အခန်း ၁၄၄၇
Vol. 97 Ch. 1447
Chapter 1447 အခု မင်းလုပ်နိုင်ပြီ
နောက်ဆုံးစကားအဆုံး၌ ယဲ့ဖန်၏ လက်ထဲမှ တုတ်သည်လည်း တစ်စစီ ကြေမွသွားလေသည်။ အကျိုးအပဲ့များက အောက်သို့ ကျဆင်းလာသည်။
သေးငယ်သော အပိုင်းအစများ မြေကြီးပေါ် ကျခြင်းဖြစ်သော်လည်း သူတို့စိတ်ထဲတွင် ကျောက်ဆောင်များ ပြိုကျသကဲ့သို့ မြည်ဟီးကာ ဖုန်တထောင်းထောင်းထသည်ဟု ထင်မြင်နေ၏။
*မနိုင်နိုင်ဘူး*
*ဒါ မနိုင်နိုင်တဲ့ တိုက်ပွဲပဲ*
ဆံဖြူနတ်ဆိုး ကြက်သီးမွေးညင်းထသွားပြီး ဖျပ်ခနဲ အဝေးဆုံးသို့ အမြန်ဆုံးနှုန်းနှင့် ထွက်ပြေးလေသည်။ သူ့တွင် ယဲ့ဖန်နှင့် ဆက်တိုက်ရဲသည့် သတ္တိမရှိတော့ပါ။
*ဒီလူက ကြောက်ဖို့ကောင်းတယ်*
ဤသည်ကိုမြင်သော် စုမြောင်ချန် ကြက်သေ သေသွားတော့သည်။
*ဆံဖြူနတ်ဆိုးက ထွက်ပြေးသွားတယ်*
*ဆံဖြူနတ်ဆိုးက သူ့ရှေ့က လူကြောင့် ကြောက်သွားတယ်ပေါ့*
*မယုံနိုင်စရာပဲ*
သို့သော် ထိုအချိန်တွင် ငရဲမှထွက်ပေါ်လာသည်ဟု ထင်မှတ်ရသော အသံတစ်သံက သူ့နားစည်ထဲသို့ တိုးဝှေ့ တိုက်ခတ် လာ၏။
“လောကမှာ ကံအဆိုးဆုံးအရာ နှစ်ခု ရှိတယ်၊ တစ်ခုက မရမက သေတွင်းတူးတာ၊ နောက်တစ်ခုကတော့ အသက်မရှင်နိုင်တာပဲ၊ မင်းတို့နှစ်ယောက်လုံးက နှစ်ခုလုံးပဲ”
ပြင်းထန်သော ဖိအားတစ်ခုက ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာပြီး ငရဲမှ ဧရာလက်ကြီးတစ်ဖက်က ဆံဖြူနတ်ဆိုးကို အားဖြင့် ရိုက်ချလာသည်။
“ဖြောင်း”
ဆံဖြူနတ်ဆိုးသည် ထိုစွမ်းအင်ကို မခုခံနိုင်သဖြင့် မြေကြီးပေါ် လဲကျသွားပြီး ဖုန်များထလာသည်။ ဆံဖြူနတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးကြေသွားပြီး သွေးများ စိမ့်ထွက်လာ၏။
စုမြောင်ချန် တဆတ်ဆတ် တုန်နေသည်။ ယဲ့ဖန်က ဆံဖြူနတ်ဆိုးကို သုံးကွက် အကျောပေးခဲ့သည်။ သို့သော် ဆံဖြူနတ်ဆိုးက ယဲ့ဖန်ကို ထိခိုက်အောင် မလုပ်နိုင်ဘဲ ယဲ့ဖန်၏ တိုက်ကွက်တစ်ခုတည်းက ဆံဖြူနတ်ဆိုးအား ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။
*သောက်ကျိုးနည်း ဒါ ဘာကြီးလဲ*
လက်ရှိတွင် ဆံဖြူနတ်ဆိုးသည် တောင်အောက်ပိနေသော ဝူခုန်းသဖွယ် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ သူ့ပါးစပ်မှ သွေးများ ဆက်တိုက် စီးကျနေ၏။
“ငါက နတ်နန်းတော်က ဘုန်းတော်ကြီးပဲ၊ မင်း ငါ့ကို သတ်ရဲသလား”
ရုတ်တရက် ဆံဖြူနတ်ဆိုးက ယဲ့ဖန်ကို အော်ပြောလာသည်။
နတ်နန်းတော်။ ထိုစကားလုံး သုံးလုံးကို ကြားသည်နှင့် ဟွမ်ယွီလင်းနှင့် အခြားသူများ တုန်လှုပ်သွားပြီး အံ့ဩဟန် ပြလာလေသည်။
နတ်နန်းတော်သည် အလွန် ရှေးကျသောနေရာ ဖြစ်သည်။ ထိုနေရာ၌ ရှိသူအားလုံးက နတ်ဘုရင်အဆင့်များ ဖြစ်သည်ဟု ဆိုကြသည်။ နတ်ဘုရင်အဆင့်နှင့် အထက်ရှိသူများသာ နတ်နန်းတော်၏ ဘုန်းတော်ကြီးများ ဖြစ်ခွင့်ရှိပေသည်။
ဆံဖြူနတ်ဆိုးက နတ်နန်းတော်၏ ဘုန်းတော်ကြီး ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
“ဟေ့ကောင် မင်း သေချာ စဉ်းစား၊ မင်း ငါ့ကို သတ်လိုက်ရင် နောက်ဆို နတ်နန်းတော်ရဲ့ ရန်သူကြီး ဖြစ်သွားတော့မှာ၊ ကယူးရှူ ကိုးပြည်နယ်တစ်ခုလုံးမှာ မင်းအတွက် နေစရာနေရာ ရှိတော့မှာ မဟုတ်ဘူး”
ဆံဖြူနတ်ဆိုးက ဂုဏ်ယူစွာဖြင့် မထီမဲ့မြင် ပြောလေသည်။ သူ့ကို ယဲ့ဖန် လုံးဝ မသတ်ရဲဟု ထင်မှတ်နေပုံ ရသည်။ အကြောင်းပြချက်မှာ ရှင်းပါ၏။ မည်သူမှ နတ်နန်းတော်၏ ရန်သူ မဖြစ်ရဲသောကြောင့်ပင်။
တစ်ခါက အင်အားစုတစ်ခုက နတ်နန်းတော်က ဘုန်းတော်ကြီးတစ်ပါးကို သတ်ခဲ့သည်။ ရလဒ်အနေဖြင့် နတ်နန်းတော်ကြောင့် တစ်နိုင်ငံလုံးမှ သန်းချီသောလူများ ညတွင်းချင်း ရှင်းလင်းခံခဲ့ရသည်။
ထိုနိုင်ငံမှ မီးတောက်အား ကယူးရှူတစ်ခုလုံးက လင်းထိန်နေအောင် မြင်ခဲ့ရသည်ဟု ဆိုသည်။ တစ်နိုင်ငံလုံး အရှင်လတ်လတ် ငရဲကျခဲ့သည်။
နိုင်ငံပေါင်းစုံမှ ခေါင်းဆောင်များ တုံ့ပြန်လာချိန်တွင် ထိုနိုင်ငံက ကယူးရှူမြေပုံထဲမှ ပျောက်ကွယ် သွားလေတော့သည်။ တစ်ခါမှမရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ထိုအချိန်မှစ၍ နိုင်ငံပေါင်းများစွာက နတ်နန်းတော်အား ရန်စ၍မဖြစ်သော တည်ရှိမှုဟု သတ်မှတ်ခဲ့ကြသည်။ နတ်နန်းတော်၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ။ ယင်းမှာ အိုးရန်ချင်ရွှယ်ကို သတ်ရန် ဖြစ်သည်။
နတ်နန်းတော်မှ သိုင်းပညာရှင်တိုင်း အိုးရန်ချင်ရွှယ်ကို ရှုံးနိမ့်ခဲ့ပြီး အကြောင်းတစ်ချို့ကြောင့်သာ အသက်ရှင် ခဲ့ကြသည်။
သူမက အလွန် ကြောက်စရာကောင်းမှန်း သူတို့ ရိပ်စားမိကာ တစ်ယောက်ချင်းစီ တိုက်လျင် ဘယ်သောအခါမှ မနိုင်နိုင်မှန်း သိသဖြင့် အဖွဲ့အစည်းတည်ထောင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
“စိတ်မပူနဲ့ ငါ မင်းကို မသတ်ဘူး”
ယဲ့ဖန်က အသာပြောပြီး အချုပ်အနှောင်ကို ဖြေလျော့လိုက်သည်။
“မသတ်ဘူး၊ မင်း မသတ်ရဲတာ မဟုတ်လား”
ဆံဖြူနတ်ဆိုးက သရော်လိုက်ပြီးနောက် အလွန် အထင်သေးသော မျက်နှာနှင့် ထရပ်လေသည်။ ထို့နောက် အထင်သေးဟန်ဖြင့် ပြုံးရယ်နေ၏။
လက်ရှိတွင် ယဲ့ဖန် စိတ်ပျော့သွားပြီဟု သူ အခိုင်အမာ ရိပ်မိလိုက်သည်။ ယခု သူက ယဲ့ဖန်ကို စိတ်အေးအောင် ကတိပေးပြီး နောက်မှ သူကိုယ်တိုင် ပြန်လှုပ်ရှားမည် ဖြစ်သည်။
ဤသည်ကိုတွေးမိပြီးနောက် ဆံဖြူနတ်ဆိုးသည် ပြန်လည်၍ မသမာဟန်ပေါ်လာပြီး မထီမဲ့မြင် အမူအရာ ပေါ်လာလေသည်။
သူ့စိတ်ထဲ၌ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ နတ်နန်းတော်ကို ပြန်ရောက်သည်နှင့် သူ လူစု၍ ဤသို့ ပြန်လာပြီး ယဲ့ဖန်ကို ဝိုင်းတိုက်မည် ဖြစ်သည်။ သူ ဤသို့ ရန်စခံမည် မဟုတ်ပါ။
“ငါ မင်းကို မသတ်ဘူး၊ ဒါပေမဲ့ သူကတော့ သတ်မှာ”
ယဲ့ဖန်က ဆံဖြူနတ်ဆိုး၏ အနောက်သို့ ရုတ်တရက် လက်ညှိုးထိုးပြသည်။ ထိုနေရာ၌ အနက်ရောင် အခိုးအငွေ့များမှ နတ်ဆိုးသဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
မျက်လုံးများက နတ်ဆိုးသဖွယ် ခရမ်းရောင်အလင်းများ တောက်ပနေပြီး တစ်ကိုယ်လုံး အနက်ရောင် အငွေ့များဖြင့် ပြည့်နှက်နေသည်။ မသိလျင် ငရဲမှပြန်လာသည်ဟု ထင်ရသည်။
ကြောက်စရာ အကောင်းဆုံးအရာမှာ သူ အသက်ရှူလိုက်တိုင်း မြေဆီလွှာတစ်ခုလုံး တုန်ခါလာခြင်းပင်။
“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်းက သေပြီးသားလေ”
ဆံဖြူနတ်ဆိုးသည် အံ့ဩကြောက်လန့်စိတ်နှင့်အတူ သံကုန်အော်ဟစ်လာသည်။ သူ့မျက်ခုံး တဆတ်ဆတ် လှုပ်နေပြီး သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။
လက်ရှိတွင် သူ ကြက်သေ သေနေမိသည်။ သူ့အနောက်၌ ရပ်နေသူမှာ ကျီးကန်း တာအိုသခင်ပင်။
*ခုနတုန်းက သူ စုမြောင်ချန် သတ်တာကို ခံလိုက်ရတာပါ*
*အခု သူက ပြန်ရှင်လာတာလား*
ဤသည်ကိုမြင်သော် စုမြောင်ချန်သည်လည်း မဖြစ်နိုင်ဟု ထင်နေမိသည်။ အဘယ်ကြောင့် လူတစ်ယောက်က သေရွာက ပြန်လာနိုင်ရသနည်း။
ထို့နောက် သူ တစ်စုံတစ်ရာကို သတိထားမိသွားပြီး ယဲ့ဖန်အား ကြောက်လန့်သော အမူအရာနှင့် လှမ်းကြည့်လိုက်မိသလို သူ့မျက်လုံး၌ ထိတ်လန့်ဟန်များ ပြည့်နှက်နေ၏။
*သူ့ကြောင့်များလား*
ထိုမှတစ်ပါး အခြားဖြေရှင်းချက် မရှိတော့ချေ။
*ဒီကောင်က ဘယ်သူလဲ၊ ဘာလို့ သူ့မှ လောကကို ဆန့်ကျင်နိုင်တဲ့ နည်းလမ်းတွေ ရှိရတာလဲ*
ကျီးကန်းတာအိုသခင်၏ တရိပ်ရိပ်တိုးလာသော အနက်ရောင် အခိုးအငွေ့ကို ကြည့်ပြီး ဆံဖြူနတ်ဆိုး ကြက်သီးထရုံသာ တတ်နိုင်တော့သည်။
ပြင်းထန်၍ အေးစက်သည်။ ပြင်းထန်သော မရဏ အငွေ့အသက်ကိုပါ ထုတ်လွှတ်နေ၏။
“ဆရာ”
ကျီးကန်း တာအိုသခင် အသက်ပြန်ရှင်လာသည်ကို မြင်ပြီး ရှင်းကျီ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပြည့်နှက်လာပြီး ပျော်ရွှင်မှုကြောင့် ငိုကြွေးလေသည်။ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူမ မယုံနိုင်သေးပါ။
သူမ မဆိုထားနှင့် ကျီးကန်းတာအိုသခင်တောင်မှ အိပ်မက်မက်သလို ခံစားနေရသည်။ သူ့အမူအရာက ထိုင်းမှိုင်းနေသည်။
သူ့ခန္ဓာကိုယ်ကို သူ အဆက်မပြတ် ကြည့်နေမိသည်။ သေမင်းနတ်ဘုရား၏ လက်ထဲမှ လွတ်လာနိုင်စွမ်း ရှိလိမ်မည်ဟု သူ ထင်ထားမိပုံ မရချေ။
“မင်းကို ကယ်တာ သေမင်းနတ်ဘုရား မဟုတ်ဘူး၊ နတ်ဆိုးပဲ၊ ငရဲက နတ်ဆိုး”
ထိုအခိုက်တွင် ကြောက်စရာကောင်းသော နတ်ဆိုးအသံက ပြတ်သားစွာ ထွက်ပေါ်လာ၏။ ထိုအခါ ဆံဖြူနတ်ဆိုး ချောက်ချားသွားသည်။
*ဒီကောင်က တကယ်ပဲ ငရဲက နတ်ဆိုးလား*
ထိုအတွေးက ဆံဖြူနတ်ဆိုးအား အေးစက်တောင့်တင်းသွားစေပြီး ကျောပြင်တစ်ခုလုံး၌ ချွေးတို့ဖြင့် ရွှဲနစ်လာသည်။
*တခြားကမ္ဘာက လူတဲ့လား*
“မင်းက ဘယ်သူလဲ”
ဆံဖြူနတ်ဆိုးသည် ထိုမေးခွန်းအား အကြိမ်ပေါင်းများစွာ မေးခဲ့ပြီးသား ဖြစ်သလို ယဲ့ဖန် ပြန်ဖြေသည့် အကြိမ်တိုင်း သူ ဒေါသထွက်ခဲ့သည်။ ထိုသို့မဟုတ်ပါက သေမတတ် ကြောက်လန့်ခဲ့သည်။
ယဲ့ဖန်၏ အသံကိုကြားသော် ကျီးကန်းတာအိုသခင် ချက်ချင်း စိတ်လှုပ်ရှားလာပြီး ယဲ့ဖန်အား ရိုသေသော အကြည်ဖြင့် ကြည့်လာသည်။ ထို့နောက်တွင်မူ သူ ယဲ့ဖန်ကို ဒူးထောက်လိုက်သည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယဲ့ဖန်က သူ့အား တည်ငြိမ်စွာ ကြည့်လာသည်။
“နံစော်နေတဲ့ အမှိုက်ကောင်ကို သတ်ပီး ငါ့လက် ညစ်ပတ်မခံချင်ဘူး၊ မင်း ငါ့အတွက် သတ်ပေးနိုင်သလား”
ထိုစကားကြောင့် ကျီးကန်းတာအိုသခင် အံ့ဩသွားပြီးနောက် အားမလိုအားမရ မျက်နှာထား ဖြစ်သွားလေသည်။
“ဒီငယ်သားက သခင်ကြီးအတွက် ပြဿနာကို ဖြေရှင်းပေးချင်စိတ် ရှိပါတယ်၊ ဒါပေမဲ့ ခွန်အားက နည်းလွန်းတော့ သခင်ကြီး မျက်နှာပျက်ရအောင် လုပ်မိမှာကို စိုးပါတယ်”
သူ့ကိုယ်သူ အားနည်းလွန်း၍ စိတ်ပျက်ကာ အားမလိုအားမရ ဖြစ်နေမိသည်။ ယဲ့ဖန်၏ မျှော်မှန်းချက်အတိုင်း သူ မလုပ်နိုင်မည်ကို စိုးရိမ်နေ၏။
သို့သော် ရုတ်ချည်းဆိုသလို သူ့ဘေး၌ တောက်ပသော ဂြိုဟ်နယ်မြေတစ်ခု ပေါ်လာပြီး ရှေးဟောင်း ဂြိုဟ်များ လည်ပတ်နေကာ အသက်ဓာတ် စွမ်းအင်များ တိုးပွားလျက် ရှိသည်။ ဂြိုဟ်တစ်လုံးချင်းစီက ရိုးရှင်း၍ စကြဝဠာ စွမ်းအင်များ စီးဆင်းနေသည်။ ထို့နောက်တွင်မူ ထိုရှေးဟောင်းဂြိုဟ်များက သူ့ကိုယ်ထဲ တိုးဝင်ကာ ပျောက်ကွယ် သွားသည်။
“ဝုန်း”
ကျီးကန်းတာအိုသခင်၏ ယန်စွမ်းအင်က ဝုန်းခနဲ တိုးလာပြီး ယန်စွမ်းအင်က စမ်းချောင်းသဖွယ်၊ မြစ်သဖွယ်၊ ပင်လယ်သဖွယ် စီးဆင်းလာ၏။ သိုင်းအဆင့်ကလည်း ရူးသွပ်ဖွယ်ကောင်းလောက်အောင် တိုးတက်လာသည်။
သူတော်စင်သခင် အလယ်အလတ်အဆင့်၊ သူတော်စင်သခင် နောက်ဆုံးအဆင့်၊ သူတော်စင်သခင် အထွတ်အထိပ် အဆင့်၊ နတ်ဘုရင်အဆင့်။
ကျီးကန်းတာအိုသခင်သည်လည်း မိမိကိုယ်ထဲမှ ဆဲလ်တိုင်း ဆူပွက်နေသည်ကို ခံစားမိသည်။ သူ့ကိုယ်ထဲမှ ဒီရေလှိုင်းပုတ်ခံသကဲ့သို့သော အသံများ ထွက်နေသည်ကိုပင် ကြားနေရသည်။ သူ့သိုင်းအဆင့်က နတ်ဘုရင် အဆင့်သို့ ချက်ချင်း ရောက်ရှိသွားလိမ့်မည်ဟု ကျီးကန်းတာအိုသခင် မယုံနိုင်သေးပေ။
*မယုံနိုင်စရာပဲ*
“အခု မင်း လုပ်နိုင်ပြီ”
ယဲ့ဖန်က အေးစက်စက် ပြောလိုက်သည်။ သူ၏ သာလွန်သော စွမ်းအင်ဖြင့် ကျီးကန်းတာအိုသခင်၏ ခွန်အားကို ယာယီ တိုးမြှင့်ပေးလိုက်သည်။
ထိုစကားကိုကြားပြီး ကျီးကန်းတာအိုသခင်၏ မျက်နှာတွင် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်လာကာ နတ်ဆိုးတစ်ကောင် သဖွယ် မျက်လုံးများက သွေးဆာ၍ လောဘစိတ်တို့ဖြင့် ပြည့်နှက်လာသည်။
ထို့နောက် သူသည် နောက်သို့ တဖြည်းဖြည်း လှည့်လိုက်ပြီး ဆံဖြူနတ်ဆိုးအား ခက်ထန်ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ခွေးမသား ငါ အခု မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”
ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။ မကြာသေးခင်အချိန်က ကျီးကန်းတာအိုသခင်သည် သေလူ တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခု အသက်ပြန်ရှင်လာရုံသာမက နတ်ဘုရင်အဆင့်သို့ပင် ရောက်ရှိနေသည်။
သူ၏ ကြောက်စရာကောင်းသော အရှိန်အဝါကို ခံစားမိပြီး လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြကာ အမူအရာများ လေးလံထိုင်းမှိုင်းလာ၏။
ယခုအချိန်တွင် သူတို့စိတ်ထဲ၌ ကျီးကန်းတာအိုသခင်သည် ကျော်ကြားခဲ့စဉ်ကထက် အဆတစ်ရာ ပိုသန်မာ နေသည်ဟု မြင်ယောင်နေသည်။ အပျော်ဆုံးလူမှာ ကျီးကန်းတာအိုသခင်ပင် ဖြစ်လေသည်။
*ဒါက နတ်ဘုရင်အဆင့်ရဲ့ ခွန်အားလား*
*ဒါ ငါ့ခွန်အားတဲ့လား*
*ဒီတည်တည်ငြိမ်ငြိမ် စီးဆင်းနေတဲ့ယန်စွမ်းအင်က သမုဒ္ဒရာလိုပဲ မကုန်ခန်းနိုင်ပါလား*
ဤမြင်ကွင်းကြောင့် စုမြောင်ချန် မျက်လုံး ပြူးနေသည်။ ယဲ့ဖန်က တစ်ချက်ကလေး လှုပ်ရှားလိုက်သည်နှင့် ကျီးကန်းတာအိုသခင်က သူတော်စင်သခင်အဆင့်မှ နတ်ဘုရင်အဆင့်သို့ အဆင့်တက်သွားသည်တဲ့လား။
*ဒါကြီးက မယုံနိုင်စရာ ကောင်းလွန်းပါတယ်၊ မဟုတ်ဘူးလား*
လက်ရှိတွင် ကျီးကန်းတာအိုသခင်ကို ကြည့်ပြီး ဆံဖြူနတ်ဆိုး မျက်ခုံးလှုပ်ကာ မျက်နှာတစ်ခုလုံး ပြာနှမ်းနေ၏။ ကျီးကန်းတာအိုထံမှ ပြင်းထန်သော ဖိအားကို သူ သေချာ ခံစားမိနေပြီး သူ့ရှေ့၌ ပြိုင်ဘက်ကင်းသော သားရဲတစ်ကောင် ရပ်နေသည်ဟုပင် ထင်မှတ်မှားရသည်။
သို့သော် မကြာခင်မှာပင် သူ သရော်ပြုံး ပြုံးလိုက်သည်။
“အရူး ခဏလေးနဲ့ တက်လာတဲ့ ကျင့်ကြံခြင်းက နှစ်ထောင်ချီ ကျင့်ကြံလာတဲ့ ငါ့ကျင့်ကြံခြင်းကို ယှဉ်နိုင်မယ် ထင်နေတာလား၊ ငါ မင်းကို တစ်ချက်တည်းနဲ့ ခွေးသတ်သလို သတ်နိုင်တယ်ကွ”
ထို့နောက် သူ လှစ်ခနဲ ပြေးတက်သွားသည်။ သူ့မျက်နှာတွင် ပြင်းထန်သော လူသတ်လိုစိတ်များ အထင်းသား ပေါ်နေပြီး ကျီးကန်းတာအိုသခင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
*သတ်ပစ်၊ ချက်ချင်း သတ်ပစ်လိုက်*
“ငါ သေရင်တောင် မင်းကိုပါ အပါခေါ်မှာကွ”
ဆံဖြူနတ်ဆိုးက ကြမ်းကြုတ်စွာ အော်ဟစ်လေသည်။ ကျီးကန်းတာအိုသခင် ဆက်တိုက် ပြန်အသက်သွင်း ခံရလိမ့်မည်ဟု သူ မယုံပါ။ သူ ကျီးကန်းတာအိုသခင်ကို တစ်ကြိမ် သတ်နိုင်သဖြင့် နောက်တစ်ကြိမ် ပြန်သတ်နိုင်ဦးမည်ပင်။
“ဟားဟား”
ကျီးကန်းတာအိုသခင်က ရယ်၍ အထင်သေးစွာ ပြုံးနေသည်။ သူသည် ယခင်ကနှင့် များစွာ ကွာခြားသွားလေပြီ။ ယခု ဆံဖြူနတ်ဆိုးနှင့် ရင်ဆိုင်ရလျင်တောင်မှ သူ မကြောက်တော့ပါ။ ချက်ချင်းဆိုသလိုပင် သူသည်လည်း ရှေ့သို့ ပြေးတက်ကာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လေတော့သည်။