အခန်း ၁၄၅၆
Vol. 98 Ch. 1456
Chapter 1456 ငါနဲ့အတူ အသေခံတိုက်ကြ
သူ ထိန်းချုပ်၍မရအောင် ဒေါသထွက်ကာ ပေါက်ကွဲနေ၏။
“သိုင်းအဖွဲ့ကလူတိုင်း နာခံပါ”
“ငါနဲ့အတူ အသေခံတိုက်ကြ”
လင်းဝူယာ ချက်ချင်း ကြွေးကြော်လိုက်ပြီးနောက် လေးမှပစ်လွှတ်လိုက်သော မြားတစ်စင်းသဖွယ် လျင်မြန်စွာ ပြေးတက်သွားသည်။ သူသည် ဟွာချင်းယန်ထံသို့ ချက်ချင်း ပြေးသွားပြီး တိုက်ခိုက်လေသည်။ သူ့လက်ထဲမှ ဓားကြီးကို ဝင့်ကာ ခုတ်ပိုင်းလိုက်သည်။
သတ်ဖြတ်လိုစိတ် ပြည့်နှက်ကာ ကြမ်းကြုတ်သော ဧရာမဓားက အရှိန်ဖြင့် ကျဆင်းလာပြီး သူ့အရှေ့မှ ဟွာချင်းယန်ကို အားဖြင့် ခုတ်ချလေသည်။
ထိုစည် ဟွာချင်းယန်က သူ့အကြံ အောင်မြင်သွားသကဲ့သို့ စဉ်းလဲစွာ ပြုံးလိုက်သည်။ လင်းဝူယာ၏ ဓားကြီး ကျဆင်းလာသည်ကို မြင်သော်လည်း သူ မရှောင်တိမ်းပေ။ သူ့မျက်လုံးတွင်းမှ အေးစက်ဟန်က ပိုပိုပြင်းလာ၏။
“ဝှစ်”
သို့သော် ထိုအခိုက်တွင် လင်းဝူယာ၏ နောက်ကျောဘက်မှ ရက်စက်ကြမ်းကြုတ်သော ပုံရိပ်တစ်ခု ပေါ်လာသည်။ တစ်ချိန်လုံး ပြုံးနေသော ရှဲ့ယွီရန်သည် အေးစက်သော မျက်နှာထားနှင့် လင်းဝူယာ၏ ကျောကို တိုက်ခိုက် လေသည်။
အဆိပ်ပြင်းသော မြွေများကဲ့သို့ ကြမ်းကြုတ်သော အလင်းနှစ်ခု ဖြတ်ပြေးသွားသည်။ လင်းဝူယာ၏ နောက်ကျောမှ သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။
ချောင်းမြောင်း တိုက်ခိုက်ခြင်းပင်။
လင်းဝူယာ မြေကြီးပေါ် ဒုန်းခနဲ ဒူးထောက်ကျသွားပြီး သွေးအန်လေတော့သည်။ သူ အငိုက်မိသွားခဲ့သည်။ ဟွာချင်းယန်နှင့် အခြားသူများက ချောင်းမြောင်း တိုက်ခိုက်လောက်သည်အထိ စက်ဆုပ်ဖွယ် ကောင်းလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပေ။
“ဟွာချင်းယန် နင့်ဘက်က လူများတာတောင် ချောင်းတိုက်ရဲသေးတယ်လား၊ နင် အရှက်မှ ရှိသေးရဲ့လား”
ဟွမ်ယွီလင်းက ဟွာချင်းယန်နှင့် အခြားသူများကို အော်ဟစ်လိုက်သည်။ သူတို့၏ သိုင်းအဆင့်က လင်းဝူယာထက် မြင့်နေပါသော်ငြားလည်း ချောင်း၍ တိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။ ဤလူများသည် အလွန်အမင်း အရှက် ကင်းမဲ့လှ၏။
ရှဲ့ယွီရန်က တခစ်ခစ်ရယ်၍ လက်မခံသလို ပြောလေသည်။
“စစ်သားဆိုတာ လှည့်ဖြားဖို့ ဘယ်တော့မှ မမောဘူးတဲ့၊ ဒီစီနီယာအစ်မက နင့်ကို သင်ခန်းစာ ပေးနေတာ၊ မြစ်တွေကန်တွေက အန္တရာယ်များတယ်၊ နင် သတိထားမှရမယ်၊ သိလား”
“အရူး မင်းက တော်တော် တုံးတာပဲ၊ ငါတို့က ရန်သူတွေကို၊ မင်းက ဘယ်လိုလုပ် ရန်သူကို ယုံနေတာလဲ”
ဟွာချင်းယန်က အားပါးတရ ရယ်မောနေပြီး လင်းဝူယာနှင့် အခြားသူများအား စိုက်ကြည့်လေသည်။
“ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံးက သေမှာပဲကို၊ ချောင်းပဲတိုက်တိုက် ထိပ်တိုက် တိုက်တိုက်၊ ဘာများ ကွာသွားမှာ မို့လို့လဲ”
“ဖုန်းယဲ့က နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ သူ ဘယ်တော့မှ နင်တို့ကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”
ဟွမ်ယွီလင်း ဒေါသမီးတို့ တောက်လောင်နေ၏။
*ဒီရွံစရာကောင်းတဲ့လူတွေ သေသင့်တယ်*
“ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး ဟုတ်လား၊ သူက ဘာလုပ်နိုင်လို့လဲ၊ သူ လာရဲလို့လား၊ သူ လာရဲရင်တောင် သေမှာပဲ”
ဟွာချင်းယန်က အထင်သေးစွာ ပြုံးနေ၏။
“နင် ဖုန်းယဲ့ကို အထင်သေးတာပဲ”
“နင် ပြောသလို သူက ငကြောက်ဆိုရင် ဘာလို့ ဒီလူတွေက သူ့ကို အရူးအမူး လေးစားနေတယ်လို့ နင် ထင်လဲ”
“နင်တို့တွေ သူ့ကို လုံးဝ မသိပါဘူး”
ဟွမ်ယွီလင်းက အထင်သေးစွာ ပြုံး၍ ပြောလေသည်။
“နင်တို့တွေ ပွဲသိမ်းပြီ၊ အဲ့လူက ဘယ်တော့မှ နင်တို့ကို ဒီအတိုင်း မထားဘူး”
*ဟမ်*
ရင်ဖုန်းချူနှင့် အခြားသူများ ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားပြီးမှ အထင်သေးရိပ်များ ပြန်ပေါ်လာသည်။ ဟွမ်ယွီလင်း၏ စကားများက အံ့ဩစရာ ကောင်းလောက်အောင် ရယ်ရသည်ဟု ထင်နေကြသည်။
သူတို့ဘက်က လူများစွာ ရှိသည်။ သူတို့ထဲက ဆယ့်နှစ်ယောက်က သူတော်စင်သခင်အဆင့်ပင်။ ထိုလူ လာလျင်တောင်မှ သေလမ်းသာ ရှိပေလိမ့်မည်။
မကောင်းဆိုးဝါး ဆန်လောက်အောင် ထူးချွန်သည့် ပါရမီရှင် ရင်ဖုန်းချူကိုပါ ပေါင်းလိုက်လျင် ယဲ့ဖန် သေမှာ မလွဲပေ။
ထို့နောက် ဟွာချင်းယန်က ဟွမ်ယွီလင်းကို ကြည့်ကာ ငေါက်ငမ်းလိုက်သည်။
“ခွေးမ စောက်ရေးမပါတာတွေ တော်တော် ပြောတာပဲ၊ ဒါဆိုလည်း မင်းနဲ့ အရင်စလိုက်ရတာပေါ့”
ထိုစဉ် လင်းဝူယာက ပြန်ထလာပြီး မျက်လုံးက ခက်ထန်ကာ ကိုယ်အမူအရာက ကြမ်းကြုတ်နေ၏။
“ဘာ … လုံးဝ မဖြစ်နိုင်ဘူး”
ရှဲ့ယွီရန် မျက်လုံး ပြူးနေပြီး ဤမြင်ကွင်းကို မယုံနိုင် ဖြစ်ကာ အံ့ဩသလို ခံစားနေရသည်။ သူမ၏ မြွေစိမ်း အင်္ကျီလက်ဖြင့် တိုက်ခိုက်လိုက်လျင် မည်သူမှ ပြန်မထနိုင်ပါ။ အဘယ်ကြောင့် ဘာမဟုတ်သော ဘုရင်အဆင့်လေးသာ ရှိသော လင်းဝူယာက ပြန်ထနိုင်ရသနည်း။
မယုံနိုင်စရာပင်။ အံ့ဩစရာ ကောင်းလှ၏။
ရှဲ့ယွီရန်၏ မျက်နှာတွင် သရဲတစ္ဆေကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်မှုတို့နှင့် ပြည့်နှက်နေ၏။ သူမ ဤသို့ ခံစားမိသည်မှာ ပထမဆုံးအကြိမ်ပင်။ သူမ ကြက်သီးထမိသည်။
ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော လူတစ်ယောက်က သူမကို အလွန် ကြောက်ရွံ့အောင် လုပ်နိုင်သည်တဲ့လား။ ယခင်က ဤသို့ တစ်ခါမှ မဖြစ်ဖူးချေ။
သူမ ကြောက်ရွံ့နေရသည့် အကြောင်းရင်းမှာ လင်းဝူယာင ပြန်ထနိုင်စွမ်းရှိရုံသာမက သေမည်ကို သိသော်လည်း အဆတစ်ရာမက နာကျင်သော ဝေဒနာကို တောင့်ခံ၍ အားတင်းကာ ပြန်ထနိုင်စွမ်း ရှိနေသောကြောင့်ပင်။
သူမ နားမလည်တော့ပါ။ အဘယ်ကြောင့် လူတစ်ယောက်က သေရမည့်ကံ ပါနေသော်လည်း မသေခင် နှိပ်စက်ခံရမည့် လမ်းကို ရွေးနေရသနည်း။
*ဒီလူရဲ့ ဦးနှောက်က တစ်ခုခု ဖြစ်နေတာများလား*
လင်းဝူယာ ထရပ်လိုက်သည်နှင့် သူ့ကိုယ်ရှိ အရိုးများမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာကာ ကြောက်စရာ ကောင်းလှပေသည်။
ထို့အတူ သူ့ပါးစပ်မှ သွေးများ ဆက်တိုက် အန်လာပြီး သွေးထဲတွင် အသားစများပင် ပါလာ၏။ သူ၏ ကိုယ်တွင်းအင်္ဂါများ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး မကြာခင် သေရပေတော့မည်။
ခန္ဓာကိုယ်မှ ပြင်းထန်သော ဝေဒနာကြောင့် လင်းဝူယာ မကြာခဏ မျက်မှောင်ကြုတ်မိကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူ အကြိမ်ပေါင်းများစွာ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်ခဲ့သော်လည်း သူ တောင့်ခံနိုင်ခဲ့သည်။ ဤသည်က ဟွာချင်းယန်နှင့် အခြားသူများအား မယုံနိုင်ဖြစ်သွားစေပြီး သူ ဘာကို တောင့်ခံနေမှန်း သူတို့ နားမလည်ကြချေ။
ထို့နောက်တွင်မူ လင်းဝူယာက ခက်ထန်သောဟန်ပန် ပြန်ဖြစ်လာပြီး ကြွေးကြော်လိုက်သည်။
“”ငါနဲ့အတူ အသေခံမလား”
“အသေခံမယ်”
“အသေခံမယ်”
လင်းဝူယာ ဦးဆောင်၍ ဟွာချင်းယန်ကို ထပ်တိုက်ပြန်သည်။ ထိုတိုက်ခိုက်မှုက ယခင်ကထက် ပို၍ ကြမ်းကြုတ်လေသည်။ လူတိုင်း အံ့ဩနေကြသည်။
*ထူးဆန်းလွန်းတယ်၊ လင်းဝူယာက သေလောက်တဲ့ ဒဏ်ရာရထားတာတောင် ခုနကထက် ပိုကြမ်းကြမ်း တမ်းတမ်း တိုက်နိုင်တာလား၊ ဒါ ဘယ်လို ဖြစ်ရတာလဲ*
*ဒါကြီးက အဓိပ္ပာယ် မရှိဘူး*
သူ့အနောက်မှ အဖွဲ့ဝင်များအားလုံးကလည်း လျှပ်စီးသဖွယ် လျင်မြန်စွာ ပြေးတက်လာ၏။ သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ရူးသွပ်၍ ပြတ်သားသော အမူအရာ ပေါ်လွင်နေပြီး သေရမည်ကိုမကြောက်ဘဲ ပြေးတက်လာနေကြသည်။
ဤသည်ကိုမြင်သော် ဟွာချင်းယန်၏ မျက်နှာတွင် အထင်သေးရိပ်များ ပေါ်လာသည်။ သူ့ကဲ့သို့ သူတော်စင်သခင်အဆင့်အား ဘုရင်အဆင့်လေးဖြင့် တိုက်ခိုက်ချင်သည်တဲ့လား။ သေတွင်းတူးနေခြင်းပင်။
“အရူး မင်း ဘယ်နှစ်ကြိမ် ကြိုးစားကြိုးစား ရလဒ်က တစ်ထပ်တည်း ဖြစ်နေမှာပဲ၊ အဲ့ရလဒ်က မင်း ရှုံးမယ် ဆိုတာပဲ”
ဟွာချင်းယန် မျက်မှောင်ကြုတ်၍ ကြမ်းကြုတ်သော သံလက်သည်းဖြင့် လင်းဝူယာ၏ ရင်ဘတ်ကို ဒေါသတကြီး ကုတ်ဖဲ့လေသည်။ သူ့မျက်နှာတွင် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေကာ သူ့မျက်လုံးတွင် သတ်ဖြတ်ချင်သော အရိပ်အယောင်များ ပေါ်နေသည်။
“မင်း သေသွားပြီရင် အဲ့ဖုန်းယဲ့ရဲ့ အသက်ကို ငါ ယူမယ်”
လင်းဝူယာသည် သူ့ဓားအား အားဖြင့် လွှဲယမ်း၍ လင်းဝူယာ၏ သံလက်သည်းကို ခုတ်ပိုင်းလေသည်။ လူတိုင်း၏ အမြင်တွင် ဤအဖြစ်က သေတွင်းတူးခြင်းဟု မြင်ကြသည်။
ဘုရင်အဆင့်၏ ခွန်အားက သူတော်စင်သခင်အဆင့်အား ယှဉ်နိုင်ပါမည်လော။ ရူးမိုက်လွန်း၏။ နိုင်နိုင်ချေ လုံးဝ မရှိပါ။
သံလက်သည်းသည် ပြင်းထန်သော စွမ်းအင်တစ်ခုနှင့်အတူ လေကိုခွင်းလာနေပြီး ၎င်းထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပျံ့လွင့်နေကာ အေးစက်စက် အလင်းများ ဖြာနေ၏။
ထိုအခိုက်တွင် ဓားကြီးသည်လည်း တစ်ချိန်တည်း အောက်သို့ နိမ့်ဆင်းလာပြီး လင်းဝူယာသည် ၎င်းလက်သည်းအား အားကုန် တုံ့ပြန်တိုက်ခိုက်လာသည်။
“ဒေါင်”
စူးရှသော သံသံချင်း ထိမိသံ ထွက်ပေါ်လာသည်။ ထို့နောက် ပေါက်ကွဲသံ ထွက်ပေါ်လာကာ သံအပိုင်းအစများ လွင့်စဉ်လာပြီး သွေးများလည်း ပန်းထွက်လာ၏။
ဤမြင်ကွင်းက အလွန် သွေးပျက်ဖွယ်ကောင်းလှသည်။ လူတိုင်း မယုံနိုင်သော အမူအရာများ ဖြစ်သွားလေသည်။
*ဘယ်လိုလုပ် ဘုရင်အဆင့်က သူတော်စင်သခင်အဆင့်ကို ကိုင်လှုပ်နိုင်တာလဲ*
*ဒါက အိပ်မက်လိုပဲ*
*အခုမှ စဉ်းစားမိတယ် လင်းဝူယာ ဆိုးဆိုးရွားရွား သေသွားပြီ မဟုတ်လား*
ရှဲ့ယွီရန်၊ ရင်ဖုန်းချူနှင့် အခြားသူများ၏ မျက်နှာတွင်လည်း အထင်သေးသော အရိပ်အယောင်များ ပေါ်နေ၏။ အလွန်အမင်း အထင်သေးနေခြင်းပင်။ လင်းဝူယာ၏ လွန်ကဲသော အပြုအမူအား သရော်နေသလိုပင်။
*အသက်ရှင်ရတာ မကောင်းဘူးလား၊ သေလမ်း လာရှာနေရတယ်လို့*
*လိမ်လိမ်မာမာလေး အသေခံလိုက်ရင် ပိုမကောင်းဘူးလား၊ ပိုဒုက္ခခံချင်နေတယ်*
*အရူး*
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့ အပြင်းအထန် တုန်လှုပ်သွားကြသည်။ အကြောင်းမှာ ဟွာချင်းယန်၏ သံလက်သည်းက ပျက်စီးနေပြီး သူ့ရင်ဘတ်၌ တစ်ဆယ် စင်တီမီတာကျော်သော ဓားရာတစ်ခု ရှိနေသည်ကို သူတို့ သေချာ တွေ့လိုက်ရသောကြောင့်ပင်။ ထိုဓားဒဏ်ရာမှ သွေးများ စိမ့်ထွက်နေ၏။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် ကြောက်ရွံ့သွားစေသည်။ ဟွာချင်းယန် ကိုယ်တိုင် အံ့ဩနေပြီး ပျက်စီးသွားသော သံလက်သည်းကိုကြည့်ကာ သူ့မျက်လုံးတွင် ထိတ်လန့်၍ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက် လာသည်။
ဤအဖြစ်ကို အမှန်တကယ် ဖြစ်ပျက်နေသည်ဟု ယုံနိုင်သည့်ပုံ မပေါ်ချေ။ ဘုရင်အဆင့်ကြောင့် သူ ဒဏ်ရာရ သွားသည်တဲ့လား။
ဟွာချင်းယန်ဟူသောသူက မည်သို့သောလူနည်း။ ထိပ်တန်း ပါရမီရှင်များထဲ၌ အဆင့်သုံးတွင် ရပ်တည်နေသူ ဖြစ်သည်။ သူ၏ ခွန်အားက ရင်ဖုန်းချူထက် တစ်ဆင့်သာ နိမ့်ပြီး ဝမ်ကောဖူတစ်ခုလုံးတွင် သူ၏ အလေးထားခြင်း ခံရသည့်သူက လူဆယ်ယောက်ပင် မကျော်ချေ။
ယခု သူက စောင့်ကြည့်နေသော လူအုပ်ကြီး၏ မျက်စိရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင်ကြောင့် ဒဏ်ရာရ သွားသည်တဲ့လား။ ဤသည်က အရှက်ကွဲခြင်းပင်။
ထို့နောက်တွင်မူ ဟွာချင်းယန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာပြီး သွားများကို ကွဲကြေမတတ် ကြိတ်ကာ နဖူးကြောများ ထောင်တက်လာသည်။
သူ အလွန်အမင်း ဒေါသူပုန် ထနေ၏။ ဤအဖြစ်ကို သူ လက်မခံနိုင်ပါ။ ဟွာချင်းယန်သာမက ရင်ဖုန်းချူနှင့် အခြားသူများသည်လည်း မျက်မှောင်ကြုတ်၍ အံ့ဩဟန်တို့ဖြင့် ကြည့်နေသည်။
လင်းဝူယာက ကျေနပ်သော အမူအရာနှင့် လှောင်ပြုံး ပြုံးလိုက်သည်။
“မင်း မြင်ပြီလား၊ ဒီဓားကွက်က မင်း ငကြောက်လို့ခေါ်နေတဲ့လူက ငါ့ကို သင်ပေးခဲ့တာ”
ယဲ့ဖန် သင်ပေးထားခဲ့သော ဓားကွက်ကြောင့်သာ မဟုတ်လျင် သူ ဟွာချင်းယန်ကို တစ်သက်လုံး ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပါ။
*ဘာ*
*ဒီဓားကွက်ကို ဖုန်းယဲ့က သင်ပေးထားတာလား*
*ဒီဓားကွက်က ဘုရင်အဆင့်လေးနဲ့ သူတော်စင်သခင့်အဆင့်ကို ထိခိုက်အောင် လုပ်နိုင်တယ်ပေါ့*
*အဲ့ဖုန်းယဲ့က ဘယ်ကလာတာလဲ*
ဘုရင်အဆင့်နှင့် သူတော်စင်သခင်အဆင့်သည် အလွန် ခြားနားသော သဘောတရားများ ရှိလေသည်။ သူတော်စင်သခင် အဆင့်တစ်ယောက်က ဘုရင်အဆင့်တစ်ဖွဲ့ကို လက်ချောင်းလှုပ်လိုက်ရုံဖြင့် သတ်နိုင်၏။
ထိုအဆင့်နှစ်ခုအား နှိုင်းယှဉ်နိုင်စွမ်း မရှိပါ။ ဘုရင်အဆင့်က သူတော်စင်သခင်အဆင့်ကို ထိခိုက်အောင် လုပ်နိုင်ခြင်းက မဖြစ်နိုင်ပေ။ ပုရွက်ဆိတ်က ဆင်ကို တွန်းနေသည်ဟုပင် ပြော၍ ရပေသည်။
သို့သော် လင်းဝူယာက ယဲ့ဖန်၏ အကူအညီဖြင့် တကယ် လုပ်နိုင်ခဲ့သည်။ ထိုယဲ့ဖန်က ဘာများ လုပ်ပေး လိုက်သနည်း။ အံ့ဩစရာ ကောင်းလှသည်။
လက်ရှိတွင် ပါရမီရှင်များအားလုံး ဖုန်းယဲ့ကို စိတ်ဝင်စားလာ၏။ ထိုစကားကိုကြားသော် ရင်ဖုန်းချူက တစ်ခဏမျှ အံ့ဩနေပြီးမှ မထီမဲ့မြင် မျက်နှာပေး ဖြစ်သွားသည်။ လက်ရှိတွင် သူ ယဲ့ဖန်နှင့် ပိုပို၍ တွေ့ချင်လာသည်။ ထိုသို့သောလူက ရင်ဖုန်းချူဟူသော သူ၏ လက်ထဲတွင် သေသင့်ပေ၏။
“ချီးပဲ ချီးပဲ မင်း သေပြီသာမှတ်”
ဟွာချင်းယန်က ရုတ်တရက် အော်ဟစ်လာပြီး မျက်လုံးများ မီးဝင်းဝင်းတောက်ကာ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာလေသည်။