အခန်း ၇၆၇
Vol. 72 Ch. 767
အခန်း (၇၆၇) - လူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်များ၊ အင်မော်တယ်၏ အမွေအနှစ်ရတနာ၊ ကောင်းကင်မှကျလာသော အခွင့်အလမ်း(၂)။
တစ်လအကြာတွင်…။
ဖုန်းရှီးမြို့၏ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင် လည်ပတ်လာပြီး ဤမြို့တော်အတွင်း၌ လူသားမျိုးနွယ် ကျင့်ကြံသူမြောက်မြားစွာ ပေါ်လာကြလေသည်။
အနည်းဆုံးမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများ ဖြစ်ကြပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးများပင် ပါဝင်ပေသည်။
မှန်ပေသည်၊ မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းက လူသားမျိုးနွယ်မှ အဆင့်မြင့် ကျင့်ကြံသူမြောက်မြားစွာကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်က ဖုန်းရှီးတစ်မြို့လုံးရှိ ကျင့်ကြံသူများစွာကိုလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။
"မဖြစ်နိုင်တာ၊ တကယ်ကြီး ဘာတွေ ဖြစ်နေတာလဲ...”
"ဘာလို့ ငါတို့ဖုန်းရှီးမြို့မှာ ရုတ်တရက် အပြင်က အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီး ပေါ်လာရတာလဲ...”
"ငါ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးတချို့ကိုတောင် တွေ့လိုက်သေးတယ်...”
ကျင့်ကြံသူတစ်ဦးက ပါးစပ်အဟောင်းသားဖြစ်ကာ လုံးဝ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ လူသားမျိုးနွယ်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးများသည် တော်ဝင်အဆင့်အတန်းများ ဖြစ်ကြပြီး တစ်မျိုးနွယ်လုံးတွင် တစ်ရာကျော်သာ ရှိလေသည်။
ပုံမှန်အချိန်များတွင် သူတို့အနေဖြင့် မည်သို့ တွေ့မြင်ဖူးနိုင်ပါမည်နည်း။
သို့သော် ယခုမူ ဖုန်းရှီးမြို့ထဲ၌ တကယ့်ကို အများအပြားပေါ်လာခဲ့ခြင်းက အမှန်တကယ်ပင် စဉ်းစား၍မရနိုင်အောင် ထူးဆန်းလွန်းလှပေသည်။
"မင်းက မသိသေးဘူးလား...”
"လွန်ခဲ့တဲ့တစ်လက မိုးကြိုးတောင်တန်း အနက်ပိုင်းမှာ ရုတ်တရက် ကောင်းကင်နဲ့မြေကြီးရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်လာခဲ့တယ်...”
"ဒါနဲ့ မြို့သခင်ကိုယ်တိုင် မိုးကြိုးတောင်တန်း အနက်ပိုင်းအထိ ဝင်သွားခဲ့တာလေ...”
"နောက်ဆုံးမှာတော့ မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာကို ရှာဖွေတွေ့ရှိခဲ့ကြတာပဲ...”
"ဒီသတင်းက မိုးကြိုးတောင်တန်း အနီးတစ်ဝိုက်မှာရှိတဲ့ မျိုးနွယ်စုအသီးသီးကို ချက်ချင်းပဲ တုန်လှုပ်သွားစေခဲ့တယ်လို့ ဆိုကြတယ်...”
"ဥပမာအားဖြင့် ရုပ်သေးမျိုးနွယ်၊ မြွေပျံမျိုးနွယ်နဲ့ ရွှေဖားပြုပ်မျိုးနွယ်တို့လို မျိုးနွယ်စုတွေက ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးတွေကို ချက်ချင်း စေလွှတ်လိုက်ကြတယ်...”
"ကျုပ်တို့ လူသားမျိုးနွယ်လည်း ဘယ်ခြွင်းချက်ရှိလိမ့်မတုန်း… ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင် အများအပြားကို စေလွှတ်ထားတယ်...”
"ရည်ရွယ်ချက်ကတော့ မိုးကြိုးအင်မော်တယ်စံအိမ်ထဲက ရတနာတွေကို ရယူဖို့ပဲပေါ့...”
ဘေးနားရှိ လူတစ်ယောက်က သူ့အဖော်ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ ဤမျှအရေးကြီးသော သတင်းကို တစ်ဖက်လူက မသိရှိသေးသည့်အတွက် သူ အံ့ဩနေမိခြင်း ဖြစ်လေသည်။
မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းသည် ဖုန်းရှီးမြို့၏ ဤကာလအတွင်း အစည်ကားဆုံးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
အခြေခံအားဖြင့် မသိသူမရှိသလောက်ပင် ဖြစ်ချေသည်။
"တောင်းပန်ပါတယ်ဗျာ၊ ကျုပ်က တံခါးပိတ်ကျင့်ကြံရာကနေ အခုလေးတင် ထွက်လာတာမို့ ပြင်ပလောကမှာ ဘာတွေဖြစ်နေမှန်း မသိသေးလို့ပါ...”
"ခေတ္တခဏ တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်အတွင်းမှာ မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားမိဘူး...”
"ဒီတစ်ခေါက် ဧကရာဇ်မြို့တော်ကနေ ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင် အတော်များများ စေလွှတ်လိုက်မယ် ထင်တယ်...”
ထိုသူက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်မည်မျှ စေလွှတ်လိုက်သည်ကို သူ သိချင်နေမိသည်။
"ဒါကတော့... ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင် ဘယ်နှစ်ယောက်လဲဆိုတာကို အတိအကျ မသိရသေးဘူး...”
"ဒါပေမဲ့ အနည်းဆုံး ဆယ်ပါးလောက်တော့ စေလွှတ်ထားမှာပါ...”
"ကြားရသလောက်တော့ ရှန်စွမ်းတာအိုအရှင် ကိုယ်တိုင်တောင် ထွက်လာတယ်လို့ ဆိုကြတယ်...”
လူအများက အသီးသီး ဆွေးနွေးနေကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုလူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးများသည် နဂါးတစ်ကောင်ကဲ့သို့ ခေါင်းကိုမြင်ရသော်လည်း အမြီးမမြင်ရသည့် ဖြစ်တည်မှုမျိုး ဖြစ်သောကြောင့်ပင်။
သာမန်အချိန်များတွင်မူ ထိုသူတို့နှင့် တွေ့ဆုံရန် အခွင့်အရေး မည်သို့ရှိနိုင်ပါမည်နည်း။
ယခုအခါတွင်မူ ထိုသူတို့၏ ရုပ်သွင်အစစ်အမှန်ကို မြင်တွေ့နိုင်မည်ဖြစ်ရာ ကြီးမားလှသော ကံကောင်းခြင်းပင် ဖြစ်လေသည်။
"မဖြစ်နိုင်တာ... ရှန်စွမ်းတာအိုအရှင် ကိုယ်တိုင်တောင် ထွက်လာတာလား...”
"ကြားရသလောက်တော့ ဒီခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးက ပါရမီထူးချွန်ပြီး ဗေဒင်ဟောကိန်းထုတ်တဲ့အတတ်မှာ ကျွမ်းကျင်တယ်၊ အရာရာကို တွက်ချက်နိုင်တယ်လို့ နာမည်ကြီးတယ်...”
"အရင်က ကျုပ်တို့လူသားမျိုးနွယ် အကြိမ်ကြိမ် ဘေးဒုက္ခကြုံရတုန်းကလည်း ဒီရှန်စွမ်းတာအိုအရှင်ကပဲ ကြိုတင်တွက်ချက်ပေးခဲ့တာ၊ တကယ်ကို ဟောကိန်းတွေက လွဲချော်မှုမရှိဘူး...”
"သူက ကျုပ်တို့ လူသားမျိုးနွယ်ထဲမှာ မဟာယာနအဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာအရှိဆုံး ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေထဲက တစ်ယောက်ပဲ...”
တစ်စုံတစ်ယောက်က အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။
သူသည် ရှန်စွမ်းတာအိုအရှင်၏ နာမည်ကို ကြားဖူးနားဝရှိပြီး ထိုနာမည်မှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ထင်ရှားကျော်ကြားလှပေသည်။
လူသားမျိုးနွယ်၏ ဒဏ္ဍာရီလာအဆင့်အတန်းရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ဖြစ်ချေသည်။
"ရှန်စွမ်းတာအိုအရှင် တစ်ယောက်တည်း မဟုတ်ဘူး၊ ယွီလိန်တာအိုအရှင်လည်း ရောက်လာတယ်လို့ ကြားရတယ်...”
"ဒါက ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံး ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေထဲက တစ်ယောက်ပဲ၊ မိုးကြိုးနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားတာ...”
"မဟာယာနအဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာက ရှန်စွမ်းတာအိုအရှင်ထက်တောင် ပိုမြင့်သေးတယ်...”
အခြားတစ်ယောက်ကလည်း သူစုံစမ်းသိရှိထားသော သတင်းအချက်အလက်များကို ဟစ်အော်ပြောဆိုလိုက်ပြန်သည်။
"ယွီလိန်တာအိုအရှင်တင် ဘယ်ကလိမ့်မတုန်း၊ ဟာယွန်းတာအိုအရှင်လည်း သတင်းကြားလို့ ရောက်လာတယ်လို့ ဆိုကြတယ်...”
"သူကလည်း ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ပဲ၊ မီးနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာမြေရဲ့ ဝိညာဉ်မီးကိုးမျိုးကိုတောင် ပေါင်းစပ်ထားနိုင်တာ...”
"သူ့ရဲ့ မီးဓာတ်စွမ်းရည်က ကောင်းကင်နဲ့ မြေကြီးကို တုန်ခါစေနိုင်ပြီး ဖီးနစ်မျိုးနွယ်စုတွေနဲ့တောင် ယှဉ်နိုင်တယ်...”
"သူကလည်း ကျုပ်တို့ လူသားမျိုးနွယ်မှာ မဟာယာနအဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက်အရှိဆုံး ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ပဲ...”
ကျင့်ကြံသူတစ်ဦးက တည်ငြိမ်သောလေသံဖြင့် လူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်များအကြောင်း သတင်းအချက်အလက်များကို ပြောပြနေလေသည်။
"ကျွတ်ကျွတ်... တကယ်ကို စည်ကားတော့မှာပဲ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင်တွေ ဒီလောက်တောင် ပေါ်လာတယ်ဆိုတော့...”
"ကြည့်ရတာ မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာက တကယ့်ကို မကြုံစဖူး ထူးခြားတဲ့ကိစ္စကြီးပဲ...”
"လာနောက်နေတာလား… ဒါက အင်မော်တယ်စံအိမ် ပေါ်ထွက်လာတာလေ၊ မဟာယာနအဆင့် ကျင့်ကြံသူတွေ ရောက်လာရင်တောင် အံ့ဩစရာမရှိဘူး...”
"ပေါက်ကရ… အဲဒါက မဟာယာနအဆင့် ကျင့်ကြံသူတွေလေ၊ ဘယ်လိုလုပ်ပြီး အလွယ်တကူ ပေါ်လာနိုင်မှာလဲ၊ မျိုးနွယ်စုနှစ်ခု စစ်ဖြစ်တာမျိုးမှ မဟုတ်တာ...”
"အမှန်အတိုင်းပြောရရင် ကျုပ်ကတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ဆယ်ပါးပဲ ပေါ်လာတာ နည်းတောင်နည်းသေးတယ်လို့ ထင်တယ်၊ ဖြစ်နိုင်တာက တခြားမျိုးနွယ်စုတွေက စေလွှတ်လိုက်တဲ့ ပညာရှင်တွေက ပိုများနေပြီး ကျုပ်တို့ လူသားမျိုးနွယ်က အားနည်းသွားမှာကိုပဲ စိုးရိမ်မိတယ်...”
"ဒါကလည်း မတတ်နိုင်ဘူးလေကွာ… ကျုပ်တို့ လူသားမျိုးနွယ်မှာ မြို့ပေါင်းတစ်ရာ့ရှစ်မြို့ ရှိတာ၊ မြို့တိုင်းမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေ စောင့်ကြပ်ဖို့ မလိုဘူးလား၊ အကယ်၍ သူတို့တွေ ထွက်သွားလို့ တခြားမျိုးနွယ်စုတွေက ကျူးကျော်လာရင် မရေမတွက်နိုင်တဲ့ သေကျေပျက်စီးမှုတွေ ဖြစ်ကုန်မှာပေါ့…
အခု လူသားမျိုးနွယ်က ပညာရှင်ဆယ်ပါးကို ထုတ်နုတ်စေလွှတ်နိုင်တယ်ဆိုတာကလည်း အတော်လေးကို အလေးထားနေပြီလို့ ပြောလို့ရတယ်...”
"ဒါလည်း ဟုတ်တာပါပဲ၊ ဒီတစ်ခေါက် မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာမှာ ကျုပ်တို့ လူသားမျိုးနွယ်က အကျိုးအမြတ်တချို့ ရပါစေလို့ပဲ ဆုတောင်းရမှာပဲ…
အကောင်းဆုံးကတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေ အများကြီး ပေါ်ထွက်လာဖို့ပဲ၊ ဒါဆိုရင် ကျုပ်တို့ လူသားမျိုးနွယ်က မြို့အသစ်တွေ ပိုပြီး တိုးချဲ့နိုင်မှာ...”
လူအများက ဝိုင်းဝန်းဆွေးနွေးနေကြလေသည်။
အင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းတွင် သာမန်ကျင့်ကြံသူများအနေဖြင့် ပါဝင်ရန် အရည်အချင်းမရှိသည်ကိုလည်း သူတို့ သိထားကြ၏။
ဤနေရာသည် အဆင့်မြင့်ကျင့်ကြံသူများ၏ စစ်တလင်းသာ ဖြစ်လေသည်။
အဆင့်နိမ့်ကျင့်ကြံသူများ ပါဝင်ပတ်သက်ပါက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူတို့သည် ပါဝင်ပတ်သက်ရန် လုံးဝစိတ်မကူးဘဲ ဘေးနားမှသာ အပျော်ကြည့်ရန် ဆုံးဖြတ်ထားကြခြင်း ဖြစ်လေသည်။
သို့သော်လည်း လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူသားမျိုးနွယ်မှ အဆင့်မြင့်ကျင့်ကြံသူများ အကျိုးအမြတ်များစွာရရှိရန် ဆန္ဒရှိနေကြသည်။
ယင်းက လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိနိုင်သောကြောင့် ဖြစ်လေသည်။
............
ထိုအချိန်တွင် အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်တော်အတွင်း၌။
"ယောက်ျား... ယောက်ျားပြောတာ အမှန်ပဲ...”
"ဒီတစ်ခေါက် ပါဝင်ပတ်သက်တဲ့ ပညာရှင်ကြီးတွေက အရမ်းများလွန်းတယ်...”
"ရှန်စွမ်းတာအိုအရှင်၊ ယွီလိန်တာအိုအရှင်တို့လို ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေတောင် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး...”
"ကြည့်ရတာ ကျွန်မတို့ လူသားမျိုးနွယ်က မိုးကြိုးအင်မော်တယ်စံအိမ်ကို မရရအောင် ယူမယ့်ပုံပဲ...”
"တကယ်လို့ ကျမတို့တွေ မိုးကြိုးအင်မော်တယ်စံအိမ်ကို သွားပြီး စူးစမ်းချင်ရင်တောင် အကျိုးအမြတ်အများကြီး ရမှာမဟုတ်ဘူး...”
ပိုင်စုကျဲ့က သက်ပြင်းချရင်း ပြောလိုက်၏။
မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာခြင်းအပေါ် လူသားမျိုးနွယ်က ဤမျှအထိ အလေးထားကာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင် အများအပြားကို စေလွှတ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ စစ်ပွဲတစ်ခုကို ဆင်နွှဲတော့မည့်အလားပင် ဖြစ်ချေသည်။
ထိုကဲ့သို့သော မြင်ကွင်းကို တွေ့ရသောအခါ သူမသည်လည်း ထိတ်လန့်တုန်လှုပ်မိသည်။
အကယ်၍ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်များအကြား တိုက်ပွဲများ ဖြစ်ပွားပါက ဖုန်းရှီးမြို့လည်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပေသည်။
"နည်းလမ်းမရှိဘူးလေ၊ အကယ်၍ ဒီလောက်များပြားတဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေကို မစေလွှတ်ရင် တခြားမျိုးနွယ်စုတွေကလည်း သက်သတ်လွတ်စားနေကြတာမှ မဟုတ်တာ...”
"ဒီပညာရှင်ကြီးတွေသာ နှိမ်နင်းဖို့ပေါ်မလာဘူးဆိုရင် ကျုပ်တို့ လူသားမျိုးနွယ်က မိုးကြိုးအင်မော်တယ်စံအိမ်နားကိုတောင် ချဉ်းကပ်ခွင့် ရမှာမဟုတ်ဘူး...”
ကျိုးစွေ့က လူသားမျိုးနွယ်၏ စိုးရိမ်ပူပန်မှုကို ကောင်းစွာ နားလည်ထားပေသည်။
မှန်ပေသည်၊ ဤခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင်များ ထွက်ပေါ်လာခြင်းမှာ ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်လေသည်။
အခြားသော မျိုးနွယ်စုများကို ကြောက်ရွံ့စေရန် လုံလောက်ပြီး လူသားမျိုးနွယ်အပေါ် မကောင်းသောစိတ်ကူးများ မတွေးရဲအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။
တစ်ခါတစ်ရံတွင် မိမိ၏အစွမ်းအစနှင့် စစ်အင်အားကို သင့်တော်သလို ထုတ်ဖော်ပြသမှသာ စစ်ပွဲများကို ရှောင်ရှားနိုင်ပေလိမ့်မည်။
အမြဲတမ်းသည်းခံကာ နောက်ဆုတ်နေခြင်းက ရန်သူများ၏ မကောင်းသောစိတ်ကို ပို၍ လှုံ့ဆော်ပေးသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။