အခန်း ၁၄၅၅
Vol. 97 Ch. 1455
Chapter 1455 ဒီနေ့ကစပြီး ဖျက်သိမ်းတယ်
“ရင်ဖုန်းချူကိုတောင်မှ ရန်စရဲတယ်လား၊ သူ ရူးနေပြီလို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား”
လင်းဝူယာအတွက် ယခုအဖြစ်နှင့် မထိုက်တန်ဟု လူတိုင်း ခံစားမိသည်။ သူ့ကိစ္စ မဟုတ်သော်လည်း ယဲ့ဖန်ကြောင့် သူပါ ဆွဲထည့်ခံရသည်။ ယခု သူ့အသက်က ချောက်ကမ်းပါးစွန်းသို့ ရောက်နေလေပြီ။
ထို့နောက် သူတို့ ကံကောင်းသွားသည်ဟု တွေးလိုက်မိသည်။ သူတို့ ယဲ့ဖန်နှင့် မိတ်ဆွေမဖြစ်၍ ကံကောင်းသွားသည်။ သို့မဟုတ်ပါက သူတို့ ယခုအချိန် ဤသို့ ဖြစ်နေမည်ကို စိုးထိတ်နေရလောက်သည်။
ကံအဆိုးဆုံးသူက ဟွမ်ယွီလင်းပင်၊ သူမသည် ကောင်းကင်အဆင့် ပါရမီရှင် ဖြစ်သော်လည်း ယဲ့ဖန်ကြောင့် အရွယ်မရောက်ခင် သေဆုံးရပေတော့မည်။
“ဥက္ကဋ္ဌ စိတ်ထိန်းပါ၊ စိတ်ကိုငြိမ်အောင် ထားပါ”
အခြားသူများက လင်းဝူယာကို အလျင်အမြန် တားဆီးကြပြီး သူတို့၏ မျက်နှာတွင် စိုးရိမ်စိတ်များနှင့် ပြည့်နှက် နေသည်။
“ဖုန်းယဲ့ ပြန်လာတာနဲ့ အားလုံး အဆင်ပြေသွားမှာပါ”
ယခု ဖုန်းယဲ့သာလျင် ရင်ဖုန်းချူကို တားဆီးနိုင်သည်။
“ဟုတ်ပါ့ နင် ဖုန်းယဲ့ကို မြန်မြန် ပြန်လာဖို့ ပြောသင့်တယ်၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”
ရင်ဖုန်းချူ၏ အနောက်မှ ညှို့ဓာတ်ပြင်းသော အမျိုးသမီးက တခစ်ခစ် ရယ်လေသည်။
“ဖုန်းချူ မင်း လူလုံးထွက်မပြတာ ကြာနေတော့ ကြောင်တွေခွေးတွေက မင်းကို အလေးအနက် မထားတော့ဘူးနဲ့ တူတယ်”
ရင်ဖုန်းချူ ဘေးနားမှ လူတစ်ယောက်ကလည်း လှောင်ရယ်လာသည်။ ထိုသူတို့မှာ ဝမ်ကောဖူ၌ အဆင့်သုံး နေရာ၌ ရှိသူ ဟွာချင်းယန်နှင့် အဆင့်လေး ဖြစ်သူ ရှဲ့ယွီရန်တို့ ဖြစ်သည်။
ဤနေရာသို့ ရင်ဖုန်းချူ တစ်ယောက်တည်း လာခြင်းမဟုတ်ဘဲ ဝမ်ကောဖူတစ်ခုလုံးမှ အထူးချွန်ဆုံး ပါရမီရှင်များလည်း ပါဝင်ပေသည်။
အဆင့်ခြောက် ရှုရုံရှန်၊ အဆင့်တစ်ဆယ် ကျောက်ချွမ်ရီ၊ အဆင့်တစ်ဆယ့်သုံး လုံယန်လေ့၊ အဆင့်ဆယ့်ငါး ဖုန့်ရှုခွမ်။
ထိပ်တန်းဆယ်ယောက် စာရင်းဝင်များအပြင် လူပေါင်း ဒါဇင်ချီ၍ ရောက်နေကြသည်။ သူတို့အားလုးက အဖွဲ့အစည်း၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ပြီး မည်သူမှ ရိုးစင်းသော လူများ မဟုတ်ချေ။
သူတို့အားလုံးသည် ရင်ဖုန်းချူ၏ လက်အောက်ခံများ ဖြစ်ပြီး ဝမ်ကောဖူ၏ ခွန်အားအကြီးဆုံး အဖွဲ့ ဖြစ်လေသည်။ ရပ်နေသူများထဲတွင် အသုံးမကျသူ တစ်ယောက်မှ မပါပေ။
ဤသည်ကိုမြင်သော် လူတိုင်း သေမတတ် ကြောက်လန့်သွားကြသည်။
*ဒီလိုဆိုရင် ဖုန်းယဲ့ ဘယ်လိုလုပ် မသေဘဲ နေမလဲ*
မည်သူ့ကိုမဆို ရန်စခြင်းက မသင့်တော်ပေ။ ရင်ဖုန်းချူကိုမှ ရန်စမိသောအခါ ပိုဆိုးသွားသည်။ ယခု ရင်ဖုန်းချူက ဝမ်ကောဖူ၏ ထိပ်တန်း အင်အားစုကို ဦးဆောင်၍ ဤနေရာသို့ ရောက်လာလေပြီ။
ဖုန်းယဲ့ ပေါ်လာရဲသည်နှင့် မုချ သေပွဲဝင်ရပေလိမ့်မည်။ နှစ်တစ်ရာနေမှ တစ်ကြိမ်ပင် မြင်ရခဲသည့် နံပါတ်တစ်အဆင့်မှ လူကလွဲ၍ ဝမ်ကောဖူတစ်ခုလုံးမှ အသန်မာဆုံးလူများအားလုံး ဤနေရာ၌ စုဝေးနေသည်ဟု ဆိုရပေမည်။
ရင်ဖုန်းချူ ချက်ချင်း ရှေ့ထွက်လာပြီး အေးစက်စွာ ခနဲ့လိုက်သည်။
“ငါ့ပန်းတိုင်က ဖုန်းယဲ့နဲ့ လင်းဝူယာပဲ၊ အဲ့တော့ မသေချင်တဲ့လူတိုင်း ထွက်သွားကြ”
“အခုချိန်ကစပြီး မင်းတို့ သိုင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ”
စကားတစ်ခွန်းတည်းနဲ့ လင်းဝူယာနှင့် အခြားသူများ၏ ကံတရားကို ဆုံးဖြတ်လိုက်သည်။ လင်းဝူယာ၏ မျက်နှာ ပြာနှမ်းသွားပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာကာ ပြောလိုက်လေသည်။
“မင်းတို့တွေ သွားကြတော့”
“ဟာသပဲ အစ်ကိုလင်း၊ ခင်ဗျားသာ ကျွန်တော့်ကို အဖွဲ့ထဲ မခေါ်ရင် ကျွန်တော် အခြားကျောင်းသားတွေ လှောင်ပြောင်ခံရတာ ကြာနေလောက်ပြီ၊ သိုင်းအဖွဲ့ ပြဿနာ တက်နေတဲ့အချိန် ကျွန်တော် ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ”
အဖွဲ့သား တစ်ယောက်က ဝမ်းနည်းစွာ ပြောလာသည်။
“ဟုတ်တယ် ကျွန်တော်တို့ တစ်ခုခု ဖြစ်တိုင်း အစ်ကိုကြီးကပဲ ရှေ့ကနေ အပြေး ဦးဆောင်ပေးတာ၊ ဒီတစ်ခါ ကျွန်တော်တို့ ခင်ဗျားအတွက် ဓားကို တားဆီးပေးပါရစေ”
“အစ်ကိုလင်း ကျွန်တော် ခင်ဗျား ပြောတာကို ယုံတယ်၊ ဖုန်းယဲ့က ကျွန်တော်တို့ သိုင်းအဖွဲ့ကို ပိုမြင့်တဲ့အဆင့်ကို ခေါ်သွားပေးနိုင်မယ်လို့ ကျွန်တော် ယုံတယ်”
အဖွဲ့သားများ တစ်ယောက်ပြီး တစ်ယောက်က ဖြူစင်သော အပြုံးများ ပြုံးလာကြသည်။ သူတို့အား သစ္စာရှိမှုကို သင်ပြပေးသူက လင်းဝူယာပင်။ ယောက်ျားတစ်ယောက်၏ တာဝန်ယူမှု၊ တာဝန်ခံမှုက ဘာလဲသိအောင် ပြောပြပေးသူကလည်း သူပင်။
“မင်းတို့”
လင်းဝူယာ မျက်လုံးထဲ သဲဝင်သည်ဟုပင် ခံစားမိကာ ရုတ်တရက် မျက်လုံး နီလာ၏။
“သိုင်းအဖွဲ့နဲ့အတူ ကျွန်တော်တို့ ရှင်အတူ သေအတူ နေမယ်”
အဖွဲ့သားတစ်ယောက်က ဟစ်ကြွေးလာသည်။
*အရူး*
*အရူးတွေ*
ဂိုဏ်းသားများက အထင်သေးဟန်များ ပြလာသည်။ အနည်းငယ် ဉာဏ်ကောင်းသူများသည် ယခုအချိန် သူတို့ ဒူးထောက်၍ သနားခံပြီး ဖုန်းယဲ့နှင့် ဝေးဝေးနေသင့်ကြောင်း သိလိုက်သည်။ ဤသည်က မှန်ကန်သော နည်းပင်။
သို့သော် ဤလူများက ဖုန်းယဲ့ကို ယုံကြည်ရန် မျက်စိစုံမှိတ် ရွေးချယ်ကြသည်။ ဘယ်လိုလုပ် ဘာမဟုတ်သော ဖုန်းယဲ့က ရင်ဖုန်းချူကဲ့သို့ သူမတူသော ခွန်အားနှင့် ကြောက်စရာကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်နှင့် ယှဉ်နိုင်ပါမည်နည်း။
ဤလူများက သေတွင်းတူးနေခြင်းသာ။ သနားရန်ပင် မထိုက်တန်ချေ။
“သေအတူ ရှင်အတူ ဟုတ်လား၊ ဒါဆို ငါ မင်းတို့အားလုံးကို သတ်ပေးရမှာပေါ့”
ရင်ဖုန်းချူက အော်ငေါက်လာသည်။ သူ့မျက်လုံးတွင် ကြမ်းကြုတ်မှုတို့နှင့် ပြည့်နှက်နေပြီး ရက်စက်သော သူ့အသံက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာသည်။ ထို့နောက် ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က ဝုန်းခနဲ ထွက်ပေါ်လာ၏။
ရင်ဖုန်းချူ၏ အနောက်မှ ပါရမီရှင်များကလည်း အန္တရာယ်ပေးတော့မည့် အမူအရာများ ပြလာကြပြီး ရက်စက် သွေးဆာသော အပြုံးများ ပြုံးလာလေသည်။
“ဖုန်းယဲ့က ပေါ်မလာသေးဘူးပဲ၊ စောင့်ရင်း အပျင်းဖြေတဲ့အနေနဲ့ ဒီဆန်ကုန်မြေလေးတွေကို အပျော် သတ်လိုက်ရအောင်”
“ရွှစ်”
ဟွာချင်းယန်က ချက်ချင်း လှုပ်ရှားလိုက်ပြီး တပည့်တစ်ယောက်၏ အနောက်သို့ ရောက်သွားလေသည်။ ထို့နောက် ရက်စက်သော အပြုံးနှင့်အတူ သတ်ဖြတ်လေတော့သည်။
သူ့အင်္ကျီလက်စအောက်မှ ဝံပုလွေသွားသဖွယ် ချွန်ထက်သော လက်သည်းတစ်စုံ ထွက်လာသည်။ ယင်းလက်သည်းက ထိုတပည့်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။
“ရွှစ်”
ချွန်ထက်သော လက်သည်းက သူ့ရင်ဘတ်ကို ထိုးဖောက်သွားပြီးနောက် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်ကာ သွေးများ ပန်းထွက်လာသည်။ ထို့အတူ အသားစများလည်း ပဲ့ထွက်လာ၏။
ထူးဆန်းသော အသံတစ်သံနှင့်အတူ ဟွာချင်းယန်၏ လက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ သွေးသံတရဲရဲနှင့် နှလုံးတစ်ခုပါ ပါလာ၏။ ထို့နောက် နှလုံးအား ပါးစပ်နားတေ့ကာ ကိုက်စားလေတော့သည်။
“အားကျီ”
ဤသည်ကိုမြင်သော် လင်းဝူယာ၏ မျက်လုံးများ မီးပွင့်သွားသည်။ သူ၏ ညီအစ်ကိုက တိရစ္ဆာန်သဖွယ် အသတ်ခံလိုက်ရပါတကား။
ထိုတပည့်၏ နာမည်မှာ အားကျီဖြစ်ပြီး ယခုနှစ်မှ ဆယ့်ရှစ်ပြည့်ထားသူ ဖြစ်သည်။ သူ၏ စွမ်းရည်က ဝမ်ကောဖူ၌ အနိမ်ဆုံးဟု သတ်မှတ်နိုင်သည်။ တစ်ချိန်က ဘယ်သိုင်းအဖွဲ့ကမှ သူ့ကို မလိုချင်ခဲ့ပေ။ သူ့အား ဘာဖြစ်ဖြစ် အဖွဲ့ထဲ ခေါ်ခဲ့သူက လင်းဝူယာပင်။
လင်းဝူယာက သူ့ကို ညီတစ်ယောက်ကဲ့သို့ အမြဲ သတ်မှတ်ထားသည်။ ယခုအခါတွင် အားကျီ သူ့ရှေ့၌ အသတ်ခံရသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထိုခံစားချက်က ရင်ကွဲစရာ ကောင်းပေသည်။
အပြစ်ရှိစိတ်၊ နောင်တရစိတ်၊ သူ့ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွန်းနေ၏။ အားကျီ၏ သေဆုံးမှုက သူနှင့် တိုက်ရိုက် ပတ်သက်နေသည်ဟု လင်းဝူယာ ယုံကြည်ထားပြီး အားကျီအတွက် သူ တာဝန်ရှိသည်ဟု ခံစားနေ ရသည်။
အဘယ်ကြောင့်ဆိုမှာ အားကျီက ကလေးတစ်ယောက်သာသာသာ ရှိသေးသောကြောင့်ပင်။ သူက အားကျီ၏ အုပ်ထိန်းသူလိုပင်။ သူ့ကြောင့်သာ မဟုတ်လျင် အားကျီက သေမည် မဟုတ်ပါ။
ဟွာချင်းယန်သည် နှလုံးကို တတိတိ စားပြီးနောက် သွေးဆာသော အပြုံးမျိုး ပြုံးလေသည်။
“လူငယ်တွေရဲ့ နှလုံးက အရသာ ရှိတယ်ဆိုတာ သေချာတယ်၊ အရသာရှိလိုက်တာကွ၊ အရသာကို ရှိလို့ ဟားဟားဟား”
ရင်ဖုန်းချူက လင်းဝူယာအား အထင်သေးစွာကြည့်၍ အလွန် မောက်မာစွာ ပြောလိုက်သည်။
“လင်းဝူယာ ငါ မင်းလို ယောကျ်ားတစ်ယောက်ကို လေးစားတယ်၊ မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး အညံ့ခံလိုက်တာနဲ့ မင်း အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်”
“ဟားဟား”
လင်းဝူယာက အထင်သေးစွာ ရယ်မောလိုက်ပြီး ရင်ဖုန်းချူအား မထီမဲ့မြင် ကြည့်လိုက်သည်။
“အရင်ကဆိုရင်တော့ ငါ မင်းရှေ့မှာ ဒူးထောက်မိလောက်တယ်”
“အခုတော့ …”
လင်းဝူယာက ခေါင်းခါ၍ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“ငါက နတ်ဆိုးပဲ”
“ငါတို့ နတ်ဆိုးမျိုးနွယ်ဆိုတာ တိုက်ပွဲမှာပဲ အသေခံတယ်၊ အခြားသူဆီမှာ ဘယ်တော့မှ ကျွန်လို ဒူးမထောက်ဘူး”
လင်းဝူယာ အညံ့ခံလိုသည့် အတွေးကို မတွေးမိ၍ မဟုတ်ပါ။ ထိုအတွေး ပေါ်လာတိုင်း သူ့စိတ်ထဲ၌ ယဲ့ဖန်၏ ပုံရိပ်က အရူးအမူး ပြန်ပေါ်လာသည်။ သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း၊ မောက်မာပုံနှင့် ထိန်းချုပ်မရနိုင်ပုံ စသည်တို့က ဇာတ်လမ်းဇာတ်ကွက်သဖွယ် ပေါ်လာ၏။ ထိုမြင်ကွင်းများ သူ့စိတ်ထဲ၌ ပြန်ပေါ်လာသဖြင့် သူ ဘယ်လိုလုပ် ထိုလူ မျက်နှာပျက်အောင် လုပ်နိုင်ပါမည်နည်း။
“ကောင်းပြီ ငါ မင်းလိုလူမျိုးကို သဘောကျတယ်”
ရင်ဖုန်းချူ အေးစက်စွာ ပြုံးလိုက်ပြီးနောက် ဟွာချင်းယန်ကို ပြောလိုက်သည်။
“သူ့ကို လွယ်လွယ်နဲ့ ပေးမသေနဲ့”
ထိုစကားတွင် သတ်ချင်စိတ် အငွေ့အသက်များ ပြည့်နှက်နေပြီး အေးစက်သော လေညင်းက ဘေးလူများထံ ပျံ့လွင့်လာသည်ဟု ခံစားမိကာ လူတိုင်း ခိုက်ခိုက်တုန်လာ၏။
ဟွာချင်းယန်က မချိုမချဉ် ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူနဲ့ သူ မင်းရှေ့ ဒူးထောက်ပြီး တောင်းပန်လာအောင် ငါ လုပ်ပေးဖို့ သိပ်မကြာပါဘူး”
ရှဲ့ယွီရန်က တခစ်ခစ်ရယ်ကာ နောက်ပြောင်ချင်သော မျက်နှာထားနှင့် ပြောလိုက်သည်။
“ဒီလို ခပ်ချောချောလူငယ်လေးက အခုလို သေရတာ နှမြောစရာပဲ”
“ရှဲ့ယွီရန် မင်း သူ့ကို အလောင်းကောင်ခေါင်းဆောင်အဖြစ် သန့်စင်ဖို့ ကြံနေတာလား၊ အဆိပ်ပြင်းတဲ့ မိန်းမရဲ့ စိတ်ကတော့ကွာ မသာတောင် မချန်ဘူး၊ မင်း ငါ့ကို မလှည့်စားလို့ တော်သေးတယ်”
ဟွာချင်းယန်က စဉ်းလဲသော အပြုံးနှင့် ပြောလိုက်သည်။ ရှဲ့ယွီရန်က သူမဆံပင်ကို လက်နှင့်လိမ်၍ နှစ်လိုဖွယ်ကောင်းစွာ ပြုံးလေသည်။
“အမှိုက်ကို အသုံးချတာလို့ ခေါ်တယ်ဟဲ့ နင် ဘာသိလို့လဲ”
*အမှိုက်ကို အသုံးချတာ ဟုတ်လား*
ထိုစကားက လင်းဝူယာကို ဒေါပွသွားစေသည်။ ထိုစဉ် ရှဲ့ယွီရန်က တစ်ဖက်လှည့်ကာ လင်းဝူယာကို ကြည့်၍ အပြုံးတစ်ဝက်နှင့် ပြောလာသည်။
“မောင်လေး နင် ဘာလုပ်နေတာလဲ၊ နင့်ကို ပစ်သွားတဲ့ ငကြောက်တစ်ယောက်အတွက်နဲ့ ကိုယ့်အသက်ကို စတေးမလို့လား၊ ဒါ ထိုက်တန်ရဲ့လား”
“သူက ငကြောက် မဟုတ်ဘူး”
လင်းဝူယာ ရှဲ့ယွီရန်ကို မုန်းတီးသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက ယဲ့ဖန်ကို ဤသို့ စော်ကားသဖြင့် အလွန် ဒေါသထွက်နေသည့်ပုံပင်.
“ဟုတ်တယ် ဟုတ်တယ် သူက ငကြောက် မဟုတ်ဘူး၊ သူက အမှိုက်ကောင် ဟားဟားဟား အခုထိ ပေါ်မလာသေးပုံထောက်ရင် အဲ့ကောင် ငါတို့ကို ကြောက်လို့ ထွက်ပြေးပြီထင်တယ်”
ဟွာချင်းယန်က အထင်သေးသော မျက်နှာထားနှင့် ဟားတိက် ရယ်မောလေသည်။
“အဲ့လိုပဲ ဖြစ်လာမယ်လို့ ထင်ထားတာ မဟုတ်ဘူးလား၊ အဲ့ကောင် ငါတို့နဲ့ ရင်ဆိုင်ရင် သေလမ်းပဲ ရှိတာ၊ ထွက်ပြေးတာ ထုံးစံပဲပေါ့”
ကျန်ပါရမီရှင်များကလည်း အပြုံးကြီး ပြုံးနေကြသည်။
“သေးငယ်တဲ့ နိုင်ငံလေးတစ်ခုက ဆန်ကုန်မြေလေးက ငါတို့ကို မပျော်ရွှင်အောင် လုပ်ရဲမှတော့ သေလမ်းပဲ ရှိတာပေါ့”
ယနေ့ သူတို့သည် တစ်လောကလုံးမှာ ရှိသည့် ဝမ်ကောဖူကျောင်းခွဲများမှနေ၍ ဤကျောင်းခွဲသို့ စုဝေး ရောက်လာကြခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရှင်းပါ၏။ ရင်ဖုန်းချူ၏ ညီငယ်ကို သတ်ခဲ့သူ ဖုန်းယဲ့အား အသေဆိုးဖြင့် သေစေရန် ဖြစ်ပေသည်။
သူတို့ ယဲ့ဖန်၏ ကောလာဟလအချို့ကိုလည်း ကြားခဲ့ပါသည်။ သို့သော် သူတို့က ယင်းအား အလွန် အထင်သေးကြသည်။ သူတို့၏ စိတ်ထဲတွင် ယင်းက တစ်ဆင့်စကား တစ်ဆင့်ကြားသည့် အတင်းအဖျင်းများဟု မှတ်ယူထားသည်။
*နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတော်စင်သခင်အဆင့်ကို သတ်နိုင်တယ်တဲ့လား၊ လာနောက်နေတာလား*
*ဘယ်လိုလုပ် အဲ့လိုလူမျိုး လောကမှာ ရှိမှာလဲ*
ယဲ့ဖန်သည် သူတော်စင်သခင်အဆင့်သို့ ကျင့်ကြံရောက်ရှိနေသူ ဖြစ်ကိုဖြစ်ရမည်။ နောက်ပိုင်းမှ နည်းလမ်း အချို့သုံး၍ သူ့သိုင်းအဆင့်ကို ဖုံးကွယ်ထားခြင်း ဖြစ်မည်။
ရင်ဖုန်းချူ၏ ညီကိစ္စမှာမူ အချစ်ပြိုင်ဘက် ကိစ္စကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ သူတို့အားလုံး ရင်ဖုန်းချူ၏ ညီအကြောင်း ကြားဖူးပြီး သူက မောက်မာပြီး တံတွေးခွက်ထဲ ပက်လက်မျောနေသည့်လူစားမျိုး ဖြစ်သဖြင့် မအံ့ဩကြပေ။
သို့သော် ယခုအချိန်၌ သူတို့သည် ပြင်ဆင်လားပြီး အင်အားအပြည့် ရောက်လာသည်ဟု ဆိုရပေမည်။ သူတို့ မလုပ်နိုင်မှ ယဲ့ဖန် ကပ်ဆိုးမှ လွတ်မြောက်ပေလိမ့်မည်။
သူတို့သည် ဝမ်ကောဖူ၏ ကျောင်းအုပ်များကိုပင် အာရုံမစိုက်ချေ။ အကြောင်းမှာ သူတို့ရှေ့မှ ရင်ဖုန်းချူသည် တလင်တောင်ရှိ ရင်မိသားစု၏ အနာဂတ် ဆက်ဆံသူ အလောင်းအလျာ ဖြစ်သောကြောင့်ပင်။ ဝမ်ကောဖူက ထိုသို့သောလူကို အာခံရဲမည် မဟုတ်ပါ။
“မင်း သူ့ကို မစော်ကားသင့်ဘူး၊ မင်း ငါ့ရှေ့မှာ သူ့ကို မစော်ကားသင့်ဘူး”
လင်းဝူယာ၏ မျက်လုံးများက ခက်ထန်နေကာ သူ့မျက်လုံးတွင်း၌ ဒေါသရိပ်များက အတိုင်းအဆမရှိ ထွက်ပေါ်နေ၏။ လက်ရှိအချိန်တွင် သူ လုံးဝဥဿုံ ရူးသွပ်နေလေပြီ။
စာစဉ် ၉၇ ဤတွင် ပြီးပါပြီ။