အခန်း ၇၆၄
Vol. 72 Ch. 764
အခန်း (၇၆၄) - ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကံကြမ္မာသားတော်၏ အခွင့်အရေးနှင့် မိုးကြိုးအင်မော်တယ်စံအိမ်(၄)။
'ဒါနဲ့ နေဦး၊ ကျိပင်းယွီတို့လည်း နောက်ဆုံးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားကြပြီ ထင်တယ်'
ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်လေသည်။
နှစ်တစ်ရာကြာ ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ ချွန်းထောင်၊ ရှားထောင်၊ ချိုးထောင်၊ တုန်းထောင်တို့လည်း နောက်ဆုံးတွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အသီးသီး တက်လှမ်းနိုင်ခဲ့ကြပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။
ရွှမ်ဟွမ်ကမ္ဘာတွင် သူ၏အကူအညီ မပါလျှင်ပင် သူတို့အတွက် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန်မှာ လက်ဖဝါးလှန်သကဲ့သို့ လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်လေသည်။
ဤသည်က မည်သည့် အဟန့်အတားမျှ မဟုတ်တော့ချေ။
ထို့အပြင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် သက်တမ်း ခြောက်ထောင်ကို ချက်ချင်း ရရှိသွားကြမည် ဖြစ်၏။
ဆိုရလျှင် အချိန်တိုအတွင်း သူ၏တာအိုလက်တွဲဖော်များ သက်တမ်းကုန်ဆုံး၍ သေဆုံးသွားမည်ကို သူ စိုးရိမ်စရာ မလိုတော့ပေ။
တာအိုလက်တွဲဖော်များ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်းက သူ၏ ကံကြမ္မာစွမ်းအားများကိုလည်း အတော်လေး တိုးပွားလာစေခဲ့သည်။
'ကောင်းတယ် သိပ်ကောင်းတယ်'
'ဒါဆိုရင် သူတို့ သက်တမ်းကုန်ပြီး သေသွားမှာကို စိတ်ပူစရာ မလိုတော့ဘူး'
ကျိုးစွေ့ အလွန်တရာ ကျေနပ်သွားလေသည်။
မူလက ကျိပင်းယွီတို့ တစ်ခုခု အမှားအယွင်းများ ဖြစ်သွားမည်လောဟု သူ စိုးရိမ်နေခဲ့မိ၏။
ယခုကြည့်ရသလောက် သူတို့သည် အတော်လေး ထူးချွန်ကြဆဲပင်။
မိမိစွမ်းရည်ကိုသာ အားကိုးခဲ့ရလျှင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိလာနိုင်ခဲ့ကြချေပြီ။
မှန်ပေသည်၊ ဤသည်က ရွှမ်ဟွမ်ကမ္ဘာ၏ ဆင့်ကဲပြောင်းလဲမှုများနှင့်လည်း ကြီးမားသော ဆက်စပ်မှု ရှိနေပေသည်။
ယခုလက်ရှိ ရွှမ်ဟွမ်ကမ္ဘာတွင် နေထိုင်ရင်း နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်လာရန်မှာ ယခင်ကလောက် မခက်ခဲတော့ချေ။
ဒေါက်… ဒေါက်… ဒေါက်…။
ထိုအချိန်မှာပင် ဆေးဖော်စပ်ရာအခန်းအပြင်ဘက်မှ ခုံမြင့်ဖိနပ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီးနောက်၊ တံခါးပွင့်လာကာ မွှေးပျံ့သော ရနံ့များက ဆေးဖော်စပ်ရာအခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ကျိုးစွေ့ရှေ့တွင် ပေါ်လာသူကား ဖီးနစ်မျက်ခုံးနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အလှပန်းလေးတစ်ပွင့်ပင်။
သူမ၏ အကြည့်တိုင်းက ဝိညာဉ်ကိုပင် ဆွဲဆောင်ညို့ငင်နိုင်စွမ်းရှိပြီး နှင်းပွင့်ကဲ့သို့ ဖြူဝင်းသော အသားအရေ၊ ဖြောင့်စင်းနေသော နှာတံလေးနှင့် ချယ်ရီသီးကဲ့သို့ နီမြန်းသော နှုတ်ခမ်းလေးတို့က ခပ်ဖွဖွ ပြုံးလိုက်သည်နှင့် ဆွဲဆောင်မှုအပြည့် ရှိနေလေသည်။
သူမသည် ခရမ်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းနှင့် သေးသွယ်သော ခါးလေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိလွန်းလှသည့် အလှပန်းလေးတစ်ပွင့်ပင် ဖြစ်ပေသည်။
သိသာထင်ရှားစွာပင် ရောက်လာသူမှာ ဖုန်းရှီးမြို့၊ ကျမ်းစာတိုက်၏ စာတိုက်မှူး ထောင်ချီလီ ဖြစ်လေသည်။
ကျိုးစွေ့နှင့် စတင်သိကျွမ်းခဲ့သည့် အချိန်မှစ၍ ဤအလွန်လှပသော အမျိုးသမီးသည် ကျိုးစွေ့နှင့် ပိုင်စုကျဲ့တို့ တာအိုလက်တွဲဖော်များ ဖြစ်နေကြပြီဆိုသည်အား သိထားသည့်တိုင် မည်သို့မျှ ဂရုမစိုက်ဘဲ အကြောင်းပြချက် အမျိုးမျိုးရှာကာ မကြာခဏ ရောက်လာတတ်၏။
ဆိုရလျှင် နှစ်တစ်ရာကြာ အတူရှိခဲ့ကြပြီးနောက် သူတို့နှစ်ဦးကြားတွင် အလွန်တရာ ရင်းနှီးနေခဲ့ကြပြီ ဖြစ်သည်။
"ကျိုးတာအိုရောင်းရင်း ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"
"ခုနက ဖော်စပ်လိုက်တာ ဘာဆေးလုံးများလဲ မသိဘူးနော်"
ထောင်ချီလီက သူမ၏ မြေခွေးမလေးကဲ့သို့ ညို့ငင်နိုင်သော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို ကြည့်ကာ နီမြန်းသော နှုတ်ခမ်းလေးကို ဟ၍ သိချင်စိတ်ဖြင့် မေးလိုက်၏။
အစောပိုင်း အမှတ် (၈၈) တာအိုကျောင်းတော်ထဲသို့ သူမ ဝင်လာစဉ်က ကောင်းကင်ထက်၌ ဆဋ္ဌမအဆင့် ဆေးကပ်ဘေးတစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရလေသည်။
သိသာထင်ရှားစွာပင် တစ်စုံတစ်ယောက်က ဆဋ္ဌမအဆင့် ရတနာဆေးလုံးကို ဖော်စပ်နေပြီး အောင်မြင်သွားခဲ့ခြင်း ဖြစ်ပေသည်။
ကျောင်းတော်တစ်ခုလုံးတွင် သူမရှေ့ရှိ ဤအမျိုးသားမှလွဲ၍ မည်သူကမျှ ဤအရာကို လုပ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူမရှေ့ရှိ ဤအမျိုးသားသည် ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာပြီဟု သူမ အသေအချာ ကောက်ချက်ချလိုက်ခြင်း ဖြစ်လေသည်။
"သစ်ပင်တစ်သောင်း ရွှမ်ယင်ဆေးလုံးကို ဖော်စပ်နေတာပါ" ကျိုးစွေ့က ပြောလိုက်၏။
"သစ်ပင်တစ်သောင်း ရွှမ်ယင်ဆေးလုံးလား"
"ဒါက သာမန် ဆဋ္ဌမအဆင့် ရတနာဆေးလုံး မဟုတ်ဘူးနော်"
"ဖော်စပ်ရတဲ့ အခက်အခဲက သေးသေးလေး မဟုတ်ဘူး၊ ဝါရင့် ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်တွေတောင် အောင်မြင်အောင် ဖော်စပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မပြောရဲကြဘူး"
"ရှင့်ရဲ့ ဆေးဖော်စပ်ပညာရှင်ပါရမီကတော့ တကယ်ကို အံ့မခန်းပါပဲ"
ထောင်ချီလီက အလွန်တရာ အံ့ဩတကြီးဖြင့် ပြောလိုက်လေသည်။
ဤအမျိုးသားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကပင် သူ၏ အစီအရင်ပါရမီကြောင့် သူမ တုန်လှုပ်ခဲ့ရပြီး ဤသူသည် အနာဂတ်တွင် အစီအရင်ဆရာသခင်တစ်ဦး သေချာပေါက် ဖြစ်လာမည်ဟု တွေးခဲ့မိသည်။
သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ဤအမျိုးသား၏ ဆေးဖော်စပ်ပညာပါရမီကလည်း လျော့နည်းခြင်း မရှိချေ။
နှစ်တစ်ရာမျှသာ ရှိသေးသည့် အချိန်တိုလေးအတွင်း ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။
အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလှပေ။
ယခင်က သူမ အကြံပြုခဲ့သော ဆေးပညာ နတ်ဘုရားစွမ်းရည်ဖြစ်သည့် ကောင်းကင်နှင့်မြေကြီး ဆေးပေါင်းဖိုပညာရပ်ကိုပင် လွယ်လွယ်ကူကူ လေ့ကျင့်အောင်မြင်သွားခဲ့သည်။
ဤသူသည် မည်သူနှင့်မျှ မယှဉ်သာသော မွေးရာပါ ပါရမီရှင်တစ်ဦး ဖြစ်သည်ဟုသာ ဆိုနိုင်ပေတော့သည်။
တစ်ခုတည်းသော နှမြောစရာမှာ ဤအမျိုးသားသည် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားခဲ့ခြင်း ဖြစ်၏။
သူမနှင့် လွဲချော်သွားခဲ့ရချေပြီ။
အမှန်အတိုင်းဆိုရလျှင် အကယ်၍ သူမ၏ ယခင်စရိုက်မျိုးသာ ဆိုပါက ယခုကဲ့သို့ အမျိုးသားမျိုးနှင့် ဆုံတွေ့ရပါက သေချာပေါက် ဝေးဝေးကသာ ရှောင်ရှားခဲ့မည် ဖြစ်သည်။
မည်မျှပင် ထူးချွန်သော အမျိုးသားဖြစ်ပါစေ၊ တစ်ဖက်လူတွင် ချစ်သူရှိနေပါက သူမ သွားရောက် မပတ်သက်သင့်ချေ။
ထို့အပြင် တစ်ဖက်လူသည်ကား ပိုင်စုကျဲ့၏ တာအိုလက်တွဲဖော်လည်း ဖြစ်နေသေးသည် မဟုတ်ပါလော။
ပိုင်စုကျဲ့မှာ သူမ၏ သမီးအရင်းကဲ့သို့ ဖြစ်နေရာ သူမအနေဖြင့် သမီးဖြစ်သူထံမှ ယောက်ျားတစ်ယောက်ကို မည်ကဲ့သို့ လုယူနိုင်ပါမည်နည်း။
ဤသည်ကား အလွန်တရာ အဓိပ္ပာယ်မဲ့လွန်းလှသည်။
သို့ရာတွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ကျမ်းစာတိုက်ထဲမှ ထိုမြင်ကွင်းကို သူမ အမြဲတမ်း အမှတ်ရနေမိ၏။
သူမ လုပ်နေသည့် အရာများက လုံးဝ မှားယွင်းနေမှန်း သေချာပေါက် သိနေသော်ငြား သူမကိုယ်သူမ မထိန်းချုပ်နိုင်သေးချေ။
'တစ်ကြိမ်၊ တစ်ကြိမ်လောက်ဆိုရင် ရပါပြီ...’
'ဒါဆိုရင် ဒီဝဋ်ကြွေးကို ဖြတ်တောက်နိုင်လောက်မှာပါ' ဟုသာ သူမ တွေးလိုက်မိသည်။
"မြှောက်ပင့်လွန်းနေပါပြီ၊ ကံကောင်းသွားလို့ပါ"
ကျိုးစွေ့က နှိမ့်ချစွာ ပြောလိုက်၏။
"ကံကောင်းတာနဲ့တင် နတ်ဘုရားအသွင်ပြောင်းအဆင့်နဲ့ ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်တွေ နေရာတိုင်းမှာ ပြည့်နေမှာပေါ့"
ထိုစကားကို ကြားသောအခါ ထောင်ချီလီက မချင့်မရဲ ပြောလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရာ၊ ချစ်စဖွယ် အလိုမကျမှုများနှင့်အတူ အလွန်တရာ ဆွဲဆောင်မှု ရှိနေလေသည်။
တစ်ချက်မျှ ကြည့်လိုက်သည်နှင့်ပင် အခြားသူများ၏ ဝိညာဉ်များ လွင့်ထွက်သွားလောက်ပေသည်။
သူမကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဆွဲဆောင်မှုများကို သာမန်လူတစ်ယောက်အနေဖြင့် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။
"အကယ်လို့ ရှင့်ရဲ့ ဆေးဖော်စပ်ပညာရှင်အဆင့်က နောက်တစ်ဆင့် ထပ်တက်နိုင်မယ်ဆိုရင် ကျွန်မအတွက် ဆဋ္ဌမအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ပေးနိုင်မလား မသိဘူး"
ထောင်ချီလီက မျက်ဝန်းလှလှလေးများ အရောင်လက်သွားကာ ကျိုးစွေ့ကို ကြည့်လိုက်၏။
"အိုး ဘယ်လိုဆဋ္ဌမအဆင့် ဆေးလုံးများလဲ"
ကျိုးစွေ့က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးပါ"
ထောင်ချီလီက တိုက်ရိုက် ပြောလိုက်၏။
"ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးလား"
"ဒဏ္ဍာရီတွေထဲမှာ လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေကို ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တဲ့ အမြင့်မြတ်ဆုံး ဆေးလုံးလေ"
"ကြားဖူးသလောက်တော့ ဒီဆေးလုံးရဲ့ အဓိကဆေးဖက်ဝင်အပင်က အံ့ဖွယ်တစ်သောင်း ဆန်းကြယ်ပန်းလို့ ခေါ်ပြီး သတ္တမအဆင့် ဆေးဖက်ဝင်အပင် အမျိုးအစားထဲမှာ ပါတယ်လို့ ကြားဖူးတယ်"
"ဒါပေမဲ့ ဒီလိုဆေးဖက်ဝင်အပင်ဟာ အစောကြီးကတည်းက မျိုးတုံးသွားပြီထင်တယ်၊ ဘယ်သူမှ မရှာတွေ့နိုင်တော့ဘူးလေ"
"မင်းက ဒီလိုသတ္တမအဆင့် ဆေးဖက်ဝင်အပင်ကို ရှာတွေ့နိုင်လို့လား"
ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်လေသည်။
အမှန်အတိုင်းဆိုရလျှင် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတိုင်း ရရှိချင်သော အင်မော်တယ်ဆေးလုံးပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်သည်နှင့် တစ်ပြိုင်နက် စွမ်းအားရှင်အဆင့်တည်ရှိမှုတစ်ခု ဖြစ်လာမည် မဟုတ်ပါလော။
စိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ခြုံကြည့်လျှင်ပင် အလွန်တရာ အစွမ်းထက်သော သက်ရှိများဖြစ်ကာ စိတ်ဝိညာဉ်ကမ္ဘာအတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်ပေသည်။
မဟာယာနအဆင့် ကျင့်ကြံသူများကို ဧကရာဇ်များဟု ဆိုမည်ဆိုပါက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် တော်ဝင်မျိုးနွယ်များပင် ဖြစ်လေသည်။
အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများထံသို့ သွားရောက်လျှင်ပင် အတော်အတန် လေးစားမှုခံရမည် ဖြစ်၏။
လူသားမျိုးနွယ်တစ်ခုလုံးတွင်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ဟူ၍ အယောက်တစ်ရာကျော်ခန့်သာ ရှိလေသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် မည်မျှခက်ခဲမည်ဆိုသည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
သို့ရာတွင် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကိုသာ ရရှိမည်ဆိုပါက လုံးဝ ခြားနားသွားမည် ဖြစ်ပြီး၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည့် အခွင့်အရေး အလွန်ကြီးမားသွားပေမည်။
ပြဿနာမှာ ဤသို့သော သတ္တမအဆင့် ဆေးဖက်ဝင်အပင်ကို ရရှိရန်ဆိုသည်က ကောင်းကင်ပေါ်တက်ရသည်ထက်ပင် ခက်ခဲနေခြင်း ဖြစ်လေသည်။
ကြားဖူးသလောက်မူ ဤသတ္တမအဆင့် ဆေးဖက်ဝင်အပင်သည် အစောကြီးကတည်းက မျိုးတုံးသွားပြီဖြစ်ကာ လုံးဝ ရှာဖွေ၍မရနိုင်တော့ချေ။
ထို့ကြောင့် များစွာသော လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့သာ အားကိုး၍ အတင်းအဓမ္မ ချိုးဖြတ်ဝင်ရောက်ရုံသာ ရှိလေသည်။
သို့သော် ဤကမ္ဘာလောကတွင် မိမိ၏ပါရမီနှင့် ကျင့်ကြံမှုစွမ်းရည်များကို အားကိုးကာ အတင်းအဓမ္မ ချိုးဖြတ်ဝင်ရောက်နိုင်သည့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ မည်မျှရှိပါမည်နည်း။
အမှန်တကယ် အောင်မြင်သွားသူဆိုသည်မှာ တစ်သောင်းတွင် တစ်ယောက်မျှပင် မရှိချေ။
ထို့ကြောင့် ယနေ့အချိန်အထိ လူသားမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်များမှာ ဤမျှ ရှားပါးနေရခြင်း ဖြစ်လေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ဦး ပေါ်ထွက်လာတိုင်း လူသားမျိုးနွယ်အတွက် အလွန်ကြီးမားသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်ကာ တော်ဝင်မျိုးနွယ်တစ်ပါး မွေးဖွားလာခြင်းနှင့် ညီမျှပေသည်။
ထို့အပြင် လူသားမျိုးနွယ်သည် မြို့တော်တစ်မြို့ကိုပါ တိုးချဲ့နိုင်ပြီး နယ်မြေသစ်များပါ ချဲ့ထွင်နိုင်မည် ဖြစ်၏။
ထို့ကြောင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်များသည် လူသားမျိုးနွယ်အတွက် အမှန်တကယ်ပင် အရေးပါလွန်းလှသည်။
ထိုဆေးလုံးတစ်လုံးတည်း ပေါ်ထွက်လာရုံဖြင့်ပင် စိတ်ဝိညာဉ်ကမ္ဘာရှိ လူသားမျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေနိုင်သော ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပေသည်။