အခန်း ၄၄၀
Vol. 23 Ch. 440
အခန်း(၄၄၀)က
ဖြူလွလွမြူခိုးများမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး ခဏချင်းအတွင်းမှာပင် တိုက်ပွဲကွင်းပြင်အဖြစ် အသုံးပြုရန် နေရာလပ်တစ်ခုကို ဖန်တီးပေးလိုက်ချေသည်။
နင်းကျော့သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး ရှေ့သို့လှမ်းတက်ကာ လူအုပ်ထဲမှထွက်၍ လင်ဟုကျို၏ ပုံရိပ်ယောင်ရှေ့တွင် ရပ်လိုက်၏။
နင်းကျော့အတွက်မူ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော တိုက်ပွဲတစ်ခုအတွင်းသို့ ဆွဲသွင်းခံရခြင်းမှာ စိတ်တိုင်းကျလှသည်တော့မဟုတ်ပေ။
သူ၏နှလုံးသားထဲတွင်မူ စစ်ပွဲဟူသည်မှာ အန္တရာယ်များလှပြီး ဘေးဒုက္ခနှင့် ပြည့်နှက်နေသည်ဟု မှတ်ယူထားရာ တိုက်ခိုက်မှုတိုင်းကို အစပြုတော့မည်ဆိုပါက အလွန်အမင်း သတိထားရမည်ဟု ခံယူထားသူဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် လက်ရုံးရည်ကို အမှန်တကယ် ထုတ်သုံးပြီဆိုသည်နှင့် အခြားသောနည်းလမ်းများအားလုံးမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် တိုက်ခိုက်ခြင်းမှာ မလွှဲမရှောင်သာ၍ နောက်ဆုံးအဆင့်အနေဖြင့် အသုံးပြုရခြင်းဖြစ်ကြောင်း သက်သေပြနေခြင်းကြောင့်ပင်။
သို့သော်လည်း ယခုအခြေအနေမှာ အလွန်ထူးခြားနေချေပြီ။ လင်းပုဖန် ဖြစ်စေ၊ ရှန်လင်းရှု ဖြစ်စေ၊ ကျူးရွှမ်းကျိ ဖြစ်စေ သို့မဟုတ် ဓာတ်ငါးပါး နတ်ဘုရားသခင် ဖြစ်စေ လူတိုင်းက နင်းကျော့ကို တိုက်ခိုက်စေလိုကြသည်။
အခြေအနေအရ ဖိအားပေးခံရသဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူလေးမျှသာဖြစ်သော နင်းကျော့မှာ လိုက်လျောရန်မှတစ်ပါး အခြားမရှိတော့ပေ။
“ဒီတိုက်ပွဲကတော့ မဖြစ်မနေ အနိုင်ရမှဖြစ်မယ်” နင်းကျော့၏ ကျောပြင်ကို ကြည့်ရင်း နင်းကျိုဖန်က တွေးနေမိသည်။
သူက စိတ်ထဲမှလည်း တိုးတိုးလေး မှတ်ချက်ပြုနေမိသည်မှာ “မင်းလို ထက်မြက်တဲ့သူတစ်ယောက်အနေနဲ့ ဒါဟာ သာမန်ပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုတာ နားလည်ထားမှာပါနော်”
နင်းကျော့မှာမူ သေချာပေါက် နားလည်ထားပြီးသားဖြစ်ပေသည်။
လင်ဟုကျို၏ ပုံရိပ်ယောင်က စိန်ခေါ်လာခြင်းမှာ အမှန်တကယ်ပင် မျှော်လင့်မထားသောကိစ္စဖြစ်ပြီး ယင်းမှာ ကျူးရွှမ်းကျိ သို့မဟုတ် လင်းပုဖန်တို့ စီစဉ်ထားခြင်းမဟုတ်ဘဲ အလင်းဆောင်မှန်အတွင်းရှိ တစ်ကိုယ်တော် ဓားအရှင်သခင်၏ ဓမ္မကိုယ်ထည်မှ မြစ်ဖျားခံလာခြင်းပင် ဖြစ်ပေသည်။
သို့သော်လည်း ဤတိုက်ပွဲမှာ ယခုခရီးစဉ်မှ ရရှိမည့် အကျိုးအမြတ်ခွဲဝေမှုနှင့် နင်းမျိုးနွယ်စုနှင့် ဆေးပေါင်းသောင်းခြောက်ထောင်ဂူတို့၏ နောင်အနာဂတ် ဆက်ဆံရေးတို့နှင့် သက်ဆိုင်နေဆဲပင် ဖြစ်သည်။
အကယ်၍ နင်းကျော့သာ အနိုင်ရခဲ့ပါက နင်းမျိုးနွယ်စုမှာ အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်ပြီး ဆေးပေါင်းသောင်းခြောက်ထောင်ဂူကလည်း နင်းမျိုးနွယ်စုအပေါ် ပိုမို၍ လေးစားမှုရှိလာမည်ဖြစ်သည်။
ဆန့်ကျင်ဘက်ရလဒ်ထွက်ခဲ့လျှင်လည်း အလားတူပင်ဖြစ်ပေလိမ့်မည်။
နင်းကျော့တွင် အနိုင်ရလိုစိတ် ရှိသော်လည်း ယဉ်ကျေးမှုအရ စကားအချို့ကိုမူ ပြောဆိုရဦးမည်ဖြစ်သည်။
“အစ်ကိုလင်ဟု... ကျွန်တော်တို့တွေ အတူတူ သောက်စားပျော်ပါးခဲ့ကြတာတွေကို ပြန်တွေးမိတယ်။ ဒီနေ့လို တိုက်ပွဲမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တကယ်ကို မမျှော်လင့်ထားခဲ့ဘူး”
သို့သော် လင်ဟုကျိုက ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလိုက်သည်မှာ
“ညီလေး... အစ်ကို မင်းကို အမှန်အတိုင်းပဲ ပြောတော့မယ်။ အစ်ကို မင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်နေတာ ကြာပြီ။ ဒီနေ့တော့ အခွင့်အရေးရတုန်း တိုက်ခိုက်ကြည့်ရအောင်။ မင်းရဲ့ စွမ်းအားတွေ အကုန်ထုတ်သုံးပြီး အစ်ကိုနဲ့ တိုက်ခိုက်ပေးပါ”
လင်ဟုကျိုမှာ ပွင့်လင်းလှသည်။ သူ၏လက်ကောက်ဝတ်ကို ခါယမ်းကာ ဓားကွက်အချို့ ဖော်လိုက်ပြီးနောက် နင်းကျော့ထံသို့ ချက်ချင်းပင် ခုန်ဝင်တိုက်ခိုက်တော့သည်။
“ကျွန်တော်လည်း ဒါကိုပဲ မျှော်လင့်နေတာပါ” နင်းကျော့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရှေ့သို့ ပြေးဝင်သွားလေသည်။
သူသည် လက်နက်ကိုင်ဆောင်ထားသော အခြား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် ယခုကဲ့သို့ တိုက်ရိုက်နှင့် အနီးကပ် တစ်ခါမျှ မတိုက်ခိုက်ဖူးသေးရာ အလွန်ပင် စိတ်လှုပ်ရှားမိနေချေသည်။
ဓားသိုင်း - ပြည့်လျှံနေသော ဖလား။
လင်ဟုကျို၏ ဓားသွားမှာ လေထုကို ခွင်းသွားပြီး ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်သည်။ ပြည့်လျှံနေသော ဖလားတစ်ခု အနည်းငယ် တုန်ခါနေသကဲ့သို့ အလွန်ပင် ထူးခြားဆန်းပြားလှသော အထွတ်အထိပ် အတတ်ပညာပင် ဖြစ်သည်။
နင်းကျော့၏ လက်များပေါ်တွင်မူ မျိုးရိုးဗီဇအင်းကွက်များမှာ လက်ဝှေ့လက်အိတ်များကဲ့သို့ တောက်ပလာပြီး ဓားသွားကို ခုခံလိုက်သည်။
သို့သော် လင်ဟုကျိုမှာ သူ၏တိုက်စစ်ကို ဆက်မတိုးတော့ပေ။ ယင်းမှာ ရေပြင်ပေါ်တွင် ခဏမျှ နားလိုက်သော ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ အရသာခံပြီးနောက် ရပ်တန့်သွားသကဲ့သို့ပင်။
ဒါဟာ သာမန်ယုတ္တိနှင့် ဆန့်ကျင်နေသည်။ နင်းကျော့မှာ အနည်းငယ် အံ့အားသင့်သွားပြီး “အကိုလင်ဟုက တိုက်စစ်မဆင်ဘူးဆိုရင်တော့ ကျွန်တော့်အလှည့်ပဲ” ဟု တွေးလိုက်မိသည်။
နင်းကျော့က ဦးအောင်စတင်ကာ လင်ဟုကျိုထံသို့ တိုးကပ်သွားသည်။
လင်ဟုကျိုက ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်မှာ
“ညီလေး... ကိုယ့်ကိုယ်ကိုယ် သတိထားဦးနော်”
ဓားသိုင်း - ပျံ့လွင့်ရနံ့။
ခဏချင်းအတွင်းမှာပင် သူ၏ဓားရှည်မှာ အခိုင်အမာပုံသဏ္ဌာန်မှ ဝိညာဉ်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် လွှမ်းခြုံနေသော ဝိုင်နံ့ကဲ့သို့ ဓားအသိစိတ်များမှာ နူးညံ့သော်လည်း ပြင်းထန်စွာ ထွက်ပေါ်လာချေသည်။
တိုက်စစ်မှာ ပြင်းထန်လှပါပေသည်။
နင်းကျော့မှာမူ နောက်သို့သာ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာနေရတော့သည်။
တိုက်ခိုက်မှုအချို့ ပြုလုပ်ပြီးနောက် လင်ဟုကျိုက ရုတ်တရက် လက်ကိုပြန်ရုပ်လိုက်ပြီး ခုခံသည့်ဘက်သို့ ပြောင်းလဲလိုက်သည်။
လင်းရှန်းရှန်းက တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် အသံပြုလိုက်ပြီး “ဒါဟာ ကျွန်မနဲ့ အစ်ကိုကြီးတို့ အတူတူ ဖန်တီးထားတဲ့ ဝိုင်တောအုပ်ဓားသိုင်းပဲ” ဟု ပြောလိုက်သည်။
လူတိုင်းက သူမရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
လင်းရှန်းရှန်းက ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်ပြီး ယင်းဓားသိုင်း၏ အစအနကို ရှင်းပြလိုက်၏။
လင်ဟုကျိုမှာ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူတွင် အကျဉ်းချခံထားရစဉ်က အလွန်ပင် ပျင်းရိငြီးငွေ့နေခဲ့ရာ သူ၏စိတ်ထဲတွင် ကိုယ်ပိုင်ဓားသိုင်းတစ်ခုကို ဖန်တီးလိုသော ဆန္ဒများ ပြည့်လျှံနေခဲ့သည်။
လင်းရှန်းရှန်းက သူ့ထံသို့ အစားအသောက်များ လာပို့ပေးသည့်အခါတိုင်း လင်ဟုကျိုက သူဖန်တီးထားသည်များကို ကြွားဝါလေ့ရှိရာ ယင်းက သူမကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လင်ဟုကျို၏ ဓားသိုင်းကွက်များအားလုံးမှာ ဝိုင်အမည်များပေးထားသဖြင့် သူ၏ ကောင်းမွန်သော အရက်ဝိုင်များအပေါ် တမ်းတမှုကို အပြည့်အဝ ဖော်ပြနေသောကြောင့်ပင်။
လင်းရှန်းရှန်းက ဒါကို မနှစ်သက်သဖြင့် ဓားသိုင်းဖန်တီးမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး သူမ၏ အတွေးအခေါ်များကို ထည့်သွင်းကာ သူမ၏အစ်ကိုကြီးအား အရက်ဖြတ်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ခြင်းပင် ဖြစ်သည်။
ဝိုင်တောအုပ်ဓားသိုင်း - ဝိညာဉ်တူသူနှင့် ဆုံစည်းခြင်း။
လင်ဟုကျို၏ ဓားရှည်မှာ ဝိညာဉ်ပုံရိပ်မှ အခိုင်အမာပုံသဏ္ဌာန်သို့ တစ်ဖန်ပြန်လည် စုစည်းသွားပြန်သည်။ ဓားဦးမှာ ရှေ့သို့ ထိုးထွက်သွားရာ အလွန်ပင် ထက်မြက်လှသော်လည်း တစ်ဖက်လူအား ဝိုင်သောက်ရန် ဖိတ်ခေါ်နေသကဲ့သို့ နွေးထွေးပျူငှာသော ခံစားချက်ကို ပေးစွမ်းနေချေသည်။
နင်းကျော့မှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ ပုခုံးတွင် ဓားဖြင့်အထိုးခံလိုက်ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် မိစ္ဆာစွမ်းအားသွင်းထားသော မျိုးရိုးဗီဇကျင့်စဉ်က သူ့ကို ကာကွယ်ပေးထားသဖြင့် ထက်မြက်သော ဓားသွားကို တားဆီးနိုင်ခဲ့သည်။
နင်းကျော့မှာ ချွေးစေးများထွက်လာပြီး နောက်သို့ အမြန်ဆုတ်လိုက်ရသည်။
လင်ဟုကျို၏ ဓားကွက်များမှာ မရပ်မနား တိုက်စစ်ဆင်နေသဖြင့် နင်းကျော့မှာ ခဏတာမျှ ကယောင်ကတမ်းဖြင့် ရှောင်တိမ်းနေရရှာသည်။
ဒါကိုမြင်တော့ လင်းရှန်းရှန်းမှာ မရယ်ဘဲမနေနိုင်တော့ဘဲ လက်ခုပ်တီးကာ အားပေးလိုက်သည်မှာ
“အစ်ကိုကြီး... ကောင်းတယ်။ သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်စမ်းပါ”
ဤစကားများကို ကြားလိုက်ရသောအခါ လင်ဟုကျို၏ ပုံရိပ်မှာ ချက်ချင်းပင် အားအင်များ ပြည့်ဝသွားပြီး ရယ်မောလိုက်သည်မှာ
“ညီမလေး... ဒါဆိုရင်တော့ သေချာကြည့်ထားပေတော့”
ဝိုင်တောအုပ်ဓားသိုင်း - တိမ်တိုက်ပေါ်တွင် မူးယစ်အိပ်စက်ခြင်း။
လင်ဟုကျို၏ ဓားကွက်များမှာ ရုတ်တရက်ပင် လွတ်လပ်ပေါ့ပါးပြီး အထိန်းအကွပ်မရှိ ဖြစ်လာသည်။
ယင်းမှာ မူးယစ်နေသောသူတစ်ဦး ကနေသကဲ့သို့ ပုံသဏ္ဌာန်မရှိသော်လည်း တိုက်စစ်မှာမူ ပိုမို၍ ထက်မြက်လာချေသည်။
နင်းကျော့မှာ ခဏတာမျှ ခွဲခြားရခက်ခဲသွားပြီး ဓားသွားမှာ ခက်ခဲလှသော ထောင့်ပေါင်းစုံမှ ထိုးနှက်နေသကဲ့သို့ ခံစားနေရရာ ထိရောက်စွာ ကာကွယ်ရန် ခက်ခဲနေပြီး မကြာမီမှာပင် ဒဏ်ရာအတော်များများ ရရှိသွားတော့သည်။
အချို့သော နေရာများတွင်မူ ဓားဦးမှာ တစ်နေရာတည်းကိုပင် အထပ်ထပ်အခါခါ ထိမှန်နေသဖြင့် မျိုးရိုးဗီဇကာကွယ်မှုကို ဖောက်ထွက်သွားပြီး နင်းကျော့မှာ ဒဏ်ရာရရှိသွားလေသည်။
နင်းကျော့မှာ အမြန်ဆုတ်ခွာလိုက်ပြီး ဒဏ်ရာများကို အမြန်ဆုံး ကုသရန်အတွက် မိစ္ဆာစွမ်းအားသွင်းထားသော မျိုးရိုးဗီဇကျင့်စဉ်ကို အသုံးပြုလိုက်သည်။
လူအများရှေ့တွင် သူ၏မိစ္ဆာကျင့်စဉ်ကို ထုတ်ဖော်ပြသခြင်းမှာ တမင်တကာပင် လူသိရှင်ကြား ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
ပုံမှန်အားဖြင့် တရားသောလမ်းကို လိုက်သူကျင့်ကြံသူများမှာ အခြားသူများ မိစ္ဆာကျင့်စဉ် ကျင့်ကြံသည်ကို မြင်ပါက ပြစ်တင်ရှုတ်ချလေ့ရှိသော်လည်း ကျူးရွှမ်းကျိမှာ ယင်းကို ကြိုတင်သိရှိထားသကဲ့သို့ တည်ငြိမ်နေသည်ကို မြင်ရသောအခါ လင်းပုဖန်ပင်လျှင် လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။
လင်းရှန်းရှန်း၏ မျက်နှာမှာမူ ခဏတာမျှ တောင့်တင်းသွားသည်။
နင်းကျော့ ဒဏ်ရာရသွားသည်ကို မြင်သောအခါ သူမ၏အစ်ကိုကြီးမှာ ပုံရိပ်တစ်ခုမျှသာဖြစ်ပြီး နင်းကျော့မှာမူ အသွေးအသားနှင့် တည်ရှိနေသော သက်ရှိလူသားတစ်ဦးဖြစ်ကြောင်း သူမ ရုတ်တရက် သတိပြုမိသွားသည်။
ယခုကဲ့သို့ စမ်းသပ်တိုက်ခိုက်ခြင်းမှာ နင်းကျော့အတွက်မူ သေချာပေါက် အန္တရာယ်ပိုများလှပေသည်။
သို့သော်လည်း လင်းရှန်းရှန်းမှာ သူမကိုယ်သူမ ချက်ချင်းပင် ပြန်၍ စိတ်ဆိုးမိသွားသည်မှာ “ငါက ဘာလို့ သူ့အတွက် စိတ်ပူနေရတာလဲ”
အခန်း(၄၄၀)ခ
“ဒီ နင်းကျော့ဟာ အနီးကပ်တိုက်ခိုက်ရေးကျင့်စဉ် ရှိနေတာကို ငါ့ကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာပဲ”
ဝိုင်တောအုပ်ဓားသိုင်း - ကျေနပ်စွာ ရပ်တန့်ခြင်း။
လင်ဟုကျို၏ ဓားသွားမှာ တစ်ဟုန်ထိုး သောက်စားနေသူတစ်ဦးကဲ့သို့ လျင်မြန်ပြင်းထန်လှပြီး ပြိုင်ဘက်ကို အပြတ်အသတ် ချေမှုန်းတော့မည့်ဟန်ရှိသည်။
သို့သော် ရုတ်တရက်ပင် အပြင်းထန်ဆုံး တိုက်စစ်ဆင်နေစဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားချေသည်။ ဓားသိုင်းမှာ ခုခံခြင်းသို့ ပြန်လည်ကူးပြောင်းသွားပြီး ရေကဲ့သို့ စီးဆင်းနေသော ဓားစွမ်းအင်များအဖြစ် ပြောင်းလဲကာ မိမိကိုယ်ကိုယ် ကာကွယ်လိုက်သည်။
ဤအမှားကြောင့်ပင် သူသည် တိုက်ခိုက်မည့် အခွင့်အရေးကို တိုက်ရိုက်ဆုံးရှုံးသွားရသည်။ သူသည် အောင်ပွဲရရန် ဆက်တိုက် ဖိအားပေးသင့်သော်လည်း ယခုမူ တမင်တကာပင် ဆုတ်ခွာလိုက်ခြင်း ဖြစ်သည်။
ကြည့်နေသူများမှာ ယင်း၏အကြောင်းရင်းကို နားလည်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဝိုင်တောအုပ်ဓားသိုင်းမှာ လင်ဟုကျိုနှင့် လင်းရှန်းရှန်းတို့၏ ဆန့်ကျင်ဘက် အတွေးအခေါ်များဖြင့် ပူးပေါင်းဖန်တီးထားခြင်းကြောင့်ပင်။
လင်ဟုကျိုက သောက်လိုသော်လည်း လင်းရှန်းရှန်းက ဖြတ်ရန် တိုက်တွန်းထားသည်။ ယင်းမှာ သူတို့၏ ဓားကွက်များတွင် ထင်ဟပ်နေပြီး တိုက်စစ်နှင့် ခုခံစစ်ကြားတွင် ရုတ်တရက် ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ ပြိုင်ဘက်ကို ဝေဝါးသွားစေခြင်း ဖြစ်သည်။
လင်ဟုကျို ဆုတ်ခွာလိုက်သည်နှင့် နင်းကျော့က တိုက်စစ်ကို စတင်လိုက်သည်။
သူသည် ဝိုင်တောအုပ်ဓားသိုင်းကို တဖြည်းဖြည်းနှင့် အသားကျလာပြီး အခြေအနေကို စတင်ပြောင်းလဲလာနိုင်ခဲ့သည်။
“ဒီဓားသိုင်းက သိပ်ပြီးတော့တော့ မနက်နဲလှပါဘူး၊ တော်တော်လေးလည်း ပြန့်ကျဲနေတာပဲ”
“တစ်ပိုင်းကတော့ အသေးစိတ်ကျပြီး တိကျနေပေမဲ့ နောက်တစ်ပိုင်းကျတော့လည်း လွတ်လပ်ပေါ့ပါးနေပြန်ရော”
နင်းကျော့က အော်ဟစ်လိုက်သည်မှာ
“အစ်ကိုလင်ဟု... ဒီဓားသိုင်းနဲ့ ကျွန်တော့်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ ကျွန်တော့်ကို အထင်သေးလွန်းရာ မရောက်ဘူးလား”
လင်းရှန်းရှန်းက စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်မှာ “ဒီနင်းကျော့ဟာ အခြေအနေလေး နည်းနည်း ပြန်ကောင်းလာတာနဲ့ ဝင့်ကြွားနေပြန်ပြီ။ ဒါဟာ အစပဲရှိသေးတာ။ အစ်ကိုကြီးက သူရဲ့ တကယ့်စွမ်းအားအစစ်ကို မပြရသေးဘူး”
“ဒါပေမဲ့ ပြောရမယ်ဆိုရင် နင်းကျော့က တကယ်ကို ထက်မြက်တာပဲ။ သူ တိုက်ပွဲငယ်တောင်ထိပ်ကို ရောက်တာ သိပ်မကြာသေးဘူး၊ ဒါပေမဲ့ အနီးကပ်တိုက်ခိုက်ရေးမှာ ဒီလောက်တောင် တိုးတက်လာတာလား။ သူ စရောက်တုန်းကဆိုရင်...”
လင်းရှန်းရှန်းမှာ စိတ်ထဲတွင် ကျေနပ်မှုကို ခံစားလိုက်ရပြီး သူမနှင့် နင်းကျော့တို့ အတူတူ ဖြတ်သန်းခဲ့ရသော ကောင်းမွန်သော အချိန်များကို ပြန်လည်တမ်းတမိနေသည်။
“သွားစမ်း... ဒီနင်းကျော့ဟာ ငါ့ကို ဖမ်းဆီးသွားပြီး ငါ့အဖေကိုလည်း လူအများရှေ့မှာ အရှက်ခွဲခဲ့တာ။ သူက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ခဲ့တာပဲ” လင်းရှန်းရှန်းသည် သူမ၏ ပျံ့လွင့်နေသော အတွေးများကို အမြန်ဆုံး ရပ်တန့်လိုက်သည်။
ဝိုင်တောအုပ်ဓားသိုင်း - မူးယစ်သော ကရုဏာဖလား။
လင်ဟုကျိုက ခုခံခြင်းသို့ အာရုံစိုက်လိုက်သောအခါ သူ၏ အမြဲတမ်း ကာကွယ်နေမှုက နောက်ဆုံးတွင် သူ့ကို အသာစီးရစေသည်။
နင်းကျော့မှာ ဒဏ်ရာတစ်ဖန် ရရှိပြန်ပြီး အံ့အားသင့်စွာဖြင့် ဆုတ်ခွာသွားရသည်။
ကျူးရွှမ်းကျိက ရုတ်တရက် ရယ်မောလိုက်ပြီး
“ဒီဓားသိုင်းကတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ”
မူးယစ်သော ကရုဏာဖလားမှာ ခုခံသည့်ကွက်ဟု ထင်ရသော်လည်း ယင်း၏အတွင်းပိုင်းတွင် တိုက်စစ်ဆင်လိုသော တွန်းအားများ ပါဝင်နေချေသည်။
ယင်းမှာ ရန်သူကို ဆက်တိုက် တိုက်ခိုက်လာစေရန် မြှူဆွယ်သော သေချာစွာ ခင်းကျင်းထားသည့် ထောင်ချောက်တစ်ခုကဲ့သို့ပင်။
နင်းကျော့မှာ အသာစီးရနေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူ၏ခန္ဓာကိုယ်မှာ ဓားစွမ်းအားများ၏ ထိုးနှက်မှုကို အမြဲတစေ ခံနေရပြီး ဖုံးကွယ်ထားသော ထိခိုက်မှုများစွာကို ခံစားနေရခြင်း ဖြစ်သည်။
ပထမကြည့်လျှင် ဓားချက်များမှာ သေးငယ်သည်ဟု ထင်ရသော်လည်း ယင်းတို့ စုစည်းမိသွားသောအခါတွင်မူ အလွန်ပင် ကြီးမားလှပေသည်။
အကယ်၍ ယခင်ဓားသိုင်းမှာ လင်ဟုကျိုနှင့် လင်းရှန်းရှန်းတို့၏ ဆန့်ကျင်ဘက်အတွေးအခေါ်များကြောင့် ပြန့်ကျဲနေသော နည်းစနစ်များ ဖြစ်ခဲ့လျှင် ယခုအချိန်တွင်မူ သူတို့၏ ဆန့်ကျင်ဘက် အတွေးအခေါ်များမှာ မျှော်လင့်မထားဘဲ ပေါင်းစည်းသွားကာ ထိရောက်သော ရလဒ်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။
ဝိုင်တောအုပ်ဓားသိုင်း - ကန့်လန့်ကာနောက်ကွယ်မှ ဝိုင်ရနံ့။
လင်ဟုကျို၏ ဓားကွက်များမှာ ကန့်လန့်ကာနောက်ကွယ်မှ ဝိုင်နံ့ကို ရှူရှိုက်နေရသကဲ့သို့ အလွန်ပင် နက်နဲဆန်းကြယ်နေဆဲဖြစ်ပြီး အဓိကအားဖြင့် ခုခံခြင်းကိုသာ ဦးစားပေးနေသည်။
သို့သော် နင်းကျော့မှာမူ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် လင်ဟုကျိုနှင့်အတူ တခါက သောက်စားခဲ့ဖူးရာ ဤဓားသိုင်းကို ဖန်တီးခဲ့စဉ်က ရှိနေခဲ့သော စိတ်နေစိတ်ထားကို ယခုအခါတွင် သူ နားလည်သွားသောကြောင့်ပင်။
ကန့်လန့်ကာနောက်ကွယ်မှ ဝိုင်ရနံ့... လင်ဟုကျို၏ ဖုံးကွယ်ထားသော တမ်းတမှုများကို ကန့်လန့်ကာတစ်ခုဖြင့် ပိတ်ဆို့ထားသည်။ ပါးလွှာလှသော ကန့်လန့်ကာတစ်ခုက သူ၏ ကောင်းမွန်သော ဝိုင်အပေါ် မက်မောမှုကို ဖုံးကွယ်ထားနိုင်ပါမည်လော။
ထိုဆန္ဒသာ ပေါက်ကွဲထွက်လာခဲ့လျှင် ယင်းမှာ ပြင်းထန်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားစေမည့် ဝိုင်ရနံ့တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
နင်းကျော့မှာ အမြန်ဆုံး ဆုတ်ခွာလိုက်သည်။
သူ၏ ဓားချက် လွဲချော်သွားသည်ကို မြင်သောအခါ လင်ဟုကျိုမှာ စိတ်ပျက်မိသလို ဝမ်းလည်းသာသွားပြီး ပြောလိုက်သည်မှာ
“ညီလေး နင်းကျော့... မင်း ငါ့ကို တကယ်နားလည်တာပဲ”
“ဒီတစ်ကွက်ကိုကော မင်း ခံနိုင်ရည်ရှိပါ့မလား”
ဝိုင်တောအုပ်ဓားသိုင်း၏ နောက်ဆုံးနည်းစနစ် - သောကကို ဖြေဖျောက်ရန် ဖလားကို မြှောက်ခြင်း။
ခဏချင်းအတွင်းမှာပင် လင်ဟုကျိုမှာ ခုခံခြင်းသို့ ပြန်လည်ဝင်ရောက်သွားသော်လည်း သူ၏ဓားအသိစိတ်မှာမူ ဟုန်းဟုန်းတောက် ပျံ့နှံ့သွားပြီး ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေချေသည်။
သူ၏ စိတ်အတွင်းမှ ရှုပ်ထွေးမှုများမှာ အရက်ဝိုင်များကို ပြင်းထန်စွာ သောက်စားခြင်းမှတစ်ပါး အခြား ထွက်ပေါက်မရှိတော့သကဲ့သို့ပင်။
ယင်းမှာ တိုက်စစ်ရော ခုခံစစ်ပါ ဖြစ်ပေသည်။ ရုပ်ပိုင်းဆိုင်ရာအရ စုစည်းမှုဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရလည်း လွှတ်ထုတ်လိုက်ခြင်းပင်။
နင်းကျော့မှာ ထိမှန်သွားလေပြီ။
သွေးများ ပန်းထွက်သွားပြီး သူ၏ရင်ဘတ်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားသည်။
မိစ္ဆာစွမ်းအားသွင်းထားသော မျိုးရိုးဗီဇကျင့်စဉ်၏ ခုခံမှုမှာ စက္ကူကဲ့သို့ပင် ပါးလွှာနေချေတော့သည်။
ကြည့်ရှုနေသူများမှာ မျက်နှာပျက်သွားကြသည်။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ ကျင့်ကြံသူဖြစ်သော လင်းပုဖန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဤဓားသိုင်းအတွင်းတွင် နက်နဲလှသော လျှို့ဝှက်ကျမ်းစာ၏ အရိပ်အယောင်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
“တစ်ကိုယ်တော် ဓားကျမ်း လား”
နင်းကျော့မှာ ထပ်ခါထပ်ခါ ဆုတ်ခွာသွားပြီး ဆေးလုံးများကို အမြန်ဆုံး မျိုချကာ မိစ္ဆာစွမ်းအားသွင်းထားသော မျိုးရိုးဗီဇကျင့်စဉ်ကို အသုံးပြု၍ ဒဏ်ရာများကို အသည်းအသန် ကုသနေတော့သည်။
သွေးထွက်သံယိုများ ရပ်တန့်သွားသော်လည်း ဒဏ်ရာမှာမူ ချက်ချင်းပင် မကျက်သေးပေ။ ဓားအသိစိတ်မှာ ဒဏ်ရာပတ်ဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် နင်းကျော့၏ ကုသမှုကို ခဏတာမျှ နှောင့်နှေးစေနေခြင်း ဖြစ်သည်။
“ဝိုင်တောအုပ်ဓားသိုင်း... ငါ့ရဲ့ ကိုယ်ပိုင်ဓားသိုင်းနဲ့ဆိုရင် ဘယ်လိုနေမလဲဆိုတာ သိချင်မိတယ်” စွန်းလင်ထုံက စက်မှုနဂါးအတွင်းမှနေ၍ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာဖြင့် တွေးနေမိသည်။
“ကောင်းတယ်” နင်းကျော့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် စိတ်ဓာတ်ကျခြင်း လုံးဝမရှိဘဲ အပြုသဘောဆောင်သော စိတ်နေစိတ်ထားကို ထိန်းသိမ်းထားသည်။
အမှန်စင်စစ် သူသည် လင်ဟုကျိုမှာ အနီးကပ် ဓားသိုင်းတိုက်ခိုက်ရေးတွင် နှစ်ပေါင်းများစွာ နှစ်မြှုပ်ထားသူဖြစ်ကြောင်း သိရှိထားပြီး သူကိုယ်တိုင်မှာမူ မည်မျှလောက် အချိန်ပေးခဲ့ရသနည်း။
နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ရှုံးနိမ့်သွားခြင်းမှာ သာမန်ကိစ္စပင်။
“ကျွန်တော် အများကြီး သင်ယူခဲ့ရတယ်၊ တကယ်ကို အများကြီးပါပဲ” ဤယှဉ်ပြိုင်မှုမှာ နင်းကျော့အတွက် ပြန်လည်စဉ်းစားစရာများစွာ ပေးခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့ပေသည်။
သူသည် လင်ဟုကျိုနှင့် ယခုကဲ့သို့ သူကိုယ်တိုင် ရှုံးနိမ့်သွားသည်အထိ အမြဲတမ်း ယှဉ်ပြိုင်နေလိုမိသည်။
“ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော် တကယ်ကို အနိုင်ရဖို့ လိုအပ်နေပြီ”
ဤတိုက်ပွဲ၏ အရေးပါမှုမှာ သာမန်ယှဉ်ပြိုင်မှုတစ်ခုမျှသာ မဟုတ်ဘဲ နင်းမျိုးနွယ်စုနှင့် ဆေးပေါင်းသောင်းခြောက်ထောင်ဂူတို့၏ အနာဂတ်အတွက် ဖြစ်သလို ဓာတ်ငါးပါး နတ်ဘုရားသခင်နှင့် တစ်ကိုယ်တော် ဓားအရှင်သခင်တို့၏ လောင်းကြေးတစ်ခုလည်း ဖြစ်နေသောကြောင့်ပင်။
“စမ်းသပ်မှုတွေကတော့ ဒီမှာတင် ပြီးဆုံးသွားပြီ။ အခုကစပြီး ကျွန်တော် အတည်တကျ တိုက်ခိုက်တော့မယ်”
“အစ်ကိုလင်ဟု... ကျွန်တော့်ရဲ့ တိုက်ကွက်ကို လက်ခံပေးပါဦး”
ပြောပြီးသည်နှင့် နင်းကျော့မှာ အသက်ကို ဝဝရှူလိုက်ပြီး သူ၏မျက်နှာမှာ တည်ကြည်လေးနက်သွားကာ သစ်သားဓာတ် ပညာရပ်ကို လျင်မြန်စွာ အသုံးပြုလိုက်သည်။
သစ်မြစ်နွယ်များဖြင့် ရစ်ပတ်ခြင်း။
သစ်မြစ်များနှင့် နွယ်ပင်များမှာ ဘယ်နေရာက ရောက်လာသည်မသိဘဲ ထွက်ပေါ်လာကာ လင်ဟုကျိုကို လျင်မြန်စွာ ရစ်ပတ်လိုက်တော့သည်။
အနီးကပ်တိုက်ခိုက်ခြင်းမှာ နင်းကျော့အတွက် အားနည်းချက်ဖြစ်သော်လည်း ဓာတ်ငါးပါး ပညာရပ်များမှာမူ သူ၏ အားသာချက် ဖြစ်လာချေပြီ။