← Chapters

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အခန်း ၁၄၄၈

Vol. 97 Ch. 1448

Chapter 1448 နတ်ဘုရားနည်းလမ်းများ

နှစ်ဦးနှစ်ဖက် ထိပ်တိုက် တွေ့သည်နှင့် တာအိုစွမ်းအင်များ ပေါက်ကွဲကာ ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်များ ဆက်တိုက် တိုးပွားနေကာ သားရဲနှစ်ကောင် အချင်းချင်း အဆက်မပြတ် ကိုက်ဝါးနေသည်ဟု ထင်မှတ်မှား ရသည်။

သူတို့၏ တိုက်ပွဲဝင်ခွန်အားက အလွန် ကြောက်စရာကောင်းသော အဖျက်စွမ်းအင်ကို ဖြစ်ပေါ်လာစေပြီး ၎င်းက တိုက်ပွဲဖြစ်ရာ နေရာမှာ တောင်ကြောအထိ ပျံ့လွင့်သွားပြီး တောင်ကြောတစ်ခုလုံး ပျက်စီးသွားလေသည်။

နှစ်ယောက်လုံး ရူးသွပ်သော အခြေအနေအထိ ရောက်ရှိနေကြပြီး လက်သီးရော ခြေထောက်ပါ သုံး၍ ဆက်တိုက် တိုက်ခိုက်ကာ အရာအားလုံးကို ဖျက်ဆီးနေသည်။ သူတို့၏ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များက အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေ၏။

“ဝေါ့”

ထိုအခိုက်တွင် ကျီးကန်းတာအိုသခင် သွေးတစ်လုပ် အန်လာသည်။ သို့သော် သူ ဒေါသထွက်ကာ အရှေ့သို့ ပြေးတက်လာသည်။ သူ့ခန္ဓာကိုယ်မှ ယန်စွမ်းအင်များ ထွက်ပေါ်နေပြီး ရှေးဟောင်း စစ်နတ်ဘုရားသဖွယ် တိုက်ခိုက်ချင်စိတ်က တဟုန်းဟုန်း တောက်လောင်နေသည်။

ဆံဖြူနတ်ဆိုးက အသာစီးရနေသော်လည်း အရှိန်အဝါက အားနည်းသထက် အားနည်းလာပြီး တဖြည်းဖြည်း ကျီးကန်း တာအိုသခင်၏ ဖိနှိပ်ခြင်း ခံလာရသည်။

လက်ရှိတွင် တစ်လောကလုံး ထိုင်းမှိုင်းနေပြီး လူတိုင်း အသက်ရှူရကျပ်လာပြီး ကောင်းကင်၌ ကျောက်ဆောင်များ ဝဲပျံနေသည်ကို မြင်နေရသည်။

မျက်စိကျိန်းလောက်သည့် အရောင်များ တစ်ခုပြီးတစ်ခု ထွက်နေပြီး လောကကို ဖျက်ဆီးနိုင်သော စွမ်းအင်နှင့် ကြောက်စရာကောင်းသော ခွန်အားတို့က သက်ရှိအားလုံးကို တုန်လှုပ်စေသည်။

ကျီးကန်းတာအိုသခင်၏ ဒဏ်ရာများက ပိုပိုပြင်းထန်လာပြီး သူ့ကိုယ်တွင် ဒဏ်ရာများ ပိုများလာပြီး သွေးများ အဆက်မပြတ် ထွက်နေသည်။ ကျီးကန်းတာအိုသခင်၏ ပုံက သွေးလူသားနှင့် တူနေလေသည်။

“လတ်စသက်တော့ မင်းက နတ်ဘုရင်အဆင့် ရောက်လာတာတောင် ဘာမှ ထူးမလာသေးပါလား၊ ငါ မင်းကို ချက်ချင်း သတ်နိုင်တယ်ကွ၊ ဟားဟားဟား”

ဆံဖြူနတ်ဆိုးက ကျယ်လောင်စွာ ရယ်မောနေပြီး သူ့စကားတွင် အထင်သေး လှောင်ပြောင်ရိပ်များ ပြည့်နှက်နေ၏။

ကျီးကန်းတာအိုသခင်က နတ်ဘုရင်အဆင့်သို့ ဝင်ရောက်နိုင်လျင်တောင်မှ သူ့ပြိုင်ဘက် မဟုတ်သေးပါ။ နှစ်ဖက်လုံး၏ ခွန်အားက ကွာခြားလွန်းလှသည်။

“မစ္စတာ ဖုန်းယဲ့၊ ကျေးဇူးပြုပြီး ကျွန်မဆရာကို ကယ်ပေးပါ၊ သူ အဲ့လူကို လုံးဝ မယှဉ်နိုင်ဘူး”

ရှင်းကျီက ယဲ့ဖန်ကို အလျင်အမြန် တောင်းပန်လေသည်။

“ပြိုင်ဘက် မဟုတ်ဘူး ဟုတ်လား”

ယဲ့ဖန်က ပြုံး၍ ဂုဏ်ယူစွာ ပြောလိုက်သည်။

“မင်း သူ့ကို မယုံတာလား ဒါမှမဟုတ် ငါ့ကို မယုံတာလား”

“အဲ့ဒါက”

ရှင်းကျီ ရုတ်တရက် ဘာပြောရမှန်း မသိတော့ချေ။ သူ ယဲ့ဖန်ကို ယုံကြည်ပါသည်။ သူ ယဲ့ဖန်၏ ဆန်းကြယ်မှုနှင့် ခွန်အားကို အကြိမ်ပေါင်းများစွာ မြင်ဖူးပါ၏။

သို့သော် သူမဆရာက ဆံဖြူနတ်ဆိုးထံ၌ အပြင်းအထန် ထိခိုက်ခံနေရသည်ကိုကြည့်ပြီး သူမ မသိမသာ ခံရခက်သလို ခံစားနေရသည်။

သို့ရာတွင် ကျီးကန်း တာအိုသခင်က မိမိကိုယ်၌ ဒဏ်ရာများဖြင့် ပြည့်နေသော်လည်း ဂရုမစိုက်ချေ။ ထိုအစား ဆံဖြူနတ်ဆိုး၏ တိုက်စစ်ကြောင့် သူ့ရင်ထဲမှ ရန်လိုစိတ်နှင့် လူသတ်ချင်စိတ်က ပို၍ မြင့်မားလာကာ ပေါက်ထွက်တော့မည့် ပူဖောင်းတစ်လုံးသဖွယ် ဖြစ်နေ၏။

“သခင်ကြီးပေးတဲ့ သူမတူတဲ့ နတ်ဆိုးစွမ်းအင်နဲ့ဆို ငါ မရှုံးနိုင်ဘူးကွ”

ထိုအချိန်တွင် ကျီးကန်း တာအိုသခင် ပေါက်ကွဲလာလေသည်။ သူ့ကိုယ်မှ နတ်ဆိုးစွမ်းအင် ဝုန်းခနဲ ထွက်လာပြီး ကောင်းကင်ဘုံနှင့် မြေအောက်လောကအား ပျံ့လွင့်သွားသည်ဟု ထင်ရသည်အထိ ကြောက်စရာ ကောင်းလှသည်။ နတ်ဆိုးဘုရင် ရောက်လာသည်ဟုပင် ထင်မှတ်မှားရသည်။

*မကောင်းတော့ဘူး*

ဆံဖြူနတ်ဆိုး ကြက်သီးထသွားသည်။ လက်ရှိ ကျီးကန်းတာအိုက ယခင်နှင့် ကွဲပြားနေကြောင်း သူ သေချာ ခံစားမိနေသည်။ အရှိန်အဝါက ယခင်က ကြမ်းကြုတ်ကာ ပြင်းထန်နေ၏။

ထို့နောက်တွင်မူ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများက သိသိသာသာ လျင်မြန်စွာ ပျောက်ကင်းလာသည်။ ကျီးကန်းတာအိုသခင်က ကျယ်လောင်စွာ ရယ်မောလေသည်။

“မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ အဲ့ဒါတွေကို ငါ ပြန်ပေးမယ်”

*ဘာ*

ဆံဖြူနတ်ဆိုး ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ပါ။ ချက်ချင်းဆိုသလိုပင် အတောမသတ်နိုင်သော လူသတ်လိုသည့် အငွေ့အသက်က ဆံဖြူနတ်ဆိုးထံ ပျံ့လွင့်လာ၏။

*နောက်ဆုတ်ရမယ်*

ဆံဖြူနတ်ဆိုး စိတ်ပိုင်းဖြတ်လိုက်ပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထနေလေသည်။ သို့သော် နောက်ကျသွားလေပြီ။

ကျီးကန်းတာအိုသခင်၏ သန်မာသော လက်ငါးချောင်းက ဆံဖြူနတ်ဆိုး၏ ပုခုံးတစ်ဖက်ပေါ် ကျရောက်လာပြီး အားဖြင့် လက်မောင်းကို စုတ်ဖြဲလာသည်။ သွေးများ မြင်မကောင်းအောင် ထွက်လာ၏။

ဆံဖြူနတ်ဆိုး၏ လက်မောင်းသည် အရုပ်လက်သဖွယ် ချက်ချင်း ပြတ်ထွက်သွားလေသည်။ အသားစနှင့် သွေးစများက လေထဲ လွင့်မျောလာသည်။

“မင်း”

ဆံဖြူနတ်ဆိုး ချောက်ချားသွားပြီး ကျီးကန်းတာအိုသခင်အား မယုံနိုင်စွာ ကြည့်နေသည်။

*ဘယ်လိုလုပ် သူ့ခွန်အားက ရုတ်တရက်ကြီး ကြောက်စရာကောင်းလာတာလဲ*

*သားရဲကောင်လိုပဲ တားမရဘူး*

သူ့ထံတွင် ရိုက်နှက်ခံရကာ ဒဏ်ရာရခဲ့သည့်လူက ဘယ်လိုလုပ် ချက်ချင်း ပြန်ဖိနှိပ်နိုင်ရသနည်း။ လက်ရှိတွင် ကျီးကန်းတာအိုသခင်၏ မျက်လုံးများက ရဲရဲနီနေပြီး တစ်ကိုယ်လုံး လူသတ်ချင်စိတ်များ တိုးပွားနေကာ ဆံဖြူနတ်ဆိုး၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလေသည်။

“ခွေးမသား”

ဆံဖြူနတ်ဆိုးသည် ခက်ထန်သောမျက်နှာထားနှင့် ဒေါသတကြီး အော်ဟစ်လေသည်။ သူ ယခုလေးတင် ပြောဆို အနိုင်ကျင့်ခဲ့သည့် ပုရွက်ဆိတ်ကြောင့် သူ ဒဏ်ရာရသည်တဲ့လား။ ဤသည်ကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။

ထို့နောက် သူသည်လည်း ဒေါသထွက်ကာ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ ထိုလက်သီး၌ အားကုန်ထည့်ထားပီး ကျီးကန်းတာအိုသခင်၏ လက်သီးကို ပြန်ထိုးလေသည်။

အက်ကွဲသံ ထွက်ပေါ်လာသည်။ အရိုးများ ကျိုးကြေသံနှင့်အတူ သွေးများ တတောက်တောက် စီးကျလာ၏။ သို့သော် အရိုးကျိုးသွားသည်မှာ ဆံဖြူနတ်ဆိုး၏ လက်သီး ဖြစ်နေ၏။

ကျီးကန်းတာအို၏ လက်သီးကို ထိုးမိသည့်အခိုက်မှာပင် သူ၏လက်သီးက တို့ဟူးသဖွယ် ပျော့ပျောင်းကာ ချက်ချင်း ကြေမွသွားသည်။ ကွဲကြေသွားသည်ထက်ပင် ဆိုးရွားလှသဖြင့် မယုံနိုင်စရာပင်။

“အား...”

ဆံဖြူနတ်ဆိုး ငယ်သံပါအောင် အော်ဟစ်ကာ ဒဏ်ရာရထားသော လက်မောင်းကိုကိုင်၍ နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ကြောက်လန့်တကြား ဆုတ်လိုက်သည်။ သူ့မျက်လုံးတွင် ထိတ်လန့်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

*ကျီးကန်းတာအိုသခင်က အတင်းလုပ်ယူပြီး အဆင့်တက်နေတာလေ၊ ဘယ်လိုလုပ် ငါက သူ့ရှေ့မှ လုံးဝ နင်းချေခံရတာလဲ*

*ထူးဆန်းတယ်*

*ထူးဆန်းလွန်းတယ်*

သူ့ရှေ့မှ အဖြစ်အပျက်က အမှန်တကယ် ဖြစ်နေသော်လည်း မယုံနိုင်သေးချေ။ ထို့နောက် ဆံဖြူနတ်ဆိုးသည် မနေနိုင်ဘဲ ယဲ့ဖန်အား ကြည့်လိုက်မိသလို သူ့စိတ်ထဲ၌ နောင်တတရားတို့ဖြင့် ပြည့်နှက်လာသည်။

*သူ့နည်းလမ်းတွေက ထူးဆန်းပြီး ကြောက်ဖို့ကောင်းတယ်*

သို့သော် ဤမျှနှင့် မရပ်သေးပေ။ ကျီးကန်းတာအိုသခင်က စိတ်ဖောက်သွားသကဲ့သို့ ဆံဖြူနတ်ဆိုးကို သတ်ရန် ဆက်လက် တိုက်ခိုက်လေသည်။

အကြိမ်ကြိမ် စုတ်ဖြဲ၍ ထပ်ခါထပ်ခါ ထိုးနှက်လေသည်။ ဆံဖြူနတ်ဆိုးသည် ကြေမွနေသော ကားသဖွယ် ဖြစ်နေကာ ကိုယ်အင်္ဂါ အပိုင်းအစများ တစ်ခုပြီးတစ်ခု လွင့်စဉ်လာသည်။ သူ့အဖြစ်က ကျားစားခံနေရသည့် သိုးတစ်ကောင်လိုပင်။

*ကြောက်စရာကောင်းလိုက်တာ*

*လန့်စရာပဲ*

လူတိုင်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် အလွန် ထိတ်လန့်နေကြသည်။

*ကျီးကန်းတာအိုသခင်က ပြန်ရှင်လာပြီးတော့ ဆံဖြူနတ်ဆိုးလို ကြောက်စရာကောင်းတဲ့သူကို ဖိနှိပ်နိုင် နေတာလား*

ဆံဖြူနတ်ဆိုးထံမှ အော်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ အရိုးများကျိုးကာ လက်များ ပြတ်တောက်နေသည်။ ရင်ဘတ် ကျိုးကြေနေလေသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသော်လည်း ကျီးကန်းတာအိုသခင်၏ တိုက်စစ်ကို သူ မတားဆီးနိုင်ပါ။ သူ၏ နောက်ဆုံးသော တိုက်ကွက်အောက်၌ ဆံဖြူနတ်ဆိုး၏ ခန္ဓာကိုယ်က တဖြည်းဖြည်း စုတ်ပြတ်သတ်လာသည်။

ဤမြင်ကွင်းက အစောပိုင်းက ကျီးကန်းတာအိုသခင်၏ ဆိုးရွားသော အခြေအနေကဲ့သို့ ကြောက်စရာ ကောင်းလှသည်။

ဆံဖြူနတ်ဆိုး သွေးအလိမ်းလိမ်းဖြစ်ကာ ထွက်ပြေးချင်နေ၏။ သို့သော် သူ ထိုသို့မလုပ်နိုင်ချေ။ သူ့မျက်လုံး၌ ကြောက်စိတ်များ ပေါ်နေသည်။

သူသည် နတ်နန်းတော်မှ ဘုန်းတော်ကြီး ဖြစ်သော်လည်း ပုရွက်ဆိတ်တစ်ကောင်ထံ၌ ရိုက်နှက်ခံနေ ရသည်တဲ့လား။ ရှက်စရာကောင်းလိုက်လေခြင်း။

ယဲ့ဖန်ကဲ့သို့သော မကောင်းဆိုးဝါးကောင်၏ လက်ထဲ၌ သူ သေရလျင် လက်ခံနိုင်ပါသေးသည်။ သို့သော် ကျီးကန်း တာအိုသခင်ကဲ့သို့ ပုရွက်ဆိတ်ကောင် လက်ထဲတွင် သေရမည့်အဖြစ်ကိုတော့ သူ လက်သင့်မခံနိုင်ပါ။

*ဒီအရူးကောင်ကတော့*

ယခုအချိန်တွင် ယဲ့ဖန်ကဲ့သို့သော နတ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသဖြင့် သူ့စိတ်ထဲတွင် မလိုလားစိတ်နှင့် ဆောက်တည်ရာမရ စိတ်တို့သာ ဖြစ်ပေါ်နေသည်။ ကြောက်စိတ်နှင့် ဒေါသစိတ်တို့က သူ့ရင်ထဲ ကိန်းအောင်းနေသည်။ သို့သော် နောင်တရသော်လည်း အချိန်နှောင်းသွားလေပြီ။

ထိုစဉ် သွေးများ ပန်းထွက်လာ၏။

“တောက် တောက်”

“တောက် တောက်”

လတ်ဆတ်သော သွေးများက ဆံဖြူနတ်ဆိုး၏ ရင်ဘတ်မှ စီးကျလာသည်။ လက်ရှိတွင် ဆံဖြူနတ်ဆိုး၏ နှလုံးကို ကျီးကန်းတာအိုသခင်က လက်ဖြင့် ဆုပ်ကိုင်ထားသည်။

ဆံဖြူနတ်ဆိုး၏ အကြည့်များက ရီဝေလာပြီး မချိပြုံး ပြုံးနေလေသည်။ သူ ယခု မျှော်လင့်ချက် မဲ့နေလေပြီ။

သူ မကျေနပ်သေးပါ။ ဤပုရွက်ဆိတ်ကောင်၏ လက်ထဲ၌ သူ ရှုံးချင်စိတ် မရှိပေ။

“မင်း ငါ့ကို မသတ်ခင် မင်း ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

ဆံဖြူနတ်ဆိုးက ယဲ့ဖန်အား မသေခင် ဇနီးသည်ကို ကြည့်သကဲ့သို့ ကြည့်ကာ နောက်ဆုံးသော ဆန္ဒကို ပြည့်စေလိုဟန်ဖြင့် မေးလာသည်။

သူ သေရတော့မည်ကို သူ သိပါသည်။ ထိုမေးခွန်းက သူ မသေခင် သိချင်သော အရေးအကြီးဆုံး ကိစ္စပင်။ ထိုအခါ ယဲ့ဖန်က သူ့နားထဲသို့ တိတ်တဆိတ် အသံလှိုင်း ပို့လာ၏။

“အိုးရန်ချင်ရွှယ်က မင်းကို အနိုင်ယူခဲ့တာလား”

ဆံဖြူနတ်ဆိုးက အဘယ်ကြောင့် ယဲ့ဖန် ထိုသို့ပြောမှန်း မသိသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ယဲ့ဖန်က လှောင်ရယ်လေသည်။

“သူက ငါ့အမေပဲ”

ဆံဖြူနတ်ဆိုး ထိတ်လန့်သွားပြီး သူ့အမူအရာက အေးစက် တောင့်တင်းသွားသည်။ ထို့နောက် သူ မချိတင်ကဲ ပြုံးလိုက်သည်။

“အဲ့လိုကိုး၊ လတ်စသက်တော့ အဲ့လိုကိုး ...”

ထို့နောက် သူ အရူးသဖွယ် ရယ်လေသည်။

“ရှုံးတာ မအံ့ဩတော့ဘူး၊ ရှုံးသွားတာ မဆန်းပါဘူး”

*ဒီမိသားစုက ငါ့ကမ္ဘာ့ရန်တွေပဲ*

ထို့နောက် ဆံဖြူနတ်ဆိုးသည် ခြောက်ကပ်ကပ် အမူအရာနှင့် မြေကြီးပေါ် လဲကျသွားကာ အသက်မဲ့ သွားလေတော့သည်။ ထိုအခိုက်တွင် ဘေးလူများ တိတ်ဆိတ်ငြိမ်သက်နေပြီး ဘာအသံမှ မထွက်တော့ချေ။

*နိုင်သွားပြီ*

*တကယ် နိုင်သွားတာ*

ထို့အပြင် ယဲ့ဖန် မဟုတ်ဘဲ ကျီးကန်းတာအိုသခင် ကိုယ်တိုင် တိုက်ပွဲကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

“ငါ တကယ် နိုင်သွားပြီ”

ကျီးကန်းတာအိုသခင်သည်လည်း မယုံနိုင်သော အမူအရာ ဖြစ်နေကာ တကယ် ဖြစ်လိမ့်မည်ဟု မယုံနိုင်သေးချေ။ ဤမိစ္ဆာအိုကြီးကို သူ တကယ် အနိုင်ရခဲ့သည်တဲ့လား။ မယုံနိုင်စရာပင်။

“အစ်ကိုယဲ့ ကျေးဇူးပြုပြီး ကျွန်မအဒေါ်နဲ့ အဘိုးကို ကယ်ပေးပါ”

ဟွမ်ယွီလင်း ယဲ့ဖန်ထံ အသည်းအသန် ငိုကြွေးထားသော မျက်နှာနှင့် ပြေးလာသည်။ လက်ရှိတွင် ယဲ့ဖန်သာ သူမအဒေါ်နှင့် အဘိုးကို ကယ်နိုင်ပေသည်။

ယဲ့ဖန် သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။

“စိတ်မပူနဲ့၊ သူတို့ ပြောခဲ့တာတွေကို ငါ ကြားပါတယ်၊ ငါ သူတို့ကို ကယ်ပေးမှာပါ’

ဆံဖြူနတ်ဆိုး၏ အငွေ့အသက်ကို ယဲ့ဖန် ခံစားမိချိန်က ဤနေရာသို့ ပြေးလာပြီး နတ်ဘုရားအာရုံဖြင့် အာရုံခံ ခဲ့သည်။ ဤနေရာတွင် ဘာဖြစ်ခဲ့သလဲ စစ်ဆေးမိသောအခါ လျှိုယွိရှီနှင့် လျှိုရှုရင်တို့၏ နောက်ဆုံးသော အပြုအမူများက ယဲ့ဖန်ကို ဘဝင်ခိုက်စေခဲ့သည်။

လူတိုင်း သေခြင်းတရားကို တည်ငြိမ်စွာ ရင်မဆိုင်နိုင်ပါ။ သူတို့နှစ်ယောက်လုံးက လုပ်နိုင်ခဲ့သည်။ သေခြင်းတရားနှင့် မိသားစုမေတ္တာတို့ ယှဉ်လာသောအခါ သူတို့ မိသားစုမေတ္တာကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။

ဤသည်ကလည်း ယဲ့ဖန် သူတို့ကို ကယ်ပေးချင်ရသည့် အဓိက အကြောင်းရင်း ဖြစ်ပေသည်။ သူတို့သာ အခြားသော ရွေးချယ်မှုကို လုပ်ခဲ့ပါက သူတို့ သေခြင်းထက်ဆိုးသော အဖြစ်နှင့် အဆုံးသတ်ရပေလိမ့်မည်။

“ဖျောက်”

ယဲ့ဖန် လက်ဖျောက်တီးလိုက်သောအခါ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး လူတိုင်းရှေ့၌ ပုံရိပ်နှစ်ခု ပေါ်လာသည်။

လျှိုယွိရှီနှင့် လျှိုရှုရင်တို့ သေရမှ ပြန်ရှင်လာလေပြီ။ နှစ်ယောက်လုံး၏ မျက်နှာတွင် အံ့ဩတုန်လှုပ်ဟန်များ ပြည့်နှက်နေ၏။

“ငါတို့ …”

လျှိုယွိရှီ ကြက်သေ သေနေသည်။

*ငါတို့ သေသွားတာ မဟုတ်ဘူးလား*

လဲကျနေသော ဆံဖြူနတ်ဆိုးသာ မရှိလျင် သူတို့ အိပ်မက်မက်နေသည်ဟု ထင်မိမှာပင်။

“ငါတို့ သေသွားပြီ မဟုတ်လား၊ ဘာတွေဖြစ်နေတာလဲ”

လျှိုရှုရင် မယုံနိုင်သလို မေးလာပြီး မှင်တက်အံ့ဩနေလေသည်။

“အစ်ကိုယဲ့က ရှင်တို့ကို ကယ်လိုက်တာ”

သူမမိသားစုဝင်များ ပြန်ရှင်လာသည်ကိုမြင်သော် ဟွမ်ယွီလင်း ဝမ်းသာစိတ်ကြောင့် မျက်ရည်ကျကာ ပြောလိုက်သည်။

“ကြည့်လေ ရှင်တို့ ကျွန်မအစ်ကိုယဲ့ကို စော်ကားခဲ့ပင်မယ့် ကျွန်မအစ်ကိုယဲ့က စိတ်ထဲမထားခဲ့ဘူး၊ ရှင်တို့ တကယ် ဆင်ခြင်သင့်တယ်”

“ဘာ”

လျှိုရှုရင်တို့ သားအဖနှစ်ယောက် အံ့ဩသွားကာ မယုံနိုင်ကြချေ။ သူတို့ကို ကယ်လိုက်သည့်သူက ယဲ့ဖန်တဲ့လား။ သေလူကို ပြန်အသက်သွင်းခြင်းက အင်မော်တယ် နည်းလမ်းသာ ဖြစ်လေသည်။

All Chapters