အခန်း ၁၄၂၉
Vol. 96 Ch. 1429
Chapter 1429 ယဲ့ဖန်၏ တိုက်ခိုက်မှု
ဘေးနားမှ လီချုံးယန်တောင်မှ တစ်ခွန်းမှမပြောချေ။ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို လီတုန်းဝူထံ လွှဲထားသည့်ပုံပင်။
လီတုန်းဝူက ပိုင်ရွှယ်နှင့် အခြားမိန်းကလေးများကိုကြည့်၍ အပြုံးဖြင့် ပြောလိုက်သည်။
“ငါ မင်းတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို လေးစားပါတယ်၊ ငါ သူ့ကို အနိုင်ယူလိုက်တဲ့အချိန်ကျရင်တော့ ဒီလောကမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကို မင်းတို့ သိလာလိမ့်မယ်”
“အဲ့ဒါကြောင့် ငါ မင်းတို့ကို တကယ့် သန်မာတဲ့ယောကျ်ားက ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ့် အခွင့်အရေးကို ပေးမယ်၊ အဲ့အခါကျရင် မင်းတို့ စိတ်ပြောင်းရင် ပြောင်းမှာပဲ”
ထိုစကားကိုကြားသော် ပိုင်ရွှယ်က ရယ်လိုက်သည်။
“နင်က ဖုန်းယဲ့ထက် သန်မာတယ်လို့ ပြောချင်တာလား၊ အဲ့ဒါကြောင့် ငါတို့က သူ့ကို စွန့်ပစ်ပြီး နင့်ကို ရွေးသင့်တယ်ပေါ့လေ”
သူမစကားကြောင့် အခြားမိန်းကလေးများကလည်း ချက်ချင်း လှောင်ရယ်လာကြသည်။ မသိလျင် ဟာသတစ်ပုဒ်ကို ကြားလိုက်သလိုပင်။ သူတို့၏ အပြုအမူက လီတုန်းဝူကို မျက်နှာ ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားပြီး ချက်ချင်း ဒေါသထွက်လာ၏။
“အဲ့လို ဖြစ်သင့်တာ မဟုတ်လား”
သူ့စိတ်ထဲတွင် မိန်းမလှလေး၊ ချမ်းသာခြင်းနှင့် အာဏာတို့သည် သန်မာသူသာလျင် အားလုံး ပိုင်ဆိုင်သင့်သည်ဟု မြင်သည်။ ယဲ့ဖန်က သူ့ထက် အားနည်းသောကြောင့် ဤအမျိုးသမီးများကို ပိုင်ဆိုင်ရန် မထိုက်တန်ချေ။
လီတုန်းဝူက အေးစက်စက် ပြန်ပြောလိုက်သည်။
“သေတဲ့အထိ သူ့အနားမှာ နေမယ့်အစား ငါ့ကို အညံ့ခံလိုက်တာ ပိုကောင်းမယ်၊ အဲ့ဒါ မင်းတို့ လုပ်သင့်တဲ့ အရာပဲ”
“နင် ပြောတာ မှန်တယ်၊ နင်သာ ဖုန်းယဲ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါတို့ နင့်မယားအဖြစ် လိုလိုလားလား နေပေးမယ်”
ပိုင်ရွှယ်က ရယ်၍ လီတုန်းဝူကို စိုက်ကြည့်လိုက်သည်။
“နင် လုပ်နိုင်မှနော်”
“ဟုတ်တယ် ငါတို့အားလုံး ကတိပေးတယ်”
“နင် လုပ်နိုင်သရွေ့ပေါ့”
အခြားမိန်းကလေးများကလည်း ထီမထင်သော အပြုံးတို့ဖြင့် ပြောလာသည်။ သူမတို့က လီတုန်းဝူအတွက် တမင်သက်သက် ကျင်းတူးထားပေးခြင်းသာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် လီတုန်းဝူ သေရမည်ဖြစ်ကြောင်း သူမတို့ သိနေသောကြောင့်ပင်။
“မင်းတို့က သူ့ကို သိပ်သစ္စာရှိတဲ့ပုံလည်း မပေါ်ပါလား”
လီတုန်းဝူက မခိုးမခန့်ပြုံး၍ တစ်ဖက်သို့ လျင်မြန်စွာ လှည့်ထွက်သွားသည်။
*ဒီမိန်းမတွေကလည်း လက်ရှိအခြေအနေကို သိတဲ့သူတွေပဲ*
ပိုင်ရွှယ်နှင့် အခြားသူများက လှောင်ရယ်ရုံသာရယ်ပြီး ပြန်မပြင်းချေ။ ဤသည်ကိုမြင်သော် လီချုံးယန်သည် ဘာကြောင့်မှန်း မသိဘဲ တစ်ခုခုတော့ မူမမှန်ကြောင်း ခံစားမိလာသည်။ ဤအမျိုးသမီးများက တည်ငြိမ်ပြီး ယုတ္တိမတန်လှချေ။
“မင်း အားလုံး အသင့်ပြင်ပြီးပြီလား”
ထိုစဉ် လီချုံးယန်က သူ့အနားမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။ သူသည် စစ်သူကြီး အိမ်တော်၏ အရှင်သခင် ဝမ်ရှင်းတဲ ဖြစ်သည်။
သူ၏ သားများက ယဲ့ဖန်ထံ၌ အသတ်ခံလိုက်ရသဖြင့် ဝမ်ရှင်းတဲ သူ့ကို အရိုးထဲအထိ မုန်းတီးလေသည်။ ဝမ်ရှင်းတဲက ခေါင်းညိတ်၍ ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ဒီတစ်ခါတော့ အဲ့ကောင် ဘယ်တော့မှ ပြန်မလာနိုင်စေရဘူးလို့ ကျုပ် အာမခံတယ်”
မကြာသေးခင်ကမှ သူ အံ့ဩစရာကောင်းသော အကူအညီပေးမည့်သူကို ရှာတွေ့ခဲ့သည်။ ထိုအကူအညီ ပေးမည့်သူက လောက၌ အတော်ဆုံးနှင့် အရဲရင့်ဆုံးသော စစ်တပ်ကို ပိုင်ဆိုင်ထားပြီး သူ့အတွက် ထိုစစ်တပ်ကို သုံးမည်ဟု ကတိပေးထားသည်။
သို့သော် အပြန်အလှန်အနေဖြင့် ဝမ်ရှင်းတဲက ရှုကျိုး နယ်စပ်မှ စစ်သားများအားလုံးကို သူ့ကို လွှဲပေးရမည်။ ဝမ်ရှင်းတဲ ကတိပေးလိုက်သည်။ အကြောင်းမှာ သူ့၌ ပြန်ငြင်းနိုင်သည့် အရည်အချင်း မရှိသောကြောင့်ပင်။ တစ်ဖက်လူက အင်အားသုံး၍ ဝင်တိုက်လာလျင် သူ့အတွက် ဟန့်တားရန် မဖြစ်နိုင်ပါ။ ခေါင်းမာစွာ ခုခံနေမည့်အစား ယခုကတည်းက လက်ခံလိုက်သည်က ပိုကောင်းသည်။
ထို့ကြောင့်ပင် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်နေခြင်း ဖြစ်သည်။
“တကယ်လို့ သခင်လေးက အဲ့လူကို ရှုံးသွားခဲ့ရင် ခင်ဗျား အဲ့ဒီပုဂ္ဂိုလ်နဲ့ ပူးပေါင်းပြီးတော့ အဲ့လူကို ချေမှုန်းလို့ ရနိုင်မှာ သေချာတယ်”
ဝမ်ရှင်းတဲက အားပါးတရ ပြုံးနေသည်။ သူတို့ဘက်၌လည်း သူတော်စင်သခင်အဆင့်တစ်ယောက် ရှိနေ၏။ ခွန်အားက လီချုံးယန်နှင့် အတူတူနီးပါးလောက်ပင်။
လီချုံးယန် ခေါင်းညိတ်လိုက်သည်။ ဤသည်က စိတ်ချရသော အပြင်အဆင်ပင်။ ယဲ့ဖန်ကို တိုက်ခိုက်ရန် ဝမ်ရှင်းတဲ၏ စစ်သူကြီး အိမ်တော်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ ဝမ်ကောဖူကို သွားတိုက်ပါက ထိခိုက်နစ်နာမှု ကြီးမားမည်ဖြစ်ကြောင်း သူတို့ သိနေသောကြောင့် ဖြစ်သည့်အပြင် အခြား ကျောင်းအုပ် ခုနစ်ယောက်၏ ဝင်ရောက် နှောင့်ယှက်ခြင်း ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် လီချုံးယန်က ကြီးကြပ်ရေးမှူးလီအား လူတစ်ချို့ကို ဦးဆောင်၍ ယဲ့ဖန်၏ အမျိုးသမီးများကို ဤသို့ ဖမ်းခေါ်လာရန် စေခိုင်းခဲ့ခြင်း ဖြစ်လာသည်။
“အဲ့အချိန်ကျရင် ခင်ဗျား ဝင်ပါစရာ မလိုပါဘူး၊ ကျုပ်တစ်ယောက်တည်းနဲ့ သူ့ကို အသာလေး သတ်နိုင်တယ်”
လီတုန်းဝူက ယုံကြည်မှုရှိစွာ ပြောလာသည်။ ထိုစကားကို ကြားသော် ချင်ရွှေကျောင်းမှ တပည့်များအားလုံးက စဉ်းလဲသော အပြုံးများ ပြုံးလာကြသည်။
လီတုန်းဝူ၏ ခွန်အားနှင့် အရည်အချင်းက ချင်ရွှေကျောင်း၌ ပထမဖြစ်ပြီး ဝမ်ကောဖူ တစ်ခုလုံး၌ အတော်ဆုံး စာရင်း ဝင်လေသည်။
သူတော်စင်သခင် အဆင့်သို့ မရောက်ခင်က သူသည် အဆင့် နှစ်ဆယ့်သုံး၌ ရှိနေပြီးပြီ ဖြစ်ပြီး ယခု သူတော်စင်သခင် အဆင့်သို့ တက်နိုင်သောအခါ ထိပ်တန်း ဆယ်ယောက် စာရင်းထဲသို့ ဝင်သွားလေပြီ။
ထိပ်တန်း ငါးယောက်၊ သုံးယောက် စာရင်းထဲသို့ ဝင်နိုင်ရန် သိပ်မကြာနိုင်ဟု ယုံကြည်ထားကြသလို နံပါတ်တစ် ဖြစ်ရန်ကလည်း နီးစပ်နေပြီဟု ယုံကြည်ထားကြသည်။
ထို့ကြောင့် တပည့်များအားလုံးက လီတုန်းဝူကို အလွန် လေးစား၍ ထိတ်လန့်သော အကြည့်တို့ဖြင့် ကြည့်နေကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က ညတာအချိန်၌ လျှပ်စီးသဖွယ် လျင်မြန်စွာ ပြေးလွှားနေ၏။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
တောင်ဘီလူးများကို သတ်ပြီးသည်မှာ အချိန်တစ်ပတ်မျှ ရှိသွားလေပြီ။ မူလက သူသည် ဖျင်အန်းမြို့၌ ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများတွင် အားလုံးကို ဝင်ကူရန် စဉ်းစားထားခဲ့သည်။
သို့သော် မထင်မှတ်ဘဲ ကြီးကြပ်ရေးမှူးလီထံမှ သတင်းစကားကို ရခဲ့ပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်က သူ့အား စစ်သူကြီး အိမ်တော်သို့ လာ၍ အသေခံရန် ဖြစ်နေသည်။ သို့မဟုတ်ပါက သူ၏ အမျိုးသမီးများ မသေမချင်း လှောင်ပြောင်ခံရပေလိမ့်မည်။
ဤကိစ္စကို ဝမ်ကောဖူ မသိရန် မဖြစ်နိုင်ပါ။ ကျောင်းအုပ်များ ဤကိစ္စကို မသိချင်ယောင်ဆောင်ထားသည့် အကြောင်းရင်းမှာ လီတုန်းဝူကြောင့် ဖြစ်နိုင်ပေသည်။
လီတုန်းဝူက သူတော်စင်သခင်အဆင့်သို့ တက်လှမ်းသွားနိုင်ပြီ ဖြစ်ကြောင်း သူ ကြားခဲ့သည်။ ယင်းက ဝမ်ကောဖူအတွက် သတင်းကောင်းပင်။
ဤသို့သော ပါရမီရှိသည့် တပည့်ကို ရှာတွေ့ရန် ခက်ခဲပေသည်။ ယဲ့ဖန်၏ အရည်အချင်းက လီတုန်းဝူထက် ပိုသာသော်လည်း သူက မရင့်ကျက်သေးပေ။ အချိန်မတိုင်သေ သေဆုံးနိုင်ချေရှိသူ ဖြစ်သဖြင့် ကျောင်းအုပ်များက သူ့အား မျက်နှာသာ မပေးလိုချေ။
ဤလူ့အဖွဲ့အစည်းကြီးက အလွန် လက်တွေ့ဆန်လှသည်။ ဤသည်ကို တွေးမိပြီး ယဲ့ဖန်၏ မျက်လုံးများက လူသတ်ချင်စိတ်တို့ဖြင့် အရောင်တောက်လာ၏။
သူ၏ ပြေးနှုန်းက မြန်သထက် မြန်လာပြီး ဒေါကန်နေသော ခြင်္သေ့တစ်ကောင်သဖွယ် အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။
“လာကြဟေ့၊ အဲ့အရူးက တကယ် လာအသေခံရဲတယ်ဟ”
ထိုစဉ် အိမ်တော်အစပ်နား၌ များစွာသော စစ်ဝတ်စုံများနှင့် ဘုရင်အဆင့်များက အေးစက်စက် ခနဲ့၍ လျင်မြန်စွာ ချဉ်းကပ်လာနေသော ယဲ့ဖန်ကို အေးတိအေးစက် ကြည့်နေကြသည်။ သူတို့အနောက်မှ စစ်သား တစ်ထောင် နီးပါးကလည်း သေနတ်များကိုထုတ်၍ ယဲ့ဖန်ကို ချိန်လာ၏။
ထိုစဉ် ယဲ့ဖန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူတို့အား တစ်လမ်းအကွာလောက်မှ သေချာကြည့်နေသည်။ လက်ရှိတွင် ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်တို့က ထကြွတောက်ပနေလေသည်။ သူ့မျက်လုံးများက နတ်ဆိုးတစ်ကောင်၏ မျက်လုံးသဖွယ် ရဲရဲနီနေသည်။
“ဖုန်းယဲ့ မင်း တကယ် လာရဲတာလား၊ မိန်းမလှလေးတွေကလည်း သိပ်ချစ်စရာကောင်းနေတာကိုး ဟားဟားဟား”
ထိုစဉ် ကြီးကြပ်ရေးမှူးလီက စစ်သူကြီး အိမ်တော်ထဲမှ ထွက်လာပြီး အားပါးတရ ရယ်မောလေသည်။ ထိုအသံတွင် လှောင်ပြောင်မှုနှင့် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေ၏။
“လမ်းဖယ်မလား အသေခံမလား”
ယဲ့ဖန်၏ မျက်လုံးများက နဂါးတစ်ကောင်၏ မျက်လုံးသဖွယ် စူးရှနေပြီး ထိုစကားကို တည်ငြိမ်စွာ ပြောလိုက်သည်။
*ဟမ်*
ထိုစကားတစ်ခွန်းနှင့် အခြေအနေက ရေခဲတမျှ အေးစက်သွားသည်။ ချက်ချင်းဆိုသလိုပင် အားလုံး ဒေါသထွက် လာကြပြီး စစ်သားတိုင်း၏ မျက်လုံးများက အေးစက်လာလေသည်။ ယဲ့ဖန် သူတို့ကို ဥပေက္ခာပြုထားခြင်းက သေတွင်းတူးနေသည့် လုပ်ရပ်ပင်။
“မျိုးမစစ်လေး မင်း ငါ့ကို ခဏခဏ မလေးမစား လုပ်နေတယ်၊ ဒီနေ့တော့ မင်းကို စည်းကမ်းဆိုတာ ဘာလဲသိအောင် သင်ပေးမယ်ကွ”
ကြီးကြပ်ရေးမှူးလီက မာထန်စွာ အော်ဟစ်လိုက်ပြီး လက်ကျယ်ဝတ်ရုံအား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်ကို လွှမ်းမိုးနိုင်သည့် ရွှေရောင်လက်များက ယဲ့ဖန်ထံ ကျဆင်းလာ၏။
ထိုရွှေရောင်လက်များသည် အလွန် အင်အားကြီးပြီး အနားပတ်လည်တွင် ရွှေရောင်လှိုင်းထနေကာ အလေးချိန် ပေါင်ထောင်ချီ၍ လေးလံကာ လေကိုပင် အက်ကွဲစေနိုင်သည်။ ယင်းလက်ဝါးက ယဲ့ဖန်၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်လာ၏။
“ဂါး”
ရုတ်ချည်းဆိုသလိုပင် ကြောက်စရာကောင်းသော နဂါးသံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်လာပြီး လှံကို ရစ်ပတ်ထားသည့် အနက်ရောင် နဂါးတစ်ကောင် ပေါ်လာပြီး မီတာ တစ်ရာ အရွယ်အစားသို့ ပြောင်းကာ ကောင်းကင်၌ နေရာယူ၍ အိမ်တော်တစ်ခုလုံးကို ဖုံးအုပ်ကာ ခေါင်းကိုမော့၍ ရွှေရောင်လက်ကို မျက်နှာမူ၍ အော်ဟစ်လိုက်သည်။
ထိုအခါ ထူးဆန်းသော အနက်ရောင် မီးလျှံများ ထွက်လာပြီး ထိုမီးတောက်ကြောင့် လေဟာနယ်ပင် လောင်ကျွမ်းလာသည်။ ရွှေရောင်လက်သည် အနက်ရောင် မီးလျှံနှင့် ထိမိသည့်နှင့် ချက်ချင်း အရောင်မှိန်ကာ လောင်ကျွမ်းသွားလေသည်။
“အား…”
ကြီးကြပ်ရေးမှူးလီ အော်ဟစ်လာပြီး သူ၏ ညာလက် ကြေမွကာ သွေးများ တတောက်တောက် စီးကျလာ၏။
“ဘာ ကြီးကြပ်ရေးမှူးလီ တကယ် ရှုံးသွားတာလား”
ဤသည်ကိုမြင်သော် စစ်သားများအားလုံး အံ့ဩသွားကြသည်။ ကြီးကြပ်ရေးမှူးလီသည်လည်း ဘုရင်အဆင့် ရှိသူ ဖြစ်သည်။ ဘယ်လိုလုပ် စတိုက်ခိုက်သည်နှင့် ချက်ချင်း ရှုံးနိမ့်သွားသနည်း။
ထို့နောက် ဧရာမ အနက်ရောင်နဂါးကြီးက လေထဲ ဝဲပျံကာ အလွန် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှင့်၍ သူတို့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“လတ်စသက်တော့ ကူညီမယ့်သူကို ခေါ်လာတာကိုး၊ ဒီလောက် မောက်မာရဲတာကို မအံ့ဩတော့ဘူး”
ဘုရင်အဆင့်များက ကျယ်လောင်စွာ ရယ်မော၍ လက်နက်များကို ကောက်ယူကာ ရှေ့ထွက်လာကြသည်။ နတ်ဆိုးနဂါး ဖုရှန်က ဘုရ်ငအဆင့်ပင် မဟုတ်သည်ကို သူတို့ ခံစားမိသည်။ သူတို့ တကယ် တိုက်ခိုက်လျင် မည်သူက ရှင်ပြီး မည်သူက သေမည်နည်း။
“ငါ့ကို သင်ခန်းစာပေးချင်နေတာလား၊ ဒါဆိုလည်း မင်းတို့မှာ အရည်အချင်း ရှိ၊မရှိ ကြည့်ရသေးတာပေါ့”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး လူသတ်လိုသော အငွေ့အသက်က ဝုန်းခနဲ ထွက်ပေါ်လာကာ ရှေ့သို့ ပြေးတက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အရပ်မျက်နှာအားလုံး၌ လူသတ်လိုသော အငွေ့အသက်က ရစ်ပတ်လာ၏။
“ဂါး”
နတ်ဆိုးနဂါး ဖုရှန်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် အော်ဟစ်ကာ ကြီးကြပ်ရေးမှူးလီထံသို့ ငုံ့လျှိုး ပျံသန်းလာလေသည်။
ဤသည်ကိုမြင်သော် ဘုရင်အဆင့်တစ်ယောက်က လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်မှ ယန်စွမ်းအင် ထွက်ပေါ်လာပြီး သူ့ရှေ့၌ မျက်စိကျိန်း လောက်အောင် တောက်ပသည့် မှန်တစ်ချက် ထွက်ပေါ်လာသည်။ ၎င်းမှန်က နတ်ဆိုးနဂါး ဖုရှန်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားလေသည်။
“ဘာချီးထုပ်ကြီးလဲ၊ သွားစမ်းကွာ”
ယဲ့ဖန်က ကျယ်လောင်စွာ အော်ဟစ်၍ တောင်ကိုပင် တုန်ခါနိုင်စေသည့် ခွန်အားဖြင့် ယင်းမှန်ကို ဒေါသတကြီး ထိုးခွဲလိုက်သည်။
“ဂျွတ်”
ထိုရတနာမှန်၌ အက်ရာ ပေါ်လာပြီး ဝိညာဉ်စွမ်းအင်က ရုတ်တရက် လျော့ကျသွားပြီး တစ်စစီ ပျက်စီး သွားလေသည်။
*ဘာ*
ဤသည်ကိုမြင်သော် ထိုဘုရင်အဆင့် သိုင်းပညာရှင် မျက်လုံးပြူးသွားသည်။ ယင်းမှန်သည် ဘုရင်အဆင့် လက်နက်ဖြစ်ပြီး နဂါးအသွင်ပြောင်းခြင်း အဆင့်သာရှိသော တစ်ဖက်လူက ဘယ်လိုလုပ် လက်သီး တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ရသနည်း။
“မင်းက နားညည်းဖို့ ကောင်းလိုက်တာ သေလိုက်တော့”
ယဲ့ဖန်က ချက်ချင်း မာန်မဲ၍ ထပ်မံ၍ လက်သီးကိုဝင့်ကာ ထိုသူအား ထိုးနှက်လိုက်သည်။
“ဖောင်း”
ထိုဘုရင်အဆင့် သိုင်းပညာရှင် ပေါက်ကွဲကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွားသည်။ ချက်ချင်း အသတ်ခံ လိုက်ရခြင်းပင်။
“မဖြစ်နိုင်ဘူး ဒီကောင့်ခွန်အားက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”
ဘုရင်အဆင့်များအားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။
*ဒီလူက နဂါးအသွင်ပြောင်းခြင်းအဆင့် မဟုတ်ဘူးလား၊ ဘာလို့ လက်သီး တစ်ချက်တည်းနဲ့ ဘုရင်အဆင့်ကို သတ်နိုင်တာလဲ*
“အချိန်ဖြုန်းမနေနဲ့ အတူတူတက်ကြ ပြီးရင် အတူတူ သေလိုက်တော့”
ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေပြီး စစ်နတ်ဘုရားသဖွယ် ထပ်မံ တိုက်ခိုက်လေသည်။
“သတ်”
ကြီးကြပ်ရေးမှူးလီက အလွန်မုန်းတီးသော မျက်လုံးတို့ဖြင့် ယဲ့ဖန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အမိန့်ပေး လိုက်သည်။
“ဒိုင်း ဒိုင်း ဒိုင်း”
စစ်သားများက သေနတ်ကိုပင့်၍ ဆက်တိုက် ပစ်ခတ်လေသည်။ ထိုအခါ ယဲ့ဖန်က သေလူတစ်စုကို ကြည့်သကဲ့သို့ ကျောချမ်းဖွယ် ကောင်းလောက်အောင် ပြုံး၍ ကြည့်လာသည်။
“ဘုတ် ဘုတ်”
ထိုအချိန်တွင် ကောင်းကင်ထက်မှ ခေါင်းပြတ်များ ကျလာ၏။ တစ်လုံး ချင်းစီက ထရပ်ကားနီးနီး ကြီးမားကာ လူအုပ်ထဲသို့ အရှိန်ဖြင့် ကျဆင်းလာသည်။
“ဘုန်း ဘုန်း ဘုန်း”
မြေဆီလွှာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး အော်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ ထိုအော်သံက ကြီးကြပ်ရေးမှူးလီကို ကြက်သီးထ သွားစေသည်။ ကောင်းကင်ထက်မှ ကျလာသည့် အရာများကို သူတို့ သေချာ ကြည့်လိုက်သောအခါ တောင်ဘီလူးများ၏ ခေါင်းပြတ်များ ဖြစ်နေသည်။
“ဘာ … ဒါက”
“ဒါ တောင်ဘီလူးတစ်ကောင်ပဲ၊ ဘယ်လိုလုပ် သူတို့ခေါင်းတွေက ကောင်းကင်ကနေ ကျလာရတာလဲ”
စစ်သားများ ကြောက်လန့်လာပြီး မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာကာ တစ်ကိုယ်လုံး အေးစက်လာ၏။
ခေါင်းပြတ်တစ်ရာက လူအုပ်ထဲသို့ ဆက်တိုက် ကျလာပြီး စစ်သားများ ပြားချပ်သွားလေသည်။ အမိန့်ပေးနေသည့် ဘုရင်အဆင့်များလည်း မျက်လုံးပြူးနေ၏။
*တောင်ဘီလူးတွေရဲ့ ခေါင်းလား*
*တောင်ဘီလူးတိုင်းရဲ့ ခွန်အားက ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ယှဉ်နိုင်တာလေ*
*ပြီးတော့ သူတို့က ဖျင်အန်းကို သွားဖျက်ဆီးနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ရှုကျိုးမှာ ပေါ်လာတာလဲ*
*မဟုတ်မှလွဲရော*