← Chapters

အခန်း ၄၅၄

Vol. 23 Ch. 454

အခန်း ၄၅၄

Vol. 23 Ch. 454

အခန်း ၄၅၄ - လမ်းလွဲခြင်း

“ငါ့ ကြည့်ပါရစေဦး၊ ကြည့်ပါရစေဦး” စွန်းလင်ထုံမှာ အလွန်ပင် စပ်စုချင်စိတ် ပြင်းပြနေချေသည်။

နင်းကျော့က သူ့အား မူလဝိညာဉ် သန္ဓေလှေကို လောလောဆယ်တွင် မီးရှို့၍ မရနိုင်သေးကြောင်းနှင့် မီးရှို့ခြင်း မအောင်မြင်ရာမှ တစ်ဆင့် ကျင့်စဉ်တစ်ခု ရရှိခဲ့ကြောင်း ပြောပြလိုက်ရာ စွန်းလင်ထုံမှာ အလွန်ပင် အံ့အားသင့်သွားရ၏။

မီးတောက်များအတွင်းမှ ကျင့်စဉ် စတင်ဖြစ်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရပြီးနောက် စွန်းလင်ထုံက ယခုကဲ့သို့ ရေရွတ်လိုက်မိသည်။

“ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းကနေ ရခဲ့တဲ့ သတင်းတွေအရဆိုရင် ဒီမူလဝိညာဉ် သန္ဓေလှေဟာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာတစ်ခုပဲ”

“ဒီရတနာက မင်းလက်ထဲ ရောက်မှပဲ အပြည့်အစုံ ဖော်ပြလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ကောင်လေးရာ”

“ဒီကျင့်စဉ်က တကယ်ကို အစွမ်းထက်တယ်၊ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ရင် လူတိုင်းဟာ သန္ဓေရှူသွင်းခြင်း အခြေအနေကို ခေတ္တဝင်ရောက်နိုင်ပြီး ကိုယ်ခန္ဓာ ကျင့်ကြံမှုနဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို အများကြီး မြှင့်တင်ပေးနိုင်မှာပဲ”

“မင်း ဒီနောက်ပိုင်း ကံကောင်းခြင်းတွေ အတော်လေး ကြုံနေရတာပဲ ကောင်လေး”

စွန်းလင်ထုံသည် နင်းကျော့ကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ထို့နောက် သူက “ရှေ့ဆက် ဘာလုပ်ဖို့ စီစဉ်ထားလဲ” ဟု မေးမြန်းလိုက်၏။

သူ့ဘေးတွင် ရပ်နေသော နင်းကျော့သည် ပညာမီးလျှံဖြင့် ဝိညာဉ်ချေဖျက် လွတ်မြောက်ရာကျမ်းကို ရပ်တန့်လိုက်ပြီး မီးတောက်များကို တဖြည်းဖြည်း ငြှိမ်းသတ်လိုက်သည်။

သူသည် အကောင်းအတိုင်း ကျန်ရစ်နေသော မူလဝိညာဉ် သန္ဓေလှေကို စိတ်ပျက်လက်ပျက် ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။

“ကျွန်တော် ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းကို ပြန်သွားပြီး ဝိညာဉ်ဖုံးကွယ်မိုးမခပင်ကို သုံးလို့ ဒီသန္ဓေရှူသွင်းခြင်း ကျင့်စဉ်ကို ထိုးထွင်းသိမြင်အောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ”

မီးရှို့၍ မအောင်မြင်ခဲ့ပြီးနောက် နင်းကျော့သည် ထိုကျင့်စဉ်ကို ကိုယ်တိုင် နားလည်သဘောပေါက်ရန် ကြိုးစားခဲ့သေးသည်။

သို့သော်လည်း ဤကျင့်စဉ်မှာ အသွေးအသား ခန္ဓာကိုယ်ကို ကျင့်ကြံရသည့် ကျင့်စဉ်မျိုး ဖြစ်နေပြီး သူ၏ နက်ရှိုင်းလှသော ဓာတ်ငါးပါး အသိအမြင်များမှာ ဘာမှ အထောက်အကူ မပြုနိုင်ချေ။

သူ၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် အသိပညာကိုသာ အားကိုး၍ လေ့လာသင်ယူကာ တွက်ချက်ဖော်ထုတ်ရမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် အလွန်ပင် နှေးကွေးလွန်းလှပေ၏။

အကယ်၍ ဤကျင့်စဉ်ကို တတ်ကျွမ်းနားလည်သည့် ဆရာတစ်ဦးဦးက သင်ကြားပေးမည်ဆိုလျှင် ဖြစ်နိုင်တန်ရာ၏။

သို့သော်လည်း မူလဝိညာဉ် သန္ဓေလှေမှာ ရှေးဟောင်းရတနာ တစ်ခုဖြစ်ပြီး ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းက ၎င်းကို မည်သည့်နေရာမှ ရရှိခဲ့ကာ မည်သို့ လက်ဆင့်ကမ်းခဲ့သည်ကိုမူ မသိနိုင်ပေ။

သန္ဓေရှူသွင်းခြင်း ကျင့်စဉ်နှင့် ပတ်သက်၍မူ နင်းကျော့က သူ၏ သုတေသနပြုချက်များအရ ၎င်းသည် ကျင့်စဉ်သစ် တစ်ခု မဟုတ်သည်မှာ သေချာသည်ဟု ခန့်မှန်းထားသည်။

၎င်းသည် ထိပ်တန်းဂိုဏ်းကြီးသုံးခု၏ ကျင့်စဉ်များထက် ပိုမို ရှေးကျနိုင်သော်လည်း ကိုယ်တွင်းအင်္ဂါငါးပါး ကျောင်းတော် ဝိညာဉ် နတ်ဘုရားပညာရပ်ထက်မူ ပို၍ ခေတ်နှောင်းတန်ရာ၏။

စွန်းလင်ထုံက နင်းကျော့ကို အံ့သြတကြီး ကြည့်ကာ ယခုကဲ့သို့ လွှတ်ကနဲ ပြောလိုက်သည်။

“ဝိညာဉ်ဖုံးကွယ်မိုးမခပင်က အတော်လေး အားနည်းနေပြီလေ၊ မင်း ဒီကျင့်စဉ်ကို နားလည်အောင် ကူညီဖို့ တောင့်ခံနိုင်ပါဦးမလား”

“ပြီးခဲ့တဲ့ တစ်ခေါက်ကတင် မင်းကြောင့် သူ သေလုနီးပါး ဖြစ်သွားခဲ့တာ၊ အခုမှ အသက်ဆက်နိုင်ရုံပဲ ရှိသေးတာလေ၊ မင်းသာ သူ့အစွမ်းကို အခုလိုပဲ အတင်းအကျပ် ဆက်သုံးနေဦးမယ်ဆိုရင် သူ့ကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်သွားလိမ့်မယ်”

“ပြီးတော့ ငါရော မင်းရောက ဝိညာဉ်ဖုံးကွယ်မိုးမခပင်ကို တိတိကျကျ မထိန်းချုပ်နိုင်သလို သူ ဘယ်လောက်အထိ ကူညီနိုင်မလဲဆိုတာကိုလည်း မသိနိုင်ဘူးလေ”

နင်းကျော့က မျက်နှာပျက်ပျက်ဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

“ဒါကိုပဲ ကျွန်တော် စိုးရိမ်နေတာပါ အစ်ကိုကြီး”

နှစ်ဦးသား ထပ်မံ ဆွေးနွေးပြီးနောက် မူလအစီအစဉ်အတိုင်း ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုအတောအတွင်း နင်းကျော့သည် မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ဤကျင့်စဉ်ကို နားလည်အောင် ကြိုးစားသွားမည် ဖြစ်သည်။

စွန်းလင်ထုံကလည်း ကူညီပေးမည် ဖြစ်၏။

ဝိညာဉ်ဖုံးကွယ်မိုးမခပင်ကိုမူ အနားပေး၍ ပြန်လည် နာလန်ထူခွင့် ပေးထားကြမည် ဖြစ်သည်။ အကယ်၍ နင်းကျော့အနေဖြင့် မည်သည့် တိုးတက်မှုမျှ မရှိဘဲ အခက်အခဲနှင့် ကြုံလာရပါမှ ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို စီးနင်းကာ ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းသို့ ပြန်သွား၍ အကူအညီ တောင်းရန် စီစဉ်လိုက်ကြသည်။

“ဝိညာဉ်ဖုံးကွယ်မိုးမခပင်က အခု အခြေအနေမှာ အားနည်းနေတယ်၊ အခု ပြန်သွားရင်တောင် သူ့ကို သုံးပြီး ကျင့်စဉ်ရဲ့ အနည်းအကျဉ်းကိုပဲ သိနိုင်မှာ”

“သူ့ရဲ့ ဇီဝအသက်ကို ထိန်းသိမ်းဖို့အတွက် ခဏခဏ အနားပေးနေရဦးမယ်”

“ဒီလိုဆိုရင် ကျင့်စဉ်ကို လေ့လာတာကလည်း ဟိုနားတစ်စ ဒီနားတစ်စ ဖြစ်ပြီး ကြန့်ကြာနေလိမ့်မယ်”

“ဒါ့ထက် သူ့ကို အပြည့်အဝ ပြန်ကောင်းလာအောင် စောင့်ပြီးမှ ကျင့်စဉ်ကို လေ့လာဖို့ သုံးတာက ပိုကောင်းလိမ့်မယ်၊ အဲဒါမှ ပိုပြီး ထိရောက်မှာ”

ထိုသို့ ဆုံးဖြတ်ပြီးနောက် နင်းကျော့သည် ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို ထိန်းကျောင်းရန် တာဝန်ကို စွန်းလင်ထုံထံ အပ်နှံလိုက်ပြီး သူကိုယ်တိုင်မှာမူ သန္ဓေရှူသွင်းခြင်း ကျင့်စဉ်ကို အားသွန်ခွန်စိုက် လေ့လာတော့သည်။

ဤဖြစ်ရပ်ကြောင့် သူသည် အကျိုးအမြတ် တစ်ခု ရရှိခဲ့သော်လည်း စိတ်ထဲတွင်မူ ထိုသို့ မဖြစ်လိုခဲ့ပေ။

မည်သည့် ကျမ်းစာ ကျင့်စဉ်ကမှ ဗုဒ္ဓဘာသာ သမားတော် မုန့်ယာယောင်ကို ကုသပေးနိုင်ခြင်းနှင့် မနှိုင်းယှဉ်နိုင်ချေ။

ယခုမူ သူသည် ပါးနပ်စွာဖြင့် မူလဝိညာဉ် သန္ဓေလှေကို ရရှိခဲ့သော်လည်း ဤကျင့်စဉ်ကြောင့် ကြန့်ကြာနေရကာ လှေကို မီးရှို့နိုင်ခြင်း မရှိသေးပေ။

“ဒီလို ဖြစ်မှန်းသိရင် ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းမှာ အချိန်တွေ အကုန်ခံနေမှာ မဟုတ်ဘူး”

“အမေ... သား အမေ့ကို ကတိမတည်နိုင်ခဲ့ဘူး”

ထိုသို့သော အတွေးများကြောင့် သူ၏ သန္ဓေရှူသွင်းခြင်း ကျင့်စဉ် လေ့လာမှုမှာ အမုန်းတရားနှင့် ဒေါသတို့ အနည်းငယ် ရောယှက်နေခဲ့သည်။

တစ်ခါသော် “အသက်ရှူခြင်းကို စတင် လေ့ကျင့်ရာတွင် အသက်ကို ချက်မှတစ်ဆင့် အဝင်အထွက် ပြုလုပ်သည်ဟု စိတ်ကူးပုံဖော်ရမည်ဖြစ်ပြီး အလွန် သိမ်မွေ့သည်အထိ သန့်စင်ရမည်” ဟူသော အပိုင်းကို ဖတ်မိသည့်အခါ သူသည် စိတ်အလိုလိုက်ကာ အသက်ရှူခြင်းကို စတင် လေ့ကျင့်မိလေသည်။

သူသည် အသက်ကို အတင်းအကျပ် အောင့်ထားပြီး ချက်မှတစ်ဆင့် အသက်ရှူရန် ကြိုးစားကာ ရှစ်ဆယ့်တစ်အထိ ရေတွက်နေခဲ့သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ လေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာချေသည်။

သူ၏ ဝမ်းဗိုက်အတွင်းမှ စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အတွင်းရှိ လေများမှာ ဇက်ကြိုးပြတ်နေသော မြင်းတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ရမ်းကားနေသည်ဟု ခံစားလိုက်ရသည်။

သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာသော်လည်း စိတ်ကို ပိုမို တင်းခံထားကာ အရှုံးမပေးဘဲ စွမ်းအင်များကို အတင်းအကျပ် လှည့်ပတ်စေပြီး ထိုလေကို တန်တျန်အတွင်းသို့ သွင်းရန် ကြိုးစားနေမိသည်။

သို့သော်လည်း လေမှာ နာခံခြင်း မရှိသည့်အပြင် သူ၏ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်တော့မည့်အလား ပိုမို ကြမ်းတမ်းလာခဲ့သည်။

သူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး နှုတ်ခမ်းများမှာ ခရမ်းရောင် သန်းလာချေသည်။ ခန္ဓာကိုယ်အတွင်းရှိ လေမှာ မမြင်နိုင်သော ပိုက်ကွန်တစ်ခုကဲ့သို့ သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားသလို ခံစားရသည်။

သူသည် ပါးစပ်နှင့် နှာခေါင်းမှတစ်ဆင့် လေကို ပြန်ထုတ်ရန် ကြိုးစားသော်လည်း လေလမ်းကြောင်း ပိတ်နေကာ အသက်ရှူ၍ မရနိုင်တော့ပေ။

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ၏ အတွင်းပိုင်းမှ ဝရုန်းသုန်းကား ဖြစ်နေသော စွမ်းအင်များမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားတော့သည်။

နင်းကျော့သည် ရင်ဘတ်အတွင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် လတ်လတ်ဆတ်ဆတ် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရာ ရှေ့တွင်ရှိသော ကြမ်းပြင်မှာ နီရဲသွားတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိုခဏတွင်ပင် ထိန်းချုပ်မှု ကင်းမဲ့ကာ အင်အားအားလုံး ဆုတ်ယုတ်သွားသည့်အလား ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။

သူ၏ အမြင်အာရုံများ ဝေဝါးလာပြီး သတိမှာလည်း တဖြည်းဖြည်း လွင့်ပါးလာချေသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ့ထံမှ ဝေးကွာသွားသကဲ့သို့ နားထဲတွင် တဒုန်းဒုန်း မြည်ဟည်းသံများကို ကြားနေရသည်။

သူ၏ မျက်လုံးများ ပွင့်နေသော်လည်း အလွန်ပင် မှေးမှိန်နေသဖြင့် အဆုံးမဲ့ မှောင်မိုက်မှုအတွင်း ရောက်နေသကဲ့သို့ ခံစားရပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ကာ သူ၏ အားနည်းလှသော အသက်ရှူသံများသာ ပဲ့တင်ထပ်နေသည်။

ခန္ဓာကိုယ်အတွင်းရှိ လေများမှာ ဝရုန်းသုန်းကား ဖြစ်မနေတော့သော်လည်း နာကျင်မှုမှာမူ အလွန်ပင် ပြင်းထန်လှရာ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဓားမြှောင်ပေါင်းများစွာဖြင့် မွှန်းနေသကဲ့သို့ပင်။

ထိုပြင်းထန်လှသော နာကျင်မှုကြောင့် သူ သတိလစ်လုနီးပါး ဖြစ်သွားရသည်။

“တင်းခံထားစမ်း... တင်း... ခံထားရမယ်” နင်းကျော့သည် သူ၏ စိတ်ဓာတ်ကို အားတင်း၍ နှိုးဆော်လိုက်သည်။

ဤအချိန်တွင် ဒဏ်ရာများကို ကုသရန် ဆေးလုံးများကို အမြန်ဆုံး သောက်ရမည်ကို သူ ကောင်းကောင်း သိသည်။ အချိန် အနည်းငယ်မျှ ကြန့်ကြာသွားသည်နှင့် ဒဏ်ရာများမှာ ပိုမို ပြင်းထန်လာမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကုသရန်အတွက် ပိုမို ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည်။

သို့သော်လည်း သူသည် လက်တစ်ဖက်ကိုပင် မလှုပ်နိုင်ဘဲ ခန္ဓာကိုယ်တွင် အင်အား အစအနမျှ မရှိတော့ပေ။

သူ၏ အမြင်အာရုံမှာ အလင်းရောင် အနည်းငယ် ပြန်ရလာသော်လည်း ဝေဝါးနေဆဲပင် ဖြစ်သည်။

မူးဝေမှုမှာလည်း ပိုမို ပြင်းထန်လာချေသည်။

သူ အောင့်မထားနိုင်တော့ဘဲ တကယ်ပင် သတိလစ်တော့မည့် အချိန်တွင်ပင် သူ အလွန် ရင်းနှီးပြီး အလွန် ချစ်မြတ်နိုးရသော ပုံရိပ်တစ်ခုမှာ သူ၏ အမြင်အာရုံထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

“အစ်ကိုကြီး...” သူက အလွန် တိုးညှင်းသော အသံဖြင့် ခေါ်လိုက်မိသည်။

စွန်းလင်ထုံမှာ အလွန်ပင် ထိတ်လန့်သွားရ၏။

သူသည် နဂါးဦးခေါင်းခန်းအတွင်း ရှိနေစဉ် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားခဲ့သည်။ သူသည် ထိုသို့ မသက်မသာ ခံစားရခြင်း၏ အရင်းအမြစ်ကို အမြန်ဆုံး ရှာဖွေလိုက်သည်။

“သူသည် ခရုကမာပုလဲအတွင်းရှိ နဂါးလိပ် မီးလျှံဝိညာဉ်ကို အမြန် စစ်ဆေးကြည့်ရာ ၎င်းမှာ အိပ်စက်နားနေဆဲသာ ရှိနေသေးသည်ကို တွေ့လိုက်ရ၏။”

“နင်းကျော့လေး”

စွန်းလုံထုံသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး နဂါးဦးခေါင်းခန်းမှ ပြတ်ပြတ်သားသား ထွက်လာကာ ကျင့်ကြံဆောင်သို့ အပြေးအလွှား သွားလိုက်သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသော နင်းကျော့ကို တွေ့လိုက်ရတော့သည်။

နင်းကျော့၏ ရှေ့တွင် ရှိနေသော သွေးကွက်များ၊ ရွှေရောင်စက္ကူကဲ့သို့ ဖြူလျော့နေသော မျက်နှာနှင့် ချွေးများဖြင့် ရွဲစိုနေသော ခန္ဓာကိုယ်တို့ကို မြင်လိုက်ရသည့်အခါ စွန်းလင်ထုံ၏ ရင်ထဲတွင် အလွန်ပင် နာကျင်သွားရသည်။

စွန်းလင်ထုံသည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး နင်းကျော့၏ အခြေအနေကို စစ်ဆေးကာ ဆေးလုံးများကို ထုတ်ယူကျွေးလိုက်သည်။ ထို့နောက် ဆေးစွမ်းများ အမြန် ပျံ့နှံ့စေရန် မာနာများကို ကူညီ ထည့်သွင်းပေးလိုက်လေသည်။

နင်းကျော့မှာမူ အလွန် စိတ်အေးသွားကာ အိပ်ပျော်သွားတော့သည်။

သူ ပြန်နိုးလာသည့်အခါတွင် တစ်နေ့နှင့် တစ်ည အချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူ အတော်လေး သက်သာသွားပြီ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်မှာ အားနည်းနေဆဲ ဖြစ်သော်လည်း ကြောက်မက်ဖွယ် နာကျင်မှုမှာမူ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ ခေါင်းမှာ မူးဝေနေဆဲ ဖြစ်သဖြင့် လမ်းလျှောက်သည့်အခါ ယိမ်းထိုးနေသော်လည်း လမ်းလွဲစက အခြေအနေနှင့် နှိုင်းယှဉ်လျှင်မူ အများကြီး ပိုကောင်းနေပြီ ဖြစ်သည်။

“အစ်ကိုစွန်း” နင်းကျော့သည် ဖြည်းညင်းစွာ လမ်းလျှောက်ရင်း နဂါးဦးခေါင်းခန်းအတွင်းသို့ ဝင်လာခဲ့သည်။

စွန်းလင်ထုံသည် နင်းကျော့ မိမိအခန်းမှ ထွက်လာကာ စင်္ကြံတစ်လျှောက် လမ်းလျှောက်လာသည်ကို သူ နဂါးဦးခေါင်းခန်းအတွင်း ရှိနေစဉ်ကတည်းက သိရှိနေပြီးသား ဖြစ်သည်။

နင်းကျော့ တံခါးဖွင့်၍ ဝင်လာသည့်အခါတွင်မူ စွန်းလင်ထုံသည် လှည့်မကြည့်ဘဲ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“အစ်ကိုစွန်း... ကျွန်တော် မှားသွားပါတယ်” နင်းကျော့က စွန်းလင်ထုံ၏ နောက်မှနေ၍ အားနာစနု အပြုံးဖြင့် ပြောလိုက်ပြီး ခေါင်းငုံ့၍ အမှားကို ဝန်ခံလိုက်သည်။

ထိုအခါမှသာ စွန်းလင်ထုံသည် မျက်မှောင်ကို အပြင်းအထန် ကြုတ်ကာ လှည့်လာပြီး တင်းမာသော မျက်နှာထားဖြင့် ကျယ်လောင်စွာ ကြိမ်းမောင်းတော့သည်။

“နင်းကျော့လေး... မင်းဟာလေ တကယ်ကို လူမိုက်ပဲ၊ မင်းက တကယ်ပဲ သန္ဓေရှူသွင်းခြင်း ကျင့်စဉ်ကို စကျင့်တာလား”

“မင်း အခုလို လဲကျသွားတာ ကောင်းတယ်”

“လမ်းလွဲသွားတဲ့ ခံစားချက်က မင်းလိုလူမျိုးအတွက် အကောင်းဆုံး သတိပေးချက်ပဲ”

“မင်းက မိစ္ဆာအသွေးအသား ခံနိုင်ရည်ကျင့်စဉ်ကို ကျင့်ပြီးသားဖြစ်သလို အောက်ပိုင်း တန်တျန်ကိုလည်း တည်ဆောက်ပြီးသားလေ၊ ဒါကို ဘာလို့ တခြားကျင့်စဉ်တွေကို ကျင့်ဖို့ ကြိုးစားနေရသေးတာလဲ”

“ဒါက ကျင့်ကြံခြင်းလမ်းကို စလျှောက်တဲ့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်က လူငယ်လေးတွေတောင် သိတဲ့ အခြေခံ သဘောတရားပဲ၊ အဲဒါကို မင်းက ဒီလို အမှားမျိုး လုပ်ရလား”

နင်းကျော့က ခေါင်းကို ကုတ်ရင်း “ပြန်စဉ်းစားကြည့်ရင် ကျွန်တော် ကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူး၊ သန္ဓေရှူသွင်းခြင်း ကျင့်စဉ်ကို နားလည်အောင် ကြိုးစားနေရင်းနဲ့ မသိလိုက်ဘဲ လိုက်ကျင့်မိသွားတာပါ” ဟု ပြန်ပြောလိုက်သည်။

“အခက်အခဲနဲ့ ကြုံတဲ့အခါ ရပ်သင့်တာပေါ့၊ ဒါပေမဲ့ အဲဒီအချိန်က ကျွန်တော့် စိတ်အခြေအနေက မကောင်းဘဲ နည်းနည်း စိတ်တိုနေတာနဲ့ အတင်း ကျော်ဖြတ်နိုင်မယ်လို့ ထင်မိသွားတာ”

“အခု ကျွန်တော် ဒီလောက်မြန်မြန် ပြန်ကောင်းလာတာ အစ်ကိုစွန်း အချိန်မီ ကူညီပေးလို့ပါ၊ အစ်ကိုကြီက တကယ်ကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်ကြီးပါပဲ”

စွန်းလင်ထုံသည် ထိုသို့ ချီးကျူးခံရသည့်အခါ ပို၍ပင် ဒေါသထွက်သွားပြီး နင်းကျော့ထံသို့ ပျံဝဲလာကာ လက်သီးဆုပ်လေးဖြင့် နင်းကျော့၏ ခေါင်းကို ခပ်ပြင်းပြင်း ထုလိုက်သည်။

“မင်း ဒီကောင်လေး... အခုထိ နောက်ပြောင်နေတုန်းပဲလား”

“မင်း အမှားကို ပြန်သုံးသပ်ဖို့ အခန်းအောင်းပြီး ခုနစ်ရက်ကြာ ပြစ်ဒဏ်ပေးမယ်၊ အဲဒီအတောအတွင်းမှာ မင်း ဘာကျင့်စဉ်မှ မကျင့်ရဘူး”

နင်းကျော့၏ မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားပြီး “အစ်ကိုစွန်း... ကျွန်တော့်ရဲ့ နေ့စဉ် လေ့ကျင့်ခန်းတွေကျတော့ ဘယ်လိုလုပ်မလဲ” ဟု အော်ဟစ်လိုက်မိသည်။

စွန်းလင်ထုံက မျက်မှောင်ကြုတ်ကာ ပါးပြင်များ နီရဲလာသည်အထိ ဒေါသထွက်နေပြီး ခါးကို ထောက်ကာ အော်ပြောလိုက်သည်။

“ငါ ခုနက ပြောတာကို မင်း နားမလည်ဘူးလား”

“နားလည်ပါပြီ၊ နားလည်ပါပြီ” နင်းကျော့က အမြန် ပြန်ထူးလိုက်ရသည်။

“သွားတော့... အခန်းထဲသွားပြီး ပြစ်ဒဏ်ခံပေတော့” စွန်းလင်ထုံက လက်ညှိုးဖြင့် အခန်းဘက်သို့ ညွှန်ပြလိုက်သည်။

နင်းကျော့သည် စိတ်ပျက်လက်ပျက်ဖြင့် စွန်းလင်ထုံကို နှုတ်ဆက်ကာ နဂါးဦးခေါင်းခန်းမှ ထွက်ခွာသွားတော့သည်။

စွန်းလင်ထုံသည် နင်းကျော့ တစ်စုံတစ်ရာကို မခံစားနိုင်ဘဲ စင်္ကြံတစ်လျှောက် လေးလံသော ခြေလှမ်းများဖြင့် လျှောက်သွားကာ မိမိအခန်းထဲ ဝင်သွားသည်ကို ပုံရိပ်လွှင့်စက်မှတစ်ဆင့် ကြည့်နေခဲ့သည်။

ထို့နောက်မှ သူသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ခိုး၍ ချလိုက်ပြီး စိတ်ထဲမှ “နင်းကျော့လေးရာ...” ဟု ရေရွတ်လိုက်မိသည်။

ထိုအခါမှသာ စွန်းလင်ထုံ၏ မျက်နှာတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာချေသည်။

နင်းကျော့ မည်ကဲ့သို့သော အခြေအနေမျိုးတွင် ရှိနေသည်ကို သူ ကောင်းကောင်း သိသည်။

ထိုခဏတွင် နင်းကျော့ကို မြင်လိုက်ရသည့်အခါ စွန်းလင်ထုံသည် သူ၏ အတိတ်က ပုံရိပ်ကို ပြန်မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ခါက သူ၏ ဆရာသည် ချော်ရည်နန်းတော်အတွင်း ပိတ်မိကာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

စွန်းလင်ထုံသည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်သာ ရှိသော်လည်း မီးလျှံသီးတောင်အတွင်းရှိ ချော်ရည်နန်းတော်အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ကာ အသက်ဘေးကို ဂရုမစိုက်ဘဲ ရှာဖွေခဲ့ဖူးသည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ အန္တရာယ်ရှိသည်ကို သူ မသိခဲ့ပါသလား။

သူ၏ ဆရာ အသက်ရှင်နေရန် အခွင့်အလမ်း အလွန် နည်းပါးသည်ကိုရော သူ မသိခဲ့ပါသလား။

သူ၏ အတိတ်ကို ပြန်စဉ်းစားကြည့်သည့်အခါ ထိုရှင်းလင်းလှသော မေးခွန်းများကို အမှန်တကယ်တွင်မူ သူ မသိခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

အဘယ်ကြောင့်ဆိုသော် သူ အာရုံစိုက်နေသမျှမှာ သူ၏ ဆရာကို ရှာဖွေရန်သာ ဖြစ်ပြီး အသိဉာဏ်က မျှော်လင့်ချက် မရှိဟု ပြောနေသော်လည်း ထိုအသိကို သူ၏ နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာတွင် ဖိနှိပ်ထားခဲ့သောကြောင့် ဖြစ်ပေသည်။

အချိန်အတော်ကြာအောင်ပင် ဆရာကို ရှာတွေ့ရမည်ဟူသော ယုံကြည်ချက်က စွန်းလင်ထုံကို ရဲရင့်ပြတ်သားစေပြီး ကြောက်ရွံ့ခြင်းကင်းစွာ လုပ်ဆောင်နိုင်ရန် တွန်းအားပေးခဲ့သည်။

ယခုမူ နင်းကျော့၏ အခြေအနေမှာ သူနှင့် အလွန်ပင် ဆင်တူနေချေပြီ။

“ငါ အဲဒီ အခြေအနေကို ဘယ်လို ကျော်ဖြတ်နိုင်ခဲ့တာပါလိမ့်”

All Chapters