← Chapters

အခန်း ၁၄၃၁

Vol. 96 Ch. 1431

အခန်း ၁၄၃၁

Vol. 96 Ch. 1431

Chapter 1431 တစ်ချက်နဲ့တင် လုံလောက်တယ်

“ဒေါက် ဒေါက် ဒေါက်”

အပြင်ဘက်မှ ခြေသံက တဖြည်းဖြည်း နီးကပ်လာပြီး မည်သူမှ ရောက်မလာခင် ကြမ်းကြုတ်သော အရှိန်အဝါက အရင် ရောက်ရှိလာသဖြင့် ဧည့်ခန်းမမှ လီတုန်းဝူနှင့် အခြားသူများ ရင်တုန်လာကြသည်။

ထိုအခိုက်တွင် သူတို့သည် မျက်နှာထား သုန်မှုန်လာပြီး သေရေးရှင်ရေး အခြေအနေဟု ခံစားမိလာသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဖုန်းယဲ့ ဘယ်လောက် ကြောက်စရာကောင်းကောင်း ငါတို့က သူတော်စင်သခင်အဆင့်လေ၊ ဘယ်လိုလုပ် သူတော်စင်သခင်အဆင့်တွေက နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်ကို ကြောက်ရမှာလဲ*

တစ်ခဏကြာသော် ယဲ့ဖန် တံခါးဝ၌ ပေါ်လာပြီး လေးနက်သော မျက်နှာထားနှင့်အတူ သွေးဆာသော မျက်လုံးတို့ဖြင့် အားလုံးကို စိုက်ကြည့်လေသည်။

ယဲ့ဖန်ကို မြင်လိုက်ရသောအခါ လီတုန်းဝူသည် ပထမ၌ အံ့ဩနေပြီးမှ အားရပါးရ အော်ရယ်လာသည်။

“ဟားဟားဟား သူက ဖုန်းယဲ့လား”

ထို့နောက် သူက ယဲ့ဖန်ကို လက်ညှိုးထိုး၍ ပိုင်ရွှယ်နှင့် အခြားသူများကို ပြောလိုက်သည်။

“လတ်စသက်တော့ မင်းတို့ပါးစပ်ဖျားက ပြိုင်ဘက်ကင်းတဲ့ ဖုန်းယဲ့က နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ ရှိသေးတာကိုး၊ ဟားဟားဟား မင်းတို့က နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်ကို ငါ့လို ပြိုင်ခိုင်တာလား၊ ရယ်ရလွန်းလို့ သေတော့မယ်ကွာ”

လီတုန်းဝူသည် ရယ်ရလွန်း၍ အူပင်နာလာပြီဟု ခံစားလာရသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့်လေးက သူတော်စင်သခင်အဆင့်နှင့် ယှဉ်တိုက်မည်တဲ့လား။

*ဒါ ရူးနေတာ မဟုတ်ဘူးလား*

ထို့နောက် လီတုန်းဝူက လီချုံးယန်နှင့် ဝမ်ရှင်းတဲတို့အား လှည့်ကြည့်၍ သရော်လေသည်။

“ခင်ဗျားတို့ကပဲ အသုံးမကျလွန်းတာလား၊ ဘာမဟုတ်တဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့်လေးကို မရှင်းနိုင်လို့ ကျွန်တော့်ကို ရှင်းခိုင်းစေချင်တာလား”

“ကျွန်တော့်လက်ကို ညစ်ပတ်စေချင်နေတာလား”

လီတုန်းဝူ အလွန်အမင်း အထင်သေးသွားသည်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်ကို သတ်ရမယ်တဲ့လား*

*ဒါ ငါ့ကို စော်ကားနေတာပဲ*

သူ့စိတ်ထဲတွင် ယဲ့ဖန်က သူ့လက်ထဲတွင် သေရန်ပင် မထိုက်တန်ဟု မှတ်ယူထားသည်။

“ရန်သူကို အထင်မသေးနဲ့၊ ဒီကောင်က သာမန် နဂါးအသွင်ပြောင်းခြင်းအဆင့် မဟုတ်ဘူး”

လီချုံးယန် မာန်မဲလိုက်သည်။ သူ့မျက်နှာက သိသိသာသာ အကျည်းတန်နေ၏။ တစ်ဖက်လူသည် နဂါးအသွင်ပြောင်းခြင်းအဆင့်သာ ဖြစ်သော်လည်း သူ ထပ်ခါထပ်ခါ ရှုံးခဲ့ရသဖြင့် သူ မျက်နှာပျက်ရပေသည်။

ထိုစကားကိုကြားသော် လီတုန်းဝူ ပြန်မပြောသော်လည်း မျက်နှာတွင် အလွန် အထင်သေးဟန်များ ပေါ်နေ၏။ ထို့နောက် သူသည် ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။

“မျိုးမစစ်ကောင် မင်း ငါ့ညီကို သတ်လိုက်တာလား”

သို့သော် ယဲ့ဖန်က သူ့ကို မကြားသယောင်ပြုကာ ပိုင်ယီနှင့် အခြားသူများကို ကြည့်နေသည်။

“မင်းတို့ အဆင်ပြေရဲ့လား”

“ဒီ လာတာ နှေးလိုက်တာ၊ ဒီလူအားလုံး ဗိုက်ဆာလို့ သေတော့မယ်”

ပိုင်ရွှယ်က စိတ်ထိခိုက်သော အမူအရာနှင့် အော်လိုက်သည်။

“ကျွန်မလည်း ရေဆာတယ်”

ကျုံးဝမ်ကလည်း သနားစဖွယ် ပြောလာသည်။

“ကျွန်မ အပေါ့သွားချင်တယ်”

ကျုံးလီအာကလည်း ဝင်ပြောလာ၏။

မူလက တင်းမာနေသော လေထုသည် ဤအမျိုးသမီးများ စကားစလာသည်နှင့် ကိုးရိုးကားရား နိုင်သွားလေသည်။ ဤအမျိုးသမီးများသည် တိုက်ပွဲသို့ ဆွဲခေါ်ခံရသောလည်း သူတို့အကြောင်းကိုသာ ပြောနေသဖြင့် ပိုလွန်းသည်ဟု ဆိုရပေမည်။

သို့သော် ယဲ့ဖန်က သူ့ကို ဥပေက္ခာပြုထားသည်ကိုမြင်ပြီး လီတုန်းဝူ၏ မျက်လုံးများက တင်းမာလာသည်။

“မျိုးမစစ်လေး မင်းက တော်တော် သတ္တိကောင်းတာပဲ၊ ဒီသခင်လေးက မင်းကို စကားပြောနေတာတောင် မကြားချင်ယောင်ဆောင်ရဲတယ်လား”

“မင်း ကြည့်ရတာ သေချင်နေပြီနဲ့တူတယ်”

သို့သော် ယဲ့ဖန်က ဆက်လက်၍ မကြားချင်ယောင်ဆောင်ထားပြီး မိန်းကလေးများကို အပြုံးနှင့် ပြောလိုက်သည်။

“အင်း ငါ အခု မင်းတို့ကို ညစာစားဖို့ ခေါ်သွားမယ်၊ သွားကြစို့”

*သွားကြစို့ ဟုတ်လား*

ထိုစကားကို ကြားလိုက်ရသည့်လူတိုင်း မှင်တက်သွားကြသည်။ ယဲ့ဖန်၏ ယုံကြည်မှုက ဘယ်ကလာသလဲ သူတို့ မသိကြချေ။

*ဒီလိုစကားကို ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး ပြောထွက်ရတာလဲ*

*ဒီ‌နေ့ ဒီနေရာကနေ သူ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေသေးတာလား*

*ဟာသပဲ*

သူသည် အစမှအဆုံးတိုင် အခြားသူများအားလုံးကို လျစ်လျူရှုထားသည်။ ဤသည်က အလွန် မောက်မာ လွန်းသည်။

*လီတုန်းဝူက သူ့ကို မသတ်ရဲဘူးလို့ ဒီကောင် ထင်နေတာလား*

သို့သော် ပို၍ ထူးဆန်းသော အဖြစ်များက ဆက်လက် ဖြစ်ပေါ်လာသည်။

“အင်း”

မိန်းကလေးများအားလုံး တစ်ယောက်ပြီး တစ်ယောက် သဘောတူ၍ မတ်တပ်ရပ်ကာ ယဲ့ဖန်ထံသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ အစမှအဆုံးတိုင် သူတို့၏ မျက်နှာ၌ သွေးပျက်ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိကြပေ။

သူတို့ပုံစံက ပျော်ပွဲစား အတူထွက်လာကြပြီးမှ ယဲ့ဖန်က သူတို့ကို လာကြိုသဖြင့် အိမ်ပြန်တော့မည့်ပုံနှင့် တူနေကာ အမူအရာက တည်ငြိမ်လွန်းနေ၏။ ဤသည်က လုံးဝ အဓိပ္ပာယ် မရှိချေ။

*ဖုန်းယဲ့ ရူးနေသလို ဒီမိန်းမတွေလည်း ရူးနေတာလား*

*လီတုန်းဝူနဲ့ အခြားသူတွေက သူတို့ကို လွှတ်ပေးလိမ့်မယ်လို့ ဘယ်ကနေ ဘယ်လို တွေးနေကြတာလဲ*

ဤသည်ကိုမြင်သော် လီတုန်းဝူ အပါအဝင် လူတိုင်း လူသတ်ချင်သော မျက်နှာများ ဖြစ်သွားကြသည်။ သူတို့ ယဲ့ဖန်ထံမှ စော်ကားခံရသလို ခံစားရပြီး ဥပေက္ခာပြုသလို ခံစားလိုက်ရသည်။

*ဒီသောက်ကောင်က ငါတို့ကို လူပြက်တွေလို့ မှတ်နေတာပဲ*

လက်ရှိတွင် လီတုန်းဝူ အလွန် ဒေါသူပုန်ထနေ၏။

“သွားမယ်၊ မင်းတို့ သွားနိုင်လို့လား၊ သေကြစမ်း”

ထို့နောက် လီတုန်းဝူက ယဲ့ဖန်၏ ဦးခေါင်းထံသို့ ဦးတည်၍ ပြေးဝင်လာသည်။ သူ့မျက်နှာထားက တင်းမာ၍ ကြောက်စရာ ကောင်းလှပြီး လက်ငါးချောင်းက ချိတ်သဖွယ် ယဲ့ဖန်၏ ဦးခေါင်းကို အညှာအတာမဲ့စွာ ဖျစ်ညှစ်ရန် ပြင်နေသည်။

သူ့ပုံစံက ရှေးခေတ် သားရဲတစ်ကောင် အားကုန်သုံး၍ တိုက်ခိုက်လာသည်နှင့် အသွင်တူလှပြီး အရှိန်အဝါက ကြောက်စရာ ကောင်းပေသည်။

ဤသည်ကိုမြင်သော် လူတိုင်း အားရသော အပြုံးမျိုး ပြုံးလာကြပြီး ယဲ့ဖန်အား သေလူဟု သတ်မှတ် သွားကြသည်။

“သူ့ကိုသတ်၊ လီတုန်းဝူ ငါ့အတွက် သူ့ကို သတ်ပေးစမ်းပါ”

ကြီးကြပ်ရေးမှူးလီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်နှာက ခက်ထန်နေပြီး ယဲ့ဖန်အား နုတ်နုတ်စင်း ချင်နေလေသည်။

လက်ရှိတွင် ယဲ့ဖန်ကို အမုန်းဆုံးလူအား ပြပါဆိုလျင် ခြေထောက်အဖြတ်ခံလိုက်ရသည့် ကြီးကြပ်ရေးမှူးလီကို ပြရပေမည်။

တစ်ဖက်တွင်မူ ယဲ့ဖန်သည် ရှေ့သို့ ဆက်လျှောက်နေပြီး လီတုန်းဝူ ချဉ်းကပ်လာနေသည်ကို မခံစားမိသကဲ့သို့ အေးအေးလူလူ လျှောက်မြဲလျှောက်နေ၏။

*ဘာ*

ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

*ဒီကောင်က လီတုန်းဝူ လာနေမှန်း သိတာတောင် မလှုပ်ပါလား*

*သူ ရူးနေတာလား*

“ဟားဟားဟား အဲ့ကောင် အကြောက်လွန်ပြီး ရူးသွားပြီနဲ့ တူတယ်၊ သူ ရှောင်ရမှန်းတောင် မသိဘူး၊ ငါတို့တောင် ဝင်ပါစရာ မလိုဘူး၊ လီတုန်းဝူ တစ်ယောက်တည်း သူ့ကို သတ်နိုင်တယ်”

ဝမ်ရှင်းတဲက အားပါးတရ ရယ်မောလာ၏။ ဘေးနားမှ လီချုံးယန်ကလည်း လှောင်ရယ်လေသည်။

*သူက ဒီလိုအခြေအနေကိုတောင် ဂရုမစိုက်ဘူးဆိုတော့ တကယ် သေတွင်းတူးနေတာပဲ*

လီတုန်းဝူ နီးသထက် နီးလာပြီး သူ့လက်ငါးချောင်းက ယဲ့ဖန်၏ ဦးခေါင်းထံ ကျရောက်လာကာ သူ့မျက်လုံးတွင်းမှ ခက်ထန်မှု အရိပ်အယောင်က ပိုပီပြင်လာပြီး စိတ်အခြေအနေက ရူးမတတ် ဖြစ်နေသည်။

“ဖုန်းယဲ့ မင်းခေါင်းက ငါ့အပိုင်ပဲကွ”

“ဝှစ်”

ထိုစဉ် ယဲ့ဖန်က နောက်သို့ လှည့်ကြည့်လာသည်။ ထိုအခိုက်တွင် နတ်ဆိုးတစ်ကောင် နောက်လှည့်ကြည့် လာသကဲ့သို့ နတ်ဆိုးစွမ်းအင်က ဝုန်းခနဲ ပေါ်ထွက်လာ၏။

လီတုန်းဝူက ယဲ့ဖန်၏ မျက်လုံးကို ကြည့်လိုက်မိသောအခါ ငရဲ၏ မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

*ဟင်*

လီတုန်းဝူ ကြက်သီးတဖြန်းဖြန်း ထသွားပြီး အလွန် ကြောက်စရာ ကောင်းသော အငွေ့အသက်ကို အာရုံခံ မိသွားသည်။ သူ ထွက်ပြေးရန် ပြင်ပါသော်လည်း နောက်ကျသွားချေပြီ။

ဓားသွားသဖွယ် လက်ဝါးတစ်ဖက်က သူ့ရင်ဘတ်ထဲသို့ ထိုးဖောက်လာ၏။ သူ့ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။

လီတုန်းဝူ၏ ရင်ဘတ်က ဟောင်းလောင်းပေါက် ဖြစ်သွားပြီး ကြီးမားသော အပေါက်မှနေ၍ သွေးများ တတောက်တောက် စီးကျနေသည်။ ဤမြင်ကွင်းက ဘေးလူများအားလုံးကို ငေးကြောင်ကြောင် ဖြစ်သွားစေ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လီချုံးယန်နှင့် အခြားသူများအားလုံး ပြိုင်တူ အော်ဟစ်လာပြီး သူတို့ မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်ကြချေ။

*တစ်ချက်တည်းနဲ့ ရှုံးသွားတာလား*

*ဘယ်လိုဖြစ်ရတာလဲ*

*လီတုန်းဝူက သူတော်စင်သခင်အဆင့်လေ*

ထိုအခိုက်တွင် အခြေအနေက ဆူညံပွက်လောရိုက်လာသည်။ ဤမြင်ကွင်းကို အိပ်မက်ဟု ထင်မှတ်ကာ လက်မခံနိုင် ဖြစ်နေကြသည်။

*လီတုန်းဝူက သူ့ရှေ့က လူကြောင့် ရင်ဘတ် ပေါက်သွားတယ်တဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတော်စင်သခင်အဆင့်ကို သတ်နိုင် တာလား*

မည်သို့သော စကားလုံးကမှ လက်ရှိ လူတိုင်း၏ ထိတ်လန့်သွေးပျက်မှုကို မဖော်ပြနိုင်ပါ။

“မဟုတ်ဘူး ဒီလူက … သူက နဂါးအသွင်ပြောင်းခြင်းအဆင့် မဟုတ်ဘူး၊ သူ့ခွန်အားကို တမင် ဖုံးထားတာ”

ရုတ်တရက် ဝမ်ရှင်းတဲ ထအော်လာသည်။ ယခုအခါတွင်မှ သူ အားလုံးကို နားလည်သွားရသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့်က မည်မျှ ထူးချွန် နေပါစေ၊ လက်ချည်းဗလာဖြင့် သူတော်စင်သခင်အဆင့်ကို သတ်နိုင်မည် မဟုတ်ပါ။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူက သူတော်စင်သခင်အဆင့် ဖြစ်နေပေလိမ့်မည်။

လီချုံးယန် အလွန်အမင်း မျက်နှာပျက်သွားသည်။ သူ လှည့်စားခံ လိုက်ရလေပြီ။ သူ ကောင်းကောင်းကြီး ကစားခံခဲ့ရသည်။

ထိုသူသည် တမင်တကာ သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။ သူ့ကို လုံးဝ မကြောက်ခဲ့သည်က အံ့ဩစရာ မရှိတော့ပါ။ ယဲ့ဖန်ကလည်း သူ့နည်းတူ သူတော်စင်သခင်အဆင့် ဖြစ်နေပါတကား။

သူ၏ ရန်သူအပေါ် အထင်သေးမှုကြောင့် သူ့သားသည် မကြာခင် ယဲ့ဖန်၏ လက်ထဲ၌ သေရပေတော့မည်။ ဤသည်ကို တွေးမိပြီးနောက် လီချုံးယန်၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာ၏။ သူ မုန်းတီးစိတ်ကြောင့် ရူးမတတ် ဖြစ်လာလေသည်။

“မင်း”

လက်ရှိတွင် အကြောက်လန့်ဆုံး ဖြစ်နေသူမှာ လီတုန်းဝူပင်။ ယဲ့ဖန်က သူ့ကို သတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါ။

ယဲ့ဖန်၏ ကြောက်စရာကောင်းသော မျက်လုံးပုံစံကို ကြည့်မိပြီးနောက် ထိုအမျိုးသမီးများ၏ အထင်သေးသော အမူအရာကို လှမ်းကြည့် လိုက်မိသည်။ ထိုအခါတွင်မှ သူ အားလုံးကို နားလည်သွားရသည်။

သူ လှည့်စားခံလိုက်ရလေပြီ။ ယဲ့ဖန်နှင့် ယဲ့ဖန်၏ အမျိုးသမီးများ လှည့်စားသည်ကို ခံခဲ့ရခြင်းပင်။ သူတို့၏ တုံးအမှုကို ကြိုမြင်ထားသဖြင့် သူတို့ သေရလိမ့်မည်ဟု တစ်ဖက်က ခန့်မှန်းမိပြီးသားပင်။

သေမင်းကို အိမ်တံခါးဝထိ ဖိတ်ခေါ်ခဲ့မိသည့် အဖြစ်က မည်မျှ ရယ်စရာ ကောင်း၍ အဓိပ္ပာယ် မဲ့လိုက်သနည်း။

“ဖုန်းယဲ့ ငါ့သားကို လွှတ်လိုက်”

ချက်ချင်းဆိုသလိုပင် လီချုံးယန်က သူ့ခုံမှ လွှားခနဲ ခုန်ထ၍ ယဲ့ဖန်ကို အော်ငေါက်လေသည်။ သူ့မျက်လုံးတွင် စိတ်လောနေဟန်များ ပေါ်လွင်နေ၏။

လီတုန်းဝူသည် သူတို့ မျိုးရိုး၏ မျှော်လင့်ချက်ဖြစ်ပြီး သူ၏ နောက်ဆုံးသော မျိုးဆက် ဖြစ်သည်။ သူသည် လီတုန်းဝူကို မျှော်လင့်ချက် ကြီးကြီးထား၍ သူ၏ ဆက်ခံသူအဖြစ် လေ့ကျင့်ပေးခဲ့သည်။ လီတုန်းဝူ သေ၍ မဖြစ်ပါ။

ယဲ့ဖန်က လီချုံးယန်ကို အသာလှမ်းကြည့်လိုက်သည်။

“ခင်ဗျားက ကျုပ်ကို အမိန့်ပေးတာလား”

လီချုံးယန် ချက်ချင်း မျက်နှာ သုန်မှုန်သွားပြီး ရုတ်တရက် သဘောပေါက် သွားသည်။

*ထပ်လုပ်ပြန်ပြီ*

ယဲ့ဖန်က သူ့အား ခွေးသဖွယ် သတ်မှတ်ကာ ဒူးထောက်၍ တောင်းပန်ခိုင်းခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ နောက်သားတစ်ယောက် ထပ်သေရပေမည်။ ချက်ချင်းဆိုသလိုပင် လီချုံးယန်က သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။

“ငါ မင်းကို တောင်းပန်ပါတယ်၊ ငါ့သားကို လွှတ်ပေးပါ”

“စိတ်ရင်းအတိုင်း ပြောပါ၊ ခင်ဗျား အပြုအမူက တောင်းပန်နေတာ မဟုတ်ဘဲ ကျုပ်ကို အမိန့်ပေးနေတာလို့ ခံစားနေရတယ်”

ယဲ့ဖန်က မချိုမချဉ် ပြုံးနေပြီး မျက်လုံးတွင် သရော်ဟန်တို့ ပြည့်နှက်နေ၏။

“ဒုန်း”

လီချုံးယန်က ချက်ချင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ အသနားခံသော လေသံဖြင့် ပြောလိုက်သည်။

“ငါ မင်းကို တောင်းပန်ပါတယ်၊ ငါ့သားကို မသတ်ပါနဲ့၊ ငါ့သားကို မသတ်သရွေ့ ငါ ဘာမဆို လုပ်ပါ့မယ်”

“ဟားဟားဟား”

ယဲ့ဖန်က ထရယ်၍ လီတုန်းဝူကို လက်ညှိုးထိုးလေသည်။

“လက်ရှိအခြေအနေကို ကောင်းကောင်း သဘောပေါက်တဲ့လူပဲ၊ လီချုံးယန် ခင်ဗျားက ဉာဏ်ကောင်းတဲ့လူပဲ၊ ကျုပ် ခင်ဗျားကို အရမ်း လေးစားသွားပြီ”

လီချုံးယန် အံကြိတ်ထားပြီး အရှက်ကွဲသလို ခံစားနေရသည်။ သို့သော် သူ တစ်ခွန်းမှ မပြောနိုင်ပါ။

“ဒါပေမဲ့ ခင်ဗျား တောင်းဆိုတာကို ကျုပ် ငြင်းဦးမှာပဲ”

ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ လူသတ်လိုသော အငွေ့အသက်က ဝုန်းခနဲ ထွက်ပေါ်လာပြီး ခက်ထန်မှုများ ပြည့်နှက်နေသော မျက်လုံးဖြင့် နဂါး တစ်ကောင်သဖွယ် အော်လိုက်သည်။ ထို့နောက် သူ့လက်ကို လှုပ်ခါလိုက်သည်။

ထိုအခါ သူ့အရှေ့မှ လီတုန်းဝူက ကိုယ်နှစ်ပိုင်းပြတ်သွားပြီး သွေးများ ဒလဟော စီးကျလာသည်။ ယဲ့ဖန်ကြောင့် ကိုယ်နှစ်ပိုင်း ပြတ်သွားလေပြီ။ လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

သေသွားလေပြီ။ ချင်ရွှေကျောင်း၏ အတော်ဆုံး တပည့် သေသွားလေပြီ။ ဝမ်ကောဖူ၏ ထိပ်တန်းဆယ်ယောက် စာရင်းဝင် ကျောင်းသား သေသွား ခဲ့သည်။ အရှက်ခွဲခံရသော နည်းဖြစ်သည့် ကိုယ်နှစ်ခြမ်း ပြတ်ခြင်းဖြင့် သေသွားခဲ့ရသည်။

အလောင်းပင် အကောင်းပကတိ မရှိတော့ချေ။ ဤမြင်ကွင်းက ရင်ကွဲစရာ ကောင်းလှသည်။ အခြေအနေက ထူးဆန်းစွာ ငြိမ်သက်နေ၏။ ကြီးကြပ်ရေးမှူးလီပင် အော်ဟစ်ရန် မေ့နေပြီး သူ့အရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိသည်။

*ချင်ရွှေကျောင်းရဲ့ အတော်ဆုံး ပါရမီရှင် လီတုန်းဝူက ဖုန်းယဲ့ဆီမှာ အသတ်ခံလိုက်ရတာလား*

*ပုံရိပ်ယောင်*

*ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်မယ်*

*ဒီကောင်က အဲ့လောက် မသန်မာနိုင်ပါဘူး*

*ကြောက်စရာကောင်းလိုက်တာ*

လက်ရှိတွင် ကြီးကြပ်ရေးမှူးလီသည် ငယ်ထိပ်သို့ ရေခဲရေ လောင်းချခံ လိုက်ရသလို ခံစားလိုက်ရသည်။

All Chapters