အခန်း ၇၆၈
Vol. 72 Ch. 768
အခန်း (၇၆၈) - လူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်များ၊ အင်မော်တယ်၏ အမွေအနှစ်ရတနာ၊ ကောင်းကင်မှကျလာသော အခွင့်အလမ်း(၃)။
"ဒါပေမဲ့ ယောက်ျား... ကျမတို့တွေ မိုးကြိုးအင်မော်တယ်စံအိမ်ကို သွားဖို့ အခွင့်အရေးမရှိတာတော့ မဟုတ်ဘူးနော်...”
"အရင်အကြိမ် ဖုန်းရှီးအစ်မ မိုးကြိုးအင်မော်တယ်စံအိမ်နားကို ချဉ်းကပ်ခဲ့တုန်းက အထဲမှာရှိတဲ့ တားမြစ်ချက်အစီအရင်တွေရဲ့ စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်လို့ ပြောတယ်၊ နတ်ဘုရားအသွင်ပြောင်းအဆင့်အောက် ကျင့်ကြံသူတွေပဲ နန်းတော်ထဲကို ဝင်နိုင်တာကို တွေ့ခဲ့ရတယ်...”
"နတ်ဘုရားအသွင်ပြောင်းအဆင့်ထက် မြင့်တဲ့ကျင့်ကြံသူတွေ ဝင်သွားမယ်ဆိုရင် တားမြစ်ချက်အစီအရင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး အရိုးတောင် ကျန်မှာမဟုတ်ဘူး...”
"ဒါကြောင့် ဖုန်းရှီးအစ်မက ဒီတစ်ခေါက်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အများအပြားကို ငှားရမ်းပြီး နန်းတော်ထဲကို ဝင်ရောက်စူးစမ်းဖို့ စီစဉ်နေတယ်...”
ပိုင်စုကျဲ့က လေးနက်သော အသံဖြင့် ပြောပြလိုက်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်အောက် ကျင့်ကြံသူများသာ ဝင်ရောက်ခွင့်ရှိသည်တဲ့လော။
ဤစကားကို ကြားသောအခါ ကျိုးစွေ့၏မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာ၏။ အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် ဤမိုးကြိုးအင်မော်တယ်စံအိမ်မှာ သူ့အတွက်သီးသန့် ဖန်တီးထားသကဲ့သို့ပင် ဖြစ်ချေသည်။
ဤသည်မှာ ကံကြမ္မာ၏ စွမ်းအားက ကြောက်စရာကောင်းနေခြင်းကြောင့်လော။
အကယ်၍ သူသာ မိုးကြိုးအင်မော်တယ်စံအိမ်သို့ သွားပါက ကြီးမားသော ကံကောင်းခြင်းများကို ရရှိနိုင်မည်မှာ အသေအချာပင်။
သို့သော်လည်း ကြီးမားသော ကံကောင်းခြင်းများကို ရရှိပါက ဘေးဒုက္ခများနှင့်လည်း ကြုံတွေ့ရနိုင်ပေသည်။
ဤသည်မှာ ကံကောင်းခြင်းနှင့်ဘေးဒုက္ခ ဒွန်တွဲနေခြင်းပင် ဖြစ်လေသည်။
သူသည် မိုးကြိုးအင်မော်တယ်စံအိမ်အတွင်းမှ ရတနာများကို ရရှိခဲ့လျှင်ပင် အခြားသူများ၏ မနာလိုစောင့်ကြည့်မှုကို ခံရနိုင်ပေသည်။
'ဒါပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ချင်ရင်တောင် နည်းလမ်းမရှိဘူး။ ဘာလို့လဲဆိုတော့ ယူဖို့ ငြင်းဆန်လိုက်ရင်တောင် ငါ့ကိုယ်ပေါ်မှာရှိတဲ့ ကံကြမ္မာက တချို့တစ်ဝက် ပျောက်ကွယ်သွားမှာမို့လို့ပဲ'
ကျိုးစွေ့က တွေးလိုက်ရင်း မျက်လုံးများကို မှေးကျဉ်းလိုက်မိ၏။
မှန်ပေသည်၊ ဤသည်မှာ “ကောင်းကင်ဘုံက ပေးသော်လည်း မယူပါက ပြန်လည်အပြစ်ပေးခံရတတ်သည်” ဟူသော သဘောပင် ဖြစ်ချေသည်။
တစ်ခါတစ်ရံတွင် ကံကောင်းခြင်းများကို အမြဲတစေ စွန့်လွှတ်နေရုံဖြင့် တည်ငြိမ်အေးချမ်းနိုင်သည် မဟုတ်ပေ။
အကယ်၍ ဤကံကောင်းခြင်းကို မိမိမယူပါက အခြားသူများက ယူသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် မိမိကိုယ်ပေါ်ရှိ ကံကောင်းခြင်းနှင့် ကံကြမ္မာများကို အခြားရန်သူများက လုယူသွားသည်နှင့် တူ၏။
အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ပေါ်ရှိ ကံကြမ္မာများမှာ ကုန်ဆုံးသွားပြီး ဘာမှကျန်တော့မည် မဟုတ်ချေ။
ကံကောင်းခြင်းအခွင့်အလမ်းကို ရယူရန် လိုအပ်သည်မှာ အသေအချာပင် ဖြစ်သော်လည်း မည်သို့ရယူမည်ကိုမူ အသေအချာ စဉ်းစားရန် လိုအပ်ပေသည်။
"ထားလိုက်ပါတော့... မိုးကြိုးအင်မော်တယ်စံအိမ်က အန္တရာယ်များလွန်းသေးတယ်...”
"လောလောဆယ် ငါတို့သွားပြီး စူးစမ်းဖို့ မသင့်တော်သေးဘူး...”
"တကယ်လို့ တစ်ယောက်ယောက်က အထဲကနေ ရတနာတွေ ရလာခဲ့ရင် ကျုပ်တို့က ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် ဆေးလုံးတွေနဲ့ ပြန်ဝယ်လို့ရတာပဲ...”
"ဘယ်သူပဲဖြစ်ဖြစ် ဆေးလုံးတွေကိုတော့ လိုအပ်နေကြတာပဲ...”
ထိုသို့ တွေးတောရင်း ကျိုးစွေ့က ခေါင်းခါလိုက်ကာ ပိုင်စုကျဲ့ကို ကြည့်လိုက်၏။
သူသည် ဤတစ်ခေါက် မိုးကြိုးအင်မော်တယ်စံအိမ်၏ အခွင့်အရေးကို လက်လွှတ်မည်မဟုတ်သော်လည်း ယခုချက်ချင်း သွားမည်ဟု မဆိုလိုပေ။
ကြားရသလောက်မူ မိုးကြိုးအင်မော်တယ်စံအိမ်မှာ အနည်းဆုံး ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့် ကြာမြင့်ဦးမည်ဖြစ်ရာ ယခုချက်ချင်း အလောတကြီးသွားရန် မလိုအပ်ချေ။
သူသည် မျိုးနွယ်စုအသီးသီးမှ လူများ အထဲသို့ ဝင်သွားသည်ကို စောင့်ဆိုင်းပြီးမှ တိတ်တဆိတ် ခိုးဝင်သွား၍ ရပေသည်။
အမှန်စင်စစ် သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျသွားမည်မဟုတ်ဘဲ ဖုန်းရှီးမြို့တွင်သာ အခြေစိုက်နေမည်ဖြစ်၏။
သို့သော်လည်း သူ့တွင် ကိုယ်ပွားများစွာ ရှိပေသည်။
ကိုယ်ပွားများ၏စွမ်းအားကို အသုံးပြု၍ မိုးကြိုးအင်မော်တယ်စံအိမ်ကို စူးစမ်းနိုင်ပြီး ရတနာများကို ရယူနိုင်ပေသည်။
"ယောက်ျားပြောတာ မှန်ပါတယ်...”
"ကျွန်မတို့တွေ ဖုန်းရှီးမြို့မှာပဲနေပြီး တခြားကျင့်ကြံသူတွေ ရတနာတွေယူလာမှာကိုပဲ စောင့်နေကြတာပေါ့...”
ပိုင်စုကျဲ့က ခေါင်းညိတ်လိုက်၏။
မကြာမီတွင်ပင် သူတို့နှစ်ဦးမှာ ယင်ယန်ကျင့်စဉ်ကို အတူတကွ ပြန်လည်ကျင့်ကြံကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အတွက် ဤကဲ့သို့ကျင့်ကြံခြင်းက တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံခြင်းထက် ပို၍ထိရောက်ပြီး အလွန်ပင် ပျော်ရွှင်စရာကောင်းသောကြောင့်ပင် ဖြစ်လေသည်။
............
ထိုအချိန်တွင် မိုးကြိုးတောင်တန်း၏ အတွင်းပိုင်း၌။
ကောင်းကင်ယံထက်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး မိုင်ပေါင်းသောင်းချီသော နယ်မြေတစ်ခုလုံးမှာ မှောင်အတိကျနေလေသည်။
ရံဖန်ရံခါတွင် မိုးကြိုးများ ပစ်ချနေပြီး ဤနယ်မြေတစ်ခုလုံးမှာ မိုးကြိုးပစ်ကွင်းပြင်ကြီးတစ်ခု ဖြစ်နေသည့်အလားပင်။
မည်းမှောင်သော တိမ်တိုက်များ၏ အောက်တွင်မူ ကြီးမားခမ်းနားလှသော အနက်ရောင်နန်းတော်ကြီးတစ်ခု တည်ရှိနေပြီး ၎င်းမှာ တောင်ကြားထဲတွင် တည်ရှိကာ မိုင်ပေါင်းရာချီ၍ ကျယ်ဝန်းလှသည်။
နန်းတော်၏ အပြင်ဘက်နယ်မြေများတွင်မူ အနက်ရောင် တားမြစ်ချက်အစီအရင်များဖြင့် ပြည့်နှက်နေပြီး အလွှာပေါင်းများစွာသော တားမြစ်ချက်အကာအကွယ်များ ပေါ်ထွက်နေလေသည်။
နန်းတော်၏ အတွင်းပိုင်းမှ မိုးကြိုးသံများမှာ တဂျိန်းဂျိန်းဖြင့် ဆူညံစွာ ထွက်ပေါ်နေ၏။
ကြည့်ရသည်မှာ အပေါ်ရှိ တားမြစ်ချက်အစီအရင်များကို အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် ပြင်းထန်သော တုံ့ပြန်မှုကို ခံရမည်မှာ အသေအချာပင်။
မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်ပေသည်။
ဤနန်းတော်ကား အခြားမဟုတ်၊ ဒဏ္ဍာရီလာ မိုးကြိုးအင်မော်တယ်စံအိမ်ပင် ဖြစ်လေတော့သည်။
သို့သော် ဤမိုးကြိုးအင်မော်တယ်စံအိမ်သည် အကောင်းပကတိအတိုင်း ရှိမနေသယောင် ရှိသည်။ နန်းတော်၏ နံရံများပေါ်တွင် ပင့်ကူအိမ်သဖွယ် အက်ကြောင်းများစွာ ထင်ကျန်နေပြီး၊ ပြိုပျက်နေသောနံရံများနှင့် အပျက်အစီးများမှာ နေရာအနှံ့ ပျံ့ကျဲနေကာ မြေပြင်ပေါ်တွင်လည်း ကျောက်ခဲအကျိုးအပဲ့များစွာ ရှိနေလေသည်။
ဤအင်မော်တယ်စံအိမ်သည် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသည့်အလား ဖြစ်ချေသည်။
ဝုန်း… ဝုန်း… ဝုန်း…။
ရုတ်ခြည်းပင် ကြီးမားလှသော စစ်တပ်ကြီးများသည် အဝေးမှ ပျံသန်းလာကြပြီး မိုးကြိုးအင်မော်တယ်စံအိမ်၏ ပတ်ပတ်လည်တွင် ဆင်းသက်လိုက်ကြ၏။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နယ်မြေအသီးသီးကို ခွဲဝေယူထားကြပြီး အချင်းချင်း ကျူးကျော်ခြင်းမရှိဘဲ နားလည်မှုရှိရှိ နေထိုင်ကြလေသည်။
မှန်ပေ၏၊ ၎င်းတို့သည် မိုးကြိုးအင်မော်တယ်စံအိမ်ထဲသို့ မဝင်ရောက်မီ စစ်မဖြစ်လိုကြပေ။ ထိုသို့လုပ်ဆောင်ခြင်းက မည်သူ့အတွက်မှ အကျိုးရှိမည် မဟုတ်ချေ။
လူသားမျိုးနွယ်စုစစ်တပ်မှာမူ အရှေ့မြောက်ထောင့်တွင် နေရာယူထားကြ၏။ ခန္ဓာပေါင်းစည်းခြင်းအဆင့် လူသားအရှင်သခင် ဆယ်ဂဏန်းကျော်တို့သည် ကောင်းကင်ယံတွင် ရပ်တန့်နေကြပြီး မိမိတို့၏ အားကောင်းလှသော အငွေ့အသက်များကို ဖုံးကွယ်ထားခြင်းမရှိကြပေ။
ထိုအငွေ့အသက်များမှာ လေဟာနယ်ကိုပင် တုန်ခါစေပြီး အခြားမျိုးနွယ်စုများမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် အငွေ့အသက်များနှင့် ထိပ်တိုက်ရင်ဆိုင်နေကြ၏။
မမြင်ရသောနေရာတွင် ထိုခန္ဓာပေါင်းစည်းခြင်းအဆင့် အရှင်သခင်ကြီးများ၏ အရှိန်အဝါများမှာ အကြိမ်ပေါင်းထောင်ချီ၍ အားပြိုင်နေကြပြီး အဆုံးမဲ့သတ်ဖြတ်လိုသော အငွေ့အသက်များ ကိန်းအောင်းနေလေသည်။
"မိုးကြိုးအင်မော်တယ်စံအိမ် ပေါ်ထွက်လာတာက ဒီလောက်တောင် မျိုးနွယ်စုအများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး...”
"ရုပ်သေးမျိုးနွယ်၊ မြွေပျံမျိုးနွယ်နဲ့ ရွှေဖားပြုပ်မျိုးနွယ်တွေကတော့ ထားပါတော့… သူတို့က ဒီမှာပဲ အခြေချနေထိုင်ကြတာဆိုတော့ ငါတို့လူသားမျိုးနွယ်နဲ့ သူသေကိုယ်သေရန်သူတွေပဲ...”
"ဒါပေမဲ့ အခုတော့ သန့်စင်ခြင်္သေ့မျိုးနွယ်၊ လေကျားသစ်မျိုးနွယ်၊ ကောင်းကင်ကျားမျိုးနွယ်စတဲ့ မျိုးနွယ်စုတွေတောင် ရောက်လာကြတာပဲ...”
"သူတို့ကလည်း မိုးကြိုးအင်မော်တယ်စံအိမ်ဆီကနေ အကျိုးအမြတ် လာခွဲဝေချင်နေကြတာလား...”
ထိုသို့ပြောလိုက်သူမှာ ဟာယွန်းတာအိုအရှင်ပင် ဖြစ်ပေသည်။
သူ၏မျက်ခုံးနှစ်ခုကြားတွင် အနီရောင်မီးလျှံတံဆိပ်တစ်ခု ပေါ်ထွက်နေပြီး တစ်ကိုယ်လုံးတွင် ပူပြင်းလှသော အငွေ့အသက်များ ဖုံးလွှမ်းနေ၏။
အသက်ရှူလိုက်တိုင်း ထူးဆန်းသောမီးတောက်များ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးမှာ မီးလျှံများအတွင်း ဝန်းရံခံထားရသည့်အလားပင်။
သာမန်ကျင့်ကြံသူများမှာ သူ၏အနီးသို့ မချဉ်းကပ်ဝံ့ကြဘဲ သူ၏ကိုယ်မှထွက်သော မီးလျှံများကြောင့် အရှင်လတ်လတ် လောင်ကျွမ်းသေဆုံးကာ အရိုးပင်မကျန်ဖြစ်သွားမည်ကို စိုးရိမ်နေကြလေသည်။
"ဟမ့်... ဘယ်မျိုးနွယ်စုပဲဖြစ်ပါလေ့စေ...”
"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ် မိုးကြိုးအင်မော်တယ်စံအိမ်ကိုတော့ ငါတို့လူသားမျိုးနွယ်က မရရအောင် ယူရမယ်...”
"သတင်းတွေအရ မိုးကြိုးအင်မော်တယ်စံအိမ်ထဲမှာ မိုးကြိုးစွမ်းရည်တွေနဲ့ မိုးကြိုးဓာတ်ရတနာ အမျိုးမျိုးရှိတယ်လို့ သိရတယ်...”
"တကယ်လို့ အဲဒါတွေကို ရခဲ့မယ်ဆိုရင် ငါလည်း မဟာယာနအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရကောင်းရနိုင်တယ်...”
ယွီလိန်တာအိုအရှင်က လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ၏မျက်လုံးအစုံမှာ မိုးကြိုးလျှပ်စီးများ ကိန်းအောင်းနေပြီး သူငယ်အိမ်ထဲတွင် နက်နဲလှသော မိုးကြိုးမန္တန်တံဆိပ်တစ်ခု ပေါ်ထွန်းနေကာ အရေပြားပေါ်တွင်လည်း ခရမ်းရောင်မိုးကြိုးအစင်းကြောင်းများ ထွက်ပေါ်နေလေသည်။
သူသည် ဒေါသကြောင့် ဆံပင်များပင် ထောင်မတ်နေလျက် ခရမ်းရောင်သုံးခွလှံကို ကိုင်ဆောင်ထားပြီး သူ၏အရှိန်အဝါမှာ လေဟာနယ်ကိုပင် တုန်ခါစေကာ စစ်နတ်ဘုရားတစ်ပါးအလား ဖြစ်နေချေသည်။
သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း မိုးကြိုးလျှပ်စီးများမှာ တဖျစ်ဖျစ်မြည်ဟည်းကာ လူးလွန့်နေ၏။
"ဂရုစိုက်တာ အကောင်းဆုံးပဲ...”
"မိုးကြိုးအင်မော်တယ်စံအိမ်က ထင်သလောက် မရိုးရှင်းဘူး...”
"တကယ်လို့သာ ဒါဟာ အင်မော်တယ်လောကကနေ ပြုတ်ကျလာလို့ နန်းတော်ကိုယ်တိုင် အပြင်းအထန်ပျက်စီးသွားပြီး ချို့ယွင်းနေတဲ့ တားမြစ်ချက်အစီအရင်တွေ အများကြီး ထွက်ပေါ်မလာခဲ့ဘူးဆိုရင်..."
"မဟာယာနအဆင့် ကျင့်ကြံသူတွေ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရင်တောင် နန်းတော်ရဲ့ တားမြစ်ချက်တွေကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး...”
"ဒီထဲမှာ ကြီးမားတဲ့ ကံကောင်းမှုတွေ ရှိနေသလို၊ အန္တရာယ်တွေလည်း အများကြီးရှိနေတယ်လို့ ငါခံစားနေရတယ်...”
ရှန်စွမ်းတာအိုအရှင်သည် မျက်လုံးများကို အနည်းငယ်မှေးလိုက်ရင်း အန္တရာယ်ငွေ့သန်းနေသော အမူအရာတစ်ခုကို ပြသလိုက်လေသည်။
သူ၏လက်တွင် အမည်းရောင် ပေသီးခုံတစ်ခုကို ကိုင်ဆောင်ထားပြီး တစ်စုံတစ်ခုကို တွက်ချက်နေဟန်ရှိပေသည်။ သူ၏သူငယ်အိမ်နက်ရှိုင်းသောနေရာတွင် ကံကျိုးကမ္မမန္တန်များ ပေါ်ပေါက်နေပြီး လေဟာနယ်အတွင်းရှိ အချက်အလက်များစွာကို ထွင်းဖောက်မြင်တွေ့နေရသယောင် ရှိလေသည်။
"ဟမ့်... အင်မော်တယ်စံအိမ်ဖြစ်နေမှတော့ ခန့်မှန်းရခက်တဲ့ အန္တရာယ်တွေ ရှိနေမှာပဲပေါ့...”
"ဒါက သဘာဝပဲ မဟုတ်လား။ မင်းလို နတ်ဆရာက ပြောနေဖို့တောင် မလိုဘူး...”
"ဒါပေမဲ့ အခု ဒါတွေပြောနေလို့လည်း အပိုပဲ၊ နတ်ဘုရားအသွင်ပြောင်းအဆင့်အောက်က ကျင့်ကြံသူတွေပဲ ဝင်လို့ရတာ...”
"ငါတို့လို ခန္ဓာပေါင်းစည်းခြင်းအဆင့်တွေက အထဲက တားမြစ်ချက်အစီအရင်တွေကို ဖောက်မထွက်နိုင်သရွေ့ အင်မော်တယ်စံအိမ်ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး...”
ယွီလိန်တာအိုအရှင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"ကံကောင်းတာက ဒီတစ်ခေါက် ငါတို့တွေ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူအများကြီးကို ခေါ်လာနိုင်ခဲ့တာပဲ...”
"ဒါမှမဟုတ်ရင် ငါတို့တွေ အငေးသား ကြည့်နေရရုံတင်မကဘဲ ဖုန်းရှီးမြို့က နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေကိုပဲ အားကိုးနေရလိမ့်မယ်...”
ဟာယွန်းတာအိုအရှင်က ခပ်ဖွဖွပြုံးကာ ပြောလိုက်လေသည်။
"စကားအပိုတွေ ရပ်လိုက်စမ်းပါ...”
"ဒီတစ်ကြိမ်မှာ လူသားမျိုးနွယ်နဲ့ အခြားမျိုးနွယ်စုတွေ သဘောတူထားတာက နန်းတော်ထဲဝင်ပြီးရင် ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ။ ရသမျှ ကံကောင်းခြင်းတွေကလည်း သက်ဆိုင်ရာမျိုးနွယ်စုတွေပဲ ပိုင်ဆိုင်ရမယ်။ ဘယ်လို ရန်ငြိုးကိုမှ နန်းတော်အပြင်ဘက်ကို သယ်မလာရဘူး...”
"မင်းတို့ခေါ်လာတဲ့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေရဲ့ စွမ်းရည်က ကောင်းပါစေလို့ပဲ မျှော်လင့်ရမယ်၊ ငါတို့လူသားမျိုးနွယ်ရဲ့ မျက်နှာကိုတော့ အပျက်မခံရစေနဲ့...”
ဖုန်းရှီးတာအိုအရှင်က အေးစက်သောမျက်နှာထားဖြင့် တည်ငြိမ်စွာ ပြောလိုက်လေသည်။
"စိတ်ချပါ၊ သေချာပေါက် ပြဿနာမရှိစေရဘူး...”
"သူတို့က လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံးတွေပဲလေ၊ အခြားမျိုးနွယ်စုက ပါရမီရှင်တွေနဲ့ ယှဉ်နိုင်ပါတယ်...”
ဟာယွန်းတာအိုအရှင်က အနည်းငယ် ပြုံးလိုက်လေ၏။
............