Chapter 1419 - 1420
Vol. 95 Ch. 1419 - 1420
Chapter 1419 ငါ သတ်မယ်ဆိုရင် သတ်မှာပဲ
ယဲ့ဖန်၏ ခက်ထန်သော စကားသံ ထွက်လာသောအခါ သိချွယ် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး ငရဲကို မြင်လိုက်ရသည်ဟု ထင်မှတ်မှား သွားရသည်။ သူ အလွန်အမင်း သွေးပျက်နေ၏။
ထို့နောက် ယဲ့ဖန်သည် သူ့လက်များအား သိမ်းငှက်၏ လက်သည်းသဖွယ် ဖြန့်လိုက်ပြီးနောက် သိချွယ်၏ ဦးခေါင်းကို အားဖြင့် ဆုပ်ကိုင်လိုက်သည်။
လေတိုးသံ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်း ကျရောက်လာပေတော့မည်။ လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ သူတို့အရှေ့မှ မြင်ကွင်းကို သူတို့ မမြင်နိုင်ချေ။
*နတ်ဘုရင်အဆင့်က သေတော့မှာလား*
သိချွယ် ခေါင်းမွေးထောင်သွားပြီး ပြတ်နေသောလက်ဖြင့် ယဲ့ဖန်အား အသည်းအသန် ရိုက်လိုက်သည်။ သို့သော် အချည်းနှီးပင်။
“ဂျွတ် ဂျွတ်”
သူ့လက်က ယဲ့ဖန်၏ လက်ကို ထိမိသည့် အချိန်မှာပင် ချက်ချင်း ကြေမွ သွားပြီး သွေးများ ပန်းထွက်လာ၏။ ကျရောက်လာသော ဖိအားကို တောင့်မခံနိုင်ချေ။
ယဲ့ဖန်၏ လူသတ်ချင်စိတ်က ခိုင်မာနေပြီ ဖြစ်ပြီး မျက်လုံးများက စူးရဲနေကာ သူ့ဦးခေါင်းအား တစ်ချက်တည်းဖြင့် ချေမွလိုက်သည်။
“ဂျွတ်”
နတ်ဘုရင်အဆင့်၏ ခန္ဓာကိုယ်က သံမဏိကဲ့သို့ မာကြောသော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် အရေးပါပုံ မရချေ။
သိချွယ်၏ ဦးခေါင်းက ယဲ့ဖန်၏ လက်ထဲတွင် ဖရဲသီးသဖွယ် ကြေမွသွားကာ လက်သည်း၌ သွေးရည်ကြည်များ ပေကျံလာသည်။
ဤမြင်ကွင်းက သွေးပျက်ဖွယ် ကောင်းလှသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူတိုင်း ကြက်သီးထသွားပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်ကြချေ။
*သန်မာတဲ့ နတ်ဘုရင်အဆင့်က ဒီလို အလွယ်တကူ အသတ်ခံလိုက် ရတယ်လား*
တစ္ဆေအဆင့် လုပ်ကြံရေးသမားများပင် ဤအဖြစ်မှန်ကို မယုံနိုင်ချေ။ သူတို့၏ ခေါင်းဆောင် သိချွယ် သေသွားလေပြီ။ သူတို့၏ အရှင်သခင် သိချွယ်က ဤသို့ သေဆုံးသွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။
လက်ရှိတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်လာ၏။ ပတ်ဝန်းကျင် လေထု ကလည်း တင်းမာလာသည်။ ယခုအချိန်၌ ထန်ဟောင်ကျုံးနှင့် အခြားသူများ မှင်တက်သွားကြသည်။
*ငါတို့ မျှော်လင့်ချက် ထားထားခဲ့တဲ့လူက သေသွားပြီ*
*ငါတို့ ရှုံးပြီ*
သေသေချာချာ အစီအစဉ်ချထားခဲ့သော ကစားပွဲအား ရှုံးနိမ့်သွားလေပြီ။ သူတို့၏ ကစားပွဲက ကြမ်းတမ်းလွန်း၍ မဟုတ်ဘဲ တစ်ဖက်လူက အလွန် နတ်ဆိုးဆန်နေ၍ ဖြစ်သည်။
ယဲ့ဖန်က သူ၏ ခွန်အားဖြင့် အခြေအနေအား ပြောင်းပြန်လှန်ခဲ့သည်။ ဒဏ်ရာအပြင်းအထန် ရထားခဲ့သော်လည်း နတ်ဘုရင်အဆင့် တစ်ယောက် ကိုပင် သတ်နိုင်စွမ်း ရှိသည်။ ဤနည်းလမ်းက ထူးဆန်းလွန်းလှသည်။
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်းပဲ”
ထန်မင်လီ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထိုအသံ၌ ဝမ်းသာ ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။
“ယဲ့ဘုရင်က ပြိုင်ဘက်ကင်းပဲ”
လူတိုင်း အတူတူ အော်ဟစ်လိုက်ပြီး ထိုအော်သံက ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ် သွားသည်။
*ပြောင်းပြန်လှန်နိုင်ခဲ့ပြီ*
*ငါတို့ အခြေအနေကို ပြောင်းနိုင်ပြီ*
ဤလှည့်ကွက်က လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထစေသည်။ ထို့နောက် ယဲ့ဖန်က လုပ်ကြံရေးသမားများထံ လှည့်ကြည့်လာပြီး ကြောက်စရာ ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ကစားနေဟန်ဖြင့် ပြောလိုက်လေသည်။
“ငါ မင်းတို့ကို ထွက်ပြေးဖို့ တစ်မိနစ် အချိန်ပေးမယ်”
“တစ်မိနစ် ပြည့်သွားပြီးရင် ငါ အမဲလိုက်တာကို စမယ်”
လုပ်ကြံရေးသမားများအားလုံး ထိတ်လန့်သွားသည်။ သူတို့က မည်သူနည်း။ သူတော်စင်သခင်အဆင့်များ ဖြစ်ပြီး တစ္ဆေအဆင့် လုပ်ကြံရေးသမားများ ဖြစ်လေသည်။ သတ်ဖြတ်ခြင်းကျောင်းတော်၌ ရှားပါးသော တည်ရှိမှု ရှိကြသည့်လူများ ဖြစ်ကြသည်။
တစ်လောကလုံးက သူတို့နာမည်ကို ကြားလိုက်လျင် ကြောက်ရွံ့ကြသည်။ သူတို့သည်သာ အခြားသူများကို အမဲလိုက်ခဲ့ကြလေသည်။ သူတို့ ဘယ်အချိန်က အမဲလိုက်ခံခဲ့ရသနည်း။
ရှက်စရာ ကောင်းလိုက်ပါဘိ။ ရှက်စရာ ကောင်းလိုက်လေခြင်း။
သူတော်စင်သခင်အဆင့်များအားလုံး မျက်နှာပြာနှမ်းသွားသည်။ သူတို့သည် အမြဲ မုဆိုးများ ဖြစ်ခဲ့သော်လည်း ယခု သားကောင်အဖြစ် သတ်မှတ်ခံ နေရသည်။ ဤသို့သော စော်ကားမှုမျိုးက သူတို့အား အလွန်အမင်း နေရထိုင်ရ ခက်စေသည်။
သို့သော် ယဲ့ဖန်က သူတို့၏ မျက်နှာအမူအရာကို မမြင်ဟန်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
“စရေပြီ”
“ရွှစ်”
သူတော်စင်သခင်အဆင့်များသည် အလင်းတန်းသဖွယ် အရပ်မျက်နှာအနှံ့သို့ လှစ်ခနဲ ထွက်ပြေးကြလေသည်။ ရှက်ကား ရှက်သော်ငြားလည်း သူတို့ အသက်ရှင်မှ ဖြစ်ပေမည်။ အရှက်မရချင်သည့်အတွက်လည်း ဤနတ်ဆိုးကို ရင်ဆိုင်တိုက်၍ မဖြစ်နိုင်ပေ။
သိချွယ်တောင်မှ ဤနတ်ဆိုး၏ ပြိုင်ဘက် မဖြစ်နိုင်သဖြင့် သူတို့၌ မည်သို့ နိုင်နိုင်ချေ ရှိပါမည်နည်း။
“ငါးဆယ့်ကိုးစက္ကန့်၊ ငါးဆယ့်ရှစ်၊ ငါးဆယ်ခုနစ် …”
ထိုစဉ် ယဲ့ဖန်က စတင်၍ ရေတွက်လေသည်။ ဤသည်က သေဆုံးချိန် ရေတွက်သံနှင့် သဏ္ဌာန်တူနေပြီး အချိန်ကုန်လျင် ဘာဆက်ဖြစ်မလဲ လူတိုင်း သိနေကြသည်။
ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများ မချိုမချဉ် ရယ်မော လိုက်ကြသည်။ ယဲ့ဖန်၏ နတ်ဆိုးဆန်သော ဇာတ်လမ်းတစ်ပုဒ် စတင်တော့မည်ဖြစ်ကြောင်း သူတို့ သိနေသည။ ဤလူများသည် သေသည်ထက် ဆိုးသော နာကျင်မှုကို ခံစားရမည်ဖြစ်ပြီး ဆောက်တည်ရာမရ ဖြစ်ကြပေလိမ့်မည်။
“တစ်”
နောက်ဆုံးသော ရေတွက်သံအဆုံး၌ ယဲ့ဖန်၏ ပုံရိပ်က နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားသည်။ ချက်ချင်းဆိုသလိုပင် မုန်တိုင်း တိုက်ခတ်လာ သကဲ့သို့ လေပြင်းတိုက်လာ၏။
အသည်းအသန် ပြေးနေသော လူများအားလုံး ကြက်သီးထသွားကြသည်။ သူတို့နောက်၌ အလွန် ကြောက်စရာ ကောင်းသော နတ်ဆိုးအရှိန်အဝါက သည်းကြီးမည်းကြီး လိုက်နေသည်ဟု ခံစားရသောကြောင့် တဆတ်ဆတ် တုန်လာလေသည်။
ယဲ့ဖန် လိုက်လာနေပြီဖြစ်ကြောင်း သူတို့ သိလိုက်သည်။ ထိုအချိန်တွင် သူတို့၏ ရင်ထဲ၌ ယဲ့ဖန်က မိမိတို့ကို မဟုတ်ဘဲ အခြားသူကိုပါ ရွေးချယ်ပါစေဟု ဆက်တိုက် ဆုတောင်းနေကြသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ပစ်မှတ်ထားခြင်း ခံရမည့် ကံဆိုးသူ မောင်ရှင်ကိုလည်း သူတို့ သနားနေကြသည်။ ထိုအဖြစ်က ကောင်းလိမ့်မည် မဟုတ်ကြောင်း သူတို့ သိနေ၏။
သို့သော် ပစ်မှတ်ထားခံရသူက သူတို့ မဟုတ်၍ ဝမ်းသာနေချိန်မှာပင် ဆက်လက် ဖြစ်ပေါ်လာသည့် အရာက သူတို့အား နှလုံးခုန်ထွက် လာတော့မတတ် ခံစားသွားရစေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ အရှိန်အဝါက တစ်ခုမှ ရှစ်ခုသို့ ပြောင်းလဲသွားသည်ကို သူတို့ အသေအချာ ခံစားလိုက်ရသောကြောင့်ပင်။
*ဒါ*
*ဒါ ငါတို့မှာ ကျန်ခဲ့တဲ့ လူအရေအတွက်ပဲ မဟုတ်လား*
သူတို့ နှလုံးသားတစ်ခုလုံး အေးစိမ့်သွားသည်။
*ကိုယ်ပွားလိုက်တာပဲ*
*ဒီနတ်ဆိုးမှာ အရည်အချင်းတွေ ဘယ်လောက်များများ ရှိနေတာလဲ*
*ဘာလုပ်ရတော့မှာလဲ*
သူတို့ မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ကိုယ်ပွားအရိပ်များက သူတို့ရှေ့သို့ ရောက်လာပြီး ပြင်းထန်သော တိုက်ခိုက်မှုများက သူတို့ပေါ် ကျရောက်လာ၏။
သူတို့အားလုံး တစ်စစီ ဖြစ်သွားကြပြီး သွေးများ ပန်းထွက်လာသည်။ အသက်တစ်ကြိမ် ရှူစာအတွင်းမှာပင် တစ္ဆေအဆင့် လုပ်ကြံရေးသမားများ ကြောက်လန့်တကြား သေဆုံးသွားကြလေသည်။ လုံးဝဥဿုံ ပေါက်ကွဲ သွားသဖြင့် အရိုးပင် မကျန်ခဲ့ချေ။
ထိုအခိုက်တွင် ယဲ့ဖန်က လူတစ်ယောက်၏ ခေါင်းကို လက်ဖြင့်ကိုင်ထားပြီး အနက်ရောင် အငွေ့များက သူ့အား ရစ်ပတ်သွားသည်။
“အား…”
ထိုသူ ဆက်တိုက် အော်ဟစ်နေပြီး သူ့ဝိညာဉ် ဆွဲစုတ်ခံနေရသည်ဟု ခံစားမိနေ၏။
ဝိညာဉ်ရှာဖွေခြင်း။
“မင်း”
ထိုသူတော်စင်သခင်အဆင့်၏ မျက်လုံးများ ပြူးထွက်နေပြီး ယဲ့ဖန်က သူ့မှတ်ဉာဏ်အား ဖတ်နေသည်ကို သေချာ ခံစားနေရသည်။
*ဒီကောင် အတည်လုပ်နေတာပဲ*
သူ သတ်ဖြတ်ခြင်းကျောင်းတော်ကို အမှန်တကယ် ဖျက်ဆီးရန် ကြံစည် ထားပြီး ယခု သတ်ဖြတ်ခြင်း ကျောင်းတော်၏ တည်နေရာ အတိအကျကို လေ့လာနေသည်။
အချိန်အတော်ကြာပြီးနောက် ယဲ့ဖန်သည် သူ့အား လည်ပင်းညှစ်သတ်၍ ပြန်ပစ်ချလိုက်သည်။ ယဲ့ဖန် အိမ်တော်ခွဲသို့ ပြန်လာသောအခါ ယဲ့ဖန် ဘာလုပ်ခဲ့သလဲ လူတိုင်း ရိပ်စားမိကြသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် ညှီစို့စို့ သွေးနံ့များနှင့် ပြည့်နေသည်ကို အနံ့ရလိုက် သောကြောင့်ပင်။ အလွန်အမင်း မသတီစရာ ကောင်းလှသည်။
ဤသည်ကိုမြင်သော် ထန်ဟောင်ကျုံး ကြက်သီးတဖြန်းဖြန်း ထသွားပြီး ယဲ့ဖန်ရှေ့၌ ခွေးတစ်ကောင်သဖွယ် သနားစရာ ကောင်းလောက်အောင် ဒူးထောက်တောင်းပန်လေသည်။
“အသက်ချမ်းသာပေးပါ၊ အရှင် ကျုပ်အသက်ကို ချမ်းသာပေးပါ”
“ကျုပ် သတ်ဖြတ်ခြင်းကျောင်းတော်ရဲ့ အကျပ်ကိုင်တာကို ခံခဲ့ရလို့ပါ၊ ကျုပ် သူတို့ကို အညံ့မခံရင် ကျုပ်ကို သတ်မယ်လို့ ခြိမ်းခြောက်လို့ပါ၊ ကျုပ် တတ်နိုင်တာ ဘာမှမရှိခဲ့လို့ပါ”
“ကျေးဇူးပြုပြီး ကျုပ်ကို တစ်ခါလောက် အခွင့်အရေး ထပ်ပေးပါ၊ ကျုပ်ကိုယ်ပေါ်မှာ သွေးကျိန်စာ ထည့်ရင် ထည့်လိုက်ပါ၊ ကျုပ် နောက်တစ်ခါ ထပ်သစ္စာမဖောက်တော့ပါဘူး”
သူ သေကိုသေရမည်ဟု သိနေလျင်တောင်မှ မသေချင်သေးပါ။ သို့သော် သူ ဆက်၍ မျှော်လင့်ချက် ကြီးကြီးမား မား ထားနေမိသည်။ လက်ရှိတွင် သူ့မျက်နှာ၌ မျက်ရည်များ စီးကျနေပြီး အလွန်မင်း နောင်တရနေသည်။
ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများအားလုံး ပြိုင်တူ အလွန်အမင်း အထင်သေးဟန် ပြလာ၏။
*ကိုယ့်လမ်းကိုယ်ဖောက်တာပဲလေ*
ထန်ဟောင်ကျုံး ယခင်က လုပ်ခဲ့သော လုပ်ရပ်ကြောင့် သေကိုသေရ ပေလိမ့်မည်။ ယခု သူ့လုပ်ရပ်၏ အကျိုးဆက်ကို ပြန်ခံစားရပေမည်။
ယဲ့ဖန်ကလည်း အေးစက်တည်ငြိမ်သော အကြည့်ဖြင့်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
“မင်း မသေဘူးဆိုရင် ငါ လူတွေကို ဘယ်လို မျက်နှာပြရမလဲ”
ထိုစကားကိုကြားသော် ထန်ဟောင်ကျုံး၏ မျက်နှာ ပြာနှမ်းသွားသည်။
“မင်း မိသားစုခေါင်းဆောင်ကို လှည့်စားတယ်၊ မင်း လေးစားမှုမရှိဘူး”
“မင်းလက်နဲ့ မင်းမိသားစုဝင်တွေကို သတ်ခဲ့တယ်၊ မင်းမှာ ဝံပုလွေလို ကောက်ကျစ်တဲ့ နှလုံးသားရှိတယ်”
“မင်းရဲ့ မိတ်ဆွေတွေကို မင်း ပြန်သတ်တယ်၊ မင်းက မိစ္ဆာစိတ်တွေ ပြည့်နေတဲ့လူ”
ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နေပြီး အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
“မင်း ပြောကြည့်၊ မင်းကို ငါ မသတ်ရင် သေသွားရတဲ့လူတွေ အေးချမ်းပါ့မလား”
“မင်းကို ငါ မသတ်ရင် အသက်ရှင်နေသေးတဲ့လူတွေ စိတ်မဆိုးဘဲ နေကြမလား”
“အရှင် သတ်ပစ်လိုက်ပါ၊ အရှင် သူ့ကို သတ်သင့်ပါတယ်”
လူတိုင်း ပြိုင်တူ အော်ဟစ်ကြသည်။ အသံက မိုးခြိမ်းသံသဖွယ် ကျယ်လောင်၍ ပဲ့တင်ထပ်ကာ ထွက်ပေါ်နေပြီး အလွန် မုန်းတီး နာကျည်းစိတ်များ ပြည့်နှက်နေ၏။
ထန်ဟောင်ကျုံးနှင့် သူ့အနောက်မှ ထန်မိသားစု၏ သစ္စာဖောက်များ ချက်ချင်း မှင်တက်သွားပြီး မျက်နှာဖြူရော်ကာ ကြောက်လန့် စိုးရွံ့လာကြသည်။
“သတ် သတ်”
ယဲ့ဖန်၏ မျက်လုံးသည် ခက်ထန်၍ ကြောက်စရာကောင်းနေသည်။ ထို့နောက် သူသည် ထူးဆန်းသော မန္တန်ကို ရွတ်ဆိုလေသည်။ ၎င်းသည် သေခြင်းတရား မန္တန်ဖြစ်ပြီး သေလူများအား လောကထဲ ပြန်ခေါ်သည့် မန္တန် ဖြစ်လေသည်။
“ဝိညာဉ်တွေ လာခဲ့ကြ၊ သေလူတွေ ပြန်မွေးဖွားမယ်”
ယဲ့ဖန် အော်ဟစ်လိုက်ပြီးနောက် သူ့ခြေထောက်အောက်တွင် အရိပ်များ ပြည့်လာသည်။ ထို့နောက် မြေကြီးထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်။ အနက်ရောင် အငွေ့များ စုစည်းလာပြီးနောက် သေဆုံးသွားသူများ၏ ဝိညာဉ်များက လောကထဲသို့ ပြန်ရောက်လာကြသည်။
နလန်ရှောင်သည် သူ၏ ပြန်ဖွဲ့စည်းလာသော ခန္ဓာကိုယ်ကိုကြည့်ပြီး မယုံသင်္ကာ ဖြစ်နေ၏။ ယဲ့ဖန်၏ နည်းလမ်းမျာကို သူ ကြားဖူးသော်လည်း သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရသောအခါ ထိတ်လန့် သွားရသည်။ ထို့နောက် သူသည် မျက်ရည်လည်ရွဲဖြင့် ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။
“အရှင့်ကို ဂါဝရပြုပါတယ်”
“ဒီနေ့ ဒီလူတွေအားလုံး အသက်နဲ့ရင်းပြီး သစ္စာရှိကြပြီးတော့ သေခြင်းရှင်ခြင်းကို အတူ ရင်ဆိုင်ကြတယ်၊ ပြီးတော့ ငါ့ကို ခေါင်းဆောင် တစ်ယောက်အဖြစ် သဘောထား ဆက်ဆံတယ်၊ ငါ ကျေးဇူးပြန်သိတတ် တဲ့အနေနဲ့ မင်းတို့ကို ပြန်အသက်သွင်းမယ်”
ယဲ့ဖန်က လက်ကိုမြှောက်၍ လေးနက်သော အသံဖြင့် ဆက်ပြောလိုက်သည်။
“ငါ မသေသရွေ့ မင်းတို့ ထာဝရ အသက်ရှင်စေရမယ်”
ထိုစကားသံ ထွက်ပေါ်လာသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
“နတ်ဆိုးဧကရာဇ်က အင်မော်တယ် နတ်ဆိုးမျိုးနွယ်က မသေဆုံးနိုင်ဘူး”
ထန်ယွင်အာသည် ဝမ်းသာလွန်း၍ ငိုနေမိသည်။ ဤမြင်ကွင်းကိုကြည့်ပြီး သူမရင်ထဲ၌ တုန်လှုပ်နေ၏။ သူမရှေ့မှ လူသည် ခေါင်းဆောင်ဖြစ်ရန် ပင်ကို အရည်အချင်းရှိသူ ဖြစ်သည်။ သူ၏ နတ်ဆိုးစွမ်းအင်အောက်၌ မည်သူက မနာခံရဲဘဲ နေမည်နည်း။
ထို့နောက် ယဲ့ဖန်က ထန်ဟောင်ကျုံးနှင့် အခြားသူများကို လက်ညှိုးထိုး၍ လူသတ်ချင်စိတ်များဖြင့် တောက်ပနေသော အကြည့်များနှင့် ပြောလိုက် သည်။
“သွား သူတို့ကို တစ်စစီ ချိုးဖဲ့ပစ်လိုက်”
“ယဲ့ဘုရင်ကို သစ္စာဖောက်ပြီး နတ်ဆိုးတွေကို စော်ကားရင် ဘယ်လိုဖြစ်မလဲ သူတို့ သိအောင် ပြလိုက်”
ထိုစကားသံ အဆုံး၌ နလန်ရှောင်နှင့် အခြားသူများ ချက်ချင်း ပြေးတက် လာကြသည်။ သူတို့၏ မျက်လုံးက ရက်စက်၍ သွေးဆာသော အရိပ်အယောင် ပြသနေ၏။
“ရွှစ်”
နလန်ရှောင်၏ လက်ထဲတွင် ဓားတစ်လက်ရှိနေပြီး ထိုဓားဖြင့် ဝင့်၍ ထန်ဟောင်ကျုံး၏ လက်မောင်းကို ခုတ်လိုက်သည်။ သူ့လက်မောင်းတစ်ဖက် ပြတ်သွားကာ သွေးများ ပန်းထွက်လာသည်။
“အဘိုးကြီး ခင်ဗျား ကျုပ်ကို ဒူးထောက်ခိုင်းပြီး နင်းချေရတာကို သဘောကျတာ မဟုတ်ဘူး၊ အခု ခင်ဗျား အော်ကြည့်လေ”
နလန်ရှောင်က မုန်းတီးစိတ်များ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေကာ သူ့ပုံစံက အရူးတစ်ယောက်နှင့် တူနေသည်။
“သေပေတော့”
ထန်ဟောင်ကျုံး နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ဒေါသတကြီး ကြုံးတွး၍ နလန်ရှောင်၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်က နလန်ရှောင်၏ ဦးခေါင်းတည့်တည့်ပေါ် ကျရောက်လာသည်။
“ငါ သေရမယ်ဆိုရင်တောင်မှ မင်းကိုပါ အပါခေါ်သွားမယ်ကွ”
ထန်ဟောင်ကျုံးက အံကြိတ်နေပြီး မျက်နှာက စဉ်းလဲဟန် ပေါ်နေသည်။ သူ ဆက်၍ အသက်မရှင်နိုင်တော့သဖြင့် လူတစ်ချို့ကို ရအောင် ခေါ်သွားပေမည်။
သို့သော် ရှေ့ဆက်ဖြစ်လာသည့် မြင်ကွင်းက သူ့အား ဆောက်တည်ရာမရ ဖြစ်သွားစေသည်။ နလန်ရှောင်၏ ဒဏ်ရာရသွားသော ဦးခေါင်းမှ အနက်ရောင် အငွေ့များ ထွက်လာပြီးနောက် လျင်မြန်စွာ ပျောက်ကင်း သွားသည်ကို သူ တွေ့လိုက်ရသည်။
“ခင်ဗျား မကြားလိုက်ဘူးလား၊ နတ်ဆိုးဧကရာဇ်က အင်မော်တယ်၊ နတ်ဆိုး မျိုးနွယ် မသေဆုံးနိုင်ဘူးဆိုတာလေ”
နလန်ရှောင်က အပြုံးကြီးပြုံး၍ ချက်ချင်း သတ်ဖြတ်လိုက်သည်။
*မသေနိုင်ဘူးတဲ့လား*
Chapter 1420 ယွိကျဲ့နယ်မြေ
“ရွှစ် ရွှစ်”
ထန်ဟောင်ကျုံး၏ ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် စိမ့်ထွက်နေပြီး ဒဏ်ရာများ ဗလပွ ဖြစ်လာသည်။ အချိန်တိုအတွင်း ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များနှင့် သွေးအလိမ်းလိမ်း ဖြစ်နေ၏။
သူနှင့် နလန်ရှောင်တို့ ရူးသွပ်နေကြလေသည်။ သို့သော် ခြားနားချက်မှာ နလန်ရှောင်က ပိုရူးသွပ်နေခြင်း ဖြစ်သည်။ ထို့အပြင် သူက ကြောက်လန့် နေရသည်။ ဤလူများသည် မသေနိုင်သူများ ဖြစ်နေသည် မဟုတ်ပါလော။
*ဘာလို့ ဒီလို ဖြစ်ရတာလဲ*
နလန်ရှောင်က သူ့ကို အခါတစ်ရာ ဓားနှင့် ခုတ်သော်လည်း သူ ပြန်၍ အခါငါးဆယ်ကျော် ပြန်တိုက်နိုင်ခဲ့သည်။ ပြဿနာမှာ နလန်ရှောင်က ဘာဒဏ်ရာမှမရှိဘဲ သူသာလျင် အရှုံးကြီး ရှုံးလုနီးပါး ဖြစ်နေ၏။ ဤသည်မှာ အိပ်မက်ဆိုး တစ်ခုပင် ဖြစ်သည်။
သူ သေဆုံးရန် သိပ်မလိုတော့ချေ။ ဤသည်က အိပ်မက်ဆိုး ဖြစ်သော်လည်း အစသာလျင် ရှိသေးသည်။ ပတ်ဝန်းကျင်၌ အော်သံများ ပိုပို၍ ထွက်ပေါ် လာသည်။
ထန်မိသားစု၏ သစ္စာဖောက်များ တစ်ယောက်ပြီးတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် သွေးအိုင်ထဲသို့ လဲကျသွားကြသည်။
…
ကယူးရှူ ကိုးပြည်နယ်တွင်း၌ ပင်လယ်နယ်မြေတစ်ခု ရှိသည်။ ဤနယ်မြေ တွင် စည်းကမ်းမဲ့ခြင်း၊ ကြမ်းကြုတ်၍ ရာဇဝတ်မှု ပေါများသည်။ ယင်းသည် ရာဇဝတ်သားများအတွက် နိဗ္ဗာန်ဘုံ ဖြစ်ပြီး လူသတ်သမားများအတွက် အမဲလိုက်နယ်မြေဖြစ်ကာ မိစ္ဆာများအတွက် စိတ်ကူးယဉ်နယ်မြေ ဖြစ်လေသည်။
ဤနေရာ၌ လူသတ်မှုနှင့် လုယက်ဓားပြတိုက်မှုများက နေရာအနှံ့ ဖြစ်ပွား နေပြီး အလောင်းများက နေရာတိုင်း၌ ရှိနေသည်။ တစ်လောကလုံးမှ အရက်စက်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးသော ရာဇဝတ်သားများက ဤနေရာ၌ အခြေချနေကြသည်။
ဤမင်းမဲ့နယ်မြေသည် ကိုးပြည်နယ်မှ နိုင်ငံများ ခြေမချရဲသည့် နယ်မြေတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေအား ယွိကျဲ့နယ်မြေဟု ခေါ်ဆို သောကြောင့် ဖြစ်လေသည်။
ကိုးပြည်နယ်တွင်း၌ အရက်စက်ဆုံးသော နယ်မြေ ဖြစ်သည်။ ဤနေရာ၌ နေထိုင်သည့် မည်သူမဆို လက်တွင် သွေးမစွန်းဖူးသူဟူ၍ မရှိချေ။
သတ်ဖြတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းက သူတို့အတွက် ထမင်းစား ရေသောက်ပင်။ ပင်လယ်၏ ငါးညှီနံ့အပြင် ဆီချေးစော်နံသော အနံ့လည်း ရှိသည်။
နယ်မြေအဝင်ဝ၌ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်ရပေမည်။ ဆယ်ကီလိုမီတာ ရှည်လျားသော လမ်း၏ တစ်ဖက် တစ်ချက်တွင် သစ်ပင်များစွာ ပေါက်ရောက်လျက် ရှိသည်။ ယင်းသစ်ပင်များတွင် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်များ၏ အလောင်းများကို မြင်တွေ့ရပေမည်။ အလောင်းများက သောင်းချီ၍ ရှိလေသည်။
ထို့နောက် မြို့လယ်ခေါင်တွင် မြို့တော်ခန်းမရှိသည်။ ၎င်းအား လူ့အရိုးများဖြင့် တည်ဆောက်ထားပြီး လူ့အသားအား ကော်အဖြစ် အသုံးပြုထားသည်။ ဆောက်လုပ်ရာတွင် အသုံးပြုသည့် လူ့အရိုးများမှာ တစ်ထောင်ကျော်သော နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များ၏ အရိုးများ ဖြစ်ပေသည်။
ထို့နောက်တွင်မူ ရာချီသော ဘုရင်အဆင့်များ၏ အလောင်းများဖြင့် နန်းတော်သို့ သွားမည့်လမ်းအား ခင်းထားသည်။ သူတော်စင်သခင်အဆင့် ဆယ်နှစ်ယောက်၏ အလောင်းအား နန်းတော်နံရံ၌ လှံဖြင့် ထိုးစိုက်ထားသည်။
တဖြည်းဖြည်း ကြောက်စရာ ကောင်းသထက် ကောင်းလာ၏။ အထဲသို့ ပိုသွားလေလေ ပိုကြောက်စရာ ကောင်းသော မြင်ကွင်းကို မြင်ရလေပင်။ ယင်းက ငရဲခန်းနှင့် မခြားချေ။
ဤနေရာမှ သိုင်းပညာရှင်များသည် ကုန်းပေါ်မှ ငါးသဖွယ် ဆက်ဆံခံရ နိုင်သလို ဝက်များကဲ့သို့လည်း အသတ်ခံ ရနိုင်၏။
ယနေ့ ယွိကျဲ့နယ်မြေတစ်ခုလုံး သုသာန်အလား တိတ်ဆိတ်နေ၏။ လူသတ် ရသည်ကို နှစ်ခြိုက်သော ရာဇဝတ်သားများပင် အပြင်သို့ မထွက်ရဲကြပေ။ ချောင်ကျသော အမှောင်ထဲ၌ ပုန်းနေကြပြီး အသံပင် မထွက်ကြပါ။
အခြေအနေက အလွန် ထူးဆန်းနေ၏။ အကြောင်းမှာ ယနေ့ နန်းတော်ထဲမှ အရှင်သခင် ဒေါသထွက်နေ၍ ဖြစ်လေသည်။
ယွိကျဲ့ နန်းတော်တွင်း၌ ရက်စက်ခက်ထန်သော လူများစွာ ရှိနေ၏။ သူတို့၌ ကြမ်းကြုတ်သော အရှိန်အဝါများရှိပြီး ခန္ဓာကိုယ် ပုံပန်းသွင်ပြင်က မတူညီကြချေ။ ထို့အပြင် အားလုံးက ကြောက်စရာကောင်းလှသည်။
တစ်ချို့တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိကာ အချို့၌ မျောက်များကဲ့သို့ ပါးစပ်များရှိပြီး အချို့တွင် တစ်ကိုယ်လုံး အကြေးခွံများ ရှိသည်။
အရှေ့မှလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းစခြေဆုံး သန်မာသော အရှိန်အဝါ ပျံ့လွင့်နေပြီး နတ်ဘုရင်အဆင့်တစ်ယောက်၏ အရှိန်အဝါကို ထုတ်ဖော်နေ၏။
ထိုသူသည် ဧကရာဇ်သွမ့်မူ၊ မျိုးဆက်တိုင်း၏ နတ်ဆိုးဘုရင်၊ ယွိကျဲ့နယ်မြေ၏ အရှင်သခင် ဖြစ်လေသည်။ သူသည် ကြောက်စရာ အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်းမည်မျှကြာအောင် ရှင်သန် နေထိုင်ခဲ့သလဲ မသိပေ။ ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ပျောက်ကွယ်မသွားဘဲ သူ အသက်ရှင်ခဲ့သည်။
ယနေ့ခေတ်တွင် သူသည် လူလတ်ပိုင်းအရွယ် အသွင်အပြင် ယူထားပြီး သူမတူသော ကိုယ်ဟန်နှင့် အရှိန်အဝါ ရှိကာ သူ့တစ်ကိုယ်လုံး တာအိုစွမ်းအင်များ စီးဆင်းနေ၏။
“သူ့နာမည်က ဘာလို့ မင်း ပြောလိုက်တာလဲ”
ထိုအချိန်တွင် ဧကရာဇ်သွမ့်မူက လူသတ်ချင်သော အနေအထားဖြင့် မေးလာသည်။
“ဧကရာဇ်ကို ပြန်လျှောက်ပါတယ်၊ အဲ့ကောင်လေးကို ယဲ့ဘုရင်လို့ ခေါ်ပါတယ်”
“ယဲ့ဘုရင် ဟုတ်လား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ နိုင်ငံငယ်လေး တစ်ခုရဲ့ သိုင်းပညာရှင်တစ်ယောက်က ငါ့မြစ်ကို သတ်ရဲတယ်ပေါ့လေ၊ သိပ်တော်တယ်”
သူ့အရှေ့မှ လူတစ်စုသည်လည်း အံကြိတ်နေပြီး မျက်လုံးတွင် မုန်းတီး စိတ်များနှင့် ပြည့်နှက်နေ၏။ ထိုသူများထဲတွင် တချို့သည် သွမ့်မူယန်၏ အဖေ ဖြစ်ပြီး သွမ့်မူယန်၏ အဘိုးလည်း ရှိသည်။
သွမ့်မူယန်၏ သေဆုံးမှုကို သိရှိပြီးနောက် သူတို့ အလွန်အမင်း ဒေါသထွက် နေကြသည်။ သွမ့်မူယန်၏ ဖခင်ဖြစ်သူသည် မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နေပြီး အမူအရာက ကြောက်မက်ဖွယ်ကောင်းလှသည်။
“အခုချိန်ကစပြီး စစ်သည်တွေကို တောင်ဘက်ကို ချီတက်ခိုင်းပြီး ကျုံးကျိုး အင်ပါယာထဲ ကျူးကျော်ခိုင်းလိုက်၊ ငါ့မြစ်အတွက် တစ်နိုင်ငံလုံးကို မြေမြှုပ်ခံ ရတာကို လိုချင်တယ်”
ဧကရာဇ်သွမ့်မူ ကြုံးဝါးလိုက်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။ ပင်လယ်ပြင်တစ်ခုလုံး လှိုင်းထန်သွားပြီး သက်ရှိများနှင့် ဝိညာဉ်များအားလုံး ကြောက်လန့်သွားကြပြီး ကောင်းကင်ဘုံက ပြစ်ဒဏ်ချ လာသည်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။
“ဘာမဟုတ်တဲ့ နိုင်ငံငယ်လေးက ယွိကျဲ့နယ်မြေက ငါ့ကို စိန်ခေါ်ရဲတယ်လား၊ သေချင်နေတာပဲ”
“ယဲ့ဘုရင် ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်”
“တစ်မြို့လုံးနီးနီး အသတ်ခံရတာပြီးတာ တော်တော်ကြာနေပြီပဲ၊ ကျုံးကျိုး အင်ပါယာက ပုရွက်ဆိတ်တွေက ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
ယွိကျဲ့နယ်မြေမှ လူများအားလုံး အန္တရာယ်များ၍ ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလာကြပြီး ကျုံးကျိုး အင်ပါယာတစ်ခုလုံး ငရဲခန်းလို ဖြစ်သွားမည့်အဖြစ်ကို မျှော်လင့်နေကြသည်။
…
ထိုစဉ် ဖျင်အန်းမြို့တွင် ကမ္ဘာပျက်နေကြသည်။ နေရာတိုင်း၌ အပျက်အစီး များဖြင့် ပြည့်နှက်နေ၏။ တောင်ဘီလူးများသည် ဤနေရာ၌ အချိန်အတော် ကြာအောင် သောင်းကျန်းနေသဖြင့် ဖျင်အန်းတစ်မြို့လုံး စိစိညက်ညက် ကြေနေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် အကောင်းပကတိရှိသော အဆောက်အဦဟူ၍ မရှိချေ။ မီးခိုးများ တလူလူ ထနေပြီး သွေးများက ချောင်းစီးနေသည်။
ဤတောင်ဘီလူးများသည် မြို့ထဲမှ အပြစ်မရှိသော လူများအား စိတ်ရှိသလို သတ်နေကြသည်။ ခြေထောက်ဖြင့်လည်း နင်းချေကြကာ ဓားနှင့်လည်း လှီးကြလေသည်။ သူတို့အား မိသားစုဝင်များရှေ့၌ အတင်းသတ်ပြကြသည်။
ဖျင်အန်းတစ်မြို့လုံး ငရဲခန်းသဖွယ် ဖြစ်နေ၏။ ဤတောင်ဘီလူးများတွင် လူ့သဘာဝဟူ၍ တစ်စက်ကလေးမျှ မရှိဘဲ လူဟုပင် မဆိုနိုင်ပါ။
သူတို့သည် တစ်နှစ်ပတ်လုံး တောတောင်များ၌သာ နေထိုင်ခဲ့ကြသည်။ သူတို့၌ လူ့ယဉ်ကျေးမှု မရှိသလို တစ်ခါမှ သင်ယူခြင်း မရှိခဲ့ချေ။ သူတို့ကိုယ်သူတို့ ဘာမှန်းတောင် သူတို့ မသိကြပေ။
သို့သော် ပထမဆုံးအကြိမ် ဤလောကကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ရ ပြီးနောက် မွေးရာပါ အရိုင်းဆန်စိတ်က သူတို့ကို ရူးမတတ် ဖြစ်သွားစေသည်။ ထို့ကြောင့် သူတို့မျက်လုံးထဲ လှုပ်လှုပ်ရွရွ ဖြစ်သွားသည့် သက်ရှိတိုင်းကို သူတို့ သတ်ကြသည်။
လက်ရှိတွင် ဖျင်အန်းမြို့၏ မြို့သူမြို့သားများအား တစ်နေရာတည်း၌ ဖမ်းချုပ် ထားသည်။ ထောင်ချီသော လူများကို အကျဉ်းစခန်းထဲ၌ သိုလှောင် ထားလေသည်။
သူတို့က နေ့တိုင်း ဤလူများကို ခွဲထမ်းချကာ အပြစ်မဲ့သော လူများကို ကြော်လိုက်၊ ချက်စားလိုက်ဖြင့် နည်းအမျိုးမျိုး သတ်စားကြသည်။
တောင်ဘီလူးတစ်ကောင်ချင်းစီက နေ့တိုင်း လူတစ်ရာကျော် စားကြသည်။ အကယ်၍ ယဲ့ဖန် တစ်နေ့အတွင်း ပေါ်မလာလျင် သူတို့က ဤလူများကို သတ်စားကြပေမည်။
“ယဲ့ဘုရင် ကူညီပါဦး၊ အရှင် ယဲ့ဘုရင်”
ဤမြို့သူမြို့သားများသည် အကျဉ်းခန်းထဲ၌ ကြောက်ကြောက်လန့်လန့် နေနေရပြီး နေ့ရောညပါ ဆုတောင်းနေ ကြရသည်။ သူတို့ ဖျင်အန်းမြို့၏ ကယ်တင်ရှင်က သူတို့ကို ဤဒုက္ခထဲမှ ကယ်တင်ပါစေဟု ဆုတောင်း ကြသည်။
“ဆူညံနေတာပဲ”
ထိုစဉ် မျက်လုံးတစ်လုံး တောင်ဘီလူးတစ်ကောင်က ဒေါသထွက်လာပြီး အောက်ဘက်မှ လူများကို ရိုက်သတ်လေသည်။
“ဖြောင်း”
ထိုလူတစ်ချို့သည် သွေးစုပ်နေသော ခြင်များသဖွယ် အရိုက်ခံလိုက်ရပြီး သွေးများ ပန်းထွက်ကာ သေဆုံး သွားကြသည်။
“အား”
ဤသည်ကိုမြင်သော် လူတိုင်း ဆောက်တည်ရာမရ အော်ဟစ်လိုက်မိပြီး မျက်နှာတွင် မသက်မသာဖြစ်ဟန်နှင့် ကြောက်လန့်ဟန်များ ပေါ်လွင်နေသည်။ သွေးထွက်သံယိုများ၍ ရက်စက်လွန်းလှသည်။
ဤတောင်ဘီလူးများ၏ မျက်လုံးထဲတွင် သူတို့က လူမဟုတ်သလို ခြံမွေးတိရစ္ဆာန်ပင် မဟုတ်ကြောင်း သူတို့ သိပါသည်။ သူတို့အား ပုရွက်ဆိတ် သဖွယ် သဘောထားပြီး သူတို့ အချိန်မရွေး နင်းချေသတ် ရနိုင်သည်ဟု မှတ်ယူထားကြသည်။
သူတို့၏ သနားကြင်နာမှုကို နိုးထလာအောင် ကြိုးစားရန် မဖြစ်နိုင်ပါ။ ကလေးငယ်တစ်ချို့က ငိုကြွေးစပြုလာ၏။
“မင်းက ငိုရဲတယ်လား”
မျက်လုံးတစ်ဖက် တောင်ဘီလူးက လှောင်ရယ်၍ ချက်ချင်း ကောင်လေး တစ်ယောက်ကို ကောက်ယူလေသည်။
“မလုပ်ပါနဲ့”
ဤသည်ကိုမြင်သော် ထိုကောင်လေး၏ မိခင်ဖြစ်သူ အလွန် ကြောက်လန့်စွာ အော်လိုက်မိသည်။ သူမနှလုံးသား တစ်ခုလုံး ဗလာဖြစ်သွားသလို ခံစားလိုက် ရသည်။
“ခင်ဗျား ကျုပ်ကို သတ်ပါ၊ ကျုပ်သားကို မထိပါနဲ့၊ ခင်ဗျား သတ်ချင်ရင် ကျုပ်ကိုသာ သတ်လိုက်ပါ”
ထိုကောင်လေး၏ ဖခင်က ပြေးထွက်လာပြီး ပြတ်သားသော မျက်နှာနှင့် သူ့ရင်ဘတ်သူ တဘုန်းဘုန်းထုကာ ပြောလေသည်။
သို့သော် သူ့တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေသည်။ သူသည်လည်း အလွန်အမင်း ကြောက်ရွံ့နေကြောင်း သိသာပါသည်။ ဖခင်တစ်ယောက်၏ တာဝန်သိစိတ်နှင့် ယောက်ျားတစ်ယောက်၏ ပင်ကို တာဝန်ယူ တတ်စိတ် တို့က သူ့အား ကြောက်စိတ်ကို ကျော်လွှား၍ ရှေ့ထွက်ရဲစေခဲ့သည်။ သူ့ကလေးဖြစ်သူအတွက် သူ သေရဲပါ၏။
“အဖေ သားကို ကယ်ပါဦး၊ သား မသေချင်ဘူး”
ထိုကောင်လေးက ကြောက်လန့်လွန်းသဖြင့် ငိုယိုကာ မျက်ရည်လည်ရွဲ ဖြစ်နေသည်။ လူတိုင်း ဤမြင်ကွင်းကို ကြည့်ပြီး မခံစားနိုင်ကြချေ။
ကလေးရှိသော မိဘများက သူတို့ကလေး၏ ပါးစပ်ကို အလျင်အမြန် အုပ်ကာ ငိုယိုခြင်းအား တားဆီးကြသည်။ သို့မဟုတ်ပါက နောက်ထပ် ခံရမည့် ကလေးက သူတို့ကလေးများ ဖြစ်လာနိုင်ပေသည်။
“သူ့ကို ကယ်ချင်လား၊ ရတယ် ဒါဆို မင်း သူ့ကို သတ်လိုက်”
မျက်လုံးတစ်ဖက် တောင်ဘီလူးက ထိုလူ၏ မိန်းမကို လက်ညှိုးထိုး၍ ထီမထင်ဟန် ပြုံးလိုက်သည်။ ထိုအမျိုးသား ကြက်သေ သေသွားရသည်။
*ဒီမကောင်းဆိုးဝါးက ငါ့ကို ငါ့သားရှေ့မှာ သူ့အမေကို သတ်ခိုင်းနေတာလား*
လူတိုင်း မှင်တက်သွားကြသည်။
*ရက်စက်လိုက်တာ၊ လူမဆန်လွန်းလိုက်တာ*
“ဟင့်အင်း ငါ မလုပ်နိုင်ဘူး”
ထိုအမျိုးသားက ခေါင်းခါလေသည်။ သူမသည် သူ၏ ဇနီးသည် ဖြစ်သည်။ ထို့အပြင် သူ့သားရှေ့၌ သူ ဤသို့သော လုပ်ရပ်ကို မည်သို့ လုပ်နိုင်ပါမည်နည်း။
“မင်း မလုပ်နိုင်ရင် ငါ မင်းရဲ့သားကို သတ်မယ်”
မျက်လုံးတစ်ဖက် တောင်ဘီလူးက အေးစက်စွာ ခနဲ့၍ သူ့လက်ကို အားအနည်းငယ်ထည့်၍ ဖျစ်လိုက်သည်။ ကောင်လေးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“နာတယ် နာတယ်၊ အဖေနဲ့ အမေ ကယ်ပါဦး”
“လီဆုန်း လုပ်ပါ၊ ကျွန်မ သေရမှာကို မကြောက်ဘူး”
ကလေး၏ မိခင်က ယောက်ျားဖြစ်သူကို အော်ပြောလေသည်။ အမျိုးသမီး များက အားနည်းသော်လည်း မိခင်တိုင်းသည် သန်မာသူများ ဖြစ်ပေ၏။ လက်ရှိတွင် သူမသားအတွက် သူမအသက်ကို သူမ စဝေးဝံ့ပါသည်။
“မင်း အဲ့လိုပြောတယ်ဆိုပင်မယ့် ငါ …”
ထိုအမျိုးသား၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ သူ့ကိုယ်သူ အသုံးမကျသော အမှိုက်ကောင် ဖြစ်နေသည့်အတွက် အပြစ်တင်မိသည်။ ယဲ့ဘုရင်ကဲ့သို့ သူ မသန်မာသည့်အတွက် ရှက်မိသည်။ ထိုသို့ မသန်မာသဖြင့် သူ့ဇနီးနှင့် ကလေးကို မကာကွယ်နိုင်ခဲ့ပါ။
ဇနီးဖြစ်သူသည် သူ၏ ငယ်ချစ်ဦး ဖြစ်ပြီး နှစ်ယောက်သား ချစ်ကျွမ်းဝင်၍ လက်ထပ်ပြီးကတည်းက ယခုအချိန်အထိ တစ်ဦးကိုတစ်ဦး ချစ်ခင် မြတ်နိုးဆဲပင်။ သူ့ဇနီးကို သူ့လက်ဖြင့် သတ်ခိုင်းနေခြင်းအား သူ မည်သို့ လုပ်နိုင်ပါမည်နည်း။ နှလုံးသားအား ဓားနှင့် မွှေ့ယမ်းလိုက်သလို ခံစားနေရသည်။ လက်ရှိတွင် သူ ကူကယ်ရာမဲ့ကာ ကြံရာမရ ဖြစ်နေ၏။
“လီဆုန်း ရှင် ကျွန်မကို မသတ်ရင် ရှောင်ပေါင်လေး သေသွားလိမ့်မယ်၊ သူ့အသက်ကို ရှင် ဂရုမစိုက် တော့ဘူးလား”
ဇနီးသည် စိတ်တိုလာပြီး အော်ဟစ်လေတော့သည်။ လီဆုန်း ထိတ်လန့် သွားပြီး မလှမ်းမကမ်းမှ နာကျင်နေသော သားဖြစ်သူကို လှမ်းကြည့် လိုက်မိသည်။
*ဘာလို့လဲ၊ ဘာလို့ ငါ ဒီလို အဖြစ်မျိုးနဲ့ ကြုံရတာလဲ*
မူလက သူတို့မိသားစုဝင် သုံးယောက်၏ ဘဝသည် ပျော်ရွှင်စရာ အတိ ဖြစ်ခဲ့သည်။ ဇနီးဖြစ်သူ မိန်မိန်က အိမ်ထောင်ရှင်မကောင်းတစ်ဦး ဖြစ်ကာ သားဖြစ်သူက လိမ္မာပြီး သူ့တွင်လည်း အလုပ်အကိုင်ကောင်းကောင်း ရှိသည်။ ထိုသို့ တစ်သက်လုံး ဖြစ်နေသင့်သော်လည်း အဘယ်ကြောင့် သူက ယခုကဲ့သို့ ဖြစ်ရပ်နှင့် ကြုံနေရသနည်း။
“လီဆုန်း လုပ်လိုက်ပါ၊ ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး၊ ဒါ ကျွန်မကံပဲလေ၊ ကျွန်မ လက်ခံပါတယ်”
အမျိုးသမီးက သူမခင်ပွန်းသည်ကို နူးညံ့စွာ ကြည့်နေသည်။ လီဆုန်း ငိုယိုနေပြီး နာကျင်စွာ ခေါင်းခါနေမိသည်။ သူ လက်မခံနိုင်ပါ။
ထိုစဉ် အမျိုးသမိးက မြေကြီးပေါ်မှ ချွန်ထက်သော ဖန်ကွဲစကို ကောက်ယူ လိုက်သည်။ ဤသည်ကိုမြင်သော် လီဆုန်း ချောက်ချားသွားသည်။
“ယွင်အာ မင်း ဘာလုပ်မလို့လဲ၊ လျှောက်မလုပ်နဲ့”