အခန်း ၁၄၄၉
Vol. 97 Ch. 1449
Chapter 1449 ရှန်းယန်နန်းတော်
ချက်ချင်းဆိုသလိုပင် သားအဖနှစ်ယောက်သား ယဲ့ဖန်အား အလွန် နောင်တရ၍ ရှက်ရွံ့သော အကြည့်တို့ဖြင့် ကြည့်လိုက်မိကြသည်။
ထိုစဉ် စုမြောင်ချန်က ယဲ့ဖန်ရှေ့၌ ဒုန်းခနဲ ဒူးထောက်လာပြီး ဖြူရော်နေသော မျက်နှာနှင့် ပြောလိုက်သည်။
“ဖုန်းယဲ့ ငါ့ကို မသတ်ပါနဲ့၊ ငါ မှားမှန်း သိပါပြီ၊ မင်း ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးမယ်ဆိုရင် ငါ မင်းအပေါ် နွားလိုမြင်းလို အမှုထမ်းပါ့မယ်”
“ဒါက … ဘာဖြစ်တာလဲ”
လျှိုရှုရင်တို့ သားအဖသည် ဘာဖြစ်ခဲ့လဲ မသိသဖြင့် စုမြောင်ချန် ဤသို့ ပြုမူသည်ကိုမြင်သော် ပဟေဠိ ဖြစ်သွားကြသည်။
ဟွမ်ယွီလင်းက အေးတိအေးစက် အသံပြု၍ လျှိုယွိရှီအား သူတို့ ဘာဖြစ်ခဲ့သလဲ ပြောလိုက်သည်။ နားထောင်ပြီးနောက် သားအဖနှစ်ယောက်လုံး မျက်နှာ သုန်မှုန်လာပြီး မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နှက်လာ၏။
ထို့အပြင် ယဲ့ဖန်နှင့် ဟွမ်ယွီလင်းအပေါ် အပြစ်မကင်းသောစိတ်က ပိုပိုတိုးလာရသည်။ အကယ်၍ ဟွမ်ယွီလင်းသာ သူတို့ အစီအစဉ်ကို နာခံပြီး ဝံပုလွေလို စဉ်းလဲစိတ်ရှိသော စုမြောင်ချန်နှင့် လက်ထပ်ခဲ့ပါက နောင်တွင် အလွန်ဆိုးရွားသော အဆုံးသတ်နှင့် ကြုံရမည်ကိုပင် စိုးရိမ်ရသည်။
သူတို့ ဟွမ်ယွီလင်းကို မီးပုံထဲ တွန်းချခဲ့ပါတကား။
“မင်းတို့ပြောကြည့်၊ သတ်ရမလား ဒါမှမဟုတ် အသက်ရှင်ခွင့်ပေးရမလား”
ယဲ့ဖန်က ဟွမ်ယွီလင်းနှင့် အခြားသူများကို အပြုံးနှင့် မေးလိုက်သည်။ စုမြောင်ချန်က ဟွမ်ယွီလင်းကို အလျင်အမြန် ကြည့်၍ အသနားခံလေသည်။
“ယွီလင်း ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ၊ ငါတို့က ကလေးဘဝကတည်းက အတူတူ ကြီးလာတဲ့ ငယ်ပေါင်းကြီးဖော်တွေလေ”
“သတ်”
ဟွမ်ယွီလင်းက အေးစက်စွာ စိုက်ကြည့်၍ အော်လိုက်သည်။ ခုနလေးတင် စုမြောင်ချန်က သူ၏ ဝံပုလွေလို စိတ်ကို ပြသခဲ့သည်။ ဤလူသည် အခွင့်အရေး ထပ်ရသည်နှင့် သူတို့ကို ပြန်ကိုက်မှာ အသေချာအပင်။
သူ့စကားကိုကြားသော် စုမြောင်ချန် မျက်နှာပျက်သွားပြီး အမြဲ သိမ်မွေ့၍ ယဉ်ကျေးလိမ္မာသော ဟွမ်ယွီလင်းတွင် ဤသို့ ရက်စက်တတ်သော ဘက်ခြမ်း ရှိလိမ့်မည်ဟု သူ ထင်မထားမိပေ။
သူ ရင်တဒိန်းဒိန်း ခုန်နေ၏။ လက်ရှိတွင် သူ ခြိမ်းခြောက်နိုင်မည့်အရာကို စဉ်းစားနေမိသည်။ သို့သော် ဆံဖြူနတ်ဆိုးကဲ့သို့သော ပုဂ္ဂိုလ်ပင် ယဲ့ဖန်လက်ထဲ၌ ဆိုးဆိုးရွားရွား သေခဲ့ရသည်။ သူ မည်သည့် နည်းလမ်းသုံး၍ ယဲ့ဖန်ကို ခြိမ်းခြောက်ရပါမည်နည်း။
မက်လုံးပေးရမည်လော။ ဤနတ်ဆိုး၏ တပည့်က ယွမ်ပမ်းရှီ ဖြစ်သည်။ သူက ပိုက်ဆံပြတ်နေပါ့မလား။
နောက်ဆုံးတွင် သူ ထိုင်ငိုလုနီးပါး ဖြစ်လာ၏။ အဘယ်ကြောင့်ဆိုသော် သူ့အသက်ကို မည်သို့သော နည်းလမ်းနှင့်မျှ ကယ်နိုင်မည် မဟုတ်ကြောင်း သိလိုက်ရသောကြောင့်ပင်။ သူတော့ ဇာတ်သိမ်းလေပြီ။
ရုတ်တရက် သူ့မျက်လုံးများက စူးခနဲ လက်သွားပြီး အဝေးသို့ ထွက်ပြေးလေတော့သည်။ ပြေးနှုန်းက လျှပ်စီးသဖွယ် လျင်မြန်လှသည်။
*ထွက်ပြေးရမယ်*
*ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန် ပြေးရမယ်*
လက်ရှိတွင် သူ့အသက်ကို ဖက်နှင့်ထုပ်ထားရပြီး အသည်းအသန် ထွက်ပြေးရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပြီ။ ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်က လှောင်ရယ်ရုံသာ ရယ်နေ၏။
“သေမျိုးတွေက တော်တော် အရှက်မဲ့တာပဲ၊ မင်းက တော်တော် သနားစရာကောင်းတယ်”
ယဲ့ဖန်၏ မခံချိမခံသာ ဖြစ်စေသော စကားသံကို ကြားသောအခါ စုမြောင်ချန် မျက်နှာပျက်သွားသည်။ သို့သော် လက်ရှိတွင် သူ နောက်ပြန်လှည့်မကြည့်ရဲဘဲ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
“စောင့်နေလိုက် ခွေးကောင်၊ ဒီကိစ္စက ဒီလိုနဲ့ ပြီးမသွားဘူး၊ ငါ ပြန်လက်စားချေနိုင်ဖို့ သိပ်မကြာဘူးကွ၊ အဲ့အခါကျရင် မင်းတို့အားလုံး သေကိုသေရမယ်”
ယဲ့ဖန်ကို သူ မနိုင်နိုင်လျင် ဆံဖြူနတ်ဆိုး၏ အပေါင်းအပါများကို အကြောင်းကြား၍ ယဲ့ဖန်၏ မိတ်ဆွေအားလုံးကို သတ်ခိုင်းမည်။ ယဲ့ဖန်က ဤလူများကို တစ်ခဏမျှ ကာကွယ်နိုင်သော်လည်း တစ်သက်လုံး ကာကွယ်ရန် ဖြစ်နိုင်ပါမည်လော။
“ပြန်လက်တုံ့ပြန်ဖို့ဆို မင်း အသက်ရှင်နေမှ ဖြစ်မှာလေ”
ယဲ့ဖန်က အပြုံးကြီး ပြုံးနေ၏။
*ဘာ*
ရုတ်ချည်းဆိုသလိုပင် စုမြောင်ချန် တစ်စုံတစ်ရာကို သတိထားမိသွားပြီး အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထို့နောက် စူးရှသော အနံ့ဆိုးက သူ့ရှေ့တည့်တည့်မှ နှာခေါင်းဝသို့ တိုးဝင်လာသည်ကို သူ ခံစားမိလိုက်သည်။
သူ အနောက်သို့ ခပ်တောင့်တောင့် လှည့်ကြည့်လိုက်သောအခါ သွေးသံတရဲရဲနှင့် ပါးစပ်ကြီးက သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ယင်းပါးစပ်က သူ့အား တစ်ချက်တည်းဖြင့် မျိုချသွားလေသည်။
“ဂျွတ်”
ကြောက်စရာကောင်းလှသည့် ချွန်ထက်သော သွားများက သူ့ကိုယ်အား ကိုက်ဖြတ်လိုက်သောအခါ သွေးများက ငေါက်ခနဲ ပန်းထွက်လာ၏။
တစ္ဆေဖန့်ချီသည် စုမြောင်ချန်၏ ခန္ဓာကိုယ်အား တဂျွတ်ဂျွတ်ဝါး၍ ပျော်ရွှင်စွာ စားသုံးနေသောကြောင့် အသားစများနှင့် သွေးစများ ပန်းထွက်ကာ အရိုးများ ကြေမွလာသည်။ စုမြောင်ချန်၏ မျက်နှာတွင် နာကျင်မှုနှင့် နောင်တတို့ ပေါ်လွင်နေသည်။
“မဟုတ်ဘူး၊ ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်ပေး၊ ပါးစပ်ဖွင့်ပေးပါ”
ဤသို့သော နာကျင်မှုက သေသည်ထက်ပင် ဆိုးသေးသည်။ နဂါးတစ်ကောင်ထံ၌ အရှင်လတ်လတ် အစားခံရခြင်းထက် ယဲ့ဖန်ထံတွင် အသတ်ခံရခြင်းက နာကျင်မှု ပိုလျော့ပေဦးမည်။
“ဂျွိ ဂျွိ”
သို့သော် စုမြောင်ချန်၏ အော်သံနှင့်အတူ ထူးဆန်းသော အသံတစ်သံ ထွက်လာ၏။ သူတော်စင်သခင်အဆင့်၏ ခန္ဓာကိုယ်က မာကြောသော်လည်း တစ္ဆေဖန့်ချီအတွက် ဝါးစားရန် မခက်ခဲချေ။ မကြာခင်မှာပင် စုမြောင်ချန်၌ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်ရှိတော့ပြီး သူ့အော်သံက အားနည်းသထက် အားနည်းလာကာ သေလုမျောပါး ဖြစ်နေသည်။
ဤသည်ကိုမြင်သော် လျှိုယွိရှီနှင့် အခြားသူများ ချောက်ချားသွားကြသည်။ တစ္ဆေဖ့န်ချီသည် နတ်ဘုရား ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ယဲ့ဖန်၏ လက်ပါးစေ ဖြစ်နေသည်တဲ့လား။
*ဒါက*
သူတို့ ယဲ့ဖန်၏ အကြောင်းကို ပိုပို၍ သိချင်လာတော့သည်။
“ဖွီ အရသာက မကောင်းလိုက်တာ”
တစ်ခဏမျှ ဝါးနေပြီးနောက် တစ္ဆေဖန့်ချီက အသားလုံးတစ်ခုကို ထွေးထုတ်လာသည်။ ယခုအချိန်တွင် စုမြောင်ချန်သည် အသားလုံးအဖြစ်သို့ ဘဝပြောင်းနေလေပြီ။
ဤသည်ကိုကြည့်ပြီး လူတိုင်း ကြက်သီးမွေးညင်းထကာ အလွန်အမင်း ကြောက်ရွံ့သွားကြသည်။
“အရှက်မရှိတဲ့လူက ဘာဂုဏ်သိက္ခာမှမရှိဘဲ သေမှာပဲ”
ယဲ့ဖန် အေးစက်စွာ ခနဲ့လိုက်ပြီး လှောင်ပြုံး ပြုံးနေသောကြောင့် ပို၍ နတ်ဆိုးဆန်လာသည်။ သူ၏ အသွင်အပြင်က လက်ရှိလူတိုင်း၏ အမြင်တွင် ရက်စက်လွန်းလှသည်။
သို့သော် ဟွမ်ယွီလင်းနှင့် ရှင်းကျီတို့ မိန်းကလေးများ၏ အမြင်တွင်မူ အလွန်အမင်း လွှမ်းမိုးနိုင်၍ မာနကြီးသူဟု မြင်နေကြသည်။
လျှိုမိသားစု သားအဖနှစ်ယောက်က ယဲ့ဖန်ထံ သွားပြီး စကားပြောချင်နေ၏။ သို့သော် ယဲ့ဖန်က ဟွမ်ထျန်းချန်ထံသို့ လျှောက်သွားပြီး သူ့ကိုယ်ထဲမှ ယန်စွမ်းအင်ဖြင့် ခြေထောက်ကို ကုသပေးလိုက်သည်။ ထို့နောက် ဟွမ်ယွီလင်းဘက်သို့ လှည့်ကာ ပြောလေသည်။
“ငါ အရင် ဝမ်ကောဖူကို ပြန်နှင့်မယ်”
ထို့နောက် လူတိုင်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်သွားလေတော့သည်။
“ခင်ဗျားတို့က အရမ်း တုံးတာပဲ၊ ဒီလိုလူမျိုးကိုမှ နှင်ထုတ်ခဲ့ရတယ်လို့”
ဟွမ်ထျန်းချန်က သူတို့ကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးကာ ပြောနေပြီး ဒေါသထွက်လွန်းသဖြင့် အသိစိတ် အာရုံကို မထိန်းနိုင်သေးချေ။
မူလက အချင်းချင်း ချစ်ကြည်ရင်းနှီးနိုင်ချေ ရှိသော်လည်း လျှိုရှုရင်၏ မောက်မာမှုကြောင့် အရာအားလုံး ပျက်စီးသွားခဲ့သည်။ လျှိုရှုရင် သက်ပြင်းချလိုက်မိပြီး ဆယ်နှစ်စာ ပိုအိုစာသွားသလို ခံစားလိုက်ရသည်။
….
“ဒုန်း”
လျှိုအိမ်တော်မှ ထွက်လာပြီးနောက် ဘာကြောင့်မှန်းမသိပါဘဲ လင်းဝူယာက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာကာ သူ့မျက်နှာတွင် သွေးပျက်မှုနှင့် စိုးရိမ်မှုတို့ အတိုင်းသား ပေါ်နေ၏။
ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
“ဒါ ဘာသဘောလဲ”
“ကျွန်တော် သခင်ကြီးကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”
လင်းဝူယာက လေးနက်သောအသံဖြင့် အသနားခံလေသည်။ တကယ်တမ်းတွင် သူတို့ မိသားစုသည် လတ်တလော ခက်ခဲသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရပြီး သူ၏ အဘိုးနှင့် ညီအစ်ကိုများက ၎င်းအတွက် စိုးရိမ်နေကြသလို သူသည်လည်း ကောင်းကောင်း အိပ်မပျော်နိုင်သည်မှာ ညပေါင်းများစွာ ရှိနေလေပြီ။
သို့သော် ယဲ့ဖန်၏ ခွန်အားနှင့်ဆိုလျင် သူတို့မိသားစု၏ အခက်အခဲများကို ကူညီ၍ ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
သူ့စကားကိုကြားသော် ယဲ့ဖန်က ထရယ်လေသည်။
“မင်းမိသားစုကလည်း ရှုကျိုးမှာ ဩဇာကြီးတာပဲကို၊ ပြီးတော့ မင်းတို့ လက်အောက်ငယ်သားတွေကလည်း များပြားပြီး အင်အားကြိးတယ်လေ၊ ငါ့အကူအညီ လိုသေးလို့လား”
“လူကြီးမင်း မသိလို့ပါ၊ ကျွန်တော့်အဖေ ငယ်စဉ်တုန်းက ရန်သူတွေ အများကြီးကို ရန်စခဲ့မိပါတယ်၊ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ညီမကို ပြန်ပေးဆွဲခဲ့တယ်၊ ပြီးတော့ …”
ထိုသို့ပြောနေစဉ်တွင် လင်းဝူယာ၏ အသံက တဖြည်းဖြည်း ဆို့နင့်လာပြီး အမုန်းတရားတို့ဖြင့် ပြည့်နှက် လာသည်။
“ပြီးတော့ မတရားသဖြင့် သတ်လိုက်ကြတယ်”
“အဲ့အချိန်တုန်းက ကျွန်တော့်ညီမလေးက ဆယ်နှစ်ပဲ ရှိသေးတာပါ၊ နောက်ပိုင်း အဲ့လူကို ကျွန်တော့်အဖေ နိုင်ခဲ့တယ်၊ သူကလည်း ပြည်ပကို ထွက်ပြေးသွားခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း သူက အင်အားကြီးတဲ့ ဆရာတစ်ယောက်ဆီ တပည့်ခံပြီး သိုင်းပညာကို သင်ယူခဲ့ပြီးတော့ တစ်လောကလုံးမှ ထိပ်တန်း အဆင့်ဆယ်ဆင့် စာရင်းဝင် ကြေးစားအဖွဲ့ကိုပါ တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသတ်ခံရပြီး ဒဏ်ရာရနေတာ လူတစ်ရာ ကျော်နေပါပြီ၊ ပြီးတော့ လုပ်ငန်းဆယ်ခုလည်း ပေါက်ကွဲသွားပါတယ်။ ကျွန်တော်တို့ ကူကယ်ရာ မဲ့နေလို့ပါ။ ကျွန်တော့်မိသားစုကို ကယ်ပေးဖို့ သခင်ကြီးကို တောင်းပန်ပါတယ်”
“ဪ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဆယ်နှစ်အရွယ် ကလေးမလေးကို အဓမ္မကျင့်၍ သတ်သည်တဲ့လား။ တစ်ဖက်လူ၏ လုပ်ရပ်က အမှန်ပင် အလွန် ရက်စက်လွန်းသည်။
“ကျွန်တော်တို့ သခင်ကြီးကို အလကားသဖြင့် မတောင်းဆိုပါဘူး။ နောက်ပိုင်း သခင်ကြီး လိုချင်တာ ဘာဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ နယ်ပယ်အတွင်းမှာ ရှိသရွေ့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား ဖြည့်ဆည်းပေးမှာပါ”
လင်းဝူယာက အလျင်အမြန် ထပ်ပြောပြီး ယဲ့ဖန် ငြင်းလိုက်မည်ကို စိုးရွံ့ကာ တောင်းပန်သော အကြည့်ဖြင့် ကြည့်လေသည်။
ယဲ့ဖန်က သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
“ပိုက်ဆံအကြောင်း ပြောတာလား၊ ငါ လှုပ်ရှားပေးဖို့ ဘယ်လောက် တန်တယ်လို့ မင်း ထင်လဲ”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။
“ကျွန်တော့်မှာ ပိုက်ဆံပဲ ရှိတာပါ”
လင်းဝူယာ ရှက်ရွံ့သော အမူအရာနှင့် ပြောလိုက်သည်။ ယဲ့ဖန် ဘယ်အရာကို လိုချင်မှန်း သူ စဉ်းစား၍ မရပါ။ တစ်နည်းဆိုရလျင် သူ့ထံ၌ ယဲ့ဖန်၏ အာရုံစိုက်ခြင်းနှင့် ထိုက်တန်သော အရာဟူ၍ မရှိပါ။ ယဲ့ဖန်၏ အဆင့်အတန်းအရ သူ မရနိုင်တာ ရှိသည်ဟု မမြင်ဖူးခဲ့ချေ။
“ငါ ကျင်းလီရေကန်ဘေးက မြေကို လိုချင်တယ်”
ယဲ့ဖန်က ရုတ်တရက် ပြောလာ၏။
“ဘယ်လို”
လင်းဝူယာ ထိတ်လန့်သွားပြီး အလန့်တကြား ပြန်ပြောလိုက်သည်။
“သခင်ကြီး ကျင်းလီရေကန်ဘေးက မြေရဲ့ ကောလာဟလတွေကို မကြားဖူးဘူးလား”
ကျင်းလီရေကန်သည် သူတို့မိသားစု အစောပိုင်းနှစ်များက ဝယ်ယူခဲ့သော မြေဖြစ်သည်။ ဖုန်းရွှေဆရာက ၎င်း၌ မှော်စွမ်းအင်များစွာ ရှိသည်ဟု ဆိုခဲ့သည်။ ရေကန်အောက်၌ ရာချီသော နဂါးသွေးကြောများ မြှုပ်နှံထားပြီး ၎င်းက ဧရာမ နဂါးတစ်ကောင်အဖြစ် ပေါင်းစပ်နေကာ လောကအချက်အချာဖြစ်ပြီး ကံကောင်းမှုများစွာ ရှိသည်ဟု ပြောခဲ့လေသည်။ ၎င်းအောက်၌ အင်မော်တယ်ဘုရင်၏ အခေါင်းကိုပင် မြှုပ်ထားသည်ဟု ဆိုလေသည်။
အဆိုပါကိစ္စမှာ အရေးကြီးသော ကိစ္စမဟုတ်ပေ။ သူတို့ ထိုမြေကို ဝယ်ယူပြီးသည်နှင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ပထမဆုံးအနေဖြင့် ဆောက်လုပ်ရေး အဖွဲ့သားများ ထူးဆန်းစွာ ပျောက်ဆုံးကုန်သည်။ ထို့နောက် စက်ပစ္စည်းများ ထပေါက်ကွဲကာ လူများစွာ သေဆုံးခဲ့သည်။
မြေကို တိုးတက်အောင် ဆောင်ရွက်စဉ်တွင် လူပေါင်း နှစ်ဆယ်ထက်မနည်း သေဆုံးကာ ဒါဇင်ချီသော လူများ ရူးကုန်ကြသည်။ ယခုအထိ ဘာအဆောက်အဦးမှ မဆောက်ဖြစ်ဘဲ အလဟဿ ဖြစ်နေ၏။
အနီးအနားမှ ဒေသခံများအဆိုအရ ထိုမြေသည် သရဲခြောက်ပြီး ညတိုင်း အော်သံများကို အမြဲကြားရသည်ဟု ဆိုသည်။ ၎င်းမြေသို့ သွားသူတိုင်း သေကြရသည်။
ထိုအတောအတွင်း သူတို့ ဘုရင်အဆင့်နှင့် သူတော်စင်သခင်အဆင့်များကို ဖိတ်ကြား၍ အဖြေရှာခဲ့သော်လည်း ဘာမှထူးမလာပေ။
ထို့နောက် သူတို့ ဖုန်းရွှေဆရာကို ဖိတ်ကြား၍ မြေအား တွက်ချက်စေခဲ့သည်။ သို့သော်ငြားလည်း ဘာကိုမှ မတွက်ချက်မိချေ။
ထိုဖုန်းရွှေဆရာသည်လည်း မိစ္ဆာခြောက်လှန့်ခြင်း ခံရကာ တွက်ချက်ပေးပြီး တစ်ပတ်အကြာ၌ သူ့အိမ်တွင် သေဆုံးသွားလေသည်။ ဆိုးဆိုးရွားရွား သေဆုံးခဲ့ခြင်းပင်။
မျက်လုံးများ ဖောက်ထုတ်ခံထားရပြီး တစ်ကိုယ်လုံး တောင့်တင်းကာ ခန္ဓာကိုယ်တစ်ခုလုံးများ သွေးများ ထုတ်ယူခံထားရပြီး မံမီအလောင်းသဖွယ် ဖြစ်နေသည်။ သွေးစုပ်ဖုတ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည့်အတိုင်းပင်။
ထိုနေရာ၌ မသိနိုင်သော မိစ္ဆာတစ်ချို့ ပုန်းအောင်းနေသဖြင့် လင်းမိသားစုက ထိုမြေကို စွန့်ပစ်ကာ သည်အတိုင်း ထားလိုက်ကြသည်။
ထို့ကြောင့် ယဲ့ဖန်က ထိုမြေကြမ်းနှင့် ပတ်သက်၍ ဘာလုပ်ချင်မှန်းမသိသောကြောင့် လင်းဝူယာ ပဟေဠိ ဖြစ်နေ၏။
“ငါ အဲ့မြေကို သုံးချင်သလို သုံးမှာပေါ့၊ မင်း ပေးမှာလား မပေးဘူးလား”
ယဲ့ဖန်က အပြုံးနှင့် ပြောလေသည်။ သူ့ပုံစံက ကျင်းလီရေကန်ကို စိတ်ဝင်စားနေသည့်ပုံပင်။
“ဒါက … သခင်ကြီး လိုချင်တယ်ဆိုမှတော့ ကျွန်တော် ဘာမှပြောစရာ မရှိပါဘူး”
လင်းဝူယာ အလျင်အမြန် သဘောတူလိုက်သည်။ ထိုမြေက မူလကတည်းက လူသူကင်းမဲ့ကာ အသုံးမဝင်ချေ။
“ကောင်းပြီလေ ဒါဆို မင်း ငါ့ကို နောက်မှ ဆက်သွယ်လိုက်”
ယဲ့ဖန် အေးစက်စက်ပြောကာ ထွက်လာလိုက်သည်။ သူ လင်းဝူယာ၏ တောင်းဆိုမှုကို လက်ခံပြီး ကယ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ဖန် ထွက်သွားသောအခါတွင်မှ လင်းဝူယာ စိတ်အေးကာ သက်ပြင်းချလိုက်မိပြီး စိတ်သက်သာရာရသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဒီလိုနတ်ဘုရားမျိုးနဲ့ ဆုံတွေ့ခွင့်ရလို့ တော်သေးတယ်”
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူတို့ လင်းမိသားစု အန္တရာယ်တွင်းထဲ၌သာ ရှိနေပေလိမ့်မည်။ ကောင်းကင်ဘုံက သနားသက်ညှာခဲ့သဖြင့် တော်ပါသေးသည်။ သူတို့လင်းမိသားစုအတွက် သုံးရက်အချိန်ရနေသေးသည်။
ယဲ့ဖန် ကျင်းလီကန်ဘေးက မြေကို လိုချင်နေရသည့် အကြောင်းရင်းမှာ ကန်နံဘေးမှ မြေသည် သူ၏ ရှန်းယန်နန်းတော်မြေ ဖြစ်နေသောကြောင့်ပင်။