← Chapters

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အခန်း ၁၄၃၅

Vol. 96 Ch. 1435

Chapter 1435 မိုးကြိုးရိုက်ချက်

“ဂျိမ်း ဂျိမ်း”

သခင်လေးရင်၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အစွမ်းထက်သော လျှပ်စီးများ ပေါင်းစုံလာပြီး ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျရောက်လာ၏။

တစ်ချိန်တည်းမှာပင် သခင်လေးရင်က တောအုပ်ထဲမှ ကျားတစ်ကောင်သဖွယ် ပြေးဝင်လာပြီး ခန္ဓာကိုယ်မှ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ယဲ့ဖန်၏ ကျောအား လက်ဝါးချက်များ ဆက်တိုက် ပစ်သွင်းလိုက်သည်။ ထိုတိုက်ခိုက်မှုက ပြင်းထန်လွန်းလှသည်။

သခင်လေးရင်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေလေသည်။ လူတိုင်း၏ မျက်နှာ အမူအရာများသည်လည်း အကြီးအကျယ် ပြောင်းလဲသွားကြသည်။ သခင်လေးရင်၏ ခွန်အားကို သူတို့ ကောင်းကောင်းကြီး သိပါသည်။ ထိုတိုက်ကွက်က တောင်တန်းများနှင့် ကျောက်ဆောင်များအား ဖြိုခွင်းနိုင်ပေ၏။

“မိုးကြိုးရိုက်ချက်”

လက်ဝါးတစ်ချက်တွင် အရပ်မျက်နှာအနှံ့ လှုပ်ရှားလာ၏။ ဒုတိယတစ်ချက်၌ လေပြင်း၍ လျှပ်စီးလက်လာသည်။ တတိယတစ်ချက်တွင် လောကကို ဖျက်ဆီးတော့မယောင်ပင်။ စတုတ္ထမြောက်တစ်ချက်၌ နတ်ဘုရားနှင့် နတ်ဆိုးများကို သုတ်သင်တော့မည်ဟု ထင်မှတ်ရသည်။

တပည့်များအားလုံး ချမ်းအေးသလို ခံစားလာရသည်။ သခင်လေးရင်၏ တိုက်ခိုက်ပုံကို သူတို့ မြင်ဖူးပြီးသား ဖြစ်သော်လည်း ယနေ့ ထပ်မြင်လိုက်ရသောအခါ ထိတ်လန့်စမြဲ ထိတ်လန့်နေကြသည်။

မိုးခြိမ်းသံများက မိုးကြိုးမုန်တိုင်း ကျဆင်းလာတော့မယောင် ထင်မှတ်ရသောကြောင့် လူအများ ကြောက်ရွံ့ လာ၏။

ဤတိုက်ခိုက်မှု၏ အစွမ်းက ထောင်ချီသောမိုးကြိုးများနှင့် ညီမျှလောက်သည်။ ထောင်ချီသော မိုးကြိုးများအား မည်သူက ခုခံနိုင်ပါမည်နည်း။

ဤသို့ အားပြင်း၍ ကြောက်စရာကောင်းသော တိုက်ခိုက်မှုအောက်၌ ယဲ့ဖန်၏ အဆုံးသတ်က မည်မျှ ဆိုးရွားမလဲ သူတို့ မတွေးတတ်တော့ချေ။

တစ်ခဏအတွင်း ပြောင်းလဲမှု ဖြစ်ပေါ်လာ၏။ ယဲ့ဖန်က လက်သီးကို ဆုပ်၍ သည်းကြီးမည်းကြီး တိုက်ခိုက်လာသော သခင်လေးရင်၏ လက်ဝါးကို ထိုးချလိုက်သည်။

*ဘာ*

ဤမြင်ကွင်းက အခြားတပည့်များကို အံ့အားသင့်သွားစေသည်။ ယခုလိုအချိန်၌ ယဲ့ဖန်က ထွက်ပြေးရန် မစဉ်းစားဘဲ ပြန်တိုက်ခိုက်သည်တဲ့လား။

*ရူးနေပြီ*

*ဒီလူ ရူးနေပြီ*

“အရူး”

သခင်လေးရင်က အထင်သေးသလို လှောင်ရယ်လိုက်ပြီး သူ့မျက်လုံးတွင်းမှ လူသတ်လိုစိတ်က ပိုပြင်းပြလာ၏။ သူသည် ယဲ့ဖန်အား မောက်မာမှုအတွက် ပြန်ပေးဆပ်စေချင်နေသည်။

“ဒုန်း”

သခင်လေးရင်၏ လက်ဝါးနှင့် ယဲ့ဖန်၏ လက်သီးတို့ ထိုးနှက်မိသွားသောခါ ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော် … အရာအားလုံး ရပ်တန့်သွားရသည်။

“တားလိုက်တာလား”

ကျောင်းသားများအားလုံး မှင်တက်သွားပြီး မျက်စိရှေ့မှ မြင်ကွင်းအား မယုံနိုင်သလို ကြည့်နေကြသည်။ အံ့ဩစရာ ကောင်းလှပေသည်။

တစ်ချိန်တည်းမှာပင် သခင်လေးရင်၏ မျက်နှာတွင် နာကျင်ဟန် ပေါ်လာပြီး သူ့လက်ဝါးက တဆစ်ဆစ် နာကျင်လာကာ ပေါက်ကွဲတော့မယောင်ပင်။ ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်လိုက်သည့်် အဖြစ်နှင့် ဆင်တူလှသည်။

သူ ယဲ့ဖန်ကို နာကျင်အောင် မလုပ်နိုင်ရုံသာမက သူသာလျင် အပြင်းအထန် ဒဏ်ရာ ရသွားခဲ့ရသည်။ ဤသည်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က ဘယ်လိုလုပ် ဤမျှ သန်မာနေရသနည်း။

သူ့လက်ဝါး ကြေမွသွားပုံရသည်။ မိုးကြိုးရိုက်ချက်အောက်၌ မည်သူမှ တောင့်မခံနိုင်သော်လည်း နဂါးအသွင်ပြောင်းခြင်း အဆင့်သာ ရှိသေးသော ယဲ့ဖန်က မည်သို့ တားဆီးနိုင်ရသနည်း။ လုံးဝ မဖြစ်နိုင်ချေ။

သခင်လေးရင်သာမက လူတိုင်း မယုံနိုင်စရာ ကောင်းသည်ဟု တွေးနေကြသည်။ နဂါးအသွင်ပြောင်းခြင်း အဆင့်က သူတော်စင်သခင်အဆင့်၏ အားပြင်းသော တိုက်ကွက်ကို တားဆီးနိုင်ခြင်းက အိပ်မက်ဆန်လှသည်။

*ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်မယ်*

ပတ်ဝန်းကျင် အခြေအနေက တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်း မှင်တက်နေပြီး သခင်လေးရင်၏ တိုက်ခိုက်မှုကို ဤမျှ ရိုးစင်းစွာ အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။ ဤမိုးကြိုးရိုက်ချက်က သခင်လေးယင် မိသားစု၏ အမွေဆက်ခံရရှိထားသော သိုင်းကွက်ဖြစ်သည်။

“မိုးကြိုးရိုက်ချက်က ဒီလိုလုပ်ရတာ မဟုတ်ဘူး”

ထိုအခိုက်တွင် ယဲ့ဖန်က မချိုမချဉ်ပြုံး၍ လက်သီးကိုဖြန့်ကာ သူ့အရှေ့မှ သခင်လေးရင်ကို ရိုက်ချလိုက်သည်။

“ဂျိမ်း”

ပိုကြောက်စရာကောင်း၍ ပိုပြင်းထန်လှသည်။ လက်ရှိ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မိုးကြိုးများက ပို၍ ပြင်းထန် စူးရှလာပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ကြောက်စရာကောင်းသော စွမ်းအင်က ယဲ့ဖန်၏ ခြေဖဝါးမှ ရုတ်တရက် ပျံ့လွင့်လာသည်။ လေပြင်းများ တိုက်ခတ်လာသောကြောင့် ကျောင်းသားများ ထိတ်လန့်ကာ နောက်သို့ ဆုတ်သွားရသည်။

ထိုအခိုက်တွင် သူတို့အားလုံး မှင်တက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ပို၍ ကြောက်စရာကောင်း၍ လွှမ်းမိုးနိုင်သော မိုးကြိုးရိုက်ချက်ကို မြင်လိုက်ရသောကြောင့်ပင်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

*ဒီကောင်က တကယ်ကြီး မိုးကြိုးနတ်ဘုရားလား*

အရှိန်အဝါက ထည်ဝါပြီး အစွမ်းထက်ကာ တိုက်ခိုက်မှုက လွှမ်းမိုးနိုင်ပြီး အံ့ဩစရာ ကောင်းလှသဖြင့် မိုးကြိုးနတ်ဘုရား တိုက်ခိုက်နေသည်ဟုပင် ထင်မှတ်ရသည်။

“မကောင်းတော့ဘူး”

ရုတ်တရက် သခင်လေးရင် ကြက်သီးထသွားပြီး မရဏ အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာသည်ဟု ခံစားလာရသည်။ လက်ရှိတွင် သူ ဘာကိုမှ မတွေးနိုင်ဘဲ အသည်းအသန် နောက်ဆုတ်လေတော့သည်။

သို့သော် မိုးကြိုးက လျင်မြန်စွာ နီးကပ်လာသဖြင့် သူ ထွက်ပြေးရန် မစွမ်းနိုင်တော့ချေ။ ကူကယ်ရာမဲ့သွားသဖြင့် သခင်လေးရင်သည် အံကြိတ်ရုံသာ တတ်နိုင်ပြီး အားနည်းနေသော လက်ကိုမြှောက်ကာ ယဲ့ဖန်၏ လက်ဝါးကို ထပ်မံ၍ တိုက်ခိုက်လိုက်သည်။

“ဝုန်း ဂျွတ်”

သို့သော် တိုက်ခိုက်မိသည်နှင့် သခင်လေးရင်၏ လက်မောင်းက ဆွေးမြည့်နေသော သစ်ပင်သဖွယ် ချက်ချင်း ကျိုးကြေသွးပြီး တစ်စစီ ဖြစ်သွားလေသည်။

“အား…”

အလွန်တရာ နာကျင်သော အော်သံ ထွက်ပေါ်လာ၏။ သခင်လေးရင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ကာ မယုံနိုင် ဖြစ်နေလေသည်။

သူ၏ မိုးကြိုးရိုက်ချက်က တစ်ဖက်လူ၏ မိုးကြိုးရိုက်ချက်ကို ရှုံးနိမ့်သွားသည်တဲ့လား။ သို့သော် ထိုမျှနှင့် မရပ်သွားပေ။

ယဲ့ဖန်၏ လက်က ဆက်လက်၍ ကျဆင်းလာပြီး သူ့ရင်ဘတ်ထံသို့ အရှိန်ဖြင့် ကျရောက်လာသည်။

“ဝေါ့”

သခင်လေးရင် သွေးအန်သွားရသလို နံရိုး ခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ကျိုးသွားလေသည်။ သူ လုံးဝဥဿုံ ရှုံးနိမ့်သွားရလေပြီ။

လူတိုင်း နားဝေတိမ်တောင် ဖြစ်ကာ စကားမပြောနိုင်တော့ချေ။ အကြောင်းမျာ သူတို့အရှေ့မှ မြင်ကွင်းက ထူးဆန်းလွန်းပြီး ကြမ်းကြုတ်လွန်းသောကြောင့်ပင်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတော်စင်သခင်အဆင့်ကို ချက်ချင်း အနိုင်ယူနိုင်တယ်တဲ့လား*

*ဒါက ရွှံ့ကို မှော်ဖြစ်အောင် လုပ်နေသလိုပဲ*

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတစ်ချို့ဆိုလျင် မျက်လုံးကိုပင် အားဖြင့်ပွတ်ကာ သူတို့ အမြင်မှားလေသလားဟု သံသယ ဝင်နေကြသည်။

*ဒါ သခင်လေးရင်လေ*

*ဝမ်ကောဖူရဲ့ အသန်မာဆုံး ပါရမီရှင်တွေထဲက တစ်ယောက်က ဒီလို ရှုံးနိမ့်သွားရတာလား*

အဖြစ်အပျက်များက ဤသို့ ဖြစ်သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။ အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။

“ဂျွတ်”

ရုတ်တရက် စုတ်ဖြဲသံ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ လက်ငါးချောင်းက ချိတ်သဖွယ် သခင်လေးရင်၏ ခြေထောက်ကို မြဲမြဲဆုပ်ကိုင်၍ ဆွဲဖြဲလိုက်သောကြောင့် ထိုခြေထောက် ပြုတ်ထွက်သွားပြီး သွေးစက်များ လွင့်စဉ်လာ၏။

*ကျောချမ်းစရာ ကောင်းလိုက်တာ*

လက်ရှိတွင် ယဲ့ဖန်၏ မျက်လုံးများက ရှေးဟောင်း သားရဲတစ်ကောင် ဝင်ပူးနေသကဲ့သို့ ထူးဆန်းသော အရောင် ပြောင်းနေပြီး လူသတ်လိုစိတ်များ တရိပ်ရိပ်တိုးလာသည်။

“အား…”

သခင်လေးရင်က သူ့ခြေထောက်ကို ကိုင်၍ နာကျင်စွာ အော်ဟစ်နေသည်။ ယဲ့ဖန်က သခင်လေးရင်ကို အနိုင်ယူနိုင်ရုံသာမက သူ့ကိုပါ နှိပ်စက်နိုင်ခဲ့သည်။ မယုံနိုင်စရာပါတကား။

ကျေင်းသားများအားလုံး အသက်ရှူမှားလာပြီး တစ်ကိုယ်လုံး ကြက်သီးထလာကြသည်။ သခင်လေးရင်က ယဲ့ဖန်ကို ကြက်ကလေး၊ ငှက်ကလေးကို သတ်သကဲ့သို့ သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့မိသည်။

သို့သော် ဤကြောက်စရာကောင်းသော နတ်ဆိုးက သခင်လေးရင်ကို ခွေးတစ်ကောင်သဖွယ် အသာလေး နင်းချေနိုင်ခဲ့သည်။

*ဒီလူက နဂါးအသွင်ပြောင်းခြင်းအဆင့် မဖြစ်နိုင်ဘူး*

*တစ်ခုခုတော့ မှားနေပြီ*

*ဒါပေမဲ့ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေရင်တောင်မှ သခင်လေးရင်ကို ချက်ချင်း အနိုင်ယူဖို့က မဖြစ်နိုင်ဘူးလေ*

သူ၏ လွှမ်းမိုးနိုင်ပြီး အံ့ဩစရာကောင်းသော အရှိန်အဝါကို ကြည့်ပြီး သူတို့ အိပ်မက်မက်သလို ခံစားနေမိပြီး စကားလုံးဖြင့် မည်သို့ ဖော်ပြရမလဲ မသိတော့ချေ။ ရုတ်ချည်းဆိုသလိုပင် သူတို့အားလုံး ရင်တဒိတ်ဒိတ် ခုန်လာပြီး အလွန်အမင်း ထိတ်လန့်လာကြသည်။ သူတို့ မဖြစ်နိုင်ဘူးဟု အော်ချင်စိတ် တဖွားဖွား တိုးလာ၏။

တစ်ချိန်တည်းမှာပင် သခင်လေးရင်၏ အမူအရာက မှုန်မှိုင်းလာပြီး ပြတ်ထွက်သွားသော ပေါင်ကို စိုက်ကြည့် နေသည်။

*ငါ ရှုံးသွားတာလား*

*ငါ ဒီလောက် လွယ်လွယ် ရှုံးသွားတယ်ပေါ့*

သူ မယုံနိုင်သလို လက်လည်း လက်မခံနိုင်ချေ။ သူသည် ကောင်းကင်အဆင့် ပါရမီရှင်ဖြစ်ပြီး သူ့သိုင်းအဆင့်က ယဲ့ဖန်ထက် ပိုမို၍ မြင့်မားသည်။ အဘယ်ကြောင့် သူက ဤအမှိုက်ကောင်ထံ၌ လက်သီးတစ်ချက်တည်းဖြင့် ရှုံးရသနည်း။

သူ ဝမ်ကောဖူ၌ ရှိနေသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပြီး သူ့အား ချက်ချင်း အနိုင်ယူနိုင်သောလူကို တစ်ခါမှ မမြင်ခဲ့ဖူးပါ။

သူသာလျင် အမြဲတမ်း အခြားသူများကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်သူ ဖြစ်ခဲ့သည်။ သို့သော် ယနေ့၌ … သူ စက္ကန့်ပိုင်းအတွင်း အသတ်ခံရပေတော့မည်။

“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူးကွ”

သခင်လေးရင်က ခေါင်းကို ပြုတ်ထွက်မတတ် ခါပြီး မကျေမနပ် အော်ဟစ်လေသည်။ သူ့ပုံစံက ဒဏ်ရာရထားသော ကျားနာတစ်ကောင် မာန်ဖီနေပုံနှင့် တူနေပေသည်။

ပါရမီရှင်တစ်ယောက်က တစ်ခဏအတွင်း ခွေးသေတစ်ကောင် ဖြစ်သွားခဲ့သည်။ ဤမျှ ပြင်းထန်သော ခြားနားချက်က သူ့အား ရူးမတတ် ဖြစ်စေကာ မယုံကြည်နိုင် ဖြစ်နေ၏။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ မျက်လုံးများက သခင်လေးရင်ကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့ပုံစံက ငရဲဘုရင်နှင့် တူနေကာ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက လူအများကို ပိုမို၍ တုန်လှုပ်စေသည်။

“ဂျွတ်”

သခင်လေးရင်၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခု စုတ်ဖြဲခံလိုက်ရပြန်သည်။ ယဲ့ဖန် လှုပ်ရှားလိုက်သည့်အခါတိုင်း သခင်လေးရင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုမဟုတ် တစ်ခု စုတ်ဖြဲခံရလေသည်။

ကျားတစ်ကောင်က သိုးကို စားသုံးနေသလိုပင်။ သို့သော် ထူးဆန်းသည်မှာ ယဲ့ဖန်၏ မျက်နှာက အစမှအဆုံးတိုင် တည်ငြိမ်နေခြင်းပင်။ သူ့အရှေ့မှလူကို ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်ဟုသာ မှတ်ယူထားပုံ ရသည်။

ကျောင်းသားများအားလုံး တုန်လှုပ်သွားပြီး နာကျင်စွာ အော်ဟစ်နေသော သခင်လေးရင်ကို ကြည့်ကာ ရင်ထဲ၌ ချောက်ချားနေကြသည်။

သခင်လေးရင်ကဲ့သို့သော ပါရမီရှင်တောင်မှ ဤနတ်ဆိုး၏ ပြိုင်ဘက် မဟုတ်ချေ။ အကယ်၍ သူတို့သာ ယဲ့ဖန်ကို ရင်ဆိုင်လျင် သူတို့ အသက်တစ်ကြိမ် ရှူစာအတွင်း သေနိုင်လောက်သည် မဟုတ်ပါလော။

ထိုသို့တွေးမိပြီး လူတိုင်း ကြက်သေ သေနေကြသည်။ သခင်လေးရင်သည် နာကျင်လွန်း၍ မျက်ရည်ပင် ကျနေကာ သူ့အရှေ့မှ ယဲ့ဖန်ကမူ ဆာလောင်နေသော သားရဲကဲ့သို့ သူ့အား တစ်စစီ ဖြစ်စေချင်နေသည့်ပုံပင်။

သူ့မျက်လုံးအကြည့်က ပို၍ပင် ထူးဆန်းနေ၏။ ဒေါသမရှိသလို မုန်းတီးခြင်းလည်း မရှိဘဲ အေးစက်မှုတို့သာ ရှိနေလေသည်။

သူ့အကြည့်က လူပေါင်းများစွာကို သတ်ခဲ့ရသဖြင့် ခံစားချက်ကင်းမဲ့နေသလိုပင်။ မည်သည့် စိတ်ခံစားချက်မှ မရှိသလို သနားကြင်နာခြင်းလည်း မရှိချေ။

ထိုပုံစံက နတ်ဆိုးလိုပင်။ သူ နတ်ဆိုးကို ရန်စမိသည့်ပုံပင်။

“အနားမလာနဲ့၊ မလာနဲ့”

သခင်လေးရင် ကြက်သီးထသွားပြီး ပုံလျက်သား လဲကျနေရာမှ အားကုန် အော်ဟစ်လေသည်။ သူ ကြောက်ရွံ့နေလေပြီ။

“ငါတို့ ဘာမှမလုပ်တာကို မင်းက ဘာလို့ သေလမ်းရှာရတာလဲ၊ မင်းက ဘာလို့ သေတွင်းတူးနေတာလဲ”

ယဲ့ဖန်၏ မျက်လုံးများက ပို၍ ကြမ်းကြုတ်လာပြီး သားကောင်ကို စိုက်ကြည့်နေသော သားရဲသဖွယ် တစစီ စုတ်ဖြဲရန် စိတ်မရှည်တော့သည့်ပုံပင်။ ယဲ့ဖန်၏ အသံက အလွန်အေးစက်ပြီး လူသတ်ချင်စိတ် ပြင်းပြနေ၏။

“ငါ မှားမှန်း သိပါပြီ၊ ငါ့ကို မသတ်ပါနဲ့၊ ငါ မင်းကို ထပ်ပြဿနာ မရှာတော့ပါဘူး”

သခင်လေးရင် အော်ပြောလေသည်။ သူ့မျက်ရည်များ ဒလဟော ကျဆင်းပေတော့မည်။ သူ ကလေးဘဝမှစ၍ ဤမျှ ကြောက်စရာကောင်းသော ရန်သူကို ယခုမှ ကြုံဖူးခြင်းပင်။

“မှားမှန်း သိတယ် ဟုတ်လား”

ယဲ့ဖန်က အပြုံးကြီးပြုံး၍ ပြန်ပြောလိုက်သည်။

“မင်းလိုလူမျိုးက ဘယ်တော့မှ မှားမှန်း မသိဘူး၊ ဘာလို့လဲဆိုတော့ မင်းက ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ လူမို့လို့ပဲ၊ အဲ့ဒါကြောင့် မင်း အခြားသူတွေကို အမှိုက်လို ဆက်ဆံပြီး လိုချင်တာကို ရအောင် လုယူတတ်တဲ့လူစား ဖြစ်နေတာ”

“အခု မင်းက အသက်ရှင်ချင်လို့သာ တောင်းပန်နေတာ၊ မင်း အသက်ရှင်ခွင့်ရရင် မင်းအစ်ကိုကို လိုက်ရှာပြီး ချင်ထျန်း တစ်ဖွဲ့လုံးနဲ့ ငါ့ကို သတ်ဖို့ လုပ်မယ်ဆိုတာ ငါ ပြောရဲတယ်”

သခင်လေးရင် ချက်ချင်း အံ့အားသင့်သွားသည်။

*ဒီကောင် ငါ့အတွေးကို တကယ်ကြီး သိနေတာလား*

*သူ ဘယ်လို မှန်းလိုက်တာလဲ*

သခင်လေးရင်၏ အမူအရာက သူ့စကားနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း လူတိုင်း ရိပ်မိလိုက်သည်။ သခင်လေးရင်သည် ယဲ့ဖန်၏ ထူးဆန်းသော အပြုံးကိုမြင်ပြီး အသိစိတ် လွတ်သွားလေတော့သည်။ သူ့ရင်ထဲ၌ စိုးရိမ်စိတ်နှင့် ကြောက်စိတ်သာ စိုးမိုးလာ၏။

“မျက်လုံးမှိတ်ထား၊ ငါ မြန်မြန်လုပ်မှာပါ”

ယဲ့ဖန်က သတ်ဖြတ်ချင်သော အကြည့်တို့နှင့်အတူ သူ့အား အထင်အမြင်သေးစွာ ကြည့်နေသည်။

All Chapters