← Chapters

အခန်း ၇၆၅

Vol. 72 Ch. 765

အခန်း ၇၆၅

Vol. 72 Ch. 765

အခန်း (၇၆၅) - ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကံကြမ္မာသားတော်၏ အခွင့်အရေးနှင့် မိုးကြိုးအင်မော်တယ်စံအိမ်(၅)။

"ဒီကိစ္စကတော့ လောလောဆယ် မပြောတတ်သေးဘူး...”

"ဒါပေမဲ့ ဒီလို ဝိညာဉ်ဆေးပင်မျိုးကို ရရှိခဲ့ရင်တောင် ယုံကြည်စိတ်ချရတဲ့ ဆေးလုံးဖော်စပ်သူ ရှိဖို့ လိုအပ်တယ်...”

"ယုံကြည်စိတ်ချရတဲ့ ဆေးလုံးဖော်စပ်သူ မရှိရင် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်...”

ထောင်ချီလီက လေးနက်သော အသံဖြင့် ပြောလိုက်၏။

အမှန်အတိုင်းဆိုရလျှင် ဤစကားသည် လိမ်ညာနေခြင်း မဟုတ်ပေ။ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးမှာ လွန်စွာ ရှားပါးလှသဖြင့် သတ္တမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်သော အံ့ဖွယ်တစ်သောင်းဆန်းကြယ်ပန်း မရှိခြင်းကြောင့်သာ မဟုတ်ပေ။

ဝိညာဉ်ဆေးပင် အများအပြားကို အချိုးကျပေါင်းစပ်ပြီး ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး အဖြစ်သို့ အောင်မြင်စွာ ဖော်စပ်နိုင်ရန်မှာ သာမန်ဆေးလုံးဖော်စပ်သူတစ်ဦး လုပ်ဆောင်နိုင်သည့် ကိစ္စမဟုတ်ချေ။

ထို့အပြင် အံ့ဖွယ်တစ်သောင်းဆန်းကြယ်ပန်းမှာ အရေအတွက် လွန်စွာ ရှားပါးလှသဖြင့် တစ်ပင်တည်းသာ ရှိကောင်းရှိနိုင်ပေသည်။ ထို့ကြောင့် ဆေးလုံးဖော်စပ်ပြီဆိုသည်နှင့် မုချအောင်မြင်ရမည်ဖြစ်ပြီး ကျရှုံး၍ လုံးဝမဖြစ်ပေ။

ဤသည်မှာ ဆေးလုံးဖော်စပ်သူတိုင်းအတွက် ဖိအားလွန်စွာ ကြီးမားလှသော ကိစ္စတစ်ခု ဖြစ်လေသည်။ ဆေးလုံးဖော်စပ်ရာတွင် တစ်ရာရာခိုင်နှုန်း အောင်မြင်မည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ထိုကဲ့သို့သော အကြောင်းအရင်းများစွာ စုပေါင်းလိုက်သောကြောင့် လူသားမျိုးနွယ်စုတွင် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်လုံးမျှပင် မရှိခြင်း ဖြစ်ချေသည်။ အကယ်၍ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကိုသာ အမြောက်အမြား ဖော်စပ်နိုင်ခဲ့မည်ဆိုပါက လူသားမျိုးနွယ်စုတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ပေါင်း တစ်ရာကျော်သာ ရှိလိမ့်မည် မဟုတ်ပေ။

အရေအတွက် နှစ်ဆတိုးလာရန်မှာလည်း အခက်အခဲရှိလိမ့်မည် မဟုတ်ပေ။

နှမြောစရာကောင်းသည်မှာ စိတ်ဝိညာဉ်ကမ္ဘာတွင်ပင် သတ္တမအဆင့် ဝိညာဉ်ဆေးပင်များ၏ အရေအတွက်မှာ လွန်စွာ နည်းပါးလှခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုသတ္တမအဆင့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်ရာနေရာများကိုလည်း အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများကသာ ထိန်းချုပ်ထားကြသည်။

အားနည်းသော မျိုးနွယ်စုများမှာမူ ရရှိရန်အခွင့်အရေး လုံးဝမရှိပေ။ တစ်နည်းအားဖြင့်ဆိုရသော် ဤသည်မှာ အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများက အားနည်းသော မျိုးနွယ်စုများကို ထိန်းချုပ်ထားသည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

၎င်းတို့သည် အားနည်းသော မျိုးနွယ်စုများထဲမှ နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့်များ ပေါ်ထွက်လာခြင်းကို ခွင့်ပြုထားသော်လည်း၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် ထိုထက်မြင့်မားသော သက်ရှိများ ပေါ်ထွက်လာရန်မူ ခွင့်မပြုပေ။

သို့မဟုတ်ပါက အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများ၏ တည်ရှိမှုကို ခြိမ်းခြောက်လာနိုင်သောကြောင့် ဖြစ်ပေသည်။

"ပြဿနာ မရှိပါဘူး...”

"တာအိုရောင်းရင်းထောင်သာ ဆိုရင် ကျုပ် အစွမ်းကုန် ကူညီပေးဖို့ ဆန္ဒရှိပါတယ်...”

"ဘာအကျိုးအမြတ်မှ မရရင်တောင် ကျုပ် ကူညီချင်ပါတယ်...”

ကျိုးစွေ့က ထောင်ချီလီကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ထောင်ချီလီမှာ သူ၏ အရန်တာအိုလက်တွဲဖော်တစ်ဦးဖြစ်ရာ အကယ်၍ သူမသာ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက မိမိအတွက် ခန္ဓာပေါင်းစည်းခြင်းအဆင့် တာအိုလက်တွဲဖော်တစ်ဦး ပိုလာသကဲ့သို့ ဖြစ်ပေရာ မည်သို့လျှင် ငြင်းဆန်နိုင်ပါမည်နည်း။

ဤအမျိုးသမီးကို ကူညီခြင်းမှာ မိမိကိုယ်ကိုယ်ကူညီခြင်းနှင့် အတူတူပင်ဖြစ်ပြီး အကျိုးကျေးဇူး များစွာ ရရှိနိုင်ပေသည်။ မှန်ပေ၏၊ သူသည် ထောင်ချီလီ၏ စကားထဲမှ ဆိုလိုရင်းကိုလည်း နားလည်နေသောကြောင့်ပင်။

တစ်ဖက်လူမှာ အံ့ဖွယ်တစ်သောင်းဆန်းကြယ်ပန်းကို ရှာဖွေနိုင်ရန် အမှန်တကယ် ယုံကြည်ချက်ရှိနေပုံ ရသည်၊ မဟုတ်ပါက ဤကိစ္စကို အဘယ်ကြောင့် ထုတ်ပြောပါမည်နည်း။

"ဒါက...”

ဤစကားကို ကြားလိုက်ရပြီး ကျိုးစွေ့၏ ရိုးသားလှသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ထောင်ချီလီ၏ နှလုံးသားလေး တုန်ခါသွားရသည်။

သူမ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးဆီမှ နွေးထွေးမှုတစ်ခု စီးဆင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးမှာ နေရောင်ခြည်အောက်တွင် ရောက်ရှိနေသကဲ့သို့ နွေးထွေးလို့ နေချေပြီ။

အမှန်အတိုင်းဆိုရလျှင် သူမမှာ အမျိုးသားတစ်ဦး၏ ဤကဲ့သို့ ဂရုစိုက်မှုကို မရရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မူလကမူ သူမသည် တစ်ကိုယ်တည်းလည်း နေနိုင်၏၊ အမျိုးသားတစ်ဦး မလိုအပ်ဟု ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဘေးနားတွင် အမျိုးသားတစ်ဦး ရှိနေခြင်းသည်လည်း မဆိုးလှဟု ထင်မှတ်လာမိသည်။

သူမ၏ နီမြန်းသော နှုတ်ခမ်းလေးကို ဟကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်…။

"အစ်မထောင်...”

"အစ်မက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ...”

ထိုအချိန်တွင် ကြည်လင်သာယာသော အသံလေးတစ်ခု ထွက်ပေါ်လာပြီး လေညင်းတစ်ခုကဲ့သို့ ပျံသန်းရောက်ရှိလာ၏။ စကားပြောလိုက်သူမှာ တာအိုလက်တွဲဖော် ပိုင်စုကျဲ့ပင် ဖြစ်ချေသည်။

သူမသည် ထောင်ချီလီကို မြင်သောအခါ အလွန်ဝမ်းသာသွားပြီး ထိုအလှဘုရင်မကြီးကို လှမ်း၍ ဖက်လိုက်၏။ ရွှေရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော အမြီးဖျားလေးမှာလည်း အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသကဲ့သို့ တယိမ်းယိုင်ယိုင် ရှိနေလေသည်။

အလှနတ်ဘုရားမနှစ်ဦး ပွေ့ဖက်ထားကြသည့် မြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လွန်စွာ လှပလွန်းလှသည်။

ထို့အပြင် ပိုင်စုကျဲ့မှာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီး ယင်ယန်တာအိုကို ကျင့်ကြံထားခြင်းကြောင့် သူမ၏ခန္ဓာကိုယ်ရှိ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်မှာ ပိုမိုသိပ်သည်းလာခဲ့ချေပြီ။

ယခုဆိုလျှင် သူမသည် ပို၍ ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိလာလေသည်။

သူမ၏ အပြုအမူတိုင်းမှာ တစ်လောကလုံးကို ညို့ငင်နိုင်သည့် မိစ္ဆာမိဖုရားကြီးတစ်ပါးကဲ့သို့ပင်။

"ညီမလေးစုကျဲ့၊ အစ်မက ညီမလေးကို လွမ်းလို့ လာခဲ့တာပေါ့...”

ထောင်ချီလီက တခစ်ခစ်ရယ်မောရင်း ပိုင်စုကျဲ့ကို ကြည့်လိုက်၏။

"ဒါဆိုရင် သိပ်ကောင်းတာပဲ...”

"ကျမဆီမှာ ဆဋ္ဌမအဆင့် ဝိညာဉ်အရက်အိုးအနည်းငယ် ရှိတယ်၊ အရသာက သိပ်ကောင်းတာ...”

"ဒီညတော့ ကျမတို့ အတူတူ သောက်ကြတာပေါ့...”

ပိုင်စုကျဲ့က ဝမ်းသာအားရ ပြောလိုက်သည်။

သူမသည် လူကြီးသူမဖြစ်သူ ထောင်ချီလီအပေါ် အလွန်ရင်းနှီးစွာ ဆက်ဆံလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ငယ်စဉ်ကတည်းက ထောင်ချီလီ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသောကြောင့် ဖြစ်ပေသည်။

ထောင်ချီလီမှာ သူမအတွက် မိခင်အရင်းကဲ့သို့ပင် ဖြစ်နေ၏။ ယခင်ကလည်း သူမသည် ထောင်ချီလီထံ မကြာခဏ သွားလေ့ရှိသော်လည်း ကျိုးစွေ့နှင့် တာအိုလက်တွဲဖော် ဖြစ်လာပြီးနောက်ပိုင်းတွင်မူ သွားသည့် အကြိမ်အရေအတွက်မှာ နည်းပါးသွားခဲ့သည်။ ယခုကဲ့သို့ ထောင်ချီလီ ရောက်လာသည်ကို မြင်ရသောအခါ သူမ လွန်စွာ ဝမ်းသာမိသည်။

"ဆဋ္ဌမအဆင့် ဝိညာဉ်အရက်တောင် ရထားတာလား၊ ဒါဆိုရင်တော့ အစ်မ သေချာ မြည်းစမ်းကြည့်ရမှာပေါ့...”

ထောင်ချီလီက သဘောတကျ ရယ်မောလိုက်၏။ သို့သော် သူမ၏ စိတ်ထဲတွင်မူ အလွန်ရှက်ရွံ့ နေမိသည်။

ညီမလေးစုကျဲ့က သူမအပေါ် ဤမျှ ယုံကြည်နေပါလျက် သူမကမူ တစ်ဖက်လူ၏ ဘေးနားရှိ အမျိုးသားကို လုယူရန် ကြံစည်နေမိသည် မဟုတ်ပါလော။

ဤသည်မှာ မဖြစ်သင့်သော ကိစ္စပင်။ သူမသည် လူကြီးတစ်ဦး ဖြစ်သည့်အလျောက် ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော အလုပ်မျိုးကို မလုပ်သင့်ဘဲ ကိုယ်ကျင့်တရားကို စောင့်ထိန်းသင့်ပေသည်။

ဝုန်း…။

ထိုအခိုက်အတန့်တွင် ဖုန်းရှီးမြို့တစ်ခုလုံး ရုတ်တရက်ဆိုသလို မြေငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ တုန်ခါသွားလေသည်။ အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များ ဝေ့ဝဲလာပြီး မိုင်ပေါင်းကုဋေချီသော ဧရိယာတစ်ခုလုံးမှာ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။

ကျင့်ကြံသူတိုင်း ထိုပြင်းထန်သော တုန်ခါမှုကို ခံစားမိကြလေသည်။ ကျင့်ကြံသူများစွာမှာမူ ကံဆိုးမိုးမှောင်ကျကာ သွေးများအန်ထုတ်လိုက်ရပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြရသည်။

မိုင်ပေါင်းကုဋေချီသော ကောင်းကင်ယံထက်တွင်လည်း ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားကြလေသည်။

"ဘာတွေ ဖြစ်နေတာလဲ...”

ပိုင်စုကျဲ့မှာ အံ့အားသင့်သွားရသည်။ သူမသည်လည်း ဘာဖြစ်သည်ကို မသိရှိပေ။

ဖုန်းရှီးမြို့တွင် နေထိုင်လာသည်မှာ နှစ်ပေါင်းထောင်ချီရှိပြီ ဖြစ်သော်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးချေ။ ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းနေသည်။

"ဟင်..."

ကျိုးစွေ့မှာမူ မျက်တောင်ခတ်လိုက်မိပြီး ထူးဆန်းသော မျက်နှာပေး ဖြစ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ရှိ ရွှေရောင်ကံကြမ္မာနဂါးမှာ ဟိန်းဟောက်နေပြီး အဆုံးမဲ့သော ကံကြမ္မာအရှိန်အဝါများမှာ လှိုင်းထန်နေသောကြောင့် ဖြစ်ပေသည်။ နဂါး၏ ခန္ဓာကိုယ်ပေါ်တွင် ကံကြမ္မာအဆောင်လက်ဖွဲ့ များစွာ တဖျတ်ဖျတ်တောက်ပနေပြီး လွန်စွာ စိတ်လှုပ်ရှားနေပုံ ရသည်။

မရေမရာသော ခံစားချက်တစ်ခုအရ မိုးကြိုးတောင်တန်း၏ အတွင်းပိုင်းတစ်နေရာမှ သူ့ကို လှမ်း၍ ခေါ်ယူနေသကဲ့သို့ ခံစားလိုက်ရသည်။

ကြီးမားသော ကံကောင်းခြင်းတစ်ခုမှာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေတော့သည်။ မိမိအား ထိုနေရာသို့ အမြန်ဆုံး လာရောက်စေလိုပြီး ထိုအခွင့်အရေးကို ရယူစေချင်နေသကဲ့သို့ ခံစားနေရသည်။

"ငါထင်တာ မမှားဘူးဆိုရင် မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာ ဖြစ်နိုင်တယ်...”

ထောင်ချီလီ၏ မျက်ဝန်းလှလှလေးများထဲတွင် စိတ်လှုပ်ရှားမှု အလင်းတန်းများ ဖြတ်ပြေးသွားကာ သူမ၏ ခန့်မှန်းချက်ကို ပြောလိုက်၏။

"မိုးကြိုးအင်မော်တယ်စံအိမ် ဟုတ်လား...”

"အစ်မထောင် ပြောချင်တာက ဒီနေရာမှာ အင်မော်တယ်စံအိမ် ရှိနေတာလား။ ဒါပေမဲ့ ဘာလို့ အရင်က တစ်ခါမှ မကြားဖူးတာလဲ...”

ဤစကားကို ကြားသောအခါ ပိုင်စုကျဲ့မှာ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူမသည် ဤတောင်တန်းတွင် အင်မော်တယ်စံအိမ်တစ်ခု ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

အင်မော်တယ်စံအိမ်ဆိုသည်မှာ နယ်မြေကမ္ဘာတစ်ခုနှင့် ဆင်တူကြောင်း သိထားရပေမည်။ ၎င်းမှာ အင်မော်တယ်ကမ္ဘာမှ ပြုတ်ကျလာသော အင်မော်တယ်များ၏ နေအိမ်ဖြစ်ရာ၊ အတွင်း၌ မည်မျှများပြားသော ရတနာများနှင့် ဆန်းကြယ်သောအရာများ ရှိနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။

အင်မော်တယ်ကမ္ဘာမှ သာမန်ရတနာတစ်ခုပင် ဖြစ်စေ၊ စိတ်ဝိညာဉ်ကမ္ဘာတွင်မူ အဖိုးဖြတ်မရနိုင်သော အရာများ ဖြစ်ပေသည်။ ကျင့်ကြံသူအမြောက်အမြားကို ရူးသွပ်စွာ တိုက်ခိုက်လုယူစေရန် လုံလောက်ပေသည်။

အင်မော်တယ်စံအိမ် ပေါ်ထွက်လာတိုင်းတွင် သွေးချောင်းစီးတိုက်ပွဲများ ဖြစ်ပေါ်လေ့ရှိပြီး သေကျေပျက်စီးမှုများလည်း များပြားလှသည်။ သို့သော် ထိုအတွင်းမှ ရရှိသည့် အကျိုးကျေးဇူးများမှာလည်း လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်များစွာ ပေါ်ထွက်လာရန် လုံလောက်ပေသည်။

"ဒီတောင်တန်းကို ဘာလို့ မိုးကြိုးတောင်တန်းလို့ ခေါ်တာလဲဆိုတာ ညီမလေး သိလား...”

"မိုးကြိုးအင်မော်တယ်စံအိမ်က ဒီနေရာမှာ ရှိနေလို့ မိုးကြိုးတောင်တန်းလို့ ခေါ်တာပဲ...”

"မျိုးနွယ်စုအများအပြား ဒီနေရာကို ရောက်လာကြတာဟာလည်း မိုးကြိုးအင်မော်တယ်စံအိမ်က အခွင့်အရေးကို မက်မောကြလို့ပဲ...”

"နှမြောစရာကောင်းတာက မိုးကြိုးအင်မော်တယ်စံအိမ်ဟာ လေဟာနယ်ထဲမှာ ပုန်းကွယ်နေတာကြောင့် ဘယ်သူမှ သူ့ရဲ့ တည်နေရာ အတိအကျကို မသိနိုင်ကြဘူး...”

"မိုးကြိုးအင်မော်တယ်စံအိမ်က သူ့အလိုလို ပေါ်ထွက်လာမှသာ လူတွေက ရှာဖွေတွေ့ရှိနိုင်ပြီး အတွင်းထဲကို ဝင်ရောက်နိုင်မှာ...”

"ဒါပေမဲ့ ဒီအင်မော်တယ်စံအိမ် ပေါ်ထွက်လာဖို့က ပုံသေနည်းရယ်လို့ မရှိဘူး...”

"တခါတရံမှာ နှစ်ပေါင်း ရာဂဏန်းလောက်ပဲ ကြာတတ်ပေမယ့်၊ တခါတရံမှာတော့ နှစ်ပေါင်း ထောင်ချီ ဒါမှမဟုတ် သောင်းချီမှ ပေါ်လာတတ်တယ်...”

"ခြုံပြောရရင်တော့ သူ့ရဲ့ ပေါ်ထွက်လာမှုဟာ လုံးဝကို ခန့်မှန်းလို့ မရဘူး...”

"ပြီးခဲ့တဲ့တစ်ခေါက် မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ထောင်တုန်းကပဲ...”

"ဒါကြောင့် ငါတို့ရဲ့ ကံက တော်တော်ကောင်းတယ်လို့ ပြောလို့ရတယ်။ မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာနဲ့ ကြုံရတယ်လေ...”

"ဒါဟာ ငါတို့အတွက် အကြီးမားဆုံးသော အခွင့်အရေးတစ်ခုပဲ...”

ထောင်ချီလီက အလွန်စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်၏။

သူမသည်လည်း မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာသည်နှင့် ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အမှန်တကယ်ပင် ကံကောင်းလွန်းလှသည်။

အကယ်၍ မိုးကြိုးအင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်နိုင်ပြီး အခွင့်အရေးအချို့ကို ရရှိခဲ့ပါက နောင်တွင် သူမလည်း ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

ကျင့်ကြံသူတိုင်းအတွက် အင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းမှာ သမိုင်းတွင်သော ကိစ္စရပ်ကြီးတစ်ခုပင် ဖြစ်ချေသည်။

'ကံကောင်းတာလား...’

ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်၏။ မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းမှာ ကံကောင်းခြင်းကြောင့် ဖြစ်နိုင်သော်လည်း၊ မိမိ၏ ခန္ဓာကိုယ်ရှိ ကြီးမားလှသော ကံကြမ္မာ အရှိန်အဝါကြောင့် ဖြစ်ရန် ပို၍ နီးစပ်ပေသည်။

ကျန်းနှစ်ရာကျော် ရှည်လျားသော ရွှေရောင်ကံကြမ္မာနဂါး ရှိနေခြင်းမှာ ကံကြမ္မာ၏သားတော်ဟု ခေါ်ဆိုရန် လုံလောက်လှသည်။

သူသည် အိမ်ပြင်သို့မထွက်ဘဲ နေလျှင်ပင် အမျိုးမျိုးသော အခွင့်အရေးများက ကံကြမ္မာစွမ်းအား၏ ဆွဲဆောင်မှုကြောင့် သူ့ထံသို့ ရောက်ရှိလာကြပေလိမ့်မည်။ ရတနာများစွာသည်လည်း ငိုယိုအော်ဟစ်ကာ သူ့ထံသို့ လာရောက် ပေးအပ်ကြပေလိမ့်မည်။

ဤသည်မှာ ကံကြမ္မာ၏သားတော် တစ်ဦး ရရှိနိုင်သည့် အခွင့်အရေးမျိုးပင် ဖြစ်၏။ မိမိက မရယူလိုလျှင်ပင် ရတနာနှင့်အခွင့်အရေးများကို မရရှိဘဲနေရန်မှာ မဖြစ်နိုင်သောကိစ္စပင် ဖြစ်ပေသည်။

သံသယဖြစ်စရာမလို၊ ဤမိုးကြိုးအင်မော်တယ်စံအိမ်မှာ မိမိခန္ဓာကိုယ်ရှိ ကံကြမ္မာစွမ်းအား၏ ဆွဲဆောင်မှုကြောင့် ပေါ်ထွက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။

ကံကြမ္မာသားတော် ခံစားခွင့်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သာမန်ကျင့်ကြံသူများ ရှာဖွေ၍မရနိုင်သော အခွင့်အရေးများကို ကံကြမ္မာသားတော်မှာမူ လွယ်လင့်တကူ ရရှိနိုင်ပေသည်။

လူအချင်းချင်း ဖြစ်သော်လည်း ကွာခြားချက်မှာမူ လွန်စွာ ကြီးမားလှသဖြင့် နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ။

All Chapters