အခန်း ၁၄၅၄
Vol. 97 Ch. 1454
Chapter 1454 အားနည်းတာက အပြစ်ပဲ
ယနေ့ ဤခေါက်ဆွဲဆိုင်အတွင်း၌ ခို့ကျန်းဟွိုက်သည် အမြင့်မြတ်ဆုံး အဆင့်အတန်း ရှိသူဟု မူလက သူတို့ ထင်ခဲ့ကြသည်။ သို့သော် ခို့ကျန်းဟွိုက်အပြင် လူမသိသော ပုဂ္ဂိုလ်တစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*ခို့ကျန်းဟွိုက်ရဲ့ အရိုအသေ ပေးတာကိုတောင် ခံရတယ်တဲ့လား၊ ဒီလူငယ်လေးက အလုပ်အကိုင်မရှိတဲ့လူ မဟုတ်ဘူးလား*
ကြောက်လန့်၍ မယုံနိုင်ဖြစ်နေသော အကြည့်များက ယဲ့ဖန်၏ ကိုယ်ပေါ်သို့ စုဝေးကျရောက်လာသည်။
*အရမ်း ထိတ်လန့်ဖို့ကောင်းတယ်*
လူတိုင်းက ယဲ့ဖန်၏ နောက်ခံကဘာလဲ ဆိုသည်ကို ထိုးထွင်းသိမြင်ချင်နေပုံ ရသည်။
ယဲ့ဖန်က ခေါင်းပင်မမော့ဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
“ငါက မင်းရဲ့နည်းပြ မဟုတ်ဘူး”
“နည်းပြ တစ်ရက်ဖြစ်ခဲ့ရင် တစ်သက်လုံး နည်းပြဖြစ်နေမှာပါ”
ခို့ကျန်းဟွိုက်က လေးနက်သော ဟန်ပန်အမူအရာဖြင့် ဆက်၍ ဦးညွှတ်ထားဆဲပင်။ ယဲ့ဖန်က ခို့ကျန်းဟွိုက်ကို မမြင်သကဲ့သို့ ပြုမူကာ ဆက်မပြောတေ့ချေ။ ယဲ့ဖန် ဘာမှမပြောသဖြင့် ခို့ကျန်းဟွိုက်က မလှုပ်ရဲပေ။
*ဘာ*
ဤသည်ကိုမြင်သော် လူတိုင်း အံ့အားသင့်သွားကြသည်။
*ဒီလူငယ်လေးက ခို့ကျန်းဟွိုက်ကိုတောင် မသိကျိုးကျွန် ပြုရဲတယ်လား*
*ပိုထူးဆန်းတာက ခို့ကျန်းဟွိုက် လှုပ်တောင်မလှုပ်ရဲတာပဲ*
*ခို့ကျန်းဟွိုက်က ရက်စက်ကြမ်းတမ်းတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူးလား၊ ဘာလို့ ခို့ကျန်းဟွိုက်က တစ်ခွန်းတောင် မပြောဘဲ ဒီလို အရှက်ခွဲခံနေတာလဲ*
*ဒါကြီးက ထူးဆန်းလွန်းတယ်*
အချိန်ကား တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးလာ၏။ ယဲ့ဖန် ဘာမျှမပြောသဖြင့် ခို့ကျန်းဟွိုက် တုပ်တုပ်ပင် မလှုပ်ရဲပါ။ ခို့ကျန်းဟွိုက် မလှုပ်ရဲသလို လူတိုင်း ဘာမှမပြောရဲချေ။
အချိန်အတော်ကြာပြီးနောက် ယဲ့ဖန်က တူကိုချ၍ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက် လိုက်သည်။
“ပြောပါဦး မင်း ဘာလို့ ငါ့ကို လာရှာတာလဲ”
“ပေါင်လုံ အဖွဲ့အစည်း ပျက်စီးသွားပါပြီ”
*ဟင်*
ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး လက်ဖက်ရည်ခွက်ကို ပြန်ချကာ မေးလိုက်သည်။
“အဘိုးကြီးကရော”
“ပိုင်ကျန့်ချင်းက သူ့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ရာထူးကချပြီးတော့ မြေအောက် အကျဉ်းတိုက်ထဲ ဖမ်းထားပါတယ်”
ခို့ကျန်းဟွိုက်က မုန်းတီးသော အရိပ်အယောင်များ ပြည့်နေသော မျက်လုံးနှင့်အတူ ဒေါသတကြီး ပြောလာသည်။
*ဘာ*
ယဲ့ဖန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခို့ကျန်းဟွိုက်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“အဲ့အဘိုးကြီးက ကျုံးကျိုး အင်ပါယာရဲ့ နံပါတ်တစ် စစ်သားလေ ပြီးတော့ တိုက်ပွဲမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ယူဆောင်ပေးခဲ့တာ၊ သူ့ကို ဖြုတ်တယ်လို့ ပြောတာနဲ့ အဖြုတ်ခံရောလား”
“ပိုင်ကျန့်ချင်းက ဘယ်တုန်းကမှ အမြော်အမြင်ရှိတဲ့လူ မဟုတ်ဘူး၊ သူက အမြော်အမြင်ရှိတဲ့လူလို ဟန်ဆောင်နေရုံ သက်သက်ပဲ။ သူ့စိတ်ထဲမှာ သူကလွဲရင် အားလုံးကို စတေးနိုင်တယ်လို့ တွေးထားတာ”
ခို့ကျန်းဟွိုက် ခံစားချက်ကင်းမဲ့စွာ ပြောလာသည်။
“စတေးတယ် ဟုတ်လား၊ သူက ငါ့ကို အရှက်ရအောင် လုပ်ချင်တာပဲ၊ ကြက်သတ်သလိုသတ်ပြီး မျောက်ပြစား ချင်နေတာ၊ တစ်လောကလုံးကို ယဲ့ဖန်ရဲ့ မိတ်ဆွေဆိုရင် ဘယ်လိုဖြစ်မလဲ ပြချင်နေတာ”
ယဲ့ဖန် သရော်လိုက်သည်။
“ပေါင်လုံအဖွဲ့အစည်းရဲ့ အခြားအဖွဲ့ဝင်တွေကရော”
“ပိုင်ကျန့်ချင်းက ကျွန်တော်တို့ကို ဖြိုခွင်းလို့ ကျွန်တော်တို့အားလုံး သေတဲ့လူသေနဲ့ ဒဏ်ရာရတဲ့လူ ရပြီး တကွဲတပြား ဖြစ်သွားပါတယ်”
ခို့ကျန်းဟွိုက်၏ မျက်လုံးများ ပူနွေးကာ စွတ်စိုလာသည်။ သူ၏ ညီအစ်ကိုမောင်နှမများ သေကြေပျက်စီးသည်ကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါတကား။ ဤလောက၌ ပေါင်လုံ အဖွဲ့အစည်း ထပ်မံ၍ မရှိတော့ပါ။
“စွန်းထောင်နဲ့ လုံခွေကရော”
ယဲ့ဖန်၏ မျက်လုံးများက ပိုမိုခက်ထန်လာသည်။ ပိုင်ကျန့်ချင်းက ခို့ကျန်းဟွိုက်နှင့် အခြားသူများကို ဖြိုခွဲရသည့် အကြောင်းရင်းက မိမိကြောင့်ဖြစ်ကြောင်း ယဲ့ဖန် သိပါသည်။ ပိုင်ကျန့်ချင်းက သူ့အပေါ် လက်စားချေနေခြင်း ဖြစ်ပေသည်။
“စွန်းထောင်ရဲ့ လက်မောင်း ပြတ်သွားပြီးတော့ အခု ဘယ်မှာမှ ရှာမတွေ့ပါဘူး၊ ကပ္ပတိန်ကလည်း ဒဏ်ရာ အပြင်းအထန် ရသွားပြီး အခု သေသလား ရှင်သလား မသိရပါဘူး”
“ဒီတော့ မင်းက ငါ့ကို ရှေ့ထွက် အလံကိုင်ပြီး ပိုင်ကျန့်ချင်းကို ဆန့်ကျင်တဲ့နေရာမှာ ဦးဆောင်စေချင်လို့ ငါ့ဆီ လာတာ မဟုတ်လား”
ခို့ကျန်းဟွိုက်၏ ရည်ရွယ်ချက်ကို ယဲ့ဖန် ချက်ချင်း နားလည်သွားသည်။ ခို့ကျန်းဟွိုက် မငြင်းပါ။
“ကျွန်တော့်ခွန်အား တစ်ခုတည်းနဲ့ဆို အင်ပါယာကြီးကို ရင်ဆိုင်တာက သစ်ပင်ကို လှုပ်ခါချင်တဲ့ ပိုးပျံကောင်နဲ့ တူနေမှာပါ၊ ဒါပေမဲ့ ခင်ဗျားက မတူဘူးလေ”
ခို့ကျန်းဟွိုက်က ယဲ့ဖန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လာသည်။
“ခင်ဗျားက နည်းပြမို့လို့ ဒါကို လုပ်နိုင်တယ်”
“ဒါပေမဲ့ အဲ့အဘိုးကြီးကတော့ မင်းကို သေချာပေါက် ဒီလို လုပ်ခိုင်းမှာ မဟုတ်ဘူး”
ယဲ့ဖန် ရယ်လိုက်သည်။ စစ်နတ်ဘုရားအိုကြီးကို သူ ကောင်းကောင်း သိပါသည်။ ထိုလူက တော်ဝင်မျိုးနွယ်အပေါ် ရူးမိုက်သည်အထိ သစ္စာရှိလွန်းသည်။
ပိုင်ကျန့်ချင်းက သူ့ကို သတ်ချင်နေသည်ဆိုလျင်တောင်မှ သူက အရင် လည်ဆန့်ပေးပြီး ပိုင်ကျန့်ချင်းက ခေါင်းဖြတ်ခိုင်းလောက်သည်။ ထို့ကြောင့် ခို့ကျန်းဟွိုက်၏ ပုန်ကန်လိုသော ရည်ရွယ်ချက်ကို စစ်နတ်ဘုရားအိုကြီးက သဘောတူမည် မဟုတ်ပေ။
“ခေါင်းဆောင်က ကျွန်တော်တို့ကို လက်တုံ့မပြန်ဖို့ တောင်းဆိုတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမကောင်းတာကိုတော့ မျိုချမထားနိုင်ဘူး”
ခို့ကျန်းဟွိုက်က အေးစက်စွာ ပြောလိုက်သည်။ သူ့ညီအစ်ကိုများအားလုံး ပိုင်ကျန့်ချင်းကြောင့် အသတ်ခံ လိုက်ရသည် မဟုတ်ပါတကား။
သူတို့တစ်ယောက်ချင်းစီက တိုက်ပွဲတွင် အောင်မြင်မှုကြီးများ ရရှိခဲ့သူ ဖြစ်သည်။ တော်ဝင်မျိုးနွယ်နှင့် အင်ပါယာအတွက် သူတို့ အစွမ်းကုန် ကြိုးစား၍ ရန်သူများကို ချေမှုန်းခဲ့သည်။ သို့သော် ပိုင်ကျန့်ချင်းက ဂုဏ်ထူးဆောင်ပေးခဲ့သော အချိန်များကို မေ့ပစ်ပြီး သူတို့ကို အငြှိုးတစ်ခုတည်းဖြင့် သတ်ခဲ့သည်။
အဓိက အချက်မှာ သူတို့ ဘာဆိုဘာမှမလုပ်ခဲ့ပါ။ အဘယ်ကြောင့် သူတို့က ဤသို့ ဒုက္ခခံရမည်နည်း။ ထို့ကြောင့်ပင် ခို့ကျန်းဟွိုက်က ရှုကျိုး၌ အခြေစိုက်နေခြင်း ဖြစ်သည်။ တစ်နေ့ ပိုင်ကျန့်ချင်း၏ စစ်တပ်ကို ရင်ဆိုင်နိုင်စွမ်း ရှိရန်အလို့ငှာ သူ၏ ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။
“အချိန်ကျပြီပဲ၊ ပိုင်ကျန့်ချင်းကို ဓားနဲ့ရွယ်ဖို့ အချိန်ကျပြီ”
ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူ့အတွက် ပိုင်ကျန့်ချင်းသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပြီး သူ သတ်ချင်သည့်အချိန် သတ်လိုက်နိုင်သည်။ သူ့ကို မသတ်ရသေးသည့် အကြောင်းရင်းမှာ ကစားချင်၍သာ ဖြစ်သည်။
သို့သော် ယခုအခါတွင် သူသည်လည်း ပျင်းသလို ခံစားနေရသည်။ ပိုင်ကျန့်ချင်းက ယုတ်ညံ့သော နည်းလမ်းများကိုသာ သုံးနေသဖြင့် သူ အလွန် စိတ်ပျက်လာသည်။ ထို့ကြောင့် ယဲ့ဖန် သတ်မည့် အတွေး ဝင်လာသည်။
“ကျေးဇူးတင်ပါတယ် နည်းပြ”
သူ့စကားကိုကြားသော် ခို့ကျန်းဟွိုက် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ ယဲ့ဖန်ရှေ့၌ အလျင်အမြန် ဒူးထောက်လိုက်သည်။ သို့သော် ယဲ့ဖန်က သူ့ကို လက်ကာပြသည်။
“တစ်မျိုးထင်မနေနဲ့၊ ငါ သူ့ကို သတ်ချင်ရတဲ့ အကြောင်းရင်းက မင်းကြောင့် မဟုတ်ဘူး”
“ကိစ္စမရှိပါဘူး ခင်ဗျား ကျွန်တော်တို့အတွက် သူ့ကို သတ်ချင်စိတ် ရှိသရွေ့ ခင်ဗျားက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပါပဲ”
ခို့ကျန်းဟွိုက် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အလေးအနက် ပြောလာသည်။ ပြီးခဲ့သည့် နှစ်အတွင်း သူ မျှော်လင့်ချက်မဲ့၍ နာကျင်စွာဖြင့် ဟိုဟိုဒီဒီ သွားလာခဲ့ရပြီး သူ့ညီအစ်ကို မောင်နှမများအတွက် လက်တုံ့ပြန်ရန် အားနည်းလွန်းသဖြင့် သူ့ကိုယ်သူ မုန်းတီးမိသည်။ ယခု ကြိုးစားအားထုတ်ခြင်း၏ ရလဒ် ပေါ်လာပေတော့မည်။
“အချိန်ကျလာရင် ကျွန်တော့်ကို ပိုင်ကျန့်ချင်းကို သတ်ဖို့ အခွင့်အရေး ပေးစေချင်ပါတယ်”
ခို့ကျန်းဟွိုက်က အံကြိတ်၍ ပြောလိုက်သည်။ ပိုင်ကျန့်ချင်းကို သူ မည်မျှမုန်းတီးကြောင်း သိသာလှ၏။ ယဲ့ဖန်က ရယ်၍ ပြောလေသည်။
“ရောင့်တက်မလာနဲ့ အဲ့ကောင်ရဲ့ခေါင်းကို တစ်ယောက်သောသူက ယူထားပြီးသား”
ပိုင်ကျန့်ချင်း၏ ဦးခေါင်းကို ပိုင်ရွှယ်အတွက် ချန်ထားမှဖြစ်မည်။
…
ထိုအခိုက်တွင် ဝမ်ကောဖူ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ သိုင်းအဖွဲ့တစ်ခုအတွင်း၌ ဂိုဏ်းသားများ စုဝေးနေပြီး လက်ရှိတွင် အချင်းချင်း ရင်ဆိုင်နေသည့် အဖွဲ့နှစ်ဖွဲ့ကို ကြည့်နေကြသည်။
သို့သော် အခြေအနေက တစ်ဖက်သက် ဖြစ်နေ၏။ တစ်ဖွဲ့က အောင်နိုင်သူ အပြုံးများ ပြုံးနေကြပြီး ကျန်တစ်ဖွဲ့၏ မျက်နှာတွင် သွေးပျက်ဟန်များ ပေါ်လွင်နေသည်။
သူတို့ရှေ့၌ သိုင်းအဖွဲ့ဝင်၏ အဖွဲ့ဝင်များစွာ သေဆုံးနေသည်။ ထိုသူများအားလုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်။ ဤသည်မှာ လေ့ကျင့်ရေးခန်းမ မဟုတ်ဘဲ လူသတ်ကွင်းနှင့် တူနေ၏။
ဝမ်ကောဖူတွင် သီးသန့် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အား တားမြစ်ထားသည်။ သို့သော် လူတစ်ချို့က ထိုစည်းမျဉ်းကို ပေါ်တင် မသိကျိုးကျွန်ပြုကာ ဤသိုင်းအဖွဲ့အား သတ်ဖြတ်လာသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မျက်နှာက ဖြူရော်လာပြီး မျက်လုံးတွင် သွေးပျက်သော ဟန်များ ပေါ်လွင်လာသည်။
အားလုံး၏ အကြည့်က လူတစ်ယောက်ထံ၌ စုဝေးနေသည်။ ထိုလူသည် ရှည်လျား နက်မှောင်သည့် ဆံပင်နှင့် ကြည့်ကောင်းသော ကိုယ်ဟန်ရှိကာ ချောမောသော မျက်နှာ ရှိပြီး အသားအရေက မသိမသာ တောက်ပနေပြီး အင်မော်တယ်တစ်ပါး ဆင်းသက်လာသည်ဟု ထင်မှတ်ရသည်။ သူ့ကိုယ်မှ ထိတ်လန့်ဖွယ် အရှိန်အဝါလည်း ထွက်ပေါ်နေလေသည်။
လက်ရှိတွင် သူသည် အရှေ့မှ အမှိုက်များနှင့် မတိုက်ချင်တော့ဟန်ဖြင့် မျက်လုံးမှိတ်ကာ အနားယူနေ၏။ သူသည် အလွန်အမင်း မောက်မာလှသည်။
အကြောင်းမှာ ဝမ်ကောဖူတစ်ခုလုံး၌ သူ အထင်ကြီးရမည့်လူက ငါးယောက်ထက် မကျော်သောကြောင့်ပင်။ သူသည် ဝမ်ကောဖူမှ ကျောင်းသားများ၏ စံပြပုဂ္ဂိုလ်ဖြစ်သည်။
သူ့အတွက် မာနနှင့် သိက္ခာကို ချ၍ အသုံးတော်ခံချင်သည့် ပါရမီရှင် မိန်းကလေးများ မည်မျှရှိနေသလဲ မသိတော့ပါ။ သို့သော် သူက ထိုမိန်းကလေးများကို လျစ်လျူရှုထား၏။
သူ၏နောက်ခံကြောင့် သူသည် သိုင်းပညာရှင်များ၏ အထက်တွင် ရပ်တည်ရန် ကံပါလာသူ ဖြစ်ကာ သက်ရှိအားလုံးကို အထင်သေးလေသည်။
သူသည် ရင်မိသားစု၏ အံ့ဩစရာအကောင်းဆုံးနှင့် အတော်ဆုံး လူငယ်ဖြစ်ပြီး ရင်မိသားစု၏ အနာဂတ် ဆက်ဆံသူ အလောင်းအလျာ ရင်ဖုန်းချူ ဖြစ်လေသည်။
လက်ရှိတွင် လင်းဝူယာက ရင်ဖုန်းချူအား နာကြည်းဒေါသထွက်စွာ ကြည့်၍ အော်ဟစ်လိုက်သည်။
“ရင်ဖုန်းချူ ငါ မင်းနဲ့ ဘာရန်ငြှိုးရန်စမှ မရှိဘူး၊ မင်း ဘာလို့ ငါ့လူတွေကို တိုက်ရတာလဲ”
“မင်း ငါနဲ့ ဘာရန်ငြှိုးမှ မရှိပင်မယ့် ငါက ဖုန်းယဲ့နဲ့ ရန်ငြှိုး ရှိတယ်”
ရင်ဖုန်းချူက အေးစက်စွာ ပြောလိုက်သည်။ သူ့ညီကို သတ်လိုက်သူက ယဲ့ဖန်မှန်း သူ သိပြီးသွားလေပြီ။ ယနေ့ သူ လက်စားချေရန် လာခြင်း ဖြစ်သည်။
“မင်း သူနဲ့ ရန်ငြှိုးရှိရင် သူ့ကို လိုက်ရှာလေ၊ ဘာလို့ ငါ့ကို လာရှာတာလဲ”
လင်းဝူယာ ငေါက်ငမ်းလိုက်ပြီး ပို၍ ဒေါသထွက်လာ၏။ ရင်ဖုန်းချူ ယဲ့ဖန်ကို လိုက်ရှာရန်သာ သူ မျှော်လင့် မိသည်။ သို့မှသာ ရင်ဖုန်းချူ သေပေလိမ့်မည်။ ယဲ့ဖန်ထံ၌ အပြင်းအထန် ရှုံးနိမ့်၍ ရက်ရက်စက်စက် အသတ်ခံရန် မျှော်လင့်နေမိသည်။
သူ့စကားကိုကြားသော် ရင်ဖုန်းချူက စဉ်းလဲစွာ ပြုံးလိုက်သည်။
“ငါ မင်းကို သတ်လိုက်ရင် သူ့ဘာသာသူ ရောက်လာမှာပေါ့ မဟုတ်ဘူးလား”
ယဲ့ဖန်နှင့် လင်းဝူယာက ရင်းနှီးမှန်း ရင်ဖုန်းချူ သိထားသည်။ ထို့ကြောင့် လင်းဝူယာကို သတ်လိုက်သည်နှင့် ယဲ့ဖန်က လက်စားချေရန် ရောက်လာပေလိမ့်မည်။ ယဲ့ဖန်က သူ့ညီကို သတ်ခဲ့သဖြင့် သူက ယဲ့ဖန်၏ မိတ်ဆွေကို ပြန်သတ်ပေမည်။
“မင်း”
ရင်ဖုန်းချူ၏ စကားကြောင့် လင်းဝူယာ ထိတ်လန့်သွားသည်။ ဤမိစ္ဆာကောင်က ယနေ့ သူ့ကို သတ်ရန် ရောက်လာခြင်း ဖြစ်သည်။
“ဒေါသထွက်မနေပါနဲ့ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး၊ မင်းက ပထမ ပြီးရင် သူက ဒုတိယပဲ”
ထိုစဉ် ရင်ဖုန်းချူက လင်းဝူယာဘေးမှ ဟွမ်ယွီလင်းကို လက်ညှိုးထိုး၍ မချိုမချဉ် ပြုံးလိုက်သည်။
“ပြီးရင်တော့ သူ့မိန်းမတွေပေါ့”
“သူ တစ်ရက်အတွင်း ပေါ်မလာရင်တော့ သူ ပေါ်မလာမချင်း မင်းတို့ကို သတ်မယ်”
ရင်ဖုန်းချူ၏ မျက်နှာတွင် ကောက်ကျစ်မှုများနှင့် ပြည့်နှက်နေကာ သူ့အပြုံးက ရက်စက်၍ အေးစက်လွန်းသည်။
“မင်း ငါတို့ကို လက်စားချေချင်တယ်ဆိုလည်း ဘာလို့ ငါ့အဖွဲ့သားတွေကို တိုက်ခိုက်သေးလဲ၊ သူတို့က အပြစ်မရှိဘူး”
လင်းဝူယာ၏ မျက်လုံးများ မီးဝင်းဝင်း တောက်နေ၏။ ရင်ဖုန်းချူက ဗြုန်းခနဲ ချိုးဖောက်ဝင်ရောက်ကာ တစ်ခွန်းမှ မပြောဘဲ သတ်ဖြတ်ခဲ့သည်။
သူတို့ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ တစ်ဝက်ကျော်မျှ သွေးအိုင်ထဲ လဲခဲ့ရလေသည်။ ပို၍ ရင်နာစရာ ကောင်းသည်မှာ အသတ်ခံလိုက်ရသူများက ဘာဖြစ်ခဲ့မှန်း မသိလိုက်ခြင်းပင်။ သူတို့ ဘာဆိုဘာမှ မလုပ်ခဲ့ပါ။ ရင်ဖုန်းချူက အပြစ်မရှိသူများကို ရောထည့်၍ သတ်သည်အထိ ရက်စက်လွန်း၏။
ဤသည်ကြောင့် လင်းဝူယာ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားမိသည်။ သူ့ကိစ္စကြောင့် သူ့အဖွဲ့သားများ ဆွဲထည့်ခံခဲ့ရသည်။
“ဪ သူတို့လား …”
ရင်ဖုန်းချူက ကြမ်းပြင်ပေါ် လဲနေသော အလောင်းများကို တည်ငြိမ်စွာ ကြည့်၍ အညှာအတာမဲ့စွာ ပြုံးပြန်သည်။
“ပျင်းနေလို့ အပျော်ရှာရုံသက်သက်ပါပဲ”
ထိုစကားက လင်းဝူယာကို ဒေါသူပုန် ထသွားစေသည်။ သူ့မျက်လုံးများ မီးတောက်လာပြီး အံကြိတ်ထားမိသည်။ သူ့မျက်လုံးတွင် နာကြည်းမှုများ ပြည့်နှက်နေ၏။
*သူ ပျင်းနေတာနဲ့ပဲ ငါ့အဖွဲ့သားတွေကို သတ်တယ်ပေါ့လေ*
*ဒီအကြောင်းပြချက်ကို ငါ လက်မခံနိုင်ဘူး*
လင်းဝူယာ၏ ဒေါသကိုမြင်သော် ရင်ဖုန်းချူ၏ မျက်လုံးများက ပို၍ အေးစက်လာပြီး အထင်သေးစွာ ပြောလိုက်သည်။
“ဘာလဲ မင်းက ငါနဲ့ တိုက်ချင်သေးတာလား၊ မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေလား”
တစ်ယောက်က သူတော်စင်သခင်အဆင့်ဖြစ်ပြီး နောက်တစ်ယောက်က ဘုရင်အဆင့် ဖြစ်သည်။ သူတို့ ဘယ်လိုလုပ် တုပြိုင်နိုင်မည်နည်း။
ကျန်လူများအားလုံး သက်ပြင်းချလိုက်သည်။ ဤလောကတွင် အားနည်းသူကို အားကြီးသူက စားစတမ်း ဖြစ်သည်။ အားနည်းသူသည် နင်းချေသတ်ဖြတ်ခံရရုံသာ ရှိသည်။
သူတို့ လင်းဝူယာကို သနားပါသော်လည်း ရင်ဖုန်းချူ အမှားလုပ်သည်ဟု မခံစားရချေ။ အားနည်းခြင်းက အပြစ်ပင်။
“သူနဲ့ ဖုန်းယဲ့က သူငယ်ချင်း ဖြစ်နေတာ ဆိုးတာပဲ၊ အဲ့ပြဿနာအိုးက ဒီတစ်ခါ ကောင်းကင်ကို တုတ်နဲ့ သွားထိုးတာပဲ”
“အဲ့လူရဲ့ အပြုအမူကကိုက ပြဿနာတက်စေတာပဲ၊ သူက တကယ့်ကို ကပ်ဆိုးပဲ၊ သူနဲ့ မိတ်ဆွေဖြစ်တဲ့သူတိုင်း အနှေးနဲ့အမြန်ဆိုသလို ဒုက္ခရောက်မှာ”