမ်ဖုန်းသည် မြို့တစ်မြို့သို့ ရောက်ရှိလာပြီး ထိုမေးခွန်းကို စတင်စဉ်းစားမိလေသည်။
သူ့ကို ဤနေရာသို့ ရောက်ရှိစေခြင်းမှာ သူ့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ကောင်းစွာ သိရှိထား၏။ အကယ်၍ သူသည် ဤစမ်းသပ်မှုကို ကျရှုံးခဲ့ပါက ရှန်းဝူ တိုက်ကြီးသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
ချင်ယွမ်ဖုန်းသည် ဤနေရာ၏ အခြေအနေကိုလည်း အနည်းငယ် သိရှိခဲ့ရသည်။ ဤနေရာမှာ ဓားပြများနှင့် သူခိုးများ သောင်းကျန်းနေသည့် ကမ္ဘာတစ်ခု ဖြစ်ပြီး နိုင်ငံတော်ကပင် ထိုဓားပြများကို နှိမ်နင်းနိုင်ခြင်း မရှိချေ။
ပြည်သူတို့သည်လည်း ဆင်းရဲဒုက္ခများကြား၌ ရှင်သန်နေကြရပေသည်။
ချင်ယွမ်ဖုန်း၏ ရှေ့တွင် ရွေးချယ်စရာ လမ်းစအချို့ ရှိနေ၏။
တစ်လမ်းမှာ တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦး ဖြစ်လာပြီး ဓားပြများကို တိုက်ခိုက်ရန် ဖြစ်ပြီး၊ အခြားတစ်လမ်းမှာမူ မိမိ၏ အလိုဆန္ဒအတိုင်း ဓားပြများကို လိုက်လံနှိမ်နင်းသည့် လှည့်လည်သွားလာသော သူရဲကောင်းတစ်ဦး ဖြစ်လာရန် ဖြစ်သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုလမ်းစဉ်နှစ်ခုလုံးကို မရွေးချယ်ခဲ့ပေ။ သူသည် အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖြစ်မည်ဟု ယူဆရသော လမ်းစဉ်ကိုသာ ရွေးချယ်လိုက်လေတော့သည်။
ယင်းမှာ ဓားပြတစ်ဦး ဖြစ်လာရန်၊ အစွမ်းထက်ဆုံးသော ဓားပြတစ်ဦး ဖြစ်လာရန်နှင့် လောကရှိ ဓားပြအားလုံးကို သူ၏ အမိန့်အောက်တွင် နာခံစေရန်ပင် ဖြစ်ချေသည်။
ထိုသို့ဖြင့် ချင်ယွမ်ဖုန်းသည် သူ၏ လမ်းစဉ်ကို စတင်ခဲ့လေတော့သည်။
"ငါက ဓားပြတွေရဲ့ ဘုရင် ဖြစ်လာစေရမယ်"
သူသည် ဓားပြတစ်ဦး ဖြစ်လာခဲ့သော်လည်း သာမန်လူများကို လုယက်ခြင်း မပြုဘဲ အခြားသော ဓားပြများကိုသာ လုယက်တိုက်ခိုက်ခြင်း ဖြစ်၏။
တစ်တောင်ပြီးတစ်တောင်၊ ဓားပြစခန်းများကို ချင်ယွမ်ဖုန်းက ဖြိုခွင်းခဲ့ပြီး သူ၏ စခန်းအတွင်း၌မူ ပစ္စည်းဥစ္စာများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြည့်နှက်လာခဲ့သည်။
သူ၏ အမိန့်ကို မနာခံသော ဓားပြမှန်သမျှကိုလည်း သူက အဆုံးစီရင်ခဲ့၏။
ချင်ယွမ်ဖုန်း၏ ရက်စက်ပြတ်သားပြီး အစွမ်းထက်လှသော နည်းလမ်းများကြောင့် ဓားပြလောကတွင် သူ၏ အမည်မှာ လျင်မြန်စွာ ကျော်ကြားလာခဲ့သည်။
ထို့အပြင် သူသည် ဓားပြများထံမှ လုယက်ရရှိသော ပစ္စည်းများကို သာမန်ပြည်သူများထံသို့ ပြန်လည်ခွဲဝေပေးခဲ့၏။ ဤသို့ဖြင့် ချင်ယွမ်ဖုန်း၏ ဂုဏ်သတင်းမှာ ဓားပြများကြားတွင်သာမက ပြည်သူများကြားတွင်ပါ ပြန့်နှံ့သွားခဲ့လေသည်။
ချင်ယွမ်ဖုန်း ရောက်ရှိရာ အရပ်တိုင်းတွင် ယခင်က ဓားပြဖြစ်ခဲ့သူများသည်ပင်လျှင် ပြည်သူတို့အတွက် တံတားများ၊ လမ်းများ ဆောက်လုပ်ပေးကာ မိမိတို့၏ အမှားများကို ပြန်လည်ပြင်ဆင်သည့်အနေဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်နေကြသည်ကို တွေ့ရှိရပေသည်။
ချင်ယွမ်ဖုန်းသည် ရှောင်ရှန်းကို ခေါ်ဆောင်လျက် လမ်းတစ်လျှောက်ရှိ ဓားပြများကို နှိမ်နင်းလာခဲ့ရာ သူ့ကို ယှဉ်ပြိုင်နိုင်သူ တစ်ဦးမျှ မရှိခဲ့ပေ။ အကြောင်းမှာ ချင်ယွမ်ဖုန်းသည် ဤသာမန်လူသားများနှင့် လုံးဝ ကွဲပြားခြားနားနေသောကြောင့် ဖြစ်၏။
နှစ်ပေါင်း ၃၀ ကြာပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် နောက်ဆုံး၌ အစွမ်းထက်ဆုံးသော ဓားပြဘုရင် ဖြစ်လာခဲ့လေတော့သည်။
မည်သည့်ဓားပြမဆို သာမန်ပြည်သူများကို လုယက်ရန် သို့မဟုတ် ထိခိုက်နစ်နာအောင် ပြုလုပ်ရန် တောင်ပေါ်မှ ဆင်းလာခဲ့ပါက သူတို့ မည်သည့်နေရာသို့ ရောက်နေပါစေ၊ သူက လိုက်လံရှာဖွေပြီး အသက်ကို အဆုံးစီရင်မည်ဖြစ်ကြောင်း သူက ကြေညာခဲ့၏။
ထိုအချိန်မှစ၍ မည်သူမျှ ဓားပြလုပ်ရန် မဝံ့ရဲကြတော့ပေ။ ဓားပြအလုပ်ကို ဆက်လက်လုပ်ကိုင်လိုသူများက ချင်ယွမ်ဖုန်းကို မေးမြန်းကြသည်မှာ - "ခင်ဗျားက မလုယက်ဘူး၊ မသတ်ဘူးဆိုရင် ဘယ်လိုမျိုး ဓားပြမျိုးလဲဗျာ" ဟူ၍ ဖြစ်ချေတော့သတည်း။