အခန်း ၁၄၂၆
Vol. 96 Ch. 1426
Chapter 1426 အလွန်အမင်း ကြောက်ရွံ့ခြင်း
ခန္ဓာကိုယ်က မိုးကောင်းကင်သို့ ထိုးထွက်မတတ် မြင့်မားသည်။ လက်များက နေနှင့်လတို့ကို ကာဆီးနိုင်ပြီး ခြေထောက်များက တောင်နှင့် မြစ်ချောင်းတို့အား ပျက်စီးအောင် လုပ်နိုင်သည်။ သူ၏ သဏ္ဌာန်က မိုးကောင်းကင်ကို ဖြိုခွင်း၍ ငရဲအား ဖျက်ဆီးနိုင်သည်ဟု ထင်မှတ်ရသည်။
တောင်ဘီလူး၏ အမြင်တွင် လူသားများက ပုရွက်ဆိတ်များသာ ဖြစ်ပြီး ဤအရာ၏ အမြင်တွင် တောင်ဘီလူးများက ပုရွက်ဆိတ်များသဖွယ် သေးငယ်လှသည်။
“သူပဲ တကယ်ပဲ သူ ဖြစ်နေတာကိုး”
လူတိုင်း မျက်လုံးပြူးသွားကြသည်။ သူတို့အရှေ့မှ အရာသည် တကယ်ပင် နတ်ဘုရားများနှင့် နတ်ဆိုးတို့ကို စားသုံးသည့် တောင်ဘီလူး နတ်ဘုရား ဖြစ်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ဤတောင်ဘီလူး နတ်ဘုရား၏ ခွန်အားကြောင့် ပြင်းထန်သော ဖိအားတစ်ခုကို ခံစားနေကြရသည်။
ဤလူများသည် တိမ်တိုက်များကိုပင် ထိုးဖောက်နေသည့် မြင့်မားသော တောင်ဘီလူး နတ်ဘုရားကို ကြည့်ပြီး သူတို့ အသားကုန် ကြောက်ရွံ့နေကြသည်။
ထိုပုဂ္ဂိုလ်သာ ခြေတစ်ဖက် ဆောင့်လိုက်ပါက ဖျင်အန်းတစ်မြို့လုံး ပျောက်ဆုံးသွားပြီး ဘယ်သောအခါမှ တည်ရှိတော့မည် မဟုတ်ပါ။
တောင်ဘီလူး နတ်ဘုရားသည် ရှေးကျသော ခေတ်အခါက တည်ရှိခဲ့သော ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်ဖြစ်ပြီး လူအများက သူ့နာမည်ကို ပေါ်တင် မခေါ်ရဲလောက်အောင် ကြောက်စရာကောင်းသော မကောင်းဆိုးဝါး ဖြစ်ပေသည်။
သူ၏ တည်ရှိမှုကိုက ကပ်ဆိုးတစ်ခုပင်။ ကြောက်စရာ ကောင်းလှပေသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က နေကို ကာဆီးထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျနေ၏။
ခြေဆောင့်လိုက်ရုံနှင့် တောင်ပြိုကျနိုင်ပြီး မြစ်ရေကို ခမ်းအောင် သောက်နိုင်သည်။ လက်တစ်ဖက်တည်းဖြင့် နတ်ဘုရားများနှင့် နတ်ဆိုးများကို စုတ်ဖြဲနိုင်လေသည်။
လူတိုင်း ဆောက်တည်ရာမရ ဖြစ်ကာ သူတို့ကိုယ်သူတို့ မကယ်နိုင်မှန်း သိလိုက်ကြသည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးအား ယဲ့ဘုရင်ပင် မတိုက်နိုင်လျင် သူတို့ ဇာတ်သိမ်းရပေလိမ့်မည်။
လူတိုင်း၏ မျက်နှာတွင် ကြံရာမရဖြစ်ဟန် ပေါ်နေသည်။ ဤမြင့်မားလှသည့် တောင်ဘီလူး နတ်ဘုရားကို ကြည့်ပြီး သူတို့ မျှော်လင့်ချက် မဲ့လာသည်။
တစ်ဖက်တွင်မူ တောင်ဘီလူးများသည် တောင်ဘီလူး နတ်ဘုရား ထွက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး သံပြိုင် နှုတ်ဆက်ကြသည်။
“ဘိုးဘေးကို ကြိုဆိုပါတယ်”
သူတို့၏ ဘိုးဘေး ထွက်လာပြီဖြစ်သဖြင့် ယဲ့ဖန် သေရပေတော့မည်။ တောင်ဘီလူးများ၌ ဤသို့ ကူညီပေးမယ့်သူ ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။ ထိုသူသည် မိုးမြေအရှင်သခင်ဟုပင် ထင်မှတ်ရလောက်သည်အထိ အနိုင်မယူနိုင်သူ ဖြစ်သည်။
“ဘယ်သူ ငါ့ကို ခေါ်တာလဲ”
ထိုအသံက ကောင်းကင်ကို ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ အရှိန်အဝါပြင်း၍ ဖိနှိပ်နိုင်လွန်းသည်။ ထိုအသံ၌ ခုခံမရနိုင်သော ဖိအား အရှိန်အဝါ ပါရှိလေသည်။
ထိုအသံကိုကြားသော် တောင်ဘီလူး ဘုရင်တောင်မှ မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ဖိအားက ကြောက်စရာ ကောင်းလှပြီး ပုရွက်ဆိတ်တစ်ကောင်က ဧရာမ နဂါးတစ်ကောင်နှင့် မြင်နေရသည်ဟု ထင်မှတ်ရသည်။
“ဘိုးဘေး ဒီနေ့ တောင်ဘီလူးမျိုးနွယ်တွေ ဆိုးဆိုးရွားရွား အသတ်ခံနေရပါတယ်၊ ကျုပ်တို့မျိုးနွယ်ကို ကယ်တင်ပေးဖို့ ဘိုးဘေးကို တောင်းဆိုပါတယ်”
“ဘယ်သူလဲ၊ ဘယ်သူက အဲ့လောက် အတင့်ရဲတာလဲ၊ ငါ့မျိုးဆက်တွေကို ထိရဲတယ်ပေါ့လေ”
ချက်ချင်းဆိုသလိုပင် တောင်ဘီလူး နတ်ဘုရား ဒေါသထွက်သွားပြီး စကားလုံးတိုင်းက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး မိုင်တစ်ရာအထိ ပျံ့နှံ့သွားသည်။
အရပ်ဆယ်မျက်နှာမှ ငှက်များနှင့် သားရဲများအားလုံး ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။ လူတိုင်း ကြက်သီးထ၍ ကြက်သေ သေသွားကြသည်။ ထိုအော်သံက သူတို့ကို ခိုက်ခိုက်တုန်သွားစေပြီး ဆောက်တည်ရာမရလုနီးပါး ဖြစ်သွားစေ၏။
*ကြောက်စရာကောင်းလိုက်တာ*
ထို့နောက် တောင်ဘီလူးဘုရင်က အားပါးတရ ရယ်မော၍ အလွန် ကောက်ကျစ်သော အကြည့်တို့ဖြင့် ယဲ့ဖန်အား လက်ညှိုးထိုးလိုက်သည်။
“သူပါပဲ၊ အဲ့သောက်မျိုးမစစ်ကောင်က ကျွန်တော်တို့ တောင်ဘီလူးမျိုးနွယ်ကို အမြစ်ဖြတ်ချင်နေတာပါ”
*ဟမ်*
တောင်ဘီလူး နတ်ဘုရား ခေါင်းငုံ့ကြည့်လိုက်သည်။ သူ၏ လှုပ်ရှားမှုက အရပ်မျက်နှာအနှံ့တွင် လေပြင်း တိုက်ခတ်လာစေပြီး လေပြင်းများက ယဲ့ဖန်ထံသို့ စုစည်းကျရောက်လာကာ သူ၏ ခက်ထန်သော အကြည့်များ ကလည်း ယဲ့ဖန်ပေါ် ကျရောက်လာ၏။
ဤမြင်ကွင်းက လူအများအား သေမတတ် ကြောက်ရွံ့သွားစေသည်။
“အရှင် ယဲ့ဘုရင် ထွက်ပြေးပါတော့၊ ပြေးပါတော့”
“အရှင် ယဲ့ဘုရင် ကျွန်တော်တို့ကို မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့အတွက် ဒါလေးက စာမဖွဲ့လောက်ပါဘူး၊ ခင်ဗျား သူ့လောက်နီးနီး သန်မာလာတဲ့အချိန်ကျရင် ကျွန်တော်တို့အတွက် လက်စားချေပေးပါ”
“အရှင် သွားပါတော့၊ ခင်ဗျားက သူ့ပြိုင်ဘက် မဟုတ်ဘူး”
ထိုလူများသည် ယဲ့ဖန်အား အသည်းအသန် အော်ပြောနေကြပြီး သူတို့၏ ကံတရားကို လက်ခံလိုက်ကြလေသည်။ ယဲ့ဖန်အား သူတို့နှင့်အတူ မြေမြှုပ်မခံရစေလိုပါ။
ဤသို့သော ပုဂ္ဂိုလ်မျိုးအား ယဲ့ဖန်ပင် ထိခိုက်အောင် မလုပ်နိုင်လောက်ပါ။ အတင်းအကြပ် တိုက်ခိုက်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။ လက်ရှိတွင် လူတိုင်း အအေးမိနေသကဲ့သို့ ခိုက်ခိုက်တုန် နေ၏။
“ယဲ့ဖန် ခဏလောက်တော့ ဆုတ်လိုက်ရအောင်”
“သခင်ကြီး ပြန်စဉ်းစားပါဦး”
နတ်ဆိုးနဂါး ဖုရှန်နှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့ပင် ယခုတစ်ခေါက် မနေနိုင်ဘဲ ယဲ့ဖန်ကို အကြံပေး မိကြသည်။ သူတို့သည် ဤသို့သော ပုဂ္ဂိုလ်ကို ကြောက်လန့်နေကြပြီး ယဲ့ဖန်က ဆန်းကြယ်မှုများ ဖန်တီးနိုင် လိမ့်မည်ဟု မထင်ကြချေ။
သို့သော် ယဲ့ဖန်ကမူ ငြိမ်သက်မြဲ ငြိမ်သက်၍ တည်ငြိမ်စွာ ခေါင်းမော့ကြည့်နေသည်။ သူ့မျက်လုံးတွင်း၌ အထင်သေးဟန်များ ပါဝင်နေ၏။
ဤသည်ကိုမြင်သော် တောင်ဘီလူးဘုရင်က ရယ်မောလိုက်ပြီး စိတ်ထဲမှ တွေးတောနေမိသည်။
*အရူးပဲ၊ သူက သေခါနီးတာတောင် ငါ့ဘိုးဘေးကို မလေးမစား လုပ်ရဲတယ်လား၊ သူ မြန်မြန် မသေမှာကို စိုးရိမ် နေတာလား*
“ဒုန်း”
ထိုသို့သောအချိန်၌ ယဲ့ဖန်က ခြေတစ်ဖက်ကို ဆောင့်လိုက်သည်။ ထိုအခါ ပို၍ ပြင်းထန်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။ သူ ဒေါသထွက်နေသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် ပထဝီမြေကြီးတို့ အရောင်ပြောင်းသွားပြီး လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့ ချက်ချင်းလက်ငင်း ငရဲသို့ ပစ်ချခံလိုက်ရသည်ဟု ထင်မှတ်မှားရသည်။
“ဘာမဟုတ်တဲ့ အမှိုက်ကောင်က ငါ့ရှေ့မှာ ဟန်ထုတ်ရဲတယ်လား၊ မင်းက ဘာမို့လို့လဲ၊ ချီးထုပ်ကောင်”
ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်က တောင်ဘီလူးဘုရင်ကို စိုက်ကြည့်၍ အထင်သေးစွာ ပြုံးလိုက်သည်။
*ဘာ*
ထိုစကားကိုကြားသော် အုတ်အော်သောင်းနင်း ဖြစ်သွားပြီး လူတိုင်း မှင်တက်သွားကြသည်။ ဖျင်အန်းမြို့မှ လူများ နားဝေတိမ်တောင် ဖြစ်သွားပြီး တောင်ဘီလူးများ ကြက်သေ သေသွားလေသည်။ တိုက်ပွဲကို စောင့်ကြည့်နေသည့် သိုင်းပညာရှင်များလည်း အံ့ဩသွားကြသည်။
*ငါတို့ ဘာကြားလိုက်တာလဲ၊ သူက တောင်ဘီလူး နတ်ဘုရားကိုတောင် လျစ်လျူရှုရဲတယ်လား*
“မျိုးမစစ်လေး မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ”
တောင်ဘီလူး နတ်ဘုရား ကျယ်လောင်စွာ အော်ငေါက်လိုက်သဖြင့် တစ်လောကလုံး အချိန်မရွေး ပျက်စီးတော့မတတ် တုန်ခါလာ၏။ ယဲ့ဖန်ကြောင့် သူ ဒေါသူပုန် ထသွားလေပြီ။ ဤသည်ကိုကြည့်ပြီး တောင်ဘီလူးဘုရင်နှင့် အခြားသူများ ပို၍ ပျော်ရွှင်သွားကြသည်။
*အရူး ဒီလူက အရူးပဲ၊ ငါတို့ဘိုးဘေးကို ဒီလို စော်ကားရဲတယ်ပေါ့လေ၊ အဲ့ယဲ့ဖန်တော့ လုံးဝ သွားပြီပဲ*
*ကိုယ့်သေတွင်း ကိုယ်တူးတာပဲ*
*မင်းကို အင်မော်တယ်တွေတောင် ဆင်းကယ်ဖို့ ခက်သွားပြီ*
“မင်းကို အထင်သေးတယ် ဟုတ်လား၊ ငါ မင်းကို အထင်သေးရုံတင်မကဘူး မင်းကို အရှက်ပါခွဲမှာ”
ရုတ်တရက် ယဲ့ဖန်၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားလာပြီး လေထဲသို့ ခုန်လွှား၍ ဒေါသတကြီး တိုက်ခိုက် လာသည်။
*ဒီတောင်ဘီလူး နတ်ဘုရားနဲ့ ထိပ်တိုက် တိုက်ခိုက်ချင်နေတာလား*
ဤသည်ကိုမြင်သော် လူတိုင်း မှင်တက်သွားပြီးနောက် အားလုံး အတွေးတစ်ခုကိုသာ တွေးမိကြသည်။
*ဒီလူ ရူးနေပြီ*
*လုံးဝ ရူးနေပြီ*
*မဟုတ်ရင် ဘယ်လိုလုပ် ဒီလိုအရူးလုပ်ရပ်ကို လုပ်မှာလဲ*
ဤသည်ကိုမြင်သော် တောင်ဘီလူး နတ်ဘုရား ဒေါသထွက်သွားလေသည်။ သူ ကျော်ကြားလာပြီးကတည်းက မည်သူမှ သူ့ကို ဤသို့ မပြောရဲပေ။ လူမပြောနှင့် နတ်ဘုရားများနှင့် နတ်ဆိုးများပင် မပြောကြပါ။
*ယဲ့ဖန်က သေချင်နေတာပဲ*
“မျိုးမစစ်လေး ဒီနေ့ မင်းအသက်ကို ငါ နုတ်ယူပစ်မယ်”
တောင်ဘီလူး နတ်ဘုရား ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက် မျက်လုံးများက လက်ခနဲ ဖြစ်လာကာ အရာအားလုံးကို ဖောက်ထွင်းနိုင်သည့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်မှ အလင်းတန်းနှစ်ခု ကျဆင်းလာပုံက နတ်မိုးကြိုး ပစ်ခွင်းလာသကဲ့သို့ များစွာသော ယန်စွမ်းအင်နှင့် နတ်ဘုရား စွမ်းအင်များ ပါဝင်နေ၏။
ထိုပြင်းထန်သော ဖိအားအောက်၌ တောင်တန်းတစ်ခုလုံး ပြာကျကာ ပျောက်ကွယ်သွားသည်။ လူတိုင်း ထပ်မံ၍ တုန်လှုပ်သွားကြပြီး သူတို့၏ အမူအရာက ထိုင်းမှိုင်းလာပြီး မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။ အရှိန်အဝါတစ်ခုကပင် လောကကို ဖျက်ဆီးရန် လုံလောက်နေလေသည်။
*ဒီတောင်ဘီလူး နတ်ဘုရားက တော်တော် ကြောက်ဖို့ကောင်းတာပဲ*
အလင်းတန်းများက ယဲ့ဖန်ပေါ် ကျရောက်လာသည်။
“ခွန်းလွန် လှုပ်ခါခြင်း”
ယဲ့ဖန်၏ ခြေလက်တို့သည် တာအိုသဘောတရားတို့ဖြင့် တစ်သားတည်း ဖြစ်နေပြီး အလင်းတန်းအား ဒေါသတကြီး လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။
*အရူး**ရူးနေတာ*
လူတိုင်း အသက်ပင်မရှူနိုင်သလို ခံစားလိုက်ရပြီး ယဲ့ဖန်က မိမိ၏ ကိုယ်ကာယခွန်အားကိုသုံး၍ တောင်ဘီလူး နတ်ဘုရားအား တိုက်ခိုက်သည်ကို မယုံနိုင် ဖြစ်နေ၏။
“သူ့လက်မောင်းက ကားတစ်စီးရဲ့ အားလောက်ရှိတာ၊ လူ့ခွန်အားထက်တောင် ကျော်သေးတယ်”
တောင်ဘီလူးဘုရင်က ရက်စက်စွာ ပြုံးနေပြီး သူ့မျက်လုံးတွင်းမှ အထင်သေးရိပ်က ပိုမို ပြင်းထန်လာပြီး ယဲ့ဖန် အသတ်ခံရတော့မည့် မြင်ကွင်းကို မြင်ယောင်နေလေသည်။
ယဲ့ဖန် သေချာပေါက် သေရပေလိမ့်မည်။ ဤသို့ တွေးမိပြီးနောက် တောင်ဘီလူးဘုရင်များအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ယဲ့ဖန် သေသွားသည်နှင့် ဤပုရွက်ဆိတ်များကို သူတို့ ထိန်းချုပ်နိုင်ပေတော့မည်။
“အရှင်ယဲ့ဘုရင် မလုပ်ပါနဲ့”
လူတိုင်း အော်ဟစ်လာပြီး မျက်နှာ ပြာနှမ်းနေကြသည်။ ထို့အပြင် အချို့လူများသည် ရက်စက်သော မြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်လုံး မှိတ်လိုက်သည်။
သို့သော် တစ်ခဏအကြာတွင် အလွန် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ဝုန်း”
ယဲ့ဖန်၏ ပြင်းထန်သော လက်သီးနှင့် ကြောက်စရာကောင်းသော အလင်းတန်းတို့ ထိပ်တိုက် တွေ့သွားချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ခန့်မှန်းမရနိုင်လောကအောင် ပြင်းထန်သော အဖျက်စွမ်းအင် ပျံ့လွင့်လာ၏။ မရေတွက်နိုင်သော အဆောက်အဦးများ ပျက်စီးသွားပြီး တောတောင်များနှင့် မြစ်ချောင်းများ အက်ကွဲကာ မြစ်များ ပြောင်းပြန် စီးဆင်းလာ၍ စကြဝဠာတစ်ခုလုံး ပျက်စီးတော့မတတ် တုန်ခါသွားသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ ဤတိုက်ခိုက်မှုအဆင့်က နတ်ဘုရားအချင်းချင်း တိုက်ခိုက်နေသော တိုက်ပွဲလိုပင်။
*မယုံနိုင်စရာကောင်းလိုက်တာ*
သို့သော် ထိုမျှနှင့် မရပ်သွားသေးပေ။ ထို့နောက်တွင်မူ ယဲ့ဖန်၏ အားပြင်းသော လက်သီးချက်က တစ်ဖက်လူ၏ တိုက်စစ်ကို ချိုးဖောက်၍ အလင်းတန်းအား တစ်စစီ ဖြစ်သွားစေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် တာအိုစွမ်းအင် စီးဆင်းနေသော ယဲ့ဖန်က ကောင်းကင်မှ ကြယ်တာရာများကို ဆွဲယူ၍ တောင်ဘီလူး နတ်ဘုရားထံ ပစ်သွင်းလေသည်။
နောက်ဆုံးတွင် တစ်ခုပြီး တစ်ခု ပေါ်လာသော နေ၊ လ၊ ကြယ်နှင့် ရှေးဂြိုဟ်များ၏ အပိုင်းအစများက တောင်ဘီလူး နတ်ဘုရားအား အရှိန်ဖြင့် ဝင်ဆောင့်သည်ကို လူတိုင်း တွေ့လိုက်ရသည်။
“ဝုန်း ဝုန်း ဝုန်း”
ကြောက်စရာကောင်းသော အသံများ ထွက်ပေါ်လာသလို တောင်ဘီလူး နတ်ဘုရားသံမှ အော်သံ ထွက်လာပြီးနောက် အနောက်သို့ ယိုင်သွားသည်။ ခြေလှမ်း အနည်းငယ်မျှ ဒယိမ်းဒယိုင် ဖြစ်သွားပြီးတာတောင်မှ သူ မတ်မတ် မရပ်နိုင်သေးပေ။ ထိုလက်သီးချက်ကြောင့် သူ တုန်လှုပ်သွားရသည်။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”
“မိစ္ဆာ သူက မိစ္ဆာကောင်”
လူတိုင်း၏ အံ့ဩမှင်တက်သော အမူအရာများ ဖြစ်နေကြသည်။ ယဲ့ဖန်၏ လက်သီးချက်က တောင်ဘီလူးနတ်ဘုရားကို လဲကျလုနီးပါး ဖြစ်အောင် လုပ်နိုင်တယ်တဲ့လား။
*ဟာသပဲ*
*ဒါ တောင်ဘီလူး နတ်ဘုရားလေ၊ ရှေးခေတ်ရဲ့ နတ်ဆိုးနတ်ဘုရား၊ နတ်ဘုရားနဲ့ နတ်ဆိုးတွေကို ဝါးမျိုနိုင်တဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်၊ သူ့ကို ဘယ်သူမှ တုန်လှုပ်အောင် မလုပ်နိုင်တာကို*
*အခု ယဲ့ဖန်ရဲ့ လက်သီးချက်ကြောင့် ရှုံးသွားတာလား*
*သွားပြီ*
တောင်ဘီလူးများ ခေါင်းမွေးထောင်သွားကြသည်။ သူတို့၏ ဘိုးဘေးက လူသားတစ်ယောက်၏ လက်သီးချက်ကြောင့် မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားသည်တဲ့လား။
ဤမြင်ကွင်းက ဆီအိုးထဲ ရေတစ်စက်ကျသွားသကဲ့သို့ ပွက်လောရိုက်သွားစေသည်။
*ကြောက်စရာ ကောင်းလိုက်တာ၊ မယုံနိုင်စရာပဲ*
“ဒုန်း ဒုန်း ဒုန်း”
တောင်ဘီလူး နတ်ဘုရားသည် နောက်သို့ ဆက်တိုက် ဆုတ်သွားပြီး တောင်တစ်လုံးကို ဝင်တိုက်ကာ သူ့ကြောင့် မြေတစ်ချို့ ပြိုကျသွားသည်။
သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းနိုင်သောအခါ ယဲ့ဖန်အား အလွန် ထိတ်လန့်နေဟန်ဖြင့် ကြည့်လိုက်သည်။ ယဲ့ဖန်၌ ဤသို့ ကြောက်စရာကောင်းသော ခွန်အား ရှိနေလိမ့်မည်ဟု သူ ထင်ထားမိပုံ မရချေ။
*သူက ငါ့အားပြင်းတဲ့ တိုက်ကွက်ကို လက်သီးတစ်ချက်တည်းနဲ့ ချိုးဖျက်နိုင်တယ်လား*
*မယုံနိုင်စရာပဲ*
*ဒီကောင်က ဘာလဲ*
ထိုစဉ် ယဲ့ဖန်က လက်ပိုက်၍ သူ့အား အေးစက်စွာ ကြည့်နေသည်။ သူသည် မောက်မာမြဲ မောက်မာနေပြီး အထင်သေးသော အပြုံးမျိုး ပြုံးနေလေသည်။
ထို့နောက်တွင်မူ တောင်ဘီလူး နတ်ဘုရား မျက်မှောင်ကြုတ်သွားပြီး သူ့အရှေ့မှ ယဲ့ဖန်၏ ပုံရိပ်က သူ့အတွေးထဲမှ ပုံရိပ်နှင့် ထပ်တူကျသွားသဖြင့် သူ သွေးပျက်သွားတော့သည်။
သူ ကြောက်လန့်၍ တစ်ကိုယ်လုံး တုန်ယင်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ထို့နောက် သူသည် အလွန် သွေးပျက်ကြောက်ရွံ့စွာ ပြောလာသည်။
“မင်းကိုး လတ်စသက်တော့ မင်း ဖြစ်နေတာကိုး”