အခန်း ၁၄၄၃
Vol. 97 Ch. 1443
Chapter 1443 လူသားဖြစ်ခြင်း၏ သဘာဝ
“အဖေ အဆင်ပြေပါတယ် မငိုပါနဲ့”
ဟွမ်ထျန်းချန်၏ မျက်လုံးများက နာကျင်ဟန်ပေါ်နေသော်လည်း သမီးဖြစ်သူ စိတ်မပူစေရန် အလို့ငှာ သူမကို နှစ်သိမ့်ရန် ကြိုးစားလေသည်။
“ဘယ်လိုလုပ် အဆင်ပြေမှာလဲ၊ အဖေ့ခြေထောက်တွေက …”
ဟွမ်ယွီလင်း တရှုံ့ရှုံ့ ရှိုက်ငိုနေလေသည်။
“အဖေ ဘာလို့ ဒီလောက် ရူးမိုက်ရတာလဲ၊ သူက သမီးကိုပဲ သတ်ချင်နေတာလေ၊ ဘာလို့ အဖေက ဒီလိုလုပ်ရတာလဲ”
“အရူးမလေး ဘာအရေးမပါတာတွေ ပြောနေတာလဲ၊ ငါက မင်းအဖေလေ၊ အဖေမှ သမီးကို မကယ်ရင် ဘယ်သူက ကယ်မှာလဲ”
ဟွမ်ထျန်းချန်က ရယ်၍ ဟွမ်ယွီလင်း၏ ခေါင်းလေးကို အသာပွတ်လိုက်သည်။
“သမီးက အဖေ့ဘဝပဲ၊ သမီးသေသွားရင် အဖေ အသက်ရှင်နိုင်ပါ့မလား”
လက်ရှိတွင် သူ အချိန်ကို ဆွဲနေမိသည်။ စက္ကန့်မျှသာ ဖြစ်လျင်တောင်မှ သူ့သမီးအား အသက်ရှင်ချိန် ပိုရစေချင်၏။
သူ့စကားကြောင့် ဟွမ်ယွီလင်း၏ မျက်လုံးတွင် မျက်ရည်တို့ဖြင့် ပြည့်နှက်လာကာ ရှိုက်ငိုလေ တော့သည်။
“ကျွတ် ကျွတ် ကျွတ်၊ အချစ်ကြီးလိုက်တဲ့ သားအဖပါလား၊ ငါတောင် မျက်ရည်လည်တယ်”
ဆံဖြူနတ်ဆိုးက မခိုးမခန့်ပြုံး၍ ဟွမ်ထျန်းချန်အား အထင်သေးစွာ ကြည့်နေ၏။
“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်က ငါနဲ့ လာပြီး တန်းညှိချင်တာလား၊ မင်းက ခုခံနိုင်လို့လား၊ မင်းက တားနိုင်လို့လား”
“ခဏနေရင် မင်းရှေ့တည့်တည့်မှာ မင်းသမီးကို ငါ ကစားပြမယ်၊ ပြီးရင် မင်းရှေ့မှာပဲ သူ့ကို အရှင်လတ်လတ် ဝါးစားပစ်မယ်ကွ ဟားဟားဟား”
*မင်းသမီးကို မင်း စိတ်ပူတယ် မဟုတ်လား*
*မင်းသမီးကို မင်းနဲ့အတူ မသေစေချင်ဘူး မဟုတ်လား*
*ဒါဆိုလည်း ငါ မင်းရှေ့မှာ သူ့ကို မသေမချင်း နှိပ်စက်ပြမယ်*
*မင်း နာကျင်မှုကို ခံစားစေရမယ်*
ဆံဖြူနတ်ဆိုးသည် စိတ်ဝေဒနာကြောင့် ကြမ်းတမ်းရန်လိုတတ်သည့် စိတ္တဇသမား ဖြစ်သည်။ သို့မဟုတ်ပါက တစ်ပါးသူကို သူ စားမည် မဟုတ်ပါ။ သူ အနှစ်သက်ဆုံးအရာမှာ အခြားသူများ ဝေဒနာ ခံစားရနေရသည်ကို ထိုင်ကြည့်ရခြင်းနှင့် အခြားသူများ သေသည်ထက်ဆိုးသော ဘဝ ရောက်နေသည်ကို ထိုင်ကြည့်ရခြင်းတို့ ဖြစ်လေသည်။
အခြားသူကို သူ မသေမချင်း နှိပ်စက်လိုက်သည့်အချိန်တိုင်း သူ့စိတ်ထဲ၌ ပြောမပြတတ်လောက်သော ပျော်ရွှင်မှု ဖြစ်ပေါ်လာသည်။
အထူးသဖြင့် သူ့လက်မောင်းကို အိုးရန်ချင်ရွှယ် ဖြတ်သွားပြီးနောက် သူ၏ ရူးသွပ်၍ ရာဂစိတ် ပြင်းပြသော အမူအကျင့်က ပို၍ဆိုးလာသည်။
ထိုစဉ် ကျီးကန်း တာအိုသခင် ထပ်၍သည်းမခံနိုင်တော့ပါ။
“ဆံဖြူနတ်ဆိုး အပြစ်မရှိတဲ့ သားအဖကို မင်း ဘယ်လိုတောင် အနိုင်ကျင့်နိုင်တာလဲ”
ကျီးကန်းတာအိုသခင်သည် အိုးရန်ချင်ရွှယ်၏ နောက်လိုက် ဖြစ်သည်။ ထို့ကြောင့် အိုးရန်ချင်ရွှယ်က အကြောင်းမရှိဘဲ လုပ်မည်မဟုတ်ကြောင်း သူ ရိပ်မိသည်။ ဆံဖြူနတ်ဆိုးကို တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ ဆံဖြူနတ်ဆိုးက မကောင်းမှုများစွာကို ပြုလုပ်ခဲ့၍ ဖြစ်ပေမည်။
ဤနတ်ဆိုးအိုကြီးသည် အိုးရန်ချင်ရွှယ်ကို လက်စားမချေရဲ၍ ဟွမ်ယွီလင်းတို့ သားအဖကို လာသတ်ခြင်း ဖြစ်ပေသည်။ မည်မျှ စက်ဆုပ်ဖွယ် ကောင်းလိုက်သနည်း။
“ဟားဟားဟား ကောင်းပြီလေ၊ ဒါဆိုလည်း ငါ မင်းကို အနိုင်ကျင့်မယ်”
ဆံဖြူနတ်ဆိုးက ဟားတိုက်ရယ်မောပြီး ကျီးကန်းတာအိုသခင်အား လက်တစ်ဖက်တည်းဖြင့် ဖမ်းချုပ်လေသည်။
“ဂျွတ်”
ကျီးကန်း တာအိုသခင်၏ ပခုံးရိုးကို ဆံဖြူနတ်ဆိုးက ဆွဲထုတ်လိုက်သဖြင့် သွေးများ ပန်းထွက်လာကာ အသားစများ ပဲ့ထွက်လာ၏။
“အား….”
ကျီးကန်း တာအိုသခင် နာကျင်စွာ အော်ဟစ်လိုက်ပြီး ထိုအော်သံက ကြောက်လန့်ဖွယ်ကောင်းလှသည်။ ဤသည်ကိုမြင်သော် လူတိုင်း ရင်တုန်သွားကြသည်။ သူတော်စင်သခင်အဆင့် တစ်ယောက်က ဆံဖြူနတ်ဆိုး၏ လက်ထဲတွင် ချက်ချင်း ရှုံးသွားရသည်တဲ့လား။ ဤမြင်ကွင်းက မျှော်လင့်ချက်မဲ့ သွားစေသည်။
*သွားပြီ*
*ဒီနေ့တော့ ငါတို့ ဇာတ်သိမ်းပြီ*
“ဘိုးဘိုးကျီးကန်း”
“ဆရာ”
ဟွမ်ယွီလင်းနှင့် ရှင်းကျီတို့ စိုးရိမ်သော အကြည့်များဖြင့် ပြိုင်တူ အော်ဟစ်လိုက်မိသည်။
“အနားမလာနဲ့”
ကျီးကန်းတာအိုသခင်က သူတို့ကို ငေါက်ငမ်းလိုက်ပြီးနောက် ဆံဖြူနတ်ဆိုးအား အရှုံးမပေးဘဲ မာထန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းတော့ ကံဆိုးပြီ သိလား၊ မင်း အမှားကြီးတစ်ခုကို လုပ်လိုက်ပြီ”
“ဪ ဘာအမှားကြီးပါလိမ့်”
ဆံဖြူနတ်ဆိုးက ရယ်မော၍ စိတ်ဝင်စားနေပုံရသည်။ ယခုကဲ့သို့ အခြေအနေ ဖြစ်နေတာတောင်မှ ကျီးကန်း တာအိုသခင်က သူ့ကို ခြိမ်းခြောက်ရဲသည်တဲ့လား။
“မင်း ဟွမ်ယွီလင်းကို ရှာတွေ့တဲ့အချိန်ကစပြီး မင်းရဲ့အဆုံးသတ်က ကံဆိုးသွားတာပဲ”
ကျီးကန်းတာအိုသခင်က လှောင်ရယ်၍ ဆက်ပြောသည်။
“ဟွမ်ယွီလင်းမှာ ကြောက်စရာကောင်းတဲ့ ခွန်အားရှိတဲ့ ခေါင်းကိုင်အမေအပြင် နတ်ဆိုးဆန်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတဲ့ မွေးစားအစ်ကိုတစ်ယောက် ရှိတာကို မင်း မသိဘူး မဟုတ်လား”
“မင်း သူ့ဆံပင်တစ်ချောင်းကိုပဲ ထိကြည့်လိုက်၊ မင်း ရှုကျိုးကနေ ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားလို့ မရစေဘူးလို့ ငါ အာမခံတယ်”
*အဲ့လူက သူတော်ကောင်း မို့လို့လား*
*အဲ့လူသာ ဒီရောက်လာရင် ဆံဖြူနတ်ဆိုးကို ချက်ချင်း သတ်နိုင်စွမ်း ရှိမှာ သေချာတယ်*
ကျီးကန်းတာအိုသခင်က ယဲ့ဖန်၏ သိုင်းအဆင့် အစစ်အမှန်ကို မသိသော်လည်း သူ၏ တိုက်ခိုက်ပုံအရ ယဲ့ဖန်သည်လည်း နတ်ဘုရင်အဆင့် တစ်ယောက် ဖြစ်မည်ဟု သူ တွက်မိသည်။
“ဟားဟားဟား ငါ့ကို လာဖြီးနေတာလား၊ စကားလေး နည်းနည်းလောက်နဲ့ ငါ့ကို ကြောက်အောင် လုပ်နိုင်မယ် ထင်နေတာလား”
ဆံဖြူနတ်ဆိုးက ပြန်ငေါက်လိုက်ပြီး ကျီးကန်းတာအိုသခင်ကို ထပ်ချုပ်၍ တိုက်ခိုက်လေသည်။
“ဆရာ သတိထား”
ရှင်းကျီ မျက်ရည်လည်ရွဲဖြင့် အော်ပြောလာသည်။
“ဂျွတ်”
ဆံဖြူနတ်ဆိုးကြောင့် ကျီးကန်းတာအိုသခင်၏ ကျန်လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားပြီး သွေးများ တတောက်တောက် ကျလာ၏။
ကျီးကန်းတာအိုသခင်၏ လက်မောင်း ပျက်စီးနေပြီး သွေးသံတရဲရဲနှင့် အသားစများ ဖွာလန်နေသော လက်ပြတ်က ဆံဖြူနတ်ဆိုး၏ လက်ထဲ၌ ရှိနေသဖြင့် ကြည့်ရဆိုးလှသည်။
ဤသည်ကိုကြည့်ပြီး ဆံဖြူနတ်ဆိုးက သွေးဆာ၍ ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။
“အမှိုက်ကောင် ငါ့ကိုများ မလေးမစား လာလုပ်ရဲတယ်ပေါ့လေ၊ ဒါ မင်းရဲ့ အဆုံးသတ်ပဲကွ ဟားဟားဟား”
ချက်ချင်းဆိုသလိုပင် သူ့အာရုံက မလှမ်းမကမ်းမှ ရှင်းကျီထံ ရောက်သွားသည်။
“ကျွတ် ကျွတ် ကျွတ်၊ အပျိုစင်ဖြစ်နေတဲ့ မိန်းမလှလေးတစ်ယောက် ထပ်ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“အင်း ကြည့်ရတာ နတ်ဘုရားတွေက ငါ့ကို ဂရုစိုက်တယ်နဲ့တူတယ်၊ ငါ့ကို ဒီလို မိန်းမလှလေးတွေတောင် ပေးလိုက်သေးတယ်၊ ဒါကို ငါ ဘာမှမလုပ်ရင် ရိုင်းရာကျတာပေါ့”
ဆံဖြူနတ်ဆိုးက ရှင်းကျီထံ စဉ်းလဲသောအပြုံးနှင့် လျှောက်လာသည်။ ထိုစကားကြောင့် ဟွမ်ယွီဠင်း ချက်ချင်း မျက်နှာပျက်သွားပြီး ဆံဖြူနတ်ဆိုးအား အော်လေတော့သည်။
“ဆံဖြူနတ်ဆိုး နင် ငါ့ကို သတ်ချင်တာ မဟုတ်ဘူးလား၊ တခြားသူတွေကို ဆွဲမထည့်နဲ့လေ”
“ဒါပေမဲ့ ငါက တခြားသူတွေကို ဆွဲထည့်ရတာကို သိပ်သဘောကျတာ”
ဆံဖြူနတ်ဆိုးက အပြုံးကြီး ပြုံးနေပြီးနောက် ငြိမ်၍ ရပ်နေကာ တစ်ယောက်ချင်းစီကို ကြောက်စရာ ကောင်းသော မျက်လုံးများဖြင့် လိုက်ကြည့်လေသည်။
သူ ကြည့်လိုက်သည့်အခါတိုင်း လူတိုင်းက ကြောက်လန့်တကြား ခေါင်းငုံ့သွားပြီး ဤနတ်ဆိုးကို မော်ကြည့်ရဲသည့် သတ္တိ မရှိကြချေ။
“မင်း”
ရုတ်တရက် ဆံဖြူနတ်ဆိုးက လျှိုရှုရင်ကို လက်ညှိုးထိုးလာ၏။ လျှိုရှုရင် ကြောက်လန့်ကာ မျက်နှာတစ်ခုလုံး ဖြူရော်လာပြီး ကြောက်ရွံ့ဟန် ပေါ်နေကာ သူ့အား သတ်ပစ်မည်ကို စိုးထိတ်နေသည်။
ဆံဖြူနတ်ဆိုးက ရွဲ့တဲ့တဲ့ မေးလိုက်သည်။
“မင်း အသက်ရှင်ချင်လား သေချင်လား”
“ကျုပ် အသက် ရှင်ချင်ပါတယ်”
လျှိုရှုရင် အလျင်အမြန် ပြောလိုက်သည်။
“ကောင်းပြီ ဒါဆို သူ့ကို သတ်လိုက်”
ဆံဖြူနတ်ဆိုးက ဟွမ်ထျန်းချန်ကို ညွှန်ပြ၍ ပြောကာ ထရယ်သည်။
“မင်း သူ့ကို သတ်လိုက်တာနဲ့ ငါ မင်းကို အသက်ချမ်းသာပေးမယ်”
သူသည် နှိပ်စက်ခြင်းကို နှစ်ခြိုက်သည့်အပြင် လူသားတို့၏ ဖောက်လွဲဖောက်ပြန်စိတ်အား ကြည့်ရသည်ကို နှစ်သက်သေးသည်။
အမေနှင့်သား အချင်းချင်း ပြန်သတ်ခြင်း၊ ညီအစ်ကိုမောင်နှမချင်း ပြန်သတ်ခြင်းနှင့် သားအဖချင်း ပြန်သတ်ခြင်း စသည့် ဆိုးယုတ်သော အဖြစ်တို့အား ထိုင်ကြည့်ရသည်ကို နှစ်သက်လေသည်။
အကြောင်းမှာ သူသည် ဆိုးယုတ်သော လူတစ်ယောက် ဖြစ်ပီး လူသားများသည် မွေးကတည်းက ဆိုးယုတ်သော စိတ်ဓာတ် ပါရှိသည်ဟု ယုံကြည်ထား၏။ သူ့ကဲ့သို့သော မကောင်းဆိုးဝါးသည် လောကအား ငရဲဖြစ်အောင် လုပ်ရန် မစောင့်နိုင်ပေ။
*ဘာ*
ထိုစကားကြောင့် လျှိုရှုရင်၏ မျက်နှာ ပြာနှမ်းသွားရသည်။ သူ့သမက်ကို သူ့လက်နှင့်သတ်ရန် ခိုင်းစေသည်တဲ့လား။
ဤသည်ကိုမြင်ပြီး လူတိုင်း မတုန်လှုပ်ဘဲ မနေနိုင်ဖြစ်ကာ ကြောက်ရွံ့သွေးပျက်ဟန်များ ပေါ်လာ၏။
*ဒီဆံဖြူနတ်ဆိုးက တကယ့် အရူးပဲ*
*စိတ္တဇကောင်*
“ငါ … ငါ မလုပ်နိုင်ဘူး”
လျှိုရှုရင် မျက်နှာ မည်းမှောင်နေပြီး ရဲရင့်စွာ ပြောလိုက်သည်။ ဟွမ်ထျန်းချန်သည် နှစ်ပေါင်းများစွာ သူ့အား ဒေဝါလီခံရမည့် အရေးမှ အကြိမ်ကြိမ် ကယ်ခဲ့ပြီး များစွာ ကူညီပေးခဲ့သည်။
သားအရင်းနီးနီး သားမက်တစ်ယောက်ကို သူ ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် လျှိုရှုရင်က ဟွမ်ထျန်းချန်အား သူ့သားအရင်းဟု သတ်မှတ်ထားသည်မှာ ကြာလှလေပြီ။ ယခု သူ့အား သူ့သားအရင်းကို ပြန်သတ်ခိုင်းနေသဖြင့် သူ ဘယ်လိုလုပ် လုပ်နိုင်ပါမည်နည်း။
“မဟုတ်ဘူး မင်း သေချာပေါက် လုပ်နိုင်တယ်၊ မလုပ်နိုင်ရင် မင်း သေရမယ်”
ဆံဖြူနတ်ဆိုးက ထူးဆန်းသောအပြုံးနှင့် ပြောလေသည်။ အတိတ်ကာလများက သူ လူများစွာအား မိမိဆွေမျိုးကို ပြန်သတ်ရန် စေခိုင်းခဲ့သည်။ သူတို့သည်လည်း မသတ်နိုင်ဟု ပြောခဲ့ကြသည်။
သို့သော် ဆံဖြူနတ်ဆိုးက သူတို့အသက်ကို ခြိမ်းခြောက်လိုက်သောအခါ ထိုသူများ နာခံကြစမြဲပင်။
လျှိုရှုရင် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာ ဖြူရော်လာသည်။ သူသည် အကြောက်ဆုံးလူ ဖြစ်ပြီး သူ အကြောက်ဆုံးအရာမှာ သေခြင်းတရား ဖြစ်သည်။
ထို့ကြောင့် ဆံဖြူနတ်ဆိုး၏ ခြိမ်းခြောက်စကားကို ကြားသော်အခါ သူ ချက်ချင်း ကြောက်ရွံ့ သွားရသည်။
“ကြောက်နေတာလား၊ မင်း သူ့ကို သတ်လိုက်တာနဲ့ ဒီကပ်ဆိုးကနေ မင်း လွတ်ပြီလေ၊ ဘာလို့ မလုပ်နိုင်တာလဲ”
ဆံဖြူနတ်ဆိုးက နတ်ဆိုးတစ်ကောင်သဖွယ် လျှိုရှုရင်အား မကောင်းမှုကျူးလွန်ရန် ဖြားယောင်းနေ၏။ လျှိုရှုရင်က တုန်ယင်နေသော်လည်း အံကြိတ်၍ ပြန်ပြောသည်။
“ငါ မလုပ်နိုင်ဘူး”
ဆံဖြူနတ်ဆိုး၏ အပြုံးက ပျောက်ကွယ်သွားပြီး ကြောက်စရာကောင်းသော အမူအရာအဖြစ် ပြောင်းလဲ လာသည်။
“မင်းက တမလွန်ကို မမြင်ရမခြင်း လက်မလျှော့ဘူးနဲ့တူတယ်”
ထို့နောက် သူသည် လျှိုရှုရင်၏ လက်မောင်းကို လက်ညှိုးထိုး၍ ခပ်ဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။ ထိုအခါ ကြောက်စရာကောင်းသော အလင်းတစ်ခုက လျှိုရှုရင်၏ လက်မောင်းထံသို့ ပျံသန်းကာ လက်မောင်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“ရွှစ်”
ချက်ချင်းဆိုသလိုပင် လက်မောင်းတစ်ခုလုံး ပေါက်ကွဲသွားပြီး သွေးများ ပန်းထွက်လာ၏။
“အား….”
လျှိုရှုရင် အော်ဟစ်ကာ ကြမ်းပြင်ပေါ် လူးလိမ့်နေပြီး နာကျင်မှုကြောင့် မျက်ရည်ကျလာ၏။
“ဆံဖြူနတ်ဆိုး နင့်ကို ငါ့အစ်ကိုယဲ့ ဒီအတိုင်း ထားမှာမဟုတ်ဘူး၊ သူ သေချာပေါက် နင့်ကို လွှတ်မပေးဘူး”
ဟွမ်ယွီလင်း ရူးမတတ် ဖြစ်ကာ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းနေသည်။ မျက်လုံး၌ မျက်ရည်တို့က မခြောက်တော့ချေ။
ဆံဖြူနတ်ဆိုးက သူမ၏ ဆွေမျိုးများကို နှိပ်စက်သတ်ဖြတ်နေသည်ကို မြင်သော်လည်း ဘာမှမတတ် နိုင်သဖြင့် ဟွမ်ယွီလင်း ဆောက်တည်ရာမရ ဖြစ်နေ၏။
“ဆံဖြူနတ်ဆိုး မင်း ငါ့ကို သတ်ချင်ရင် ငါ့ကို သတ်လိုက်စမ်းပါ၊ ဘာလို့ လူအိုကြီးကို နှိပ်စက်နေတာလဲ”
ဟွမ်ထျန်းချန်က ဆံဖြူနတ်ဆိုးကို အော်ငေါက်လိုက်သည်။ လျှိုရှုရင်သည် ယခုနှစ်တွင် အသက် ခုနစ်ဆယ့် သုံးနှစ် ရှိပြီ ဖြစ်သည်။ ဤဝေဒနာကို သူ မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
သို့သော် ထိုစကားကိုကြားသော် ဆံဖြူနတ်ဆိုး၏ ရက်စက်သော အပြုံးက ပိုဆိုးလာ၏။
“ဟဲဟဲ ဘာလို့လဲဆိုတော့ မင်း နာကျင်နေတာကို ကြည့်ရတာ ငါ ပိုကြိုက်လို့လေ၊ မင်း ဒေါသထွက်ပြီး ဝမ်းနည်းနေတယ်၊ မင်း မခံချင် ဖြစ်နေတာ၊ ဒါပေမဲ့ ငါ့ကို ဘာမှမလုပ်နိုင်တော့ ငါ ပိုစိတ်လှုပ်ရှားရတယ်”
“လူသတ်တာက ငါ့အတွက် ကစားပွဲလိုပဲ၊ ကစားပွဲဆိုမှတော့ ပျော်ဖို့လိုတာပေါ့”
ထို့နောက် ဆံဖြူနတ်ဆိုးက လျှိုရှုရင်ကို အော်လိုက်သည်။
“သူ့ကို ချက်ချင်း သတ်လိုက်၊ သတ်”
“ဘာပဲဖြစ်ဖြစ် ခုနက သူ မင်းကို ဥပေက္ခာ ပြုထားတာ မဟုတ်လား၊ မင်း ဒေါသကို ဖြေဖို့ သူ့ကို သတ်လိုက်လေ၊ ဒါဆို မင်း အသက်ချမ်းသာမယ်၊ ဘာလို့ မလုပ်ရမှာလဲ”
“အဖေ လုပ်ပါ၊ ကျွန်တော် မမုန်းပါဘူး”
ဟွမ်ထျန်းချန်က လျှိုရှုရင်ကို အော်ပြောလိုက်သည်။ အဘိုးအို နာကျင်စွာ ခံစားနေရသည်ကို သူ မကြည့်ရက်ပါ။
“အဓိပ္ပာယ် မရှိတာတွေ”
လျှိုရှုရင်က ဟွမ်ထျန်းချန်ကို ငေါက်လိုက်သည်။
“ငါက လူကွ၊ လူစိတ်ရှိတဲ့ ဘယ်သူမဆို ဒီလိုကိစ္စကို မလုပ်နိုင်ဘူး”
“ငါ့ကို သတ်မယ်ဆိုရင်တောင်မှ ငါ့မိသားစုကို ပြန်သတ်ခိုင်းတဲ့ကိစ္စကို ငါ လုံးဝ မလုပ်နိုင်ဘူးကွ”
လျှိုရှုရင်က ဆံဖြူနတ်ဆိုးကို စူးစိုက်ကြည့်သည်။ သူ့မျက်လုံးများက ရုတ်တရက် အေးစက်လာပြီး အထင်သေးရိပ်ပင် သန်းလာ၏။
ထိုအခိုက်တွင် လျှိုယွိရှီ၊ ဟွမ်ယွီလင်းနှင့် ဟွမ်ထျန်းချန်တို့ သုံးယောက်လုံး မှင်တက်သွားသည်။ သူတို့ အမြင်တွင် လျှိုရှုရင်သည် ကြောက်ရွံ့တတ်သူ ဖြစ်သည်။ သို့သော် ယခု သူ၏ ကိုယ်ကျင့်တရားနှင့် မိသားစုကို ကာကွယ်ရန် သူ့အသက်ကိုတောင်မှ ပေးဆပ်နေသည်။
သူတို့ နားကြားမှားလေသလားဟုပင် သံသယဝင်သွားကြသည်။ သို့မဟုတ် လျှိုရှုရင်များ ရဲရင့်လာ လေသလား။ အဘယ်ကြောင့် ယခုအချိန်တွင် ရုတ်တရက်ကြီး စိတ်ဓာတ် မာကျောလာရသနည်း။
“မင်းက ငါ့ကို လူမဟုတ်ဘူးလို့ ပြောတာလား”
ဆံဖြူနတ်ဆိုး၏ မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်များ ပေါ်ထွက်လာ၏။
*ဒီပုရွက်ဆိတ်ကောင်က ငါ့ကို အထင်သေးရဲတယ်ပေါ့လေ*
“သေရမယ်၊ မင်း သေရမယ်ကွ”