အခန်း ၁၄၂၇
Vol. 96 Ch. 1427
Chapter 1427 လုယာ တာအိုသခင်
*လတ်စသက်တော့ မင်း ဖြစ်နေတာကိုး*
စကားလုံးက ရိုးစင်းသော်လည်း အလွန် ကြောက်ရွံ့ဟန် ပေါ်လွင်နေ၏။ အံ့ဩစရာ ကောင်းလိုက်လေခြင်း။ သူ့ပုံစံက သရဲသဘက်ကို တွေ့လိုက်ရသလိုပင်။
သူ၏ အလန့်တကြား ပြောဆိုသံက လူတိုင်းကို ထိတ်လန့်သွားစေသည်။ တောင်ဘီလူး နတ်ဘုရားက ဘာမြင်လိုက်၍ ရုတ်တရက် အလွန် ကြောက်လန့်လာသလဲ သူတို့ မသိကြပါ။
ကောင်းကင်ယံအောက်၌ ယဲ့ဖန်သည် ဂုဏ်ယူစွာ ရပ်နေပြီး တစ်ကိုယ်လုံး အရောင်အဝါ တောက်ပလျက် ရှိသည်။ ဆံပင်များက ကြယ်တာရာသဖွယ် လင်းလက်နေပြီး များစွာသော တာအို အငွေ့အသက်များ ပေါ်လွင်နေသည်။
သူ့ပုံစံက ဤနယ်မြေ၏ တစ်ပါးတည်းသော အစစ်အမှန် နတ်ဘုရားလိုပင်။
တောင်ဘီလူး နတ်ဘုရား၏ ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသောအခါ ယဲ့ဖန်က အထင်သေးစွာ သရော်လိုက်သည်။
“နောက်ဆုံးတော့ မင်း မှတ်မိပြီပေါ့ …”
ယဲ့ဖန်ထံမှ အတည်ပြုသော စကားသံကို ကြားလိုက်ရသောအခါ တောင်ဘီလူး နတ်ဘုရား ပို၍ တုန်ယင် သွားရသည်။ ဤမြင်ကွင်းက လူတိုင်းကို ပဟေဠိ ဖြစ်သွားစေသည်။
*တောင်ဘီလူး နတ်ဘုရားက တကယ် ကြောက်နေတာလား*
*ငါတို့ အမြင်မှားနေတာများလား*
*တောင်ဘီလူး နတ်ဘုရားက ကြောက်တတ်တာလား*
*နတ်ဘုရားနဲ့ နတ်ဆိုးတွေတောင် ကြောက်ရတဲ့ ဒီပုဂ္ဂိုလ်မှာ သူ ကြောက်တဲ့အချိန်ဆိုတာလည်း ရှိသေးတာလား*
*ကြက်သီးထဖို့ ကောင်းလိုက်တာ*
လက်ရှိတွင် သူတို့ ကြက်သီးမွေးညင်း ထနေကြလေသည်။
*ငါတို့အရှေ့က ယဲ့ဘုရင်က … သူက ဘယ်သူလဲ*
ထို့နောက်တွင်မူ တောင်ဘီလူး နတ်ဘုရား၏ ဒေါသတကြီး အော်ပြောသံ ထွက်ပေါ်လာ၏။
“လုယာ မင်း ငါ့ခန္ဓာကိုယ် အစစ်ကို ကွမ်တမ်နယ်မြေထဲမှာ ထာဝရ အကျဉ်းချထားပြီးပြီလေ၊ မင်း အခုထိ လက်မလျှော့နိုင်သေးဘူးလား”
“ငါ့အပြစ် ငါ သိနေပြီကို မင်းက ဘာလို့ သူတို့အားလုံးကို သတ်ချင်နေရသေးတာလဲ”
*ဘာ*
ထိုစကားများက နားကွဲလောက်ပြီး လူတိုင်းကို နေရာမှာတင် ကြက်သေ သေသွားစေသည်။ သူတို့အားလုံး သွေးပျက်ကြောက်ရွံ့နေကြသည်။ အမှန်ကို သူတို့ မယုံနိုင် ဖြစ်နေ၏။
*လတ်စသက်တော့ တောင်ဘီလူး နတ်ဘုရားရဲ့ ခန္ဓာကိုယ်အစစ်က ယဲ့ဘုရင်ကြောင့် ကွမ်တမ်နယ်မြေမှာ ပိတ်မိနေတာကိုး*
*ဒဏ္ဍာရီထဲက တောင်ဘီလူးနတ်ဘုရားကို အနိုင်ယူခဲ့တဲ့ ထူးဆန်းတဲ့လူက ယဲ့ဖန် ဖြစ်နေတာပါလား*
*ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ယဲ့ဖန်ကလည်း နှစ်ဘီလီယံချီပြီး ရှိနေတခဲ့တာလား*
တောင်ဘီလူးနတ်ဘုရား၏ စကားက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် နတ်ဆိုးနဂါး ဖုရှန်အား ပဟေဠိ ဖြစ်သွားစေသည်။
*ငါတို့သခင်ကြီးက အဲ့လောက်ထိ အသက်ရှည်တာလား*
*ဒါကြီးက မယုံနိုင်စရာ ကောင်းလိုက်တာ*
လူတိုင်း နားကြားမှားသည်ဟုပင် သံသယဝင်လာ၏။
*ဒါ အတု၊ ဒါ အတုအယောင်ပဲ ဖြစ်ရမယ်*
*ယဲ့ဖန်က ဘယ်လိုလုပ် အဲ့လောက်ထိ အသက်ရှည်နိုင်မှာလဲ*
တောင်ဘီလူးဘုရင် တုန်လှုပ်နေပြီး သူ့မျက်လုံးတွင် ကြောက်ရွံ့စိုးထိတ်မှုတို့ ပြည့်နှက်နေကာ တစ်စုံ တစ်ယောက်က သူ့လည်မျိုကို လာညှစ်ထားသကဲ့သို့ အသက်ရှူရကြပ်လာ၏။
ထိုအခိုက်တွင် လူတိုင်းက ယဲ့ဖန်ကို ထိတ်လန့်၍ မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ဤသည်က အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မယုံနိုင်ကြချေ။
လုယာတာအိုသခင်၊ ယဲ့ဖန်၏ ယခင် ဧကရာဇ်ကိုးပါးဘဝထဲမှ တစ်ပါး ဖြစ်သည်။ ဤလောက၌ ထိုနာမည်ကို မကြားဖူးသူဟူ၍ မရှိချေ။ သို့သော် ကမ္ဘာဂြိုဟ်၏ ဒဏ္ဍာရီထဲတွင် အလွန် ထူးခြားသော ပုဂ္ဂိုလ် ဖြစ်သည်။
ပထမဦးစွာ ဖန်းကူ နတ်ဘုရား ရှိခဲ့ပြီးနောက် လုယာ တာအိုသခင် ပေါ်ထွက်လာခဲ့သည်။ သူ၏ တည်ရှိမှုက မည်မျှ ရှေးကျ၍ သန်မာကြောင်း သိနိုင်ပေသည်။ သူသည် အလွန်အမင်း ဆန်းကြယ်၍ မူလအစကတည်းက တည်ရှိခဲ့သူ ဖြစ်သည်။
စကြဝဠာ၊ နေ၊ လ၊ ဒြပ်စင်ငါးခု စသည့် ထူးကဲသာလွန်သော အရာများ၏ အထက်တွင် တည်ရှိသူ ဖြစ်လေသည်။ ဒဏ္ဍာရီများအရ သူနှင့် ဟုန်ကျွင်းတို့သည် ညီအစ်ကိုများ ဖြစ်ကာ သူတို့နှစ်ယောက်လုံးသည် ယွမ်လင် ဖန်တီးခြင်းဝိညာဉ်၏ တပည့်များ ဖြစ်ကြသည်။ သို့သော် ယင်းက အမှန်လား အမှားလား ဆုံးဖြတ်ရခက်ကာ သက်သေပြရ ခက်လှသည်။
ဤလောကမှ လူများက လုယာဟူသော နာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း ကမ္ဘာဂြိုဟ်မှ လူများဆိုလျင် ချက်ချင်း ဒူးထောက်မည် ဖြစ်ပြီး နှလုံးပျက်စီးလောက်သည်အထိ ကြောက်ကြပေလိမ့်မည်။
“လုယာ”
ယဲ့ဖန် အသာပြုံးလိုက်သည်။ ယင်းသည် သူ၏ ပထမဆုံးသော ဘဝဖြစ်ပြီး အလွန် ကြာမြင်ခဲ့ပြီ ဖြစ်သဖြင့် တစ်စုံတစ်ယောက်က ထိုနာမည်ကို ပြန်ခေါ်လာသည်ကို ကြားသောအခါ အတိတ်ကို ပြန်မြင်ယောင်သလို ခံစားလိုက်ရသည်။
ထိုအချိန်က တောင်ဘီလူး နတ်ဘုရားသည် လောကတွင်း၌ သောင်းကျန်းခဲ့ချိန် ဖြစ်ပြီး သူ့အား ကွမ်တမ်နယ်မြေထဲသို့ လက်တစ်ဖက်တည်းဖြင့် ပို့ကာ ထာဝရ ထွက်မပြေးနိုင်အောင် လုပ်ခဲ့သူက လုယာ တာအိုသခင်ပင်။
ထိုသို့သောအချိန်က တောင်ဘီလူး နတ်ဘုရားသည် ယဲ့ဖန်၏ နောက်ကြောင်းကို မသိဘဲ လုယာဟုခေါ်သော လူတစ်ယောက်ဟုသာ သိလေသည်။ သူ့အား အထီးကျန်၍ မုန်းတီးစိတ်၊ ကြောက်ရွံ့စိတ်တို့ဖြင့် နေထိုင်ရအောင် လုပ်ခဲ့သူက ဤလုယာပင်။
ထို့နောက် ယဲ့ဖန်က တောင်ဘီလူး နတ်ဘုရားအား အေးစက်စွာ ကြည့်လိုက်သည်။
“ငါ မင်းမိသားစုကို သုတ်သင်ချင်တာ မဟုတ်ဘူး၊ မင်းမိသားစုကသာ ဘယ်လို နေရမလဲ မသိဘဲ ငါ့ကို ရန်လာစတာ”
“ဘာ”
ရုတ်ချည်းဆိုသလိုပင် တောင်ဘီလူး နတ်ဘုရားက တောင်ဘီလူးဘုရင်ကို ငေါက်လိုက်သည်။
“မင်း ရူးနေလား၊ ငါတောင် ဒီလူကြောင့် ကွမ်တမ်နယ်မြေထဲ အပိတ်ခံရတာလေ၊ တစ်သက်လုံး အကျဉ်းချ ခံထားရတာကို မင်းက သူနဲ့ ရန်သူ ဖြစ်ချင်နေသေးတာလား”
ထိုစကားက နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်ကာ လူတိုင်း သတိလက်လွတ် ဖြစ်သွားကြသည်။
*တောင်ဘီလူး နတ်ဘုရားတောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူးလား*
*သောက်ကျိုးနည်း ဒါ တကယ်လား အတုယောင်လား*
လုယာ။ ထိုနာမည်က လူတိုင်း၏ နှလုံးသားထဲ စွဲထင်သွားသည်။ တောင်ဘီလူး ဘုရင် တုန်လှုပ်သွားသည် တောင်ဘီလူး နတ်ဘုရား၏ ဖိအားအောက်၌ သူ တောင့်မခံနိုင်ဘဲ ချက်ချင်း ဒူးထောက်ကျသွားရသည်။
ဤသည်မှာ ဟန်ပြအော်ရုံမဟုတ်ဘဲ အမှန်တကယ် ဖိအားပေး၍ ငေါက်နေခြင်း ဖြစ်သည်။ သူ သွေးအန်လာပြီး အသက်ပင် မရှူနိုင်ဘဲ သွေးပျက်နေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။
“အဲ့လို မဟုတ်ပါဘူး၊ အဲ့လို မဟုတ်ပါဘူး၊ ကျွန်တော်တို့ကို သတ်ချင်နေတာ သူပါ”
လက်ရှိတွင် အရင်စတိုက်ခိုက်သူက သူတို့ဖြစ်ကြောင်း ဝန်ခံရန် မဖြစ်နိုင်ပါ။ သို့မဟုတ်ပါက တောင်ဘီလူး နတ်ဘုရားက သူ့ကို ချက်ချင်း သတ်ပစ်မည်မှာ အသေအချာပင်။
ရုတ်တရက် တောင်ဘီလူး နတ်ဘုရား၏ မျက်လုံးများက တောက်ပလာပြီးနောက် ပြင်းထန်သော အလင်းတန်းက သူ့ပေါ် ကျရောက်လာသည်။
“အား…”
တောင်ဘီလူးဘုရင်သည် တစ်စုံတစ်ယောက်က သူ့ဝိညာဉ်ကို ဆွဲစုတ်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ထို့နောက် သူ တုန်ယင်လာပြီး မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်လာ၏။ အကြောင်းမှာ တောင်ဘီလူး နတ်ဘုရားက သူ့မှတ်ဉာဏ်ကို ရှာဖွေဖတ်ရှုနေသည်ကို သိလိုက်ရသောကြောင့်ပင်။
“အတင့်ရဲလိုက်တာ၊ မင်းကများ ငါ့ကို လိမ်ရဲတယ်လား”
တောင်ဘီလူးဘုရင်သည် သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက ဘယ်ကမှန်း မသိတဲ့ အပြင်လူတစ်ယောက်အတွက်နဲ့ ဒီနတ်ဆိုးကို ရန်စတယ်ပေါ့လေ၊ မင်း အရူးပဲ၊ မင်း သေသင့်တယ်”
ရှေးနှစ်ပေါင်းများစွာက တောင်ဘီလူးဘုရင်သည် နတ်ဘုရားများနှင့် နတ်ဆိုးများ မဆုံချင်သည့် နတ်ဆိုး နတ်ဘုရား ဖြစ်ခဲ့သည်။ ထို့အတူ ယဲ့ဖန်ကလည်း သူ့မျက်လုံးထဲတွင် ထိုသို့သောလူစားမျိုး ဖြစ်လေသည်။
လောကကို စုတ်ဖြဲနိုင်သည့် ကြောက်မက်ဖွယ် ဖိအားအရှိန်အဝါ တစ်ဖန်ပြန်၍ ထွက်လာပြန်သည်။
“ဘိုးဘေး အသက်ချမ်းသာပေးပါ”
“ဗြိ”
သို့သော် တစ်ခဏအတွင်း သူ့ခန္ဓာကိုယ် ကြေမွသွားပြီး သွေးအိုင်တစ်ခုသာ ကျန်ခဲ့တော့သည်။ ဤမြင်ကွင်းက တောင်ဘီလူးများအားလုံးကို ကြက်သေ သေသွားစေသည်။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာ၏။
သူတို့၏ ဘိုးဘေးက ယဲ့ဖန် ကျေနပ်စေရန်အလို့ငှာ သူ့မျိုးဆက်များကို သတ်နေသည် မဟုတ်ပါလော။ မူလက တောင်ဘီလူး နတ်ဘုရားအား ယဲ့ဖန်နှင့် ရင်ဆိုင်ရန် သူတို့က ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ယဲ့ဖန်ကို မြင်သည်နှင့် သူတို့ကိုသာ ပြန်၍ တိုက်ခိုက်လာသည်။
သူတို့ အပြင်လူအတွက် တိုက်ခိုက်ပေး၍ ဤသို့ လုပ်ခြင်း မဟုတ်မှန်း သိပါသည်။ သူတို့ရှေ့မှ ယဲ့ဖန်ကို တောင်ဘီလူး နတ်ဘုရား မယှဉ်နိုင်၍ ဖြစ်လေသည်။
သူတို့၏ ဘိုးဘေး ကြောက်ရွံ့နေ၏။ ထို့ကြောင့် အညံ့ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤသည်က သူတို့အား ယဲ့ဖန်၏ နောက်ကြောင်းကို ပို၍ ကြောက်ရွံ့သွားစေသည်။
ဤမြင်ကွင်းက သိုင်းပညာရှင်များအားလုံးကို မွန်းကြပ်သလို ဖြစ်သွား စေသည်။ သူတို့ရင်ဘတ်ကို ကျောက်တုံးကြီး တစ်တုံး လာဖိထားသလို ခံစားနေရပြီး သွေးအန်ချင်နေသည်ဟုပင် ခံစားနေရသည်။
*ထူးဆန်းတယ်*
*ထူးဆန်းလွန်းတယ်*
လူတိုင်း ထိတ်လန့်လာပြီး မျက်နှာတွင် အံ့ဩစိတ်များ ပြည့်နှက်နေ၏။ ရလဒ်က သူတို့ ထင်ထားသည်ထက် ကျော်လွန်နေသောကြောင့် သတိလက်လွတ် ဖြစ်သွားရလေသည်။
တောင်ဘီလူး နတ်ဘုရားထက် ပိုကြောက်ဖို့ကောင်းသော တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ မည်သို့ ယုံနိုင်ပါမည်နည်း။
လက်ရှိတွင် ဖျင်အန်းမြို့မှလူများ နေရာမှာတင် မှင်တက်နေပြီး သူတို့ မျက်လုံးတွင် ကြောက်ရွံ့စိတ်များ ပြည့်နှက်နေကာ ယဲ့ဖန်၏ ကျောပြင်အား နားမလည်နိုင်စွာ ကြည့်နေမိသည်။
တောင်ဘီလူး နတ်ဘုရား ပေါ်လာချိန်တွင် ယဲ့ဖန် သေချာပေါက် သေရလိမ့်မည်ဟု သူတို့ ထင်ထားမိသည်။ သို့သော် ဆက်လက် ဖြစ်ပေါ်လာသော အဖြစ်က သူတို့အား ဓာတ်လိုက်ခံရသကဲ့သို့ ဖြစ်စေကာ နားဝေတိမ်တောင် ဖြစ်သွားရစေသည်။
*အံ့ဩစရာ ကောင်းလိုက်တာ*
*ယဲ့ဘုရင်ရဲ့ ခွန်အားနဲ့ ကြောက်စရာကောင်းပုံက ငါတို့ ထင်ထားတာထက် ကျော်နေတာပဲ*
ထိုစဉ် တောင်ဘီလူး နတ်ဘုရားက ယဲ့ဖန်ကို ကြည့်လာသည်။
“ငါ ဒီမျက်ကန်းကောင်ကို သတ်လိုက်ပြီ၊ မင်း ငါ့မျိုးဆက်တွေကို ချမ်းသာပေးနိုင်မလား”
တောင်းဆိုခြင်း၊ သူ တောင်းဆိုနေခြင်းပင်။ ဤမြင်ကွင်းက လူတိုင်းကို ထပ်မံ၍ ထိတ်လန့်သွားစေသည်။
*တောင်ဘီလူး နတ်ဘုရားက ဘယ်လိုတောင် ရိုကျိုးနေတာလဲ*
ထိုစကားကိုကြားသော် ယဲ့ဖန်က မြေကြီးပေါ်မှ အလောင်းများကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“အဲ့လူတွေက မင်းမျိုးဆက်ရဲ့ လက်ထဲမှ ဆိုးဆိုးရွားရွား သေခဲ့ရတဲ့ ငါ့လူတွေပဲ၊ ငါ့နေရာမှာ မင်းဆိုရင်ရော ဘယ်လိုလုပ်မလဲ”
ထိုစကားကြောင့် တောင်ဘီလူး နတ်ဘုရား ဒေါသထွက်ကာ ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။
*ငါက ဘာလို့ မင်းလိုနေရာမှာ နေရမှာလဲ*
*ငါသာ မင်းဆိုရင် ဒီလိုမျိုး ဒုက္ခခံနေဖို့ လိုမလား*
သို့သော် ယဲ့ဖန်က သည်အတိုင်း မထားနိုင်မှန်း သူ သိနေပါသည်။
“သတ်”
ယဲ့ဖန် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများက ခက်ထန်ကာ လူသတ်ချင်စိတ်က တငွေ့ငွေ့ တောက်လောင်နေ၏။
ထိုစကားအဆုံး၌ တောင်ဘီလူးများ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ သူတို့ ဇာတ်သိမ်းပြီဖြစ်ကြောင်း သူတို့ သိလိုက်သည်။ သူတို့၏ ခွန်အားနှင့်ဆိုလျင် ယဲ့ဖန်ကဲ့သို့ မကောင်းဆိုးဝါးကို မယှဉ်နိုင်ပါ။
ထို့နောက် ဖျင်အန်းမြို့မှ လူများက ညာသံပေး၍ ပြေးတက်လာပြီး ဆက်လက်၍ တိုက်ခိုက်ကာ ကိုက်ဖြတ် စားသောက်လေသည်။
သူတို့၏ နတ်ဘုရားက တောင်ဘီလူး နတ်ဘုရားပင် ကြောက်လန့်ရသူ ဖြစ်သဖြင့် သူတို့ ဘာကိုမှ မကြောက်ရွံ့တော့ချေ။
“ဘိုးဘေး ကယ်ပါဦး”
ထိုစဉ် တောင်ဘီလူးများ စတင်၍ အော်ဟစ်ကာ အသနားခံလာ၏။ သူတို့၏ အသံတွင် ကြောက်လန့်ဟန်များ ပြည့်နှက်နေပြီး လုံးဝဥဿုံ ဆောက်တည်ရာမရ ဖြစ်နေကြသည်။
တောင်ဘီလူး နတ်ဘုရားက အေးစက်စွာ ပြန်ပြောလိုက်သည်။
“မင်းတို့ လုပ်ခဲ့တဲ့အပြစ်အတွက် ပြန်တာဝန်ယူရမှာပဲ၊ မင်းတို့ သူ့ကို ရန်စမိရင် ဘယ်သူမှ မင်းတို့ကို မကယ်နိုင်ဘူး”
“ဂျွတ်”
ထိုအခိုက်တွင် တောင်ဘီလူးများ တစ်ကောင်ပြီး တစ်ကောင် အစားခံရပြီး အရိုးများသာ ကျန်ခဲ့သည်ကို လူတိုင်း တွေ့လိုက်ရသည်။
*အဲ့လူတွေအားလုံး ရူးနေပြီ*
သိုင်းပညာရှင်များ တုန်လှုပ်သွားကြသည်။ ဤသာမန်လူများက အလွန် ကြောက်စရာကောင်းသည်ဟု သူတို့ ပထမဆုံးအကြိမ် ခံစားမိလာ၏။
နောင်တွင် သူတို့ အသတ်ခံရမည်ဆိုလျင်တောင်မှ ဖျင်အန်းမြို့မှ လူများကို ရန်စရဲတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နောက်ကွယ်၌ ယဲ့ဘုရင် ရှိနေသောကြောင့်ပင်။
“လုယာ မင်း ငါ့ကို နှစ်တွေ ဒီလောက်ကြာအောင် အကျဉ်းချထားတာ၊ ငါ့ကို လွှတ်ပေးဖို့ အချိန်ကျပြီလို့ မထင်ဘူးလား”
တောင်ဘီလူး နတ်ဘုရားက တစ်စက်ကလေးမှ မမောက်မာရဲဘဲ အသံတိုးတိုးဖြင့် ပြောလာသည်။
ပထမဆုံးသော နှစ်ဆယ်သန်းတွင် သူ ယဲ့ဖန်ကို အလွန်မုန်းတီးကာ အိပ်မက်ထဲမှာပင် ယဲ့ဖန်ကို သတ်ချင်ခဲ့သည်။
ဒုတိယမြောက် နှစ်ဆယ်သန်း အကြာတွင် သူ နောင်တရစပြုလာသည်။ အဘယ်ကြောင့် ဤမိစ္ဆာကောင်ကို သူ ရန်စမိသနည်းဟု နောင်တရလာ၏။
တတိယမြောက် နှစ်ဆယ်သန်းအကြာတွင် သူ ယဲ့ဖန် ပေါ်လာရန် မျှော်လင့်စပြုလာပြီး ယဲ့ဖန်အား သူ့ကို လွှတ်ပေးရန် တောင်းပန်ကာ နေရောင်ကို ပြန်မြင်ခွင့်ပြုပါဟု တောင်းပန်ချင်လာသည်။
နတ်ဘုရားနှင့် နတ်ဆိုးများအားလုံး ကြောက်ရွံ့ရသော ဤတောင်ဘီလူး နတ်ဘုရားသည် ယဲ့ဖန်၏ လွှမ်းမိုးမှုကြောင့် ရူးမတတ် ဖြစ်နေ၏။
“စိတ်အခြေအနေပေါ် မူတည်တယ်”
ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် အေးအေးဆေးဆေး ပြောလိုက်သည်။
“လုယာ မင်း ဒီလိုလုပ်လို့ မရဘူးလေ၊ မင်း ငါ့ကို အကျဉ်းချထားတာ၊ ဒီလောက် ကြာနေပြီ၊ လက်လျှော့ဖို့ အချိန်တန်နေပြီပဲ၊ ငါမှားမှန်းလည်း ငါ သိပါပြီ။ မင်း ငါ့ကို လွှတ်ပေးသရွေ့ ငါ မင်းနားမှာ နွားလိုမြင်းလို နေပါ့မယ်”
တောင်ဘီလူး ဘုရင် တောင်းပန်လာသည်။ သေသည်ထက် ပိုနာကျင်ရသော အဖြစ်မှာ ထာဝရ အသက်ရှင်ရသော်လည်း တစ်သက်လုံး အထီးကျန်စွာ ရှင်သန်ရခြင်း ဖြစ်လေသည်။