← Chapters

အခန်း ၁၄၃၄

Vol. 96 Ch. 1434

အခန်း ၁၄၃၄

Vol. 96 Ch. 1434

Chapter 1434 စိတ်မကောင်းပါဘူး ငါ စိတ်မဝင်စားဘူး

“ဝိုး”

ထိုစကားကို ပြောလိုက်သောအခါ အားလုံး အုတ်အုတ်ကျွတ်ကျွတ် ဖြစ်လာသည်။ လူတိုင်းက ယဲ့ဖန်ကို မနာလိုသော အကြည့်များဖြင့် ကြည့်လာလေသည်။ ချင်ထျန်း သိုင်းအဖွဲ့သည် ဝမ်ကောဖူ၌ အသန်မာဆုံး သိုင်းအဖွဲ့ဟု ပြောနိုင်ပေသည်။

ခွန်အားအရာ၌ မည်သည့် သိုင်းအဖွဲ့ကမှ ယင်းကို မယှဉ်နိုင်ပါ။ သိုင်းအဖွဲ့များစွာ ရှိသော်လည်း သူတို့ကို မှီခိုမှသာလျင် ရှင်သန်နိုင်သည်။

ထို့အတူ ချင်ထျန်း သိုင်းအဖွဲ့အစည်း၏ ဥက္ကဋ္ဌမှာ ဝမ်ကောဖူ၏ ဒုတိယအဆင့်၌ ရှိနေသော ပါရမီရှင် ဖြစ်လေသည်။

ဝမ်ကောဖူ၌ အတော်လေး အင်အားကြီးသူ ဖြစ်သည်။ ဝမ်ကောဖူ၏ တပည့်များတွင် ချင်ထျန်း သိုင်းအဖွဲ့ကို ဝင်ရောက်လိုသည့် တပည့်ဟူ၍ မရှိဟု ဆိုကြသည်။

သို့သော် ချင်ထျန်း သိုင်းအဖွဲ့ကို ဝင်ရောက်နိုင်သည့် ဝင်ခွင့်က အလွန် တင်းကြပ်လှသည်။ နဂါးအသွင်ပြောင်းခြင်း အဆင့်ကို အဖွဲ့ထဲ ဝင်ရန် ဖိတ်ကြားသော အဖြစ်က ယခင်က တစ်ခါမှ မဖြစ်ဖူးပေ။

ထို့ကြောင့် သူတို့အားလုံး မနာလို၍ မုန်းတီးသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်လာကြသည်။ ချင်ထျန်း သိုင်းအဖွဲ့ကို ဝင်နိုင်စွမ်းရှိခြင်းက ယခုအချိန်မှစ၍ ဝမ်ကောဖူ၌ အေးအေးလူလူ သွားလာနိုင်ပြီဟု အဓိပ္ပာယ် ရလေသည်။

ယခင်က ယဲ့ဖန်၏ ထူးချွန်သော စွမ်းဆောင်မှုများကြောင့် ဖြစ်လိမ့်မည်ဟု သူတို့ တွေးလိုက်မိသည်။ ထို့ကြောင့်သာ ချင်ထျန်း သိုင်းအဖွဲ့က သူ့ကို သတိထားမိပြီး ဒုဥက္ကဋ္ဌကိုယ်တိုင် လာရောက် ဖိတ်ကြားခြင်း ဖြစ်ပေလိမ့်မည်။

ဤသည်မှာ သေချာပေါက်ကို ဂုဏ်ယူရသည့် ကိစ္စပင်။ သို့သော် ယဲ့ဖန်၏ အပြုအမူကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

“စိတ်မကောင်းပါဘူး ငါ စိတ်မဝင်စားဘူး”

ယဲ့ဖန် တည်ငြိမ်စွာ ပြန်ဖြေပြီးနောက် ခေါင်းငုံ့၍ ဆက်စားသောက်နေသည်။ ငြိမ်သက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။

ဆူညံနေသော ထမင်းစားခန်းတစ်ခုလုံး ရုတ်ချည်းဆိုသလိုတိတ်ဆိတ်သွားပြီး ထမင်းချက် အဒေါ်ကြီးတောင်မှ မှင်တက်နေလေသည်။ သူတို့ မြင်လိုက်၊ ကြားလိုက်ရသော အရာကို မယုံကြည်နိုင် ဖြစ်နေကြသည်။

*ငြင်း…ငြင်းလိုက်တယ်*

*ဖုန်းယဲ့က သခင်လေးရင်နဲ့ ချင်ထျန်း သိုင်းအဖွဲ့ကို တကယ် ငြင်းလိုက်တယ်*

*ချင်ထျန်း သိုင်းအဖွဲ့က ဝမ်ကောဖူက ကျောင်းသားတွေ စိတ်ကူးယဉ်နေတဲ့ နေရာဆိုတာကို သူ မသိဘူးလား*

*အဲ့နေရာက အိပ်မက်မက်နေရုံကလွဲပြီး မရောက်နိုင်တဲ့‌ နေရာလေ*

*ဝမ်ကောဖူက ထိပ်တန်း သိုင်းအဖွဲ့ကို ဝင်နိုင်ဖို့ ဘယ်လောက်များတဲ့ တပည့်တွေက နေ့တိုင်းညတိုင်း အပတ်တကုပ် ကြိုးစားရလဲ သိရဲ့လား*

*အဖွဲ့ထဲ ဝင်နိုင်ဖို့ တစ်သန်းမှာ တစ်ယောက်မှာပဲ ဖြစ်နိုင်ချေ ရှိတာကွ*

*အခု ဖုန်းယဲ့က အရွေးခံရတာ သိသာနေတာကို ငြင်းလိုက်တယ်လား*

*ဒါ တရားလွန်သွားပြီ*

*ဒါက ဒေါ်လာသန်းချီတန်တဲ့ ထီလက်မှတ် ပေါက်ပြီးမှ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သလိုပဲ*

*ခွင့်မလွှတ်နိုင်စရာပဲ*

လူတိုင်း ဒေါသထွက်သွားပြီး ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင် ဖြစ်နေကြသည်။

*ဒီကောင်က ငါတို့စိတ်ထဲက မြင့်မြတ်တဲ့နေရာကို စော်ကားလိုက်တာပဲ*

*ချီးပဲ၊ ချီးပဲကွာ*

“မင်း အခု ဘာပြောလိုက်တာလဲ”

သခင်လေးရင်သည်လည်း သူ နားကြားမှားသွားသည်ဟု ထင်နေကာ အံ့ဩနေ၏။ ဘယ်လိုလုပ် တစ်စုံတစ်ယောက်က သူတို့၏ ချင်ထျန်း သိုင်းအဖွဲ့ကို ငြင်းရသနည်း။

ယခင်ကဆိုလျင် သူတို့ ချင်ထျန်း သိုင်းအဖွဲ့ကို ဝင်နိုင်သည့် တပည့်များသည် စိတ်လှုပ်ရှားကာ ညဘက်တွင်ပင် မအိပ်နိုင်ကြချေ။ လူတိုင်း သူ့ကို မျက်နှာချိုသွေးကြသည်။

သို့သော် သူ့အရှေ့မှ ဤလူက အထင်အမြင်သေးသည်တဲ့လား။ အစမှအဆုံးတိုင် သူက အမူအရာတစ်ခုထက် ပိုမပြချေ။ မယုံနိုင်စရာ ကောင်းလှပေသည်။

“ငါ သိပ်ရှင်းရှင်းလင်းလင်းကို ပြောလိုက်တာ၊ ငါ မင်းရဲ့ သိုင်းအဖွဲ့ကို စိတ်မဝင်စားဘူး၊ အဲ့ဒါကြောင့် ငါ ငြင်းလိုက်တာ”

ယဲ့ဖန်က မထူးခြားနားပင်။ သူ့စိတ်ထဲတွင် ဤသိုင်းအဖွဲ့ဟူသော အရာက ကလေးများကြားမှ သေးငယ်‌သော ရန်ပွဲတစ်ခုဟုသာ မြင်လေသည်။ ဘယ်လိုလုပ် သူ့လို လူကြီးတစ်ယောက်က ကလေးတစ်သိုက်၏ ကိစ္စများ၌ ဝင်ပါရမည်နည်း။

“ဘန်း”

သခင်လေးရင်က စားပွဲကို ရိုက်ချလိုက်ပြီး တည်ငြိမ်၍ လူကြီးလူကောင်းဆန်သော အမူအရာ ပျောက်ကွယ် သွားပြီး ကြမ်းကြုတ်သောပုံစံ ပေါ်လာသည်။

“မင်း ဘာကိုပြောနေလဲ သိရဲ့လား”

သူတို့ တစ်ခါမှ ငြင်းပယ်မခံရဘူးပါ။ သူတို့ကို ငြင်းရဲသည့် မည်သူမဆို အဆုံး၌ သေဆုံးသွားရပေမည်။

ယဲ့ဖန်က တူကို ပြန်ချ၍ ခေါင်းမော့ကာ စိတ်မရှည်သော မျက်လုံးတို့ဖြင့် ပြန်ပြောလိုက်သည်။

“မင်း နားလေးနေလား၊ ငါ မင်းကို ထွက်သွားခိုင်းနေတာလေ”

“ဝုန်း”

အခြေအနေက ပေါက်ကွဲပြင်းထန်လာ၏။

*ဒီကောင်က ချင်ထျန်း အဖွဲ့အစည်းကို ငြင်းတဲ့အပြင် ဒုဥက္ကဋ္ဌဖြစ်တဲ့ သခင်လေးရင်ကိုပါ အလေးအနက်ထားပြီး မပြောပါလား*

*ဒါ သေတွင်းတူးတာပဲ*

*သောက်ရမ်းမိုက်တယ်ကွာ*

ဝမ်ကောဖူ၌ ရန်မစနိုင်သည့် တစ်ခုတည်းသော အရာမှာ ချင်ထျန်း သိုင်းအဖွဲ့ဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။ သို့သော် ယဲ့ဖန်က ထပ်ခါထပ်ခါ ရန်စသဖြင့် အလွန် မောက်မာလွန်းသော ကိစ္စပင်။

ဤသခင်လေးရင်သည် ယဲ့ဖန်၏ ယခင်က ပြိုင်ဘက်များနှင့် မတိမ်းမယိမ်းပင်။ သူသည် သူတော်စင်သခင်အဆင့် ဖြစ်ပြီး လီချုံးယန်ပင် သူနှင့်ဆုံလျင် အလွန်အကျွံ မပြောရဲချေ။

သခင်လေးရင်သည် အသက်ပြင်းပြင်းရှူ၍ သူ့ရင်ထဲမှ ဒေါသကို ချိုးနှိမ်လိုက်သည်။ ဤသို့ သူ ခံစားချက်ကို ချိုးနှိမ်ရသည်က ပထမဆုံးအကြိမ်ပင်။

“ဖုန်းယဲ့ မင်းကိုယ်မင်း ကောင်းကင်အဆင့် ပါရမီရှင် ဖြစ်နေလို့ ဟုတ်လှပြီ ထင်နေလား၊ မင်းကို သတိပေးလိုက်မယ်၊ ငါ့အစ်ကိုနဲ့ ငါက ကောင်းကင်အဆင့် ပါရမီရှင်တွေပဲ၊ သူက အဆင့်နှစ်မှာ ရှိနေတာ၊ ငါက အဆင့်ငါးကွ”

သူ့စကား၌ သတိပေးခြင်းနှင့် မေးခွန်းထုတ်ခြင်းတို့ ပါဝင်နေပြီ ဖြစ်သည်။ သူ့ပုံစံက ယဲ့ဖန်ကို နောက်ဆုတ်စေ ချင်သည့်ပုံပင်။

သခင်လေးရင်၏ စကားအဆုံး၌ တပည့်များအားလုံး ထိတ်လန့်သွားကြသည်။ သခင်လေးရင်နှင့် သူ့အစ်ကိုတို့က နှစ်ယောက်လုံး ကောင်းကင်အဆင့် ပါရမီရှင် ဖြစ်နေပါတကား။

*ဒါ အရမ်း မယုံနိုင်စရာ ကောင်းလွန်းတယ် မဟုတ်လား*

သူတို့ ညီအစ်ကိုနှစ်ယောက်က အလွန် သန်မာကြောင်း သူတို့သိသော်လည်း နှစ်ယောက်လုံးက ကောင်းကင် အဆင့် ပါရမီရှင်များ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။ ပါရမီရှင်စာရင်း၏ နံပါတ်နှစ်နှင့် နံပါတ်ငါး ဖြစ်နေသည်က အံ့ဩစရာ မရှိတော့ချေ။

သခင်လေးရင်က သရော်ပြုံး ပြုံး၍ ဂုဏ်ယူစွာ ခေါင်းမော့၍ ပြောလိုက်သည်။

“အခု မင်း ရိုကျိုးမယ်ဆိုရင် အခွင့်အရေး ရဦးမယ်၊ ခုနက မင်း ပြောခဲ့တာကို ငါ မကြားချင်ယောင် ဆောင်ပေးလိုက်မယ်”

“ဘာလို့လဲဆိုတော့ ငါက သိပ်ကိုကြင်နာတတ်လို့ပဲလေ”

ထိုစကား၌ အလွန် ဂုဏ်ယူ၍ ရန်လိုဟန်များ ပြည့်နှက်နေပြီး ယဲ့ဖန်က သူ့စကားကို သေချာပေါက် သဘောတူမည်ဟု တွက်ထားသည့်ပုံပင်။ သခင်လေးရင်သာမက ကျန်တပည့်များအားလုံးလည်း ထိုသို့ ထင်နေကြသည်။

*မင်းက ကောင်းကင်အဆင့် ပါရမီရှင် ဖြစ်နေတော့ရော ဘာဖြစ်လဲ၊ သူတို့ ညီအစ်ကိုနှစ်ယောက်ကလည်း ကောင်းကင်အဆင့် ပါရမီရှင်ပဲလေ၊ မင်းက နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ် သူတို့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ*

သူတို့ကိုသာ တကယ် ဒေါသထွက်အောင် လုပ်မိလျင် ယဲ့ဖန် အလောင်းမရှိဘဲ သေရပေလိမ့်မည်။ ကျောင်းအုပ်များက သူ့ဘက် ရပ်တည်မည် မဟုတ်ပေ။ သူ ဇာတ်သိမ်းရပေလိမ့်မည်။

ယဲ့ဖန်က မှန်ကန်သော ဆုံးဖြတ်ချက်ကို ချပြီး ချင်ထျန်း သိုင်းအဖွဲ့၏ ဒုဥက္ကဋ္ဌနှင့် ယှဉ်ပြိုင်လိမ့်မည် မဟုတ်ဟု သူတို့ ယုံကြည်နေ၏။ သို့သော် သူတို့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။

“ထွက်သွား”

ယဲ့ဖန် မာမာထန်ထန် အော်ငေါက်လိုက်ပြီး အသံက ကျယ်လောင်လွန်းသဖြင့် ထမင်းစားခန်း တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

*ထပ်ငြင်းတာလား*

ဤထိတ်လန့်စရာမြင်ကွင်းကိုကြည့်ပြီး တပည့်များအားလုံး မှင်တက်သွားကြသည်။ ထို့နောက် သူတို့မျက်နှာတွင် ထိတ်လန့်ဟန်များ ပေါ်လာ၏။

*သေတွင်းတူးနေတာ*

*ဒါ သေချာပေါက် သေတွင်းတူးနေတာပဲ*

ပထမအကြိမ် ငြင်းဆန်ခြင်းက မာနကြောင့် ဖြစ်နိုင်ပြီး ဒုတိယအကြိမ် ငြင်းဆန်ခြင်းက သခင်လေးရင်နှင့် ချင်ထျန်း သိုင်းအဖွဲ့တစ်ခုလုံးကို ရန်စလိုက်ခြင်းပင်။

အခြေအနေက တိတ်ဆိတ်ငြိမ်သက်လာလေသည်။ ဒုတိယအကြိမ်၊ ဤသည်မှာ ယဲ့ဖန်က သူ့ကို လူပုံအလယ်၌ ဒုတိယအကြိမ် ငြင်းပယ်ခြင်း ဖြစ်သည်။

သခင်လေးရင်၏ အပြုံးက မဖော်ရွေတော့ဘဲ ရန်လိုကြမ်းကြုတ်ကာ သွေးဆာဟန် ပေါ်လာ၏။ မည်သူမှ သူ့ကို မငြင်းပယ်ရဲသလို မည်သူကမှ သူ့ကို မောင်းမထုတ်ရဲခဲ့ပါ။ ယဲ့ဖန်က ထိုသို့လုပ်ရဲသည့် ပထမဆုံးလူပင်။

ထို့အပြင် ယဲ့ဖန်က သူ့ကို မျက်နှာသာ မပေးရုံမကဘဲ ချင်ထန်း သိုင်းအဖွဲ့တစ်ခုလုံးကိုပါ မျက်နှာသာ မပေးခြင်း ဖြစ်လေသည်။

ဤသည်ကိုမြင်သော် လူတိုင်း သတ်ပွဲတစ်ပွဲက ရှောင်လွဲမရနိုင်ဘဲ ဖြစ်လာတော့မည်ဟု သိလိုက်ကြသည်။

“မင်းက ဟိုအမှိုက်တွေကို ရှင်းနိုင်တာနဲ့ မာန်တက်နေတဲ့ပုံပဲ”

သခင်လေးရင်က ညစ်ကျယ်ကျယ် ရယ်လေသည်။ သူက ကြင်နာတတ်သူဟု ပြောသော်လည်း သူက အလွန် စိတ်သဘောထား ကျဉ်းမြောင်းသူ ဖြစ်သည်။

ယဲ့ဖန်က သူ့ကို ထပ်ခါထပ်ခါ ရန်စခဲ့သဖြင့် သူ၏ သည်းခံနိုင်စွမ်းက အဆုံးထိ ရောက်သွားသောကြောင့် ယဲ့ဖန် သေရမည်ဟုသာ တွက်ထားသည်။

ထမင်းစားခန်းမှ တပည့်များအားလုံး လှောင်ပြုံးများ ပြုံးလာကြသည်။ သူတို့သည်လည်း ယဲ့ဖန် မာနကြီးနေသည်ဟု ထင်နေကြသည်။

*ပါရမီရှင် အချို့ကို သတ်နိုင်တာနဲ့ ချင်ထန်း သိုင်းအဖွဲ့ကို ယှဉ်နိုင်ပြီလို့ ထင်နေတာလား၊ ရူးလိုက်တာ*

“နင်က နားလေးနေတာလား ဒါမှမဟုတ် ရူးနေတာလား၊ ယဲ့ဖန် နင်ကို ငြင်းလိုက်တာကို မကြားဘူးလား၊ နင် ငါတို့နဲ့ ဝေးဝေးနေပါလား၊ ငါတို့ စားသောက်နေတာကို လာမနှောင့်ယှက်ပါနဲ့၊ ငါတို့ အန်မိလိမ့်မယ်”

ပိုင်ရွှယ် လှောင်ပြောင်သရော်လိုက်သည်။ ဤမျှ ရွံစရာကောင်းသောသူကို သူမ ယခုမှ မြင်ဖူးခြင်းပင်။

*ယဲ့ဖန်ကပဲ သူတို့ ချင်ထန်းသိုင်းအဖွဲ့ကို ဝင်ရဦးမတဲ့လား၊ ဘာလို့လုပ်ရမှာလဲ*

“ခွေးမ ငါ မင်းကို ပြောလို့လား၊ သေချင်နေတာပဲ”

သခင်လေးရင် ဒေါသထွက်သွားပြီး ပိုင်ရွှယ်အား ပါးရိုက်လေသည်။ ထိုရိုက်ချက်က အားကုန်သုံးထားပြီး နည်းနည်းလေးမျှ မသက်ညှာပေ။ သူ ပိုင်ရွှယ်ကို အသေသတ်ရန် ဆုံးဖြတ်ထား၏။

သခင်လေးရင်၏ မျက်နှာက ကြမ်းကြုတ်နေသည်။ ယဲ့ဖန်က အရှက်မဲ့မည်ဟု သူ မထင်ထားသလို ယဲ့ဖန်အနားမှ အမျိုးသမီးများကလည်း သူ့နည်းတူ သေချင်နေလိမ့်မည်ဟု ထင်မထားမိပေ။

ရုတ်တရက်ဆိုသလိုပင် ပိုင်ရွှယ် မျက်နှာ ဖြူရော်သွားပြီး သူမမျက်နှာနားသို့ လေပြင်းတိုက်ခတ်လာသည်ဟု ခံစားမိကာ တုန်ယင်သွားရသည်။

“ဖြောင်း”

သို့သော် ထိုအချိန်၌ သန်မာ၍ ပြင်းထ်သော လက်တစ်ဖက်က သခင်လေးရင်၏ လက်ကို ဖမ်းချုပ်လာသည်။ ယဲ့ဖန်၏ မျက်နှာတွင် လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေပြီး တစ်လုံးချင်း ပြောလိုက်သည်။

“သူက သေချင်နေတယ်လို့တော့ ငါ မထင်ဘူး၊ ဒါပေမဲ့ မင်းကတော့ သေချင်နေတယ်နဲ့တူတယ်”

သူ့ရှေ့၌ သူ့အမျိုးသမီးကို ရိုက်ရဲသည်တဲ့လား။ သခင်လေးရင်တော့ ထီပေါက်လေပြီ။

“တတိယအကြိမ်ပဲ”

သခင်လေးရင်၏ မျက်လုံးများက သားရဲတစ်ကောင်၏ မျက်လုံးသဖွယ် ခက်ထန်ကာ ကြောက်စရာကောင်းနေပြီး ယဲ့ဖန်အား အေးစက်စွာ စိုက်ကြည့်နေ၏။ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့သည့်ပုံပင်။

“မင်း ငါ့ကို အာခံတာ ဒါ သုံးကြိမ်မြောက်ပဲ၊ မင်းကို ခွင့်မလွှတ်နိုင်တဲ့ သေဒဏ်ပေးလို့ရနေပြီ၊ ဒါပေမဲ့ ဒီသခင်လေးက ကြင်နာတတ်တယ်၊ အထူးသဖြင့် မောက်မာတဲ့ အသုံးမကျတဲ့သူတွေကို ဂရုမစိုက်တတ်ဘူး”

“အဲ့တော့ မင်း ငါ့ကို တောင်းပန်တဲ့အနေနဲ့ ဒီမိန်းမကို ငါ့ကို ပေးမယ်ဆိုရင် ငါ မင်းလုပ်ခဲ့သမျှကို ခွင့်လွှတ်ပေးမယ်၊ ဒါ တစ်ခုတည်းသော အခွင့်အရေးပဲ၊ မင်း ဆုပ်ကိုင်မှရ …”

“ဖြောင်း”

သူ့စကား မဆုံးသေးခင်မှာပင် သခင်လေးရင် ပါးရိုက်ခံလိုက်ရပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။ ထို့နောက် နံရံ၌ ဝင်ဆောင့်ကာ နံရံထဲ ညပ်နေသဖြင့် ဆွဲထုတ်၍မရချေ။

အရာအားလုံး တိတ်ဆိတ်သွားကာ လူတိုင်း မှင်တက်သွားကြသည်။ ယဲ့ဖန်က သခင်လေးရင်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

*အရူး*

*တုံးလိုက်တာ*

*သခင်လေးရင်က အခွင့်အရေးတွေ ပေးနေတာတောင် ယူရကောင်းမှန်း မသိသေးဘူး*

*ဒီလိုဆို သူ သေရမှာပဲ*

*သခင်လေးရင်နဲ့ ချင်ထျန်း သိုင်းအဖွဲ့တစ်ခုလုံးက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး*

လူတိုင်းရှေ့၌ သခင်လေးရင်ကို လွင့်ထွက်သွားအောင် ရိုက်လိုက်ခြင်းက ပြဿနာကြီးပင်။ ကျောင်းအုပ် တစ်ချို့တောင်မှ ရှေ့ထွက်၍ သူ့ကို ကာကွယ်နိုင်မည် မဟုတ်ပါ။

“ငါ မင်းကို ထွက်သွားလို့ ပြောခဲ့တယ်”

ယဲ့ဖန် ထရပ်လိုက်သည်။ သူ့မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

“မင်း မသွားမှတော့ ဒီမှာပဲ အသေခံလိုက်တော့”

လက်ရှိတွင် သခင်လေးရင်၏ မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေတာ တည်ငြိမ်ချောမောမှု ပျောက်ဆုံး၍ ကြည့်ရဆိုး နေသည်။

“အမှိုက်ကောင် ပုရွက်ဆိတ်ကောင် မင်း ငါ့ကို ဒေါကန်အောင် လုပ်တာပဲ၊ မင်း သေသင့်တယ်၊ သေပေတော့”

သခင်လေးရင် ဒေါသထွက်နေပြီး နံရံကို ချိုးဖဲ့၍ အရှေ့သို့ ခုန်လွှားလာသည်။ လူမြင်ကွင်း၌ ပါးရိုက်ခံခဲ့ရခြင်း။ အသုံးမကျသော နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်ထံတွင်မှ သူ အရိုက်ခံခဲ့ရသည်။

ဤသည်ကို သခင်လေးရင် လက်မခံနိုင်ပါ။ သူ့ကို လေးကြိမ်ဆက်တိုက် ရန်စသဖြင့် ထိုလူ သေကိုသေရပေမည်။

“ငါ မင်းရဲ့ ခြေလက်တွေကို ရိုက်ချိုးပြီး အနားမှာ တိရစ္ဆာန်လို ထားမယ်၊ မင်းကို အပြင် ခေါ်ထုတ်ပြီး ဒီသခင်လေးရင်နဲ့ ချင်ထျန်း သိုင်းအဖွဲ့ကို ငြင်းဆန်ရင် ဘာဖြစ်မလဲဆိုတာကို ဝမ်ကောဖူတစ်ခုလုံး သိအောင် ပြမယ်ကွ”

All Chapters