အခန်း ၇၆၉
Vol. 72 Ch. 769
အခန်း (၇၆၉) - လူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်များ၊ အင်မော်တယ်၏ အမွေအနှစ်ရတနာ၊ ကောင်းကင်မှကျလာသော အခွင့်အလမ်း(၄)။
ခြောက်လတာအချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ချေပြီ။
ဖုန်းရှီးမြို့၊ အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်တစ်ခု၌။
"ယောက်ျား... ယောက်ျားမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ရှိနေတာလား...”
"ယောက်ျားဆီက ယင်ယန်တာအိုကို လေ့လာပြီးနောက်ပိုင်း ကျွန်မရဲ့ ကျင့်ကြံမှုတိုးတက်မှုအရှိန်က အရမ်းမြန်လာတယ်...”
"ပြီးတော့ ကိုယ်ထဲမှာရှိတဲ့ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်ကလည်း ပိုပြီးသိပ်သည်းလာသလိုပဲ...”
"ဒီအတိုင်းသာ ဆက်သွားရင် ကျွန်မက သွေးစစ်မှန်တဲ့ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးတစ်ကောင် ဖြစ်သွားမလားတောင် မသိဘူး...”
ပိုင်စုကျဲ့က သူမ၏လှပသော မျက်လုံးလေးများကို ပုတ်ခတ်ရင်း ကျိုးစွေ့၏ကိုယ်ပေါ်တွင် ပျင်းရိစွာ မှီတွယ်နေ၏။
ရွှေရောင်အမွေးပွမြီးလေးမှာ အသာအယာ လှုပ်ခါနေပြီး အလွန်ပင် ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိနေလေသည်။ သူမ၏ပတ်ဝန်းကျင်တွင်လည်း သင်းပျံ့လှသော ရနံ့များမှာ ဖုံးလွှမ်းနေ၏။
သူမသည် ဆဋ္ဌမအဆင့် အဖိုးတန်ဆေးလုံးများကို အမြောက်အမြား သုံးစွဲရန်မလိုဘဲ သူမ၏ကျင့်ကြံမှုမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိုးတက်နေသည်ကို ခံစားနေရသည်။
အနည်းဆုံးအနေဖြင့် အဆင့်တူ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများထက် သုံးဆခန့် ပိုမိုမြန်ဆန်နေလေသည်။
အမှန်အတိုင်းဆိုရလျှင် ဤသည်မှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်အဟုန်ဖြစ်ပြီး သာမန်ကျင့်ကြံသူများ မယှဉ်နိုင်သောအရာပင်။
အကယ်၍သာ ပြင်ပသို့ ပျံ့နှံ့သွားမည်ဆိုပါက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမည်မျှလောက် မနာလိုဖြစ်သွားမည်ကို မသိနိုင်တော့ချေ။
"ဒါကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်က အနည်းငယ် ထူးခြားလို့နေမှာပေါ့...”
"ဒါမှမဟုတ် ငါတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ချင်းက အရမ်းလိုက်ဖက်နေလို့ ဖြစ်မှာပါ...”
"ဒါကြောင့်လည်း ငါတို့က နတ်ဖက်တဲ့စုံတွဲ ဖြစ်နေတာပေါ့... ဟဲဟဲ”
ကျိုးစွေ့က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။
သူလည်း ထိုနည်းတူပင် ခံစားနေရသည်။ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်မှာ အမှန်တကယ်ပင် အစွမ်းထက်လှပြီး ယင်ယန်တာအိုနှင့် အလွန်ပင် လိုက်ဖက်လှ၏။
တိုတောင်းလှသော ခြောက်လတာအချိန်အတွင်းမှာပင် သူ၏ကျင့်ကြံမှုမှာ အတော်အတန် တိုးတက်လာခဲ့သည်။ ကျင့်ကြံမှုထိရောက်မှုမှာ မိမိဘာသာ တစ်ကိုယ်တည်းကျင့်ကြံသည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေလေသည်။
"ဒါပေမဲ့ ယောက်ျား... မကြာသေးခင်က ဖုန်းရှီးမြို့ဟာ အရင်ကထက် အတော်လေး တိတ်ဆိတ်သွားသလိုပဲ...”
"ကျင့်ကြံသူအများအပြားက မိုးကြိုးတောင်တန်းရဲ့ အတွင်းပိုင်းကို သွားနေကြတယ်...”
"အထူးသဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတချို့ဆိုရင် မိုးကြိုးအင်မော်တယ်စံအိမ်ကို စူးစမ်းဖို့အတွက် စုဆောင်းခံလိုက်ရသေးတယ်...”
ပိုင်စုကျဲ့က မကြာသေးမီ ခြောက်လအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်လေသည်။
သိသာထင်ရှားစွာပင် ခြောက်လတာအချိန် ကုန်ဆုံးသွားသော်လည်း မိုးကြိုးအင်မော်တယ်စံအိမ်၏ သတင်းမှာ ပျောက်ကွယ်မသွားသည့်အပြင် ပို၍ပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်စုံတစ်ဦးသည် မိုးကြိုးအင်မော်တယ်စံအိမ်အတွင်းမှ ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ဝိညာဉ်ဆေးပင်များ ရရှိခဲ့သည်ဟူသော သတင်းများမှာ မကြာခဏ ထွက်ပေါ်နေတတ်၏။ သို့သော် အန္တရာယ်မှာလည်း အလွန်ကြီးမားလှသည်။
မိုးကြိုးအင်မော်တယ်စံအိမ်အတွင်း ဝင်ရောက်သွားပါက သေဆုံးနိုင်ခြေမှာ အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ရှိနေပေသည်။ သို့သော်ငြား ကျင့်ကြံသူအမြောက်အမြားမှာမူ ရသမျှကံကောင်းခြင်းများအတွက် အသက်ကိုမငဲ့ကွက်ဘဲ အလုအယက် ဝင်ရောက်စူးစမ်းနေကြဆဲပင်။
အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်အောင်မြင်သွားသည်နှင့် ရရှိမည့် အကျိုးအမြတ်မှာ မှန်းဆ၍ပင် မရနိုင်သောကြောင့် ဖြစ်ပေသည်။ စည်းစိမ်ဆိုသည်မှာ ဘေးအန္တရာယ်ကြားက ရှာဖွေရခြင်းပင် မဟုတ်ပါလော။
"အင်း... အဲဒီသတင်းကို ယောက်ျားလည်း ကြားပါတယ်...”
"အရင်ကလည်း အစိုးရဘက်က လူတွေ ငါ့ဆီလာဖူးတယ်...”
"မိုးကြိုးအင်မော်တယ်စံအိမ်ကို စူးစမ်းဖို့ ကူညီပေးပါလို့ ပြောကြပေမဲ့ ငါငြင်းလိုက်ပါတယ်...”
ကျိုးစွေ့က တည်ငြိမ်စွာ ပြောလိုက်၏။
"ငြင်းရမှာပေါ့...”
"မိုးကြိုးအင်မော်တယ်စံအိမ်ရဲ့ သေဆုံးမှုနှုန်းက အရမ်းမြင့်တာ...”
"အထဲမှာ တားမြစ်ချက်အစီအရင်တွေ အများကြီးရှိသလို အင်မော်တယ်စံအိမ်ရဲ့ ရုပ်သေးတွေကလည်း စောင့်ကြပ်နေတာတဲ့...”
"တကယ်လို့ အထဲက တားမြစ်ချက်အစီအရင်တွေကို ထိမိသွားခဲ့ရင် သေချာပေါက် သေဖို့ပဲ ရှိတော့တာ...”
"ပိုပြီးအရေးကြီးတာက အခြားမျိုးနွယ်စုတွေရဲ့ နတ်ဘုရားအသွင်ပြောင်း အရှင်သခင်တွေကလည်း ချောင်းမြောင်းနေကြတာပဲ...”
"လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်း အများအပြားဟာ အခြားမျိုးနွယ်စုတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ သိရတယ်...”
"မိုးကြိုးအင်မော်တယ်စံအိမ်က အခုဆို မျိုးနွယ်စုပေါင်းစုံရဲ့ စစ်တလင်း ဖြစ်နေပြီ...”
ပိုင်စုကျဲ့က သက်ပြင်းချလျက် ပြောလိုက်လေသည်။
သူမသည်လည်း မိုးကြိုးအင်မော်တယ်စံအိမ်မှ အကျိုးအမြတ်အချို့ကို လိုချင်သော်လည်း ထိုကဲ့သို့သောအကျိုးအမြတ်မှာ မိမိအသက်နှင့် လဲလှယ်ရမည့်အရာ ဖြစ်ပေသည်။
သူမအနေဖြင့် မိမိ၏ခင်ပွန်းဖြစ်သူကို နန်းတော်အတွင်း သေဆုံးသွားခြင်းမျိုး လုံးဝမဖြစ်စေလိုချေ။
"စိတ်ချပါ၊ ငါအဲဒီကို အလွယ်တကူ သွားမှာမဟုတ်ဘူး...”
ကျိုးစွေ့က ပိုင်စုကျဲ့၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးကို ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်၏။
သို့သော် သူ၏မျက်လုံးများမှာမူ ဝင်းလက်နေပြီး မိမိ၏ကံကြမ္မာမှာ ပို၍သိပ်သည်းလာကာ တောက်ပနေသည်ကို သူတွေ့ရှိလိုက်ရသည်။ ကံကြမ္မာရွှေနဂါးမှာ မိမိအား အခွင့်အရေးများ ရောက်ရှိတော့မည်ဖြစ်ကြောင်း သတိပေးနေသည့်အလားပင်။
မှန်ပေသည်၊ မိုးကြိုးအင်မော်တယ်စံအိမ် ပထမဆုံး ပေါ်ထွက်လာစဉ်က မျိုးနွယ်စုအားလုံး၏ အာရုံစိုက်မှုကို ခံနေရသဖြင့် အလွန်အန္တရာယ်များလှပေသည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် လူတိုင်း၏ပစ်မှတ် ဖြစ်သွားနိုင်၏။
သို့သော် ယခုမူ မတူညီတော့ချေ။ ခြောက်လတာအချိန် ကုန်ဆုံးသွားပြီးနောက် ကျင့်ကြံသူအမြောက်အမြားမှာ နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြပြီဖြစ်သည်။
မျိုးနွယ်စုအသီးသီးမှ အဆင့်မြင့်ကျင့်ကြံသူများ၏ အာရုံမှာလည်း ပျံ့နှံ့နေပြီး သာမန်နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦးကို သတိထားမိကြတော့မည် မဟုတ်ပေ။
အကယ်၍ သူသည် ဤအချိန်ကို အသုံးချကာ မိမိ၏ကိုယ်ပွားကို စေလွှတ်လိုက်မည်ဆိုပါက မိုးကြိုးအင်မော်တယ်စံအိမ်ရှိ ကံကောင်းခြင်းများကို အရယူရန် အခွင့်အရေး ရှိနိုင်ပေသည်။
တစ်ခါတစ်ရံတွင် ကံကောင်းခြင်းများကို ရယူရာ၌ မြန်ဆန်ခြင်းထက် အချိန်အခါကောင်းရန်က ပို၍အရေးကြီးပေသည်။ အကယ်၍ အချိန်အခါ မမှန်ကန်ပါက အကျိုးအမြတ် မရရုံသာမက မိမိကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်လေသည်။
"နေပါဦး... ဘာလို့ ရုတ်တရက်ကြီး ကပ်ဘေးအငွေ့အသက်တွေ ရောက်လာရတာလဲ...”
ထိုအချိန်တွင် ကျိုးစွေ့၏မျက်လုံးများထဲ၌ အေးစက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွား၏။
မိမိအပေါ်သို့ မရေမရာသော သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်ခု ကျရောက်လာသည်ကို သူခံစားလိုက်ရပြီး အမည်းရောင်ကပ်ဘေးအငွေ့အသက်များမှာ သူ၏ကိုယ်ပေါ်တွင် ပျံ့နှံ့လာလေသည်။
သိသာထင်ရှားစွာပင် အမှောင်ထဲရှိ ရန်သူတစ်ဦးသည် မိမိအားလုပ်ကြံရန် ကြံစည်နေပြီး အလွန်ပင် နီးကပ်နေပြီဖြစ်သည်။
"ထူးဆန်းလိုက်တာ... ငါက နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိတဲ့ သာမန်လူတစ်ယောက်ပဲလေ။ ဘာလို့ အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့ ကြုံနေရတာလဲ...”
"ဘယ်သူက ငါ့ကို သတ်ချင်နေတာလဲ...”
ကျိုးစွေ့သည် ဤသည်မှာ ကောင်းကင်မှကျလာသော ကံဆိုးမှုဟု ခံစားရကာ အလွန်အမင်း စိတ်ပျက်သွားရသည်။ သူသည် အမြဲတစေ သတိကြီးစွာ နေထိုင်တတ်ပြီး ဖုန်းရှီးမြို့ထဲမှ အပြင်သို့ပင် ထွက်လေ့မရှိသလို မည်သည့်ကျင့်ကြံသူကိုမှလည်း မပတ်သက်ခဲ့ပေ။
သို့သော်ငြား သတ်ဖြတ်လိုသော အငွေ့အသက်များမှာ သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချေပြီ။ ကျင့်ကြံခြင်းလောကမှာ အမှန်တကယ်ပင် ဘေးအန္တရာယ်များလှ၏။
ဝုန်း...။
ထိုသို့တွေးလိုက်ရင်း သူ၏နှလုံးသားမျက်လုံးစွမ်းအားသည် တစ်ခဏအတွင်း အပြင်သို့ ပျံ့နှံ့သွားပြီး အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
အမှောင်ထုထဲတွင် ကိုယ်ယောင်ဖျောက်ကာ အမှတ် (၈၈) တာအိုကျောင်းတော်၏ တားမြစ်ချက်အစီအရင်များကို အသံတိတ် ဖောက်ထွင်းလာသော လူရိပ်သုံးခုကို သူ ချက်ချင်းပင် သတိပြုမိလိုက်၏။
၎င်းတို့သည် သူရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်လာနေကြသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ ဤလူရိပ်သုံးခု၏ အရှိန်အဝါကို လုံးဝသတိမပြုမိကြချေ။ ၎င်းတို့သည် ဤအခိုက်အတန့်တွင် အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသယောင် ရှိလေသည်။
'လူသားမျိုးနွယ်စုရဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်လား...’
'ဘာလို့ ရုတ်တရက်ကြီး ငါ့ကို သတ်ဖို့ ရောက်လာကြတာလဲ။ ဒါက ပိုင်စုကျဲ့နဲ့ ပတ်သက်နေတာလား...’
'မဖြစ်နိုင်ဘူး။ အကယ်၍ ပိုင်စုကျဲ့နဲ့ တကယ်ပတ်သက်နေမယ်ဆိုရင် ဘာလို့ အရင်ကတည်းက လှုပ်ရှားမှုမလုပ်ဘဲ အခုမှ လာရတာလဲ...’
'ထားလိုက်ပါတော့။ သူတို့အားလုံးကို သတ်ပြီး ဝိညာဉ်တွေကို ဝါးမျိုလိုက်မယ်ဆိုရင် ဘာကြောင့်လဲဆိုတာကို အလိုလို သိလာမှာပါပဲ'
ကျိုးစွေ့၏မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် ရန်သူသုံးယောက် အတိအကျ ဘာတွေတွေးနေသလဲဆိုသည်ကိုလည်း သူ ခန့်မှန်းမနေချင်တော့ပေ။
သူတို့အားလုံးကို သတ်ဖြတ်ပြီး ဝိညာဉ်များကို ဝါးမျိုကာ မှတ်ဉာဏ်များ ရယူလိုက်မည်ဆိုလျှင် အကြောင်းအကျိုးကို အလိုလို သိလာမည်သာ မဟုတ်ပါလော။
ဤနေရာတွင် ထိုင်၍ ခန့်မှန်းနေခြင်းက တကယ်တမ်း၌ သိပ်ပြီး အသုံးမဝင်လှပေ။
"ယောက်ျား... ဘာဖြစ်လို့လဲ...”
တာအိုလက်တွဲဖော်တစ်ဦးအနေဖြင့် ပိုင်စုကျဲ့သည် သူမဘေးရှိ အမျိုးသား၏ မူမမှန်မှုကို ချက်ချင်းဆိုသလို ရိပ်မိသွားလေသည်။
"မဖိတ်ခေါ်ထားတဲ့ ဧည့်သည်အချို့ ရောက်နေတယ်။ ကိုယ် သွားတွေ့လိုက်ဦးမယ်...”
ကျိုးစွေ့က ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
ဘာ…။
ဤစကားကို ကြားလိုက်ရချိန်တွင် ပိုင်စုကျဲ့မှာ ချက်ချင်းပင် အံ့အားသင့်သွားရချေသည်။
မဖိတ်ခေါ်ထားသော ဧည့်သည်များတဲ့လော။ အကယ်၍ တကယ့်ဧည့်သည်များသာ ဆိုလျှင် သူမ၏ခင်ပွန်းက ဤသို့သော မျက်နှာအမူအရာမျိုး ဖြစ်နေမည်မဟုတ်ပေ။
ယခုအခြေအနေအရ ကြည့်လျှင် မလိုလားအပ်သော ဧည့်သည်ဆိုးများ ရောက်လာခြင်းသာ ဖြစ်ရပေမည်။
သူမက တစ်ခုခု ပြောချင်နေခဲ့သေး၏။
သို့ရာတွင် နောက်တစ်စက္ကန့်၌ ကျိုးစွေ့၏ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ယုံကြည်နိုင်စရာမရှိလောက်အောင် မြန်ဆန်လွန်းလှသည်။
…………