← Chapters

အခန်း ၁၄၃၉

Vol. 96 Ch. 1439

အခန်း ၁၄၃၉

Vol. 96 Ch. 1439

Chapter 1439 မမျှော်လင့်ဘဲ တွေ့ဆုံခြင်း

“ကျွန်မ စုမြောင်ချန်ကို လက်ထပ်မယ်လို့ ဘယ်သူ ပြောလဲ”

ဟွမ်ယွီလင်းက စားပွဲကို ဗြန်းခနဲ ရိုက်ကာ မျက်နှာထား သုန်မှုန်လာ၏။

“ကျွန်မ လက်ထပ်မယ့်ကိစ္စကို ကျွန်မအဖေတောင် ဝင်မစွက်ဖက်တာ၊ ရှင်တို့ဘာ ဘာကိစ္စ ဝင်ပါနေတာလဲ”

“လင်းအော် စိတ်မဆိုးနဲ့၊ မင်းအဒေါ်က မင်း ကောင်းဖို့ပြောနေတာ၊ မင်း မကောင်းတဲ့ကောင်တွေရဲ့ လှည့်စားခံ ရမှာကို စိုးရိမ်နေတာလေ၊ မင်းမိသားစုဝင်ဖြစ်တဲ့ ငါတို့က မင်းကို ထိခိုက်အောင် လုပ်မယ်လို့ ထင်နေတာလား၊ မင်းက လိမ္မာပါတယ်၊ မင်း အရွယ်ရောက်လာတဲ့အချိန်ကျရင် ဒီနေ့ ငါတို့ စီစဉ်ပေးတဲ့ ကိစ္စက မှန်တယ်ဆိုတာကို သိလာလိမ့်မယ်”

လျှိုရှုရင်က မကျေမနပ် နှစ်သိမ့်ပေးလိုက်သည်။

“ကျွီ”

ဟွမ်ယွီလင်း ပြန်တော့မည့်အချိန်၌ တံခါးကို သောဖွင့်၍ ဝင်လာသံ ထွက်လာသည်။ သပ်ရပ်သော ဝတ်စုံဝတ်ထားသည့် လူတစ်ယောက် ဝင်လာသည်။ ထိုသူမှာ စုမြောင်ချန်ပင်။

သူ့ကိုမြင်သော် ဟွမ်ယွီလင်း မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွင် မုန်းတီးရိပ်တို့ ပြည့်နှက်လာ၏။ ဤကိစ္စအားလုံးက သူ့ကြောင့်ပင်။ သူမအဒေါ်နှင့် အဘိုးတို့ရှေ့၌ ယဲ့ဖန်၏ မကောင်းကြောင်းကို သူ မပြောခဲ့လျင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပါ။

ထို့အပြင် စုမြောင်ချန်၌ လျှိုမိသားစု၏ သော့ရှိနေသည်ကို ယဲ့ဖန်လည်း သတိထားမိသည်။ ဤသည်က ဟွမ်ယွီလင်း၏ အဘိုးက သူ့အား မြေးသမက်လောင်းအဖြစ် အသိအမှတ် ပြုထားပြီးပြီဖြစ်ကြောင်း သက်သေ ပြနေ၏။

“သခင်လေးစု ရောက်လာပြီပဲ၊ မြန်မြန်လာ မြန်မြန်လာ”

လျှိုယွိရှီက နွေးထွေးစွာ ကြိုဆိုလေသည်။

“အန်တီ ကျွန်တော့်ကို ရှောင်စုလို့ ခေါ်ပါလို့ ကျွန်တော် ဘယ်နှစ်ခါ ပြောရမလဲဗျာ”

စုမြောင်ချန်က သိမ်မွေ့စွာပြုံး၍ လူကြီးလူကောင်းပုံစံ ပြသနေလေသည်။

“အိုး … သူတော်စင်သခင့်အဆင့်တစ်ယောက်က ဒီလောက် နှိမ့်ချပြီး ယဉ်ကျေးတတ်တာ ရှားတယ်”

လျှိုယွိရှီက စုမြောင်ချန်ကို ကြည့်လေကြည့်လေ ပို၍ အကောင်းမြင်လေ ဖြစ်နေ၏။

“မြောင်ချန် မင်း ဒီနေ့ ငါ့ကို အဖော်လုပ်ပြီး နည်းနည်း သောက်ပေးရမယ်”

လျှိုရှုရင်တောင်မှ ပြုံး၍ ထရပ်ကာ သူ ရတနာလို တန်ဖိုးထားသော ဝိုင်ကောင်းကို ထုတ်ရန် ထသွားသည်။ ဤဆက်ဆံပုံက ယဲ့ဖန်ကို ဆက်ဆံပုံနှင့် ကွာခြားလှသည်။

“အဘိုးလျှိုက ပြောမှတော့ ကျွန်တာ် မနာခံဘဲ နေရဲပါ့မလားဗျာ”

စုမြောင်ချန်က အပြုံးနှင့် ပြောလိုက်သည်။

“ဒါက …”

ထိုစဉ် စုမြောင်ချန်၏ အနောက်၌ လူငယ်တစ်ယောက် ရပ်နေသည်ကို လျှိုယွိရှီ သတိပြုမိသွားသည်။

“ဪ မိတ်ဆက်ပေးရဦးမယ်၊ ဒါက ရှုကျိုးက နာမည်ကြီး ဆေးမိသားစုဝင်လေ၊ လက်ရှိ လင်းမိသားစုရဲ့ ခေါင်းဆောင် လင်းဝူယာတဲ့။ အခု သူ့အစ်ကိုနှစ်ယောက်လုံးက ယွမ်ပမ်းရှီရဲ့ တပည့်ရင်းတွေ။ သူက ကျန်းနန်ဘက်က စားစရာတွေကို နှစ်သက်တယ်လေ၊ အဲ့ဒါကြောင့် မစ္စဝမ့်ရဲ့ ကျန်းနန် လက်ရာ ဟင်းချက်စွမ်းရည်ကို မြည်းစမ်းရအောင် ဖိတ်လာတာ”

မိသားစုခေါင်းဆောင်နေရာ၌ လင်းဝူယာ ထိုင်နိုင်ရသည့် အကြောင်းရင်းမှာ ယဲ့ဖန်ကြောင့်သာ ဖြစ်သည်။ လင်းဝူယာ၏ အစ်ကိုနှစ်ယောက်က ယွမ်ပမ်းရှီ၏ တပည့်ရင်း ဖြစ်လာခြင်းမှာလည်း ယဲ့ဖန်ကြောင့်ပင်။

ယဲ့ဖန်နှင့် လင်းဝူယာတို့ အံ့ဩသွားသည်။ သူတို့ အချင်းချင်း ပြန်တွေ့လိမ့်မည်ဟု ထင်မထားမိကြချေ။ လင်းဝူယာက အရိုအသေ ပေးချင်သော်လည်း ယဲ့ဖန်က သူ့ကို အကြည့်ဖြင့် တားဆီးလိုက်သည်။ လင်းဝူယာ တွေဝေသွားသော်လည်း ထုတ်မပြောလိုက်ပါ။

“ဘာမှအထွေအထူး မဟုတ်ပါဘူးကွ၊ မင်းက ယဉ်ကျေးလွန်းနေပါပြီ”

မစ္စဝမ့်က ချီးကျူးခံလိုက်ရသဖြင့် ပျော်ရွှင်စွာ ရယ်မောလေသည်။ သူမ မနေနိုင်ဘဲ တွေးလိုက်မိသည်။

*သခင်မလေးက ဘာတွေဖြစ်နေတာလဲ၊ ဒီလို လူကောင်းလေးကို လက်လွှတ်မခံသင့်တာကို၊ သူက ဆင်းရဲသားကိုမှ သွားကြိုက်ရတယ်လို့*

ဟွမ်ယွီလင်း တိတ်တဆိတ် သက်ပြင်းချမိသည်။

*ဒီအရူးတွေကတော့ သူတို့ မျက်နှာလုပ်နေတဲ့လူက ယဲ့ဖန်ရဲ့ မျက်လုံးထဲမှ ခွေးသာသာအဆင့်ပဲရှိတာကို မသိကြပါလား*

ပြောရမည်ဆိုလျင် လင်းဝူယာကို မျက်နှာသာရခွင့် ပေးလိုက်သည့်သူက ဟွမ်ယွီလင်းပင်။

“ယွမ်ပမ်းရှီရဲ့ တပည့်ရင်းလား”

လျှိုရှုရင် လက်တုန်လာပြီး ဖန်ခွက်ကွဲလုနီးပါး ဖြစ်သွားရသည်။ ယခု ယွမ်ပမ်းရှီ၏ နာမည်ကို မသိတဲ့သူ ရှိပါလေသလော။

လက်ရှိမျိုးဆက်ခေတ်၏ ဆေးဘုရင်။ သူ၏ ဆရာက အင်မော်တယ်ဆေးလုံးအား ကစားသလို ဖော်စပ်နိုင်သူဟု ပြောကြသည်။

*ယွမ်ပမ်းရှီလိုလူနဲ့ သိကျွမ်းနိုင်စွမ်း ရှိတယ်ဆိုတော့ ဒီလင်းဝူယာရဲ့ အနာဂတ်က အတိုင်းအဆမဲ့တာပဲ*

“ဟုတ်ပါတယ် အဘိုးလျှို”

လင်းဝူယာ ယဉ်ကျေးစွာ ဆိုလိုက်သည်။ သူ့နောက်ခံအရဆိုလျင် လျှိုရှုရင်လို စီးပွားရေးသမားလေး မဆိုထားနှင့် စုမြောင်ချန်နှင့် သူ့ဖခင်ကိုပင် အရေးစိုက်စရာ မလိုပါ။

သို့သော် ယဲ့ဖန်က သူတို့နှင့် မည်သို့ ပတ်သက်နေမှန်း မသိသောကြောင့် သူ ရန်မစရဲဘဲ ယဉ်ကျေးနေခြင်း ဖြစ်သည်။

သေချာသော အဖြေကိုရပြီးနောက် လျှိုရင်ရှုနှင့် လျှိုယွိရှီတို့က ချက်ချင်း အပြုံးကြီးပြုံးလိုက်ကြသည်။ စုမြောင်ချန်က ဤသို့သောလူနှင့် မိတ်ဆွေဖြစ်နိုင်စွမ်း ရှိသဖြင့် အင်အားကြီးပေမည်။

ယွမ်ပမ်းရှီက လောက၌ ကျော်ကြားသော ပုဂ္ဂိုလ် ဖြစ်သည်။ လူအများ၏ လေးစားခြင်း ခံရသူဟူသော စကားက အပိုစကား မဟုတ်ပါ။ သူ့နောက်ကွယ်မှ ထူးဆန်းသော ဆေးနတ်ဘုရား မဆိုထားနှင့် သူ့အနား၌ သူတော်စင်သခင်အဆင့်များ ဒါဇင်ချီ၍ ရှိနေသည်။

ထိုဆေးနတ်ဘုရားက လူကြီးမင်းယဲ့ဟု ကျော်ကြား၏။ လင်းဝူယာက ယွမ်ပမ်းရှီနှင့် သိကျွမ်းသဖြင့် သူ့နှင့် ပတ်သက်၍ ထူးခြားသော တစ်စုံတစ်ရာ ရှိကိုရှိရပေမည်။

“သခင်လေးလင်း ထိုင်ပါဦး”

လျှိုရှုရင်က လင်းဝူယာအတွက် ထိုင်ခုံကို အလျင်အမြန် ဆွဲထုတ်ပေးသဖြင့် စိတ်အားတက်ကြွနေမှန်း သိသာပေသည်။

“အဘိုးလျှို အားလုံးက မိတ်ဆွေတွေပါပဲ ယဉ်ကျေးနေစရာ မလိုပါဘူး”

လင်းဝူယာ အပြုံးနှင့် ပြောလိုက်သည်။ လျှိုရှုရင် ချက်ချင်း ကျေနပ်သွားသည်။

*လင်းမိသားစုခေါင်းဆောင်က ငါ့ကို အဘိုးလို့ ခေါ်လိုက်တာလား*

*အံ့ဩစရာ ကောင်းလိုက်တာ*

*ငါ မြေးသမက်ရွေးတာ လူမမှားခဲ့ဘူးပဲ*

လင်းဝူယာ ယဉ်ကျေးပျူငှာနေရသည့် အကြောင်းရင်းက စုမြောင်ချန်ကြောင့်ဟု သူ ထင်နေ၏။

“ဒီမိတ်ဆွေက …”

ထိုစဉ် စုမြောင်ချန်က ယဲ့ဖန်အား စဉ်းလဲစွာ ကြည့်လာပြီး မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

“ယွီလင်းရဲ့ မိတ်ဆွေလေ၊ မင်း ခုနက တွေ့ခဲ့တယ်မလား၊ သူ ခဏလာထိုင်ပြီးရင် ချက်ချင်း ထွက်သွားမှာပါ”

လျှိုယွိရှီက အရင်ဝင်ပြောလိုက်ပြီး တစ်ဖက်လှည့်နှင့် နှင်ထုတ်လေသည်။

“ဪ အဲ့လိုကိုး”

စုမြောင်ချန်၏ လှောင်ပြုံးက ပိုပီပြင်လာသည်။ သူက လူကြီးလူကောင်းဟန်ဖြင့် လက်ဆန့်ပေးလေသည်။

“ဟဲလို ငါ့နာမည်က စုမြောင်ချန်ပါ”

သူသည် လူကြီးများရှေ့၌ ယဉ်ကျေးသော အမူအရာပြရန် လက်ဆွဲနှုတ်ဆက်လိုဟန် လက်ဆန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ယဲ့ဖန်ကို ရန်စနေ၏။ အသံက အထက်စီးဆန်ကာ မျက်လုံးများက အထင်သေးရိပ် သန်းနေသည်။ မသိလျင် “ငါနဲ့ ပြိုင်ချင်တာလား၊ မင်းက အရည်အချင်းရှိလို့လား” ဟု ပြောနေသလိုပင်။

*ငါ အသာလေး လှုပ်လိုက်တာနဲ့ မင်းကို နင်းချေလို့ရတယ်*

သို့သော် ယဲ့ဖန်က သူ့ကို တစ်ချက်ကြည့်၍ လျစ်လျူရှုလိုက်သည်။ စုမြောင်ချန်၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။

*ဘာမဟုတ်တဲ့ အမှိုက်ကောင်ကများ ငါ့ကို လျစ်လျူရှုရဲတယ်လား*

“နင် ဘာဖြစ်နေတာလဲ၊ တစ်ယောက်ယောက်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ပေးရန် ပြန်နှုတ်ဆက်ရမယ်ဆိုတာကို မသိဘူးလား၊ နင့်မိသားစုက နင့်ကို ဘယ်လို သင်ထားတာလဲ၊ လောကဝတ်ကိုရော သင်ခဲ့ရဲ့လား”

လျှိုယွိရှီက မကောင်းသောလေသံဖြင့် ငေါက်ငမ်းလေသည်။

“စုမြောင်ချန်က နင့်ကို နှုတ်ဆက်ချင်တာလေ၊ ဘာလို့ ရိုင်းရတာလဲ”

လျှိုရှုရင်သည်လည်း မျက်နှာ မည်းမှောင်ကာ ဝင်ပြောလေသည်။ လင်းဝူယာ စဉ်းစားနေသော အမူအရာ ဖြစ်သွားသည်။ လက်ရှိတွင် အခြေအနေ မကောင်းကြောင်း အရူးပင် သိနိုင်ပေသည်။

“ထားလိုက်ပါ အန်တီ၊ ဒီမိတ်ဆွေက မာနကြီးပီး ကျွန်တော်နဲ့ မခင်ချင်ဘူးနဲ့တူတယ်၊ အဲ့တော့ ဖိအား မပေးပါနဲ့၊ အခု ပြန်ထိုင်ပြီး စားကြရအောင်”

စုမြောင်ချန်က စိတ်သဘောထား ပြည့်ဝဟန်ဖြင့် လက်ကာပြသော်လည်း စိတ်ထဲ၌ ဤသို့ တွေးနေ၏။

*ဘယ်လိုနေရမလဲ မသိတဲ့ကောင်၊ ဒီသခင်လေးကို မျက်နှာပျက်ရအောင် လုပ်တယ်ပေါ့လေ၊ နောက် ငါ မင်းကို ဘယ်လို ကစားပြမလဲ ကြည့်ထား*

“သူက မာနကြီးတယ် ဟုတ်လား၊ သူက အဲ့လိုလုပ်ဖို့ ထိုက်တန်လို့လား”

လျှိုယွိရှီက ခနဲ့လိုက်သည်။

*နင့်နောက်ခံက ဘာမို့လို့လဲ*

*နင်က ဘာမို့လို့လဲ*

“ကဲ လာကြ၊ သခင်လေးနှစ်ယောက် သောက်ပါဦး”

လျှိုရှုရင်က ခပ်သွက်သွက် ထကာ လင်းဝူယာတို့အတွက် ဝိုင်ထည့်ပေးလေသည်။ သို့သော် ယဲ့ဖန် တစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။ မစ္စဝမ့်က စားစရာများ ချပေးသောအခါတွင်လည်း ယဲ့ဖန်အတွက် တမင်တကာ မချပေးချေ။

အဓိပ္ပာယ်က ရှင်းပါသည်။ မင်းကို ငါ့မိသားစုက မကြိုဆိုဘူးဟု ပြောနေခြင်းပင်။ ယဲ့ဖန်က တည်ငြိမ်သော အမူအရာဖြင့် ရှိနေဆဲပင်။ လင်းဝူယာသာလျင် ဘာကြောင့်မှန်းမသိဘဲ ရင်ထဲ ဒေါသမီးတောက်လောင်နေ၏။

*ဒီလိုမြင့်မြတ်တဲ့ သခင်ကြီးကို စော်ကားစရာလား၊ မင်းတို့က ဘာလို့ သူ့ကို နည်းပေါင်းစုံနဲ့ စော်ကားနေတာလဲ*

“ဝေါ့ ဘယ်လိုအမှိုက်ကြီးလဲ၊ အရသာက မကောင်းလိုက်တာ”

မကြာခင်မှာပင် လင်းဝူယာ ပေါက်ကွဲလေတော့သည်။ သူသည် လင်းမိသားစု၏ ခေါင်းဆောင် ဖြစ်သည်။ သူ ဒေါသထွက်သည်ဟု ပြောလျင် ဒေါသထွက်သည်ပင်။ အဘယ်ကြောင့် သူက မျက်နှာသာပေးရမည်နည်း။

“ဒါက …”

လျှိုရှုရှင်နှင့် အခြားသူများ အံ့အားသင့်သွားသည်။ လင်းဝူယာက စာအုပ်လှန်သည်ထက် အပြောင်းအလဲ ပိုမြန်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ အစောပိုင်းက ယဉ်ကျေးသိမ်မွေ့နေသည့် လူငယ်လေးက ယခု ဆိုးယုတ်သောသူ ဖြစ်လာပါတကား။

လင်းဝူယာက ပန်းကန်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်၍ အော်လိုက်သည်။

စုမြောင်ချန် ဒါလား မင်းပြောတဲ့ ကျန်းနန် ဟင်းလျာ၊ မင်း ငါ့ကို တမင် လှောင်နေတာလား”

“ကျုပ် … ကျုပ် ဘယ်လိုလုပ်ပြီး …”

စုမြောင်ချန်လည်း အံ့ဩနေသည်။ ဘယ်အရာက ဤသခင်လေးကို မပျော်မရွှင် ဖြစ်စေသလဲ သူ မသိပါ။ သူက လင်းဝူယာထက် သိုင်းအဆင့် မြင့်သော်လည်း နောက်ခံ အသိုင်းအဝိုင်းနှင့် ယှဉ်လာလျင် လင်းဝူယာက သူ့ကို လမ်းပေါ် ဆယ်ကြိမ်မက ပစ်ထုတ်နိုင်၏။

သူ လင်းဝူယာနှင့် အလွန် ရင်းနှီးသည်ဟု ထင်ရပါစေ တကယ်တမ်း၌ သူက လင်းဝူယာကို မျက်နှာ လုပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းဝူယာက ဤသို့ ပေါက်ကွဲလာသောအခါ သူ ဒေါသပင် မထွက်ရဲချေ။

“မစ္စဝမ့် ဒါ ဘယ်လိုဖြစ်တာလဲ”

လျှိုရှုရင်က ချက်ချင်း မစ္စဝမ့်ကို အပြစ်ပုံချလိုက်သည်။ မစ္စဝမ့် ငိုလုနီးပါး ဖြစ်သွားရသည်။

“ဒါ … ဒါကို အရင်အတိုင်းပဲ ချက်ထားတာပါ”

“ပြန်ချက်”

လျှိုရှုရင်က မည်းမှောင်နေသော မျက်နှာနှင့် ငေါက်လိုက်သည်။

“သခင်လေးလင်း ဒေါသမထွက်ပါနဲ့ အစေခံက စိတ်ရှုပ်ထွေးသွားလို့ပါ၊ ကျုပ် သူ့ကို ချက်ချင်း ထပ်ချက်ခိုင်းပါ့မယ်”

လျှိုရှုရင် မျက်နှာချိုသွေးကာ ပြောလိုက်သည်။ ဤလူအား သူ ရန်စမိ၍ မဖြစ်ပါ။ လင်းဝူယာ၏ အစွမ်းအရ သူ စကားနည်းနည်း ပြောလိုက်ရုံနှင့် ပိုက်ဆံများစွာ ရှာနိုင်ပေသည်။

“မလိုဘူး ဒီလိုအမှိုက်နဲ့ ဧည့်ခံတာက ကျုပ်ကို အထင်သေးကြောင်း ပြနေတာပဲ၊ ကျုပ် ဒါကို မစားဘူး”

လင်းဝူယာ အေးစက်စွာ ငေါက်ငမ်းလိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် ထူးဆန်းသော အပြုံး ပြုံးလိုက်သည်။

“ကျုပ် မစားရင် ခင်ဗျားတို့လည်း မစားရဘူး”

ဆူညံသံများ ထွက်ပေါ်လာပြီး ဟင်းပန်ကန်များနှင့် တူများအားလုံး ကြမ်းပြင်ပေါ် ကျသွားကာ ကြမ်းပြင်တစ်ခုလုံး ရှုပ်ပွလာ၏။

လင်းဝူယာက စားပွဲကို မှောက်ပစ်လိုက်ခြင်းပင်။ ဤသည်က အရှက်ခွဲခြင်းပင်။ လျှိုရှုရင် မျက်နှာ မည်းမျောင်နေ၏။ အိမ်ရှင်၏ စားပွဲကို မှောက်ပစ်လိုက်ခြင်းက အိမ်ရှင်ကို အရှက်ခွဲခြင်း ဖြစ်ကြောင်း ထင်ရှားသည့် လက္ခဏာပင်။ သို့သော် သူ ရန်မလုပ်ရဲပါ။

“သခင်လေးလင်း ခင်ဗျား …”

လင်းဝူယာက တမင် အမှားရှာနေမှန်း စုမြောင်ချန် ရိပ်မိသွားသည်။ သို့သော် လျှိုမိသားစုက သူ့ကို ဘယ်လို ရန်စမိသလဲ သူ မတွေးတတ်တော့ပေ။

“ဖြောင်း”

ထို့နောက် စုမြောင်ချန် ပါးရိုက်ခံလိုက်ရသည်။ လင်းဝူယာက ပြုံးနေသော်လည်း လေသံမာမာဖြင့် ပြောလာသည်။

“ငါ ဘာဖြစ်နေတာလဲလို့ ပြောချင်တာလား”

စုမြောင်ချန် သူ့မျက်နှာကို တအံ့တဩ အုပ်လိုက်မိသည်။ လင်းဝူယာက သူ့ကိုပါ ရိုက်လိမ့်မည်ဟု ထင်မထားမိပါ။ သူ လင်းဝူယာနှင့် အမြဲ ဆက်ဆံရေး ကောင်းခဲ့သည်။ လျှိုမိသားစုက သူ့ကို ရန်စမိလျင်တောင်မှ လင်းဝူယာက သူ့ကို ရန်စရန် မလိုပါ။ စုမြောင်ချန် နားမလည်နိုင်အောင် ဖြစ်နေ၏။

“ဖြောင်း”

သူ ထပ်အရိုက်ခံလိုက်ရသည်။

“မေးလေ ငါ ဘာဖြစ်နေတာလဲလို့”

လင်းဝူယာက ပြုံး၍ ပြောလာသည်။ လက်ရှိတွင် သူ၏ မိစ္ဆာဟန်ပန် ပေါ်လာသည်။ လင်းဝူယာသည် မောက်မာ၍ ရိုင်းစိုင်းတတ်သည်။

ယဲ့ဖန်နှင့် တွေ့ဆုံချိန်၌တွင်သာ သူ့ကိုယ်သူ ထိန်းချုပ်လေသည်။ ယဲ့ဖန်က သူ့ကို သေသွားသည့် သူ့ဖခင်နောက် ပို့မည်ကို သူ ကြောက်ရွံ့သည်။ စုမြောင်ချန်နှင့် အခြားသူများကိုမူ သူ ကြက်မွေးလောက်သာ သဘောထားသည်။

“မ … မမေးရဲပါဘူး”

စုမြောင်ချန် ခေါင်းငုံ့သွားပြီး အလွန် ရှက်ရွံ့နေ၏။ သူ့မျက်နှာ ရောင်ကိုင်းနေသော်လည်း သူ မကျေနပ်ကြောင်း မပြရဲပါ။ သူ သဘောကျနေသော အမျိုးသမီးရှေ့၌ ပါးရိုက်ခံနေရသော်လည်း မတိုက်ခိုက်ရဲသည်က ရှက်ဖွယ်ကောင်းလှသည် မဟုတ်ပါလော။

ဟွမ်ယွီလင်းသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု အစောကတည်းက ခန့်မှန်းထားမိပုံရပြီး မချိတင်ကဲ အမူအရာနှင့် ကြည့်နေ၏။

“တစ်မိသားစုလုံးက စောက်ရူးတွေ၊ ထွီ”

လင်းဝူယာက မာမာထန်ထန်ပြောပြီး လျှိုယွိရှီ၏ မျက်နှာပေါ် တံတွေးထွေးလိုက်သည်။

“နင်”

လျှိုယွိရှီ ရန်လုပ်ချင်ပါသော်လည်း လျှိုရင်ရှု၏ ပြန်ဆွဲခြင်း ခံလိုက်ရသည်။ အကြောင်းရင်းမှာ သူတို့ အာခံ၍ မရသောကြောင့်ပင်။

All Chapters