တောင်ဘီလူးနတ်ဘုရား ပြန်လာပြီ
Vol. 95 Ch. 1425
အခြားသူများအား သူတို့ ဆက်ဆံသော နည်းလမ်းဖြင့်သာ ပြန်တုံ့ပြန်ခြင်း။ သူတို့က လူကို စားလျင် ယဲ့ဖန်က လူအများအား သူတို့ကို ပြန်စားစေမည် ဖြစ်သည်။
လီဆုန်းက တောင်ဘီလူးဘုရင်၏ လက်ပြတ်ကို အားပါးတရ စားနေသည်ကို ကြည့်ပြီး တောင်ဘီလူးများသည် သူတို့၏ ကံကြမ္မာကို ကြိုမြင်သွားကာ ကြက်သီးမွေးညင်း ထလာကြသည်။ သူတို့အားလုံး ကြောက်လန့်၍ တစ်ကိုယ်လုံး တုန်ယင်လာ၏။
တောင်ဘီလူးဘုရင်သည်လည်း ဤသည်ကိုမြင်ပြီး ကျောချမ်းလာသည်။ သူသည်သာလျင် လူကို စားခဲ့သူ ဖြစ်ပြီး ယခု သူက ပြန်အစားခံနေရသဖြင့် သူ မည်မျှ ဒေါသထွက်နေသလဲ မှန်းကြည့်နိုင်ပေသည်။
ကြောက်စိတ်အပြင် ပြင်းထန်သော ကြောက်ရွံစိတ်လည်း ရှိနေ၏။ ယဲ့ဖန်ထံ၌ ရှုံးသွားလျင် ဖြစ်လာမည့် ရလဒ်အား ခန့်မှန်းနိုင်လောက်သည်။
“ဂျွတ်”
လီဆုန်း၏ ပါးစပ်ထောင့်မှ ရဲရဲနီသော သွေးများ ဆက်တိုက် စီးကျနေ၏။ ထို့အတူ ကြောက်စရာကောင်းသည့် ဝါးစားနေသော အသံက တောင်ဘီလူး များအား ရူးသွပ်သွားစေပြီး ပို၍ တုန်လှုပ်လာစေသည်။
သူတို့၏ဘုရင်က သူတို့၏ မျက်စိရှေ့၌ အစိမ်းသက်သက် အစားခံရနေရသည် မဟုတ်ပါလော။ မယုံနိုင်စရာ ကောင်းလှသည်။
လီဆုန်းသည် လက်ကို လျင်မြန်စွာ စားလိုက်ပြီးနောက် ပါးစပ်ထောင့်၌ သွေးများ ပေကျံနေကာ မျက်လုံးတွင် နတ်ဆိုးဆန်သော အရိပ်အယောင်များ ပြည့်နှက်နေပြီး ကျောချမ်းဖွယ်ကောင်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“ထပ်ရှိသေးလား”
ထိုစကားကိုကြားသော် လူတိုင်း ကြက်သေ သေသွားကြသည်။ လူတစ်ယောက်က နတ်ဆိုး၏ လမ်းညွှန်မှု အောက်၌ အမှောင်ထုထဲ တိုးဝင် သွားသည်ကို သူတို့ မြင်လိုက်ရသည်။
“ဟားဟား”
ယဲ့ဖန် ရယ်လိုက်ပြီးနောက် သူ၏ စွမ်းအင်က တစ်ဟုန်ထိုး တက်လာသည်။ နတ္ထိအဆင့်နယ်မြေက ရှုပ်ထွေး ဆန်းကြယ်လှသည်။ ၎င်းသည် ဤလောက၏ အကန့်အသတ် အားလုံးကို ချိုးဖောက်ပြီး သွေးက ရှေးဟောင်း ဂြိုဟ်သက်တမ်းအဖြစ် ပြောင်းလဲသွားပြီး စကြဝဠာတစ်ခုကို ဖန်တီးနိုင်သည်။
သူ့ခြေထောက်အောက်၌ စကြဝဠာ အပိုင်းအစတစ်ခု ပေါ်လာပြီး သူသည် တာအိုသဘောတရားအား နင်းချေထားလေသည်။ ထို့နောက် အနက်ရောင် အငွေ့များက နတ်ဆိုးများ ထွက်ပေါ်လာသကဲ့သို့ ပေါ်ထွက်လာ၏။
“ဝုန်း”
ထိတ်လန့်ဖွယ် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ စွမ်းအင်လှိုင်း ပျံ့နှံ့လာသည်။ နတ်ဆိုး စွမ်းအင်လှိုင်း ပျံ့လွင့်လာသောအခါ တစ်လောကလုံး ပျက်စီးလာတော့မည်ဟု ထင်မှတ်ရသည်။
တောင်ဘီလူးများသည် အဆုံးမရှိသော ချောက်နက်ထဲ ပြုတ်ကျသွားသည်ဟု ခံစားလိုက်ရသည်။ သူတို့ ကျောချမ်းလာပြီး အေးစက်ကာ ခိုက်ခိုက်တုန် လာ၏။ သူတို့မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာသည်။
“သူတို့ကိုသတ်”
ယဲ့ဘုရင်သည် သူတို့အား လက်ညှိုးထိုး၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုစကားကို ကြားသော် လူအများက ပထမ၌ မှင်တက်နေသေးသည်။ ထို့နောက် သူတို့မျက်နှာတွင် နာကျည်း မုန်းတီးဟန်များ ပေါ်လာလေသည်။
ထို့နောက် ညာသံပေး၍ ထိုတောင်ဘီလူးများကို သတ်ဖြတ်ရန် ပြေးတက် လာကြသည်။ တစ်ယောက်ပြီး တစ်ယောက် ပြုံတိုး၍ တက်လာနေသည်။
ပုရွက်ဆိတ်များသဖွယ် ပြေးတက်လာသည်ကို မြင်ပြီး တောင်ဘီလူး များအားလုံး ကြောက်လန့်သွားကြသည်။ သူတို့ ရုန်းကန်ချင်သော်လည်း လုံးဝ လှုပ်မရကြောင်း သိလိုက်ရသည်။
သူတို့ ခန္ဓာကိုယ်သည် တဆစ်ဆစ် ကိုက်ခဲလာပြီး များစွာသော လက်နက် များက သူတို့၏ ခန္ဓာကိုယ်တွင်းသို့ စိုက်ဝင်နေသည်။ လက်နက်မရှိသော လူများကမူ သူတို့၏ သွားများကို သုံး၍ တောင်ဘီလူးများ၏ ခန္ဓာကိုယ်ကို ကိုက်ဖဲ့လေသည်။
ဤလူများ သွက်သွက်ခါအောင် ရူးနေကြသည်။ ဤရက်များအတွင်း သူတို့သည် ဤတောင်ဘီလူးများ၏ နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့သဖြင့် ယခုမှ ခံစားခဲ့ရသမျှကို ဖွင့်ထုတ်နေသည်။ အမုန်းတရားများအားလုံးက တားဆီးမရ တော့ဘဲ သတ်ဖြတ်ချင်စိတ်က တစထက်တစ တိုးပွားလာသည်။
“အား...”
တောင်ဘီလူးများ နာကျင်စွာ အော်ဟစ်လာကြသည်။ ပုရွက်ဆိတ်က ဆင်ကို မတားနိုင်ပါ။ သို့သော် ဤလူများက ပုရွက်ဆိတ်များ မဟုတ်ဘဲ အသားစား ငါးများ ဖြစ်နေလေသည်။
တစ်ခဏကြာသော် ပြိုင်ဘက်ကင်းသော စစ်သူကြီးများ ခေါင်းပေါက်ကာ နှလုံး ဖောက်ထွက်သွားပြီး တစ်ကိုယ်လုံး၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက် လာ၏။ သူတို့ အထင်သေးသော ပုရွက်ဆိတ်များထံ၌ သူတို့ တစ်စစီ စုတ်ဖြဲခံနေရသည်။
ပြိုင်ဘက်ကင်း စစ်သူကြီး သေဆုံးသွားလေသည်။ ဤမြင်ကွင်းက တောင်ဘီလူးအားလုံးကို ကြောက်လန့် သွားစေသည်။ မျက်လုံးအိမ် တုန်နေပြီး ကြောက်စိတ်များ စိုးမိုးနေကြသည်။
သို့သော် ဤသည်မှာ အစပင် ရှိသေးသည်။ ဤလူများ သူတို့အပေါ် မည်မျှ မုန်းတီးနေကြောင်း တောင်ဘီလူးများ ခန့်မှန်းမရနိုင်ချေ။
သူတို့သည် ဤလူများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများကို သတ်ကာ အိမ်ကို ဖျက်ဆီး၍ သူတို့ကို အစားအသောက်သဖွယ် စား၍ နည်းမျိုးစုံဖြင့် အရှက်ခွဲခဲ့သည်။ ထို့ကြောင့် ဤလူများက သူတို့နည်းကိုသုံး၍ သူတို့ကို ပြန်လက်တုံ့ပြန်နေ၏။ သို့သော် သူတို့၏ အပြုအမူက တောင်ဘီလူးများကို ရူးသွားစေသည်။
*ငါတို့က ဒီပုရွက်ဆိတ်တွေ စားတာကို ခံရမှာကိုး၊ ငါတို့က ဘယ်လိုလုပ် ဒါကို လက်ခံနိုင်မှာလဲ*
“ဂျွိ ဂျွိ”
သို့သော် ဤလူများက မျက်လုံးများ နီရဲနေပြီး အငမ်းမရ ကိုက်ဖြတ်နေသည်။ တောင်ဘီလူးများ မြေကြီးပေါ် လဲကျသွားသည်။ အလောင်းမှ သွေးများ စိမ့်ထွက်လာ၏။
သူ၏ လက်အောက်ငယ်သားများ လျင်မြန်စွာ ကိုက်ဖြတ်ခံနေရသည်ကို မြင်ရသောအခါ တောင်ဘီလူး ဘုရင်လည်း တုန်လှုပ်သွားရသည်။
ဤနေရာသည် သူတို့ တောင်ဘီလူးများ၏ သင်္ချိုင်းမြေ ဖြစ်လာပေတော့မည်။ သူတို့ သေရလေပြီ။ ဤသရဲတစ္ဆေနယ်မြေသို့ သူ ရောက်လာပြီး ဤမိစ္ဆာကောင်နှင့် ဆုံရသည်ကို နောင်တရလာသည်။
“ဒေါက် ဒေါက် ဒေါက်”
ယဲ့ဖန် ဆက်လက်၍ လျှောက်လှမ်းလာသည်။ သို့သော် ထိုသို့ လျှောက်လာ နေစဉ်အတွင်း တောင်များ တုန်ခါ၍ နေ၊လနှင့် ကြယ်တာရာသို့ ပျက်စီး တော့မည်ဟု ထင်မှတ်မှားရသည်။ ယဲ့ဖန်သည် ဆက်တိုက် စွမ်းအင်များ ထုတ်လွှတ်၍ ဖိနှိပ်နေသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုစဉ် ယဲ့ဖန် လှုပ်ရှားလာပြီး လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ထိုလက်ချောင်းမှ အလင်းတန်း ထွက်ပေါ်လာပြီး တောင်ဘီလူးဘုရင်ထံသို့ ထိုးဖောက်သွားသည်။
“အား...”
အလင်းတန်းများ ဆက်တိုက် ထိုးဖောက်လာသောကြောင့် မကြာခင်မှာပင် သူ့ကိုယ်၌ ဒဏ်ရာဗလပွ ဖြစ်လာလေသည်။
သူ၏ အရေပြား လန်ထွက်နေပြီး အရိုးများ ကျိုးကြေလာသည်။ သူ့တစ်ကိုယ်လုံး ပျက်စီးနေသော သဲအိတ် သဖွယ် စုတ်ပြတ်သပ်နေ၏။
“မျိုးမစစ်ကောင် မင်း ငါ့ကို ဖိအားပေးတာ၊ မင်းတို့အားလုံး သေသင့်တယ်”
ရုတ်တရက် တောင်ဘီလူးဘုရင် ဒေါပွလာပြီး တစ်ကိုယ်လုံးမှ လူသတ် လိုသော အငွေ့အသက်က ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် ထွက်ပေါ် လာသည်။ ပြင်းထန်သော လူသတ်လိုစိတ်က ဒီရေအလား တိုးပွားလာ နေသည်။
ထို့နောက် သူသည် လျှာကို အနည်းငယ်ကိုက်၍ လက်ပေါ် သွေးထွေး ထုတ်လိုက်ပြီး အစီအရင်တစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်သည်။
“ဘုန်း”
ထို့နောက် ထိုလက်ဖြင့် မြေကြီးကို ရိုက်ချလိုက်သည်။ တောင်ဘီလူးဘုရင်က ခက်ထန်သော မျက်လုံးများဖြင့် ကြုံးဝါးလိုက်လေသည်။
“ကျုပ်ရဲ့သွေးနဲ့ နတ်ဆိုးကို ပူဇော်ပါတယ်၊ ကျုပ်ရဲ့ ဝိညာဉ်နဲ့ ဘိုးဘေးတွေကို ဆင့်ခေါ်ပါတယ်”
“ဘိုးဘေး အမျက်ဒေါသ”
ရုတ်တရက် မြေဆီလွှာ တုန်ခါလာပြီး အလွန် ရှေးကျသော အငွေ့အသက် တစ်ခု ပျံ့လွင့်လာသည်။ ရှေးဟောင်း သားရဲတစ်ကောင် နိုးထလာသည်ဟုပင် ထင်မှတ်မှားရသည်။ ရှေးကျ၍ နတ်ဆိုးဆန်လှသည်။
“ဒါ ဘာလဲ၊ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအား ရှိနေရတာလဲ”
တိုက်ပွဲကို ကြည့်နေသော သိုင်းပညာရှင်များ ရုတ်တရက် တုန်လှုပ်လာသည်။ သူတော်စင်သခင် အဆင့်များ တောင်မှ စိတ်မသက်မသာ ဖြစ်နေကြသည်။
*ဒီလို ရှေးကျတဲ့ အရှိန်အဝါက ဘာလို့ ထွက်လာတာလဲ*
၎င်းက နှစ်သန်းချီ၍ အသက်ရှင်နေခဲ့ပုံရပြီး အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။
“ဘိုးဘေး ရောက်လာပြီ”
ကြုံးဝါးသံနှင့်အတူ ကောင်းကင်က အရောင်ပြောင်းသွားသည်။ နတ်ဆိုး နတ်ဘုရား ပြန်နိုးထလာသကဲ့သို့ ဖိနှိပ်နိုင်သည့် အရှိန်အဝါတစ်ခု ပျံ့လွင့်လာ လေသည်။
တောင်ဘီလူးများကို စားနေသည့်လူများ အစားရပ်ကာ ဇဝေဇဝါ အမူအရာဖြင့် ထိုနေရာသို့ လှမ်းကြည့်ကာ မျက်ခုံး လှုပ်လာကြသည်။
လက်ရှိတွင် သူတို့သည် အလွန် ပြင်းထန်သော ဖိအားကို ခံစားမိလာပြီး သူတို့စိတ်ထဲ၌ မကောင်းသော အရာတစ်ခု ဖြစ်လာတော့မည်ဟု ခံစားရကာ စိတ်မသက်မသာ ဖြစ်လာလေသည်။
သိုင်းပညာရှင်များ အလိုလို နောက်ဆုတ်လိုက်ပြီး ကောင်းကင်ယံ၌ ဖြစ်ပေါ်လာသော တိမ်တိုက်များအား သွေးပျက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ နတ်ဆိုးတစ်ကောင် နိုးထလာတော့မည်ဟု လူတိုင်း ခံစားမိနေသည်။
ရုတ်တရက် တိမ်တိုက်များက တဖြည်းဖြည်း ကျစ်လျစ်လာပြီး လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်၌ ပုံပန်းသဏ္ဌာန် ပေါ်လာသည်။
“သောက်ချီး အဲ့ဒါ ဘာကြီးလဲ”
သူတော်စင်သခင်အဆင့် တစ်ယောက်၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွားပြီး တိမ်တိုက်အား မယုံနိုင်သလို ကြည့်နေသည်။ သူ့စိတ်ထဲ၌ ကပ်ဆိုးတစ်ခု ဖြစ်လာတော့မည်ဟု ခံစားမိနေ၏။ နိုးထလာသည့် တစ်စုံတစ်ရာက လောကအား ဖျက်ဆီးရန် မွေးဖွားလာသည်ဟု ထင်မှတ်မှား ရသည်။ ကြောက်စရာ ကောင်းလှပေသည်။
ထိုအခိုက်တွင် တောင်ဘီလူးများက ဝမ်းသာဟန် ပြလာပြီး အားပါးတရ အော်ရယ်ကြသည်။
“ပုရွက်ဆိတ်တွေ မင်းတို့ သေပြီ၊ မင်းတို့ သေပြီသာမှတ်”
“ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးတွေ နိုးထလာတော့မယ်၊ ကျုံးကျိုး အင်ပါယာ တစ်ခုလုံး ပြာကျတော့မယ်၊ မင်းတို့အားလုံး သေရတော့မယ်ကွ”
“ပုရွက်ဆိတ်ကောင်တွေ၊ မင်းတို့ ငါတို့ကို မလေးမစား လုပ်ရဲတယ်မလား၊ ခဏနေရင် ငါ မင်းတို့ကို တစ်စစီ စုတ်ဖြဲပစ်မယ်”
ထိုစကားကိုကြားသော် လူတိုင်း မျက်နှာပြာနှမ်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရှိန်အဝါက မည်မျှ ကြောက်စရာ ကောင်းကြောင်း သူတို့လည်း ခံစားမိနေသောကြောင့် ဖြစ်သည်။ ဤသည်က သူတို့ကို ကြက်သီးတဖြန်းဖြန်း ထစေပြီး လည်ပင်းအညှစ်ခံထားရသကဲ့သို့ ခံစားရစေသည်။
သူတို့ စိတ်ဓာတ်ကျကာ အသက်မရှူနိုင်ကြချေ။
ယဲ့ဖန်တောင်မှ မျက်မှောင်မကြုတ်ဘဲ မနေနိုင် ဖြစ်နေပြီး ကောင်းကင်အား ပဟေဠိ ဖြစ်နေသောပုံနှင့် မော့ကြည့်နေ၏။ ဤလောက၌ ထိုသို့ရှေးကျသော တည်ရှိမှုမျိုး ရှိနေသေးလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ဘိုးဘေးတို့ကို လောကကနေ ပြန်လည် ကြိုဆိုပါတယ်”
ရုတ်တရက် တောင်ဘီလူးဘုရင်နှင့် တောင်ဘီလူးများက ကျယ်လောင်စွာ နှုတ်ဆက်ကြသည်။ ထိုအသံက မိုးကြိုးပစ်ချသံအလား ကျယ်လောင် လှသည်။
“ဘိုးဘေးလား၊ ဧကန္တ တောင်ဘီလူးတွေရဲ့ လျှို့ဝှက်ဒဏ္ဍာရီထဲက အရာများလား”
ရုတ်တရက် သူတော်စင်သခင်အဆင့်တစ်ယောက်က တစ်စုံတစ်ရာကို သတိပြု မိသွားပြီး အလန့်တကြား ထအော်လာသည်။
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလေ၊ အဲ့ဒါက ဒဏ္ဍာရီသက်သက်ပဲကို၊ ဘယ်လိုလုပ် အမှန် ဖြစ်နိုင်မှာလဲ၊ မှန်နေခဲ့ရင် ကျုံးကျိုး အင်ပါယာ မပြောနဲ့ တစ်လော ကလုံး ပျက်စီးကိန်း ဆိုက်လိမ့်မယ်”
အခြားသော ဘုရင်အဆင့်များ တစ်ကိုယ်လုံး တုန်ယင်နေပြီး ကြံရာမရ ဖြစ်နေကြသည်။ လက်ရှိတွင် အားလုံးနီးပါးက ဘိုးဘေးက ဘယ်သူလဲ ဆိုသည်ကို ခန့်မှန်းမိသွားပုံရသဖြင့် ကြက်သီးထနေကြလေသည်။
ထိုအရာသည် တစ်လောကလုံးကို ဖျက်ဆီးနိုင်သည့် ကပ်ဘေးတစ်ခု ဖြစ်ပေသည်။ လွန်လေပြီးသော နှစ်ပေါင်းများစွာက ဤလောကသည် ပျက်စီးလုနီးနီး ဖြစ်ခဲ့သည်။ မရေတွက်နိုင်သော ပုဂ္ဂိုလ်များ ပုန်းကွယ်နေရာမှ ထွက်လာသော်ငြားလည်း ထိုအရာကို အနိုင်မယူနိုင်ခဲ့ပေ။
သူတို့အားလုံး ထိုတားမြစ်ထားသည့် အရာ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ထိုအချိန်သည် ရှေးကျသော ခေတ်အခါ ဖြစ်ပြီး ဂိုဏ်းပေါင်းများစွာ ရှိခဲ့ကာ သူတော်စင်သခင်အဆင့်များက မှိုလိုပေါက်၍ သိုင်းပညာရှင်များက တိမ်လို ပေါများခဲ့သည်။
သို့သော် ထိုအရာသည် နတ်ဘုရားများနှင့် နတ်ဆိုးများကို စားသုံးကာ နတ်ဘုရားများနှင့် နတ်ဆိုးများကို အမဲလိုက်ရာ၌ ကျွမ်းကျင်သောကြောင့် သူတို့ အလွန် ကြောက်ရွံ့ခဲ့ရသည်။
တစ်ခါက တစ်နေ့တည်းနှင့် သန်းချီသော အသက်များ ဝါးမျိုခံရသော်လည်း မည်သူမှ မတားနိုင်ခဲ့ပေ။ နောက်ဆုံးတွင် များစွာသော အင်မော်တယ်များ ထွက်လာပြီး ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ထိုအင်မော်တယ် များသည်ပင် ရှုံးနိမ့်မြဲ ရှုံးနိမ့်ကာ တစ်ဖက်အရာက ပို၍ ဒေါကန်ခဲ့သည်။
“သူ ဗိုက်ဆာနေရင် လူဖြစ်ဖြစ်၊ နတ်ဘုရားဖြစ်ဖြစ်၊ နတ်ဆိုးဖြစ်ဖြစ် သူနဲ့ ဝေးဝေးနေမှ ရမယ်”
ဤသည်မှာ ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာသော သတိပေးစကား ဖြစ်ပြီး တစ်လောကလုံးက ၎င်းအား သူ့နာမည်တပ်၍ မခေါ်ရဲချေ။
နောက်ပိုင်းတွင် ဘယ်အရပ်မှ ရောက်လာမှန်း မသိသော ထူးဆန်းသည့် လူတစ်ယောက် ပေါ်လာပြီး တိုက်ခိုက်မှသာလျင် ၎င်းကို အနိုင်ရခဲ့သည်။ သူ့အား ပြဿနာ မရှာနိုင်စေရန် ကွမ်တမ်နယ်မြေ၌ ထာဝရ ချိပ်ပိတ် ထားခဲ့သည်။
ယနေ့ ထိုသူ ပြန်ပေါ်လာတော့မည်လား။
“ဟားဟားဟား ယဲ့ဘုရင် ဒီနေ့က မင်း သေမယ့်နေ့ပဲ”
တောင်ဘီလူးဘုရင်က ကြုံးဝါးလိုက်သည်။ သူတို့၏ ဘိုးဘေးသည် လူအများ မခုခံနိုင်သည့် ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ် ဖြစ်လေသည်။ သူသည် လောကအား သိမ်းပိုက်၍ ဖျက်ဆီးရန် တည်ရှိနေသူ ဖြစ်သည်။
ထိုစဉ် ကောင်းကင်ယံမှ တိမ်တိုက်များက တဖြည်းဖြည်း များပြားလာပြီး နောက်ဆုံးတွင် ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့အတူ ကြီးမားသော အရိပ်ကြီးက ကောင်းကင်ကိုမိုး၍ ထွက်ပေါ်လာ၏။
“တောင်ဘီလူး နတ်ဘုရား ပြန်လာပြီဟေ့”
စာစဉ် ၉၅ ဤတွင် ပြီးပါပြီ။