အခန်း ၁၄၂၈
Vol. 96 Ch. 1428
Chapter 1428 သေလူများ ပြန်ရှင်လာပြီ
ဤမြင်ကွင်းက လူတိုင်းကို မယုံသင်္ကာ ဖြစ်သွားစေသည်။
*တောင်ဘီလူးဘုရင်က ခွေးတစ်ကောင်လို အမြီးနှံ့ပြီး သနားခံနေတာလား*
*ဒါက*
သို့သော် ယဲ့ဖန်က ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် ငေါက်လိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့၊ မင်း ထွက်သွားလို့ရပြီ”
“မင်း”
တောင်ဘီလူး နတ်ဘုရား တိုက်ခိုက်ချင်ပါသော်လည်း ဤနတ်ဆိုးအား သူ ရန်စမိလျင် သူ အချိန်မည်မျှ ကြာမှန်း မသိလောက်အောင် အကျဉ်းကျခံရပေလိမ့်မည်။
ထို့နောက် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း လွင့်ပြယ်သွားပြီး မကြာခင်မှာပင် လောကမှ ပျောက်ကွယ် သွားသည်။ သူ့ဘက်က ခြိမ်းခြောက်ခဲ့သော်လည်း ပြန်၍သာ လက်လျှော့ခဲ့ရသည်။ ထိတ်လန့်စရာ ကောင်းလှပေသည်။
“မင်းတို့တွေ ပွဲကြည့်လို့ပြီးပြီလား”
ထိုစဉ် ယဲ့ဖန်က မာထန်သော မျက်နှာထားနှင့် တိုက်ပွဲကို ကြည့်နေသော သိုင်းပညာရှင်များကို လှမ်းကြည့်လေသည်။ ရုတ်ချည်းဆိုသလိုပင် သူတို့ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားကြသည်။
“ယဲ့ဘုရင် ကျုပ်တို့က ဒီအတိုင်း ဖြတ်သွားရုံလေးပါ၊ ခင်ဗျား ဒီလို လုပ်လို့မရဘူး”
ယဲ့ဖန်က သူတို့ကို သတ်ချင်စိတ်ဖြင့် ကြည့်နေပြီး သူတို့အား တစစီလုပ်ရန် ကြံစည်နေကြောင်း ခံစားမိနေ၏။ လက်ရှိတွင် သူတို့ အလွန်အမင်း ကြောက်ရွံ့နေ၏။
ယဲ့ဖန် ခေါင်းခါလိုက်သည်။
“စိတ်မကောင်းပင်မယ့် မင်းတို့အားလုံး ငါ့ပုံစံအစစ်ကို သိသွားကြပြီ၊ အဲ့တော့ မင်းတို့ သေကိုသေရမယ်”
သူ၏ လုယာဟူသော နောက်ကြောင်းကို လူသိစေ၍ မဖြစ်ပါ။ သို့မဟုတ်ပါက ဆူညံပွက်လောရိုက် သွားပေလိမ့်မည်။ ထို့ကြောင့် ဤသိုင်းပညာရှင်များ သေကိုသေရပေမည်။
“ကျုပ်တို့ ဘယ်တော့မှ မပြောဘူးလို့ ကျိန်ဆိုပါတယ်၊ ကျုပ်တို့ ပါးစပ်ကို သေချာ ပိတ်ထားပါ့မယ်၊ ခင်ဗျား စိတ်ချထားပါ”
သူတို့ တုန်တုန်ယင်ယင် တောင်းပန်လာသည်။
“စိတ်မကောင်းပါဘူး၊ သေလူတွေကပဲ ပါးစပ်ကို တင်းနေအောင် ပိတ်နိုင်တာ”
ယဲ့ဖန်က ပြုံးလိုက်ပြီးနောက် သူ့ကိုယ်ထဲမှ အနက်ရောင် အလင်းတန်းများ ဝုန်းခနဲ ထွက်ပေါ်လာသည်။
“အား…”
“မလုပ်နဲ့”
ထိုသိုင်းပညာရှင်များ အော်ဟစ်နေစဉ်မှာပင် သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားကြသည်။ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြလေပြီ။
ဤသည်ကိုမြင်သော် ကျန်လူးများလည်း ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။ ယဲ့ဖန်က သူတို့အား သတ်လိုက်မည်ကို ကြောက်ရွံ့နေ၏။
သို့သော် ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။
“မကြောက်ပါနဲ့၊ မင်းတို့က မတူဘူးလေ၊ ဘာလို့လဲဆိုတော့ မင်းတို့အားလုံးက ငါ့လူတွေပဲ”
ထိုစကားကို ကြားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် မျက်ရည်ဝဲကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်ချလိုက်သည်။ သူတို့ စိတ်လှုပ်ရှားကာ ဝမ်းသာနေကြသည်။ သူတို့ ကျေးဇူးလည်းတင်သလို စိတ်ထဲ ကြည်နူးမိနေသည်။ သူတို့ နတ်ဘုရား၏ ချစ်ခြင်းကို ယုံကြည်သူများ ပြန်ပင် မပေးဆပ်နိုင်တော့ပါ။
“ယွင်အာ၊ သားလေး၊ အရှင် ယဲ့ဘုရင်က မင်းတို့အတွက် လက်စားချေပေးပြီးပြီ၊ မင်းတို့ စိတ်ချလက်ချ အနားယူနိုင်ပါပြီ”
ထိုအခိုက်တွင် လီဆုန်းက ဒူးထောက်လျက်သားဖြင့် ကောင်းကင်ကိုမော့ကြည့်၍ အော်ဟစ်လိုက်သည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး မျက်လုံးတွင် မျက်ရည်များ ဝဲနေသည်။
ကြီးမားသော ရန်ငြှိုးကို ပြန်တုံ့ပြန်နိုင်ခဲ့သော်လည်း ဆုံးရှုံးမှုက ဆုံးရှုံးခဲ့ပြီးသား ဖြစ်သည်။ သို့သော် လက်ရှိတွင် ယဲ့ဖန်က သူ့အနောက်၌ ရပ်နေပြီး သူ့ပခုံးကို ပုတ်လိုက်သည်။
“ထတော့”
“သူတို့ ပြန်ရှင်မှာ”
ချက်ချင်းဆိုသလိုပင် လီဆုန်းသည် စိတ်လှုပ်ရှား၍ ကြောက်ရွံ့တုန်လှုပ်စွာ ထရပ်လိုက်သည်။ ယဲ့ဖန် ပြုံးလိုက်သည်။ သူ့မျက်လုံးတွင် ကြယ်တာရာများ မျောလွင့်နေသည်ဟု ထင်မှတ်ရပြီး ခန္ဓာကိုယ်တွင် တာအိုစွမ်းအင်များနှင့် ပြည့်နှက်နေ၏။ ထို့နောက် သူသည် ရှေးဟောင်း မန္တန်တစ်ခုကို ရေရွတ်လိုက်ပြီး ခြေတစ်ဖက် ဆောင့်လိုက်သည်။ ထိုအခါ ထူးဆန်းသော ရှေးဟောင်း တာအို အစီအရင်တစ်ခုက မိုးမြေကြား၌ ပေါ်လာပြီး ဤလောကကို လွှမ်းခြုံလာလေသည်။
“ဝုန်း”
ကောင်းကင်တစ်ခုလုံး မှေးမှိန်ကာ တာအိုစွမ်းအင်များ တိုးမြင့်လာ၏။ လူနှစ်ယောက်၏ ပုံရိပ်က လောကတွင်း ပြန်ပေါ်လာသည်။
“အဖေ”
“ယောက်ျား”
ညင်သာသော ခေါ်သံနှစ်သံက လီဆုန်း၏ နားထဲသို့ တိုးဝင်လာသည်။ လီဆုန်း ချက်ချင်း ထိတ်လန့်သွားပြီး အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် ရီဝေသော အမူအရာ ဖြစ်နေလေသည်။
သူ ငိုရန်ပင် မေ့လျော့နေပြီး အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ သူ့ဇနီးနှင့် သားတို့က သူ့နောက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
“မင်းတို့”
လီဆုန်း စိတ်လှုပ်ရှားလွန်း၍ ပြောစရာစကားပင်မဲ့နေပြီးမှ သူတို့ထံ ပြေးသွားသည်။ သူတို့အား ရင်ခွင်ထဲ ပွေ့ဖက်၍ အားပါးတရ အော်နေမိသည်။ သူ့မျက်လုံး၌ မျက်ရည်များ ပြည့်လျှံနေ၏။
အရှင်ယဲ့ဘုရင်၊ အရှင်ယဲ့ဘုရင်က သူ၏ ဇနီးနှင့် သားတို့ကို ပြန်အသက်သွင်းပေးခဲ့သဖြင့် သူ အလွန် ဝမ်းသာ သွားရသည်။
“ဘာတွေဖြစ်နေတာလဲ၊ ကျွန်မ သေချာပေါက် …”
“အရှင်ယဲ့ဘုရင်ကြောင့်၊ အရှင် ယဲ့ဘုရင်က မင်းကို ကယ်ပြီး အဲ့ဘီလူးတွေကို သတ်လိုက်တာ”
လီဆုန်းက အလျင်အမြန် ပြောလိုက်သည်။
“မိန်းမ ငါ မှားသွားပါတယ်၊ အရှင် ယဲ့ဘုရင်က အရာရာစွမ်းတဲ့ နတ်ဘုရားလို့ ပြောခဲ့ဖူးတာကို ငါ လှောင်ပြောင်ပြီး မလေးမစား လုပ်ခဲ့မိတယ်၊ ဒါပေမဲ့ အရှင် ယဲ့ဘုရင်သာ မရှိရင် ငါတို့မိသားစု ပျက်စီးနေလောက်ပြီ”
“ဒါ အရှင်ယဲ့ဘုရင်ကြောင့်ပဲ”
သူ့စကားကိုကြားသော် ယွင်အာက ယဲ့ဖန်ကို အံ့ဩသလို ကြည့်လာပြီးနောက် သူမ ပါးနှစ်ဖက် ပူသလို ခံစားလာရသည်။
ယဲ့ဖန် သူတို့ကို တကယ် လာကယ်လိမ့်မည်ဟု သူမ ထင်မထားမိပါ။ ထို့အတူ အရှင် ယဲ့ဘုရင်က အလွန် ငယ်ရွယ်ပြီး နတ်ဆိုးဆန်သော ရုပ်ရည်နှင့် ဆွဲဆောင်မှုတို့ ရှိနေလိမ့်မည်ဟုလည်း ထင်မထားမိပေ။
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ မထင်မှတ်ဘဲ ယဲ့ဖန်က သေလူကိုတောင်မှ အသက်သွင်း နိုင်နေသည် မဟုတ်ပါလော။ ထို့နောက် သူတို့အားလုံး လီဆုန်းတို့ မိသားစုကို အားကျသလို ကြည့်လိုက်မိသည်။
“အဖေ”
“ယောက်ျား”
“သား”
“ဝက်ပေါက်လေး”
သို့သော် လူအုပ်ကြားထဲမှ လှမ်းခေါ်သံများ ထွက်ပေါ်လာသည်။ ထိုသူများမှာ သေဆုံးသွားသော မိဘများ၊ မိတ်ဆွေများနှင့် ချစ်ရသူများ ဖြစ်ကြပေသည်။
*ဘာ*
အားလုံး ထိတ်လန့်သွားကြသည်။ အခေါ်ခံလိုက်ရသည့် လူများသည် ရင်းနှီးနေသော အသံများကို ကြားသောအခါ အံ့ဩဟန် ပြလာသည်။ ထို့နောက် သူတို့ ချက်ချင်း နောက်လှည့်ကြည့်လိုက်သည့် အခိုက်တွင် သူတို့ဘဝ၏ ချစ်ရသူများကို တွေ့လိုက်ရသည်။ ထိုသူများက သူတို့တစ်ယောက်ချင်းစီ၏ အနောက်၌ ရပ်နေကြသည်။
လက်ရှိတွင် လူတိုင်း မျက်ရည်လည်ရွဲ ဖြစ်လာသည်။ လူအများသည် အချင်းချင်း ပွေ့ဖက်ကာ ငိုကြွေးနေ၏။ ဆုံးရှုံးလိုက်ရသူများကို ပြန်တွေ့လိုက်ရသည့် ခံစားချက်က အလွန် ဝမ်းသာ ပျော်ရွှင်ဖွယ် ကောင်းလှသည်။
လက်ရှိတွင် အံ့ဩဝမ်းသာသော ငိုသံများ ပျံ့လွင့်နေပြီး ကြားရသူများကိုပင် ငိုချင်လာအောင် ပြုလုပ်နိုင်၏။ ပတ်ဝန်းကျင်၌ လူ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာနေသည်။ ဖျင်အန်းမြို့မှ သေသွားသူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ပြန်အသက်ရှင်လာသည်။
“ငါ ဘယ်လိုလုပ် အသက်ရှင်တာလဲ”
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ၊ ဘာဖြစ်ကြတာလဲ”
သေရာမှ ပြန်ရှင်လာသူများအားလုံး မယုံနိုင်သလို ခံစားနေကြသည်။
“အရှင် ယဲ့ဘုရင်ပဲ၊ အရှင် ယဲ့ဘုရင်က ငါတို့ကို ကယ်ဖို့ ရောက်လာတာ”
ထိုအခါ ယဲ့ဖန်ပေါ်သို့ အလွန် ကျေးဇူးတင်သော အကြည့်များ ကျရောက်လာ၏။
“ဝေါ့”
ထိုအခိုက်တွင် ယဲ့ဖန် သွေးအန်လာသည်။ ထောင်သောင်းချီသော လူများစွာကို ချက်ချင်း ပြန်အသက်သွင်းခြင်းက သူ့အတွက် ကြီးမားသော ဆုတ်ယုတ်မှုလည်း ဖြစ်သည်။ သူ ထပ်မံ၍ သွေးအန်ပြန်သည်။
“ငယဲ့လေး”
နတ်ဆိုးနဂါး ဖုရှန်က ယဲ့ဖန်ကို ကူညီရန် ရှေ့တက်လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်း ယန်စွမ်းအင်ကို ဒီလို ထပ်သုံးလို့မရဘူး၊ ဒါ သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီ”
“ငါ အဆင်ပြေတယ်”
ယဲ့ဖန် ခေါင်းခါ၍ မန္တန်ကို ဆက်ရွတ်နေသည်။
“မလုပ်ပါနဲ့တော့ အရှင် ယဲ့ဘုရင် ဒီလိုဆို ခင်ဗျား သေသွားလိမ့်မယ်”
ဖျင်အန်းမြို့မှလူများက စစကားပြောလာပြီး ရင်ထဲ၌ အလွန်အမင်း နောင်တရနေကြသည်။
“ဒါတွေအားလုံးက ငါ့အမှားပါ၊ ငါ သေသင့်တာ၊ ငါ့ကိုသာ အသက်မသွင်းရင် အရှင်ယဲ့ဘုရင် ဒီလို အားကုန်ပြီး သွေးအန်မှာ မဟုတ်ဘူး”
လူတိုင်း မျက်ရည်လည်ရွဲ ဖြစ်နေ၏။ တောင်ဘီလူးများက ယဲ့ဖန်ကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း သူတို့ကြောင့် ယဲ့ဖန် အထိနာနေရသည်။
“ဒီကိစ္စက ငါ့ကြောင့်ဖြစ်တာလေ၊ အဲ့တော့ ငါ ပြန်ပေးဆပ်ရမှာပေါ့”
ယဲ့ဖန်က အသာပြုံးနေသော်လည်း ဆက်တိုက် သွေးအန်နေသည်။
“မင်း အလျင်စလို လုပ်ဖို့မလိုပါဘူး၊ ဒီလူတွေကို ဖြည်းဖြည်းချင်း အသက်သွင်းလို့ ရတယ်၊ သူတို့ နောက်ထပ် ဆယ်ရက်၊ လဝက်လောက် စောင့်ရလည်း သူတို့ ဘာမှမဖြစ်ဘူးလို့ ငါ ယုံတယ်”
နတ်ဆိုးနဂါး ဖုရှန်က ဖျောင်းဖျလေသည်။ လူတိုင်းကလည်း ခေါင်းညိတ်၍ ထောက်ခံ၏။
“ဟုတ်ပါတယ် အရှင်ယဲ့ဘုရင်၊ ကျုပ်တို့ အမျိုးတွေ ပြန်ရှင်လာတာကိုပဲ ကျုပ်တို့ ဝမ်းသာနေရပါပြီ၊ ကျုပ်တို့ ထပ်စောင့်လို့ ရပါတယ်”
“ကောင်းပြီလေ”
ယဲ့ဖန် မန္တန် ရွတ်ဆိုခြင်းကို ရပ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ နတ်ဆိုးနဂါးဖုရှန်၏ လက်ထဲ၌ လဲကျသွားပြီး သတိလစ်သွားလေသည်။
“အရှင် ယဲ့ဘုရင်”
ဤသည်ကိုမြင်သော် ဖျင်အန်းမြို့မှ လူများအားလုံး သူ့နာမည်ကို အော်ခေါ်ရင်း ပို၍ ငိုကြွေးကာ စိုးရိမ် တုန်လှုပ်သော အကြည့်ဖြင့် ကြည့်လာကြသည်။
ဤသည်မှာ သူတို့ ယုံကြည်ရသည့် နတ်ဘုရားပင်။ သူတို့အတွက်နှင့် သူ့အသက်ကိုပင် စတေးဝံ့သူ ဖြစ်သည်။ အခြားသူတစ်ယောက်သာဆိုလျင် သူတို့လို သာမန်လူများ၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်ပါမည်လော။
“သူ အဆင်ပြေပါတယ်၊ သူ ဝန်ပိသွားလို့ သတိလစ်သွားရုံလေးပါ။
နတ်ဆိုးနဂါး ဖုရှန်က မချိပြုံးပြုံး၍ ခေါင်းခါလိုက်သည်။
“တော်တော် ကမောက်ကမ ဖြစ်ကုန်တာပဲ”
ဤဒဏ်ရာက ဆယ်ရက် သို့မဟုတ် လဝက်နှင့် သက်သာမည့်ပုံ မပေါ်ပါ။
တစ်ချိန်တည်းမှာပင် စစ်သူကြီး အိမ်တော်၌ ကျုံးဝမ်နှင့် အခြား မိန်းကလေးများသည် အတင်းအဓမ္မ ဒူးထောက်ရန် ဖိအားပေး ခံထားရသည်။ သူတို့အရှေ့၌ အဖြူရောင်ဝတ်စုံနှင့် ချောမော၍ သူမတူသော အသွင်အပြင်နှင့် မာနကြီးဟန်ပေါ်သော အမျိုးသားတစ်ယောက် ထိုင်နေသည်။
သူတို့အား အထင်သေးသလို ကြည့်နေပြီး သူ့မျက်လုံးများက အေးစက်လွန်းလှသည်။ တစ်ခန်းလုံး အပူချိန် မရှိသကဲ့သို့ အေးစက်ကာ လူသတ်ချင်သော အငွေ့အသက်များသာ ဖုံးလွှမ်းနေ၏။
ဂိုဏ်းသားများ မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ သူတို့အားလုံးသည် သူတို့ရှေ့မှ လူကို မကြည့်ရဲဘဲ ခေါင်းငုံ့ထားသည်။
ထိုလူ၏ မျက်နှာက ပြာနှမ်းကာ သုန်မှုန်နေလေသည်။ ဤရက်ပိုင်းအတွင် ကြီးမားသော ကိစ္စများ ဖြစ်သွားလိမ့်မည်ဟု သူ ထင်မထားမိပေ။
သူ၏ညီငယ် ခေါင်းဖြတ်ခံလိုက်ရပြီး သူ့ဖခင် အရှက်တကွဲ ထွက်ပြေးသွားရကာ တပည့်များ အသတ်ခံရပြီး လူများစွာ ဒဏ်ရာရခဲ့သည်။ ထိုအရာအားလုံးက ယဲ့ဖန်ဟူသော လူတစ်ယောက်ကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဤလူမှာ လီချုံးယန်၏ ဂုဏ်အယူရဆုံး သားဖြစ်သူ လီတုန်းဝူပင်။ ယခု သူသည် အတားအဆီးအား ချိုးဖောက်ကာ သူတော်စင်သခင်အဆင့်သို့ တက်လှမ်းနိုင်လေပြီ။
ဤဝမ်ကောဖူ၌ သူသည် အဆင့်ကိုးနေရာသို့ ရောက်ရှိသွားသည်။ လူတိုင်း ကြောက်နေသော်လည်း ယဲ့ဖန်၏ အမျိုးသမီးများက သေရမည်ကို မကြောက်သည့်ပုံ ပေါ်နေ၏။ ဤမြင်ကွင်းက လီတုန်းဝူကို မျက်မှောင်ကြုတ် သွားစေပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“မင်းတို့ မကြောက်ဘူးလား”
“ကြောက်တယ် ဟုတ်လား၊ ငါတို့က ဘာလို့ ကြောက်ရမှာလဲ”
ပိုင်ရွှယ်က ခေါင်းကိုမော်၍ ထီမထင်ဟန်ဖြင့် ပြောလိုက်လေသည်။ လီတုန်း၏ မျက်နှာ မည်းမှောင်သွားသည်။
“ငါ မင်းကို သတ်မှာကို မကြောက်ဘူးလား”
“ငါတို့ကို သတ်မယ်ဟုတ်လား၊ အဲ့ဒါဆိုရင်တော့ နင်ရော ဒီဝမ်ကောဖူပါ သက်ရှိလောကက ငရဲခန်း ဖြစ်သွားလိမ့်မယ်”
ပိုင်ရွှယ်က အထင်သေးဟန်ဖြင့် ရယ်မောလေသည်။
“အာ မဟုတ်သေးဘူး၊ ငါတို့ကို ပြန်ပေးဆွဲလိုက်ကတည်းက ဒီနေရာက ငရဲခန်း ဖြစ်နေပြီ”
သူမက လီတုန်းဝူကို မထီမဲ့မြင် မျက်နှာပေးနှင့် ကြည့်လိုက်သည်။
“ဘာလို့လဲဆိုတော့ အဲ့လူက စိတ်ကောင်းရှိတာ မဟုတ်ဘူး”
သူမစကားကို ကြားသော် ဘေးမှ ကြီးကြပ်ရေးမှူးလီ ဒေါသထွက်သွားသည်။
“မိန်းမပျက် နင် ဘာစကား ပြောတာလဲ”
မိန်းမပျက်ဟူသည့် စကားလုံးကြောင့် ပိုင်ရွှယ်၏ မျက်နှာ တင်းမာသွားသည်။
“ကြီးကြပ်ရေးမှူးလီ ရှင့်ကို ကျွန်မ အရူးလို့ ပြောခဲ့ပင်မယ့် တကယ် ရူးနေမယ်လို့ ထင်မထားမိဘူး၊ ရှင်က ပြဿနာကို ထပ်ခါထပ်ခါ ရှာနေတာကိုး၊ ဖုန်းယဲ့က ရှင့်ကို မသတ်ရဲဘူးလို့ ထင်နေတာလား”
“ငါ့ကိုသတ်မယ် ဟုတ်လား”
ကြီးကြပ်ရေးမှူးလီက အထင်သေးစွာ ပြုံးလိုက်ပြီး ဘေးနားမှ လီတုန်းဝူကို လက်ညှိုးထိုးပြသည်။
“သူ ဘယ်သူလဲ မင်း သိလား၊ သူက လီတုန်းဝူပဲ၊ အခု သူတော်စင်သခင်အဆင့်ကို ရောက်သွားပြီ၊ သူက လက်ရှိ ဝမ်ကောဖူရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အဆင့်ကိုးကွ”
“ဖုန်းယဲ့လို အမှိုက်ကောင်က ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ၊ သူ သေမယ်လို့ ငါ ပြောရဲတယ်”
“ရှင် အရင်ကလည်း အဲ့လို တွေးတာပဲလေ၊ ဒါပေမဲ့ အခြေအနေအမှန်ကိုလည်း မြင်ရော ရှင် ကြောက်လန့်ပြီး ထွက်ပြေးခဲ့တာ မဟုတ်ဘူးလား”
ပိုင်ရွှယ်က သူ့ဟာကွက်ကို ထုတ်ပြောလိုက်သည်။
“မင်း သေချင်နေပြီလား”
ကြီးကြပ်ရေးမှူးလီ ဒေါသထွက်ကာ လက်ကိုဝင့်၍ ပိုင်ရွှယ်အား သင်ခန်းစာ ပေးရန် ပြင်လိုက်သည်။
“တော်လောက်ပြီ ဘာလို့ သေခါနီးလူကို ဒေါသထွက်နေတာလဲ”
သို့သော် ထိုအချိန်၌ လီတုန်းဝူက အသာဝင်ပြောလာသည်။ သူ့အသံက အတော်လေး ဩဇာညောင်းပေသည်။