← Chapters

အခန်း ၁၄၅၇

Vol. 98 Ch. 1457

အခန်း ၁၄၅၇

Vol. 98 Ch. 1457

Chapter 1457 ငါ့ကို ထိခိုက်အောင်လုပ်တာ မင်းလား

လက်ရှိတွင် လူသတ်ချင်စိတ်က တစ်ဟုန်ထိုး မြင့်တက်နေပြီး ကြောက်စရာ ကောင်းလှသည်။

“သတ်မယ် သတ်မယ်”

ဟွာချင်းယန် ရူးမတတ် ဖြစ်သွားလေသည်။ သူ့အသက်ရှူသံက ပြင်းလာပြီး လက်မောင်းများကို ဆက်တိုက် လှုပ်ခါနေကာ လင်းဝူယာအား သည်းကြီးမည်းကြီး တိုက်ခိုက်၍ သတ်တော့မည့်ပုံ ဖြစ်လာသည်။

လက်သီးချက်က တစ်စထက်တစ်စ လေးလံပြင်းထန်လာ၏။ ကျိုးပဲ့သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ လင်းဝူယာ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး လင်းဝူယာ တစ်ကိုယ်လုံး စုတ်ပြတ်နေသော သားရေသဖွယ် ဖြစ်ကာ အပေါက်ရာများနှင့် ပြည့်နှက်နေသည်။

လင်းဝူယာ၏ အသိစိတ်က လွင့်ပြယ်စပြုလာပြီး အစောပိုင်းက ဓားကွက်ကြောင့် သူ အားကုန်လာသည်။ ယခု သူ့၌ ခွန်အား တစ်စက်ကလေးမျှ မရှိတော့ဘဲ လွတ်လွတ်လပ်လပ် သေရန်သာ ရှိတော့သည်။

“သူတို့အားလုံးကို သတ်ပစ်လိုက်”

ထိုစဉ် ရှဲ့ယွီရန်ကလည်း အော်ငေါက်၍ ပြေးတက်လာနေသော အဖွဲ့သားများကို မာမာထန်ထန် စိုက်ကြည့်နေ၏။ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်က လင်းဝူယာ၏ အဖွဲ့သားများထံ ဒီရေသဖွယ်‌ ပြေးတက် သွားကြသည်။

“အား…”

ရုတ်ချည်းဆိုသလိုပင် အော်သံများ ပဲ့တင်ထပ်လာ၏။ လင်းဝူယာ၏ အဖွဲ့သားများ တစ်ယောက်ပြီး တစ်ယောက် သွေးအိုင်ထဲလဲကာ သွေးချောင်းစီးလာပြီး သူတို့၏ သေဆုံးမှုက အလွန် ဆိုးရွားလှသည်။

သူတို့က ဘယ်လိုလုပ် သူတော်စင်သခင်အဆင့်အဖွဲ့၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ တစ်ခဏအတွင်း သူတို့အားလုံး သေဆုံးသွားပြီး လူနှစ်ယောက်ကျော်တွင် တစ်ယောက်မှ အသက်ရှင်မကျန်ရစ်ချေ။ မည်မျှ ကြောက်ဖို့ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။

“ဟားဟားဟား ဒီအရူးတွေကတော့ … နင်တို့ တကယ် ရှေ့တက်ပြီး အသေခံရဲတယ်ပေါ့၊ ငါ ဒီနေ့ တော်တော် ပညာရသွားပြီ”

ရှဲ့ယွီရန် ဟားတိုက် ရယ်မောနေပြီး သူမမျက်နှာတွင် အလွန် အထင်သေးရိပ်များ ပေါ်နေ၏။ ဤအရူးများ ဘာတွေ တွေးနေမှန်း သူမ မသိချေ။ ပုရွက်ဆိတ်တစ်ဖွဲ့ အသေခံသည်ကို ကြည့်ရသည်က ပျော်စရာ ကောင်းနေ၏။

“ငါ့ကို ထိခိုက်အောင် လုပ်တယ်ပေါ့လေ ပုရွက်ဆိတ်တွေ၊ မင်းတို့ ရူးနေတာလား၊ မင်းတို့ကိုယ်မင်းတို့ မိုက်လှပြီ ထင်နေလား၊ အခု ထပ်လုပ်လေ ဟမ်”

ဟွာချင်းယန် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး လင်းဝူယာ၏ ခန္ဓာကိုယ်အား ဆက်တိုက် လက်သီးများ ပစ်သွင်းသဖြင့် သွေးများ ပန်းထွက်လာသည်။

ချွန်ထက်သော လက်သည်းများက လင်းဝူယာထံတွင် သွေးယိုစိမ့်နေသော အပေါက်များ တစ်ပေါက်ပြီး တစ်ပေါက် ဖြစ်လာစေသည်။

ဟွာချင်းယန်၏ တိုက်ခိုက်မှုအောက်၌ သူ့ဦးခေါင်းတစ်ဝက် ပျက်စီးနေကာ ဦးနှောက်ကိုပင် မြင်နေရသည်။ လင်းဝူယာ သေချာပေါက် သေလိမ့်မည်ဟု လူတိုင်း သိလိုက်ကြသည်။

“ငါ သေမယ်ဆိုရင်တောင်မှ မင်းတို့အားလုံးကို ငါနဲ့အတူ အပါခေါ်သွားမယ်၊ ငါ့လို နိမ့်ပါးတဲ့လူက သေရမယ်ဆိုပင်မယ့် မင်းတို့အားလုံး ခေါ်သွားနိုင်ရင် တော်တော် ဟန်ကျပြီကွ”

လင်းဝူယာ အားပါးတရ ရယ်မောနေပြီး ယခုအထိ နောင်တမရသော မျက်နှာထားနှင့် ရှိနေသည်။

“မင်းက တော်တော် ခေါင်းမာတာပဲ၊ ဒီလိုဆိုရင်တော့ သေလိုက်တော့”

ဟွာချင်းယန်က အေးစက်စွာ ခေါင်းခါ၍ လင်းဝူယာအား လက်သည်းဖြင့် ခုတ်ပိုင်းလိုက်သည်။ ဟွာချင်းယန်သည် သံလက်သည်း၌ ယန်စွမ်းအင်များကို စုစည်း ပို့လွှတ်ထားသဖြင့် ၎င်းထံမှ ပြင်းထန်သော စွမ်းအင်များ ပျံ့လွင့်နေ၏။

“တောင်ခွင်းလက်သည်း”

ဤသည်ကိုမြင်သော် လင်းဝူယာ၏ မျက်လုံးများက တောက်ပလာပြီး ကြွေးကြော်လေသည်။

“ငါ့ဘုရင်ရဲ့ နတ်စွမ်းအားက လောကမှာ ပြိုင်ဘက်ကင်းကွ၊ ထာဝရ တည်တံ့နေမှာ”

ထိုအချိန်တွင် ရှဲ့ယွီရန်ကလည်း အန္တရာယ်ပေးလိုသော အပြုံးဖြင့် ဟွမ်ယွီလင်းထံ ပြေးဝင်သွားသည်။

“ခွေးမလေး နင်လည်း သေသင့်တယ်”

သူမသည် သူမထက် လှသော မိန်းကလေးများအား မုန်းတီးသည်။ ထိုသို့လှသောသူ မြင်တိုင်း သူမ သတ်မြဲပင်။ ဟွမ်ယွီလင်း၏ အလှက သူမအပေါ် သက်ရောက်ခဲ့ပြီး အလွန်အမင်း မနာလိုစိတ် ဝင်ရသည်။

သို့သော် ထိုအခိုက်တွင် ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်လာသည်။ တစ္ဆေသဖွယ် ပုံရိပ်တစ်ခုက ဟွမ်ယွီလင်း၏ အရှေ့၌ ပေါ်လာပြီး သူမ၏ အင်္ကျီကော်လံကို ကိုင်၍ နောက်သို့ ချက်ချင်း ဆွဲခေါ်သွားသည်။

ထိုအခိုက်တွင် ရှဲ့ယွီရန်၏ မြွေးစမ်း အင်္ကျီစနှစ်ဖက်က ရှေ့သို့ ပျံသန်းလာပြီး ဟွမ်ယွီဠင်း၏ နဖူးပေါ်မှ ဆံပင်နား ဝေ့ခနဲ ဖြစ်သွားပြီး ဆံစများ ပြတ်ကျသွားသည်။

လက်မတင်လေးသာ ကွာဝေးသွားခဲ့သည်၊ သို့မဟုတ်ပါက ဟွမ်ယွီလင်း၏ ဦးခေါင်းခွံတစ်ခုလုံး ပေါက်ထွက် သွားလောက်သည်။

ထိုမျှနှင့် မရပ်သွားချေ။ တစ္ဆေသဏ္ဌာန် ပုံရိပ်က ဟွမ်ယွီလင်းကို ဆွဲခေါ်ပြီးသည်နှင့် ချက်ချင်း လင်းဝူယာထံ ပြေးသွားသည်။ သူ၏ လှုပ်ရှားမှုက လျှပ်စီးသဖွယ် လျင်မြန်လှပြီး သာမန်မျက်စိဖြင့် သူ့ကို မမြင်နိုင်ပါ။

“ဒုန်း”

ထိုစဉ် ယာဉ်တိုက်မှုဖြစ်ပေါ်သံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် လင်းဝူယာ၏ အရှေ့၌ သံတံတိုင်းသဖွယ် မားမားမတ်မတ် ရပ်နေပြီး ဟွာချင်းယန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးလိုက်သဖြင့် ဟွာချင်းယန် အံ့အားသင့်သွားသည်။

ပတ်ဝန်းကျင်မှ လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းက လောကထဲသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေသော ထိုလူကို မယုံနိုင်သလို ကြည့်ကာ အံ့ဩတုန်လှုပ်နေကြသည်။

ထိုလူသည် ကြောက်လန့်နေသော ဟွမ်ယွီလင်းအား လက်တစ်ဖက်ဖြင့် ပွေ့ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဟွာချင်းယန်၏ သံလက်သည်းကို ဖမ်းချုပ်ထားသည်။

ဟွမ်ယွီလင်း ခေါင်းပေါက်လုနီးပါး ဖြစ်ခဲ့သလို လင်းဝူယာသည်လည်း မမျှော်လင့်ဘဲ သေသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။

ယဲ့ဖန်၏ မျက်လုံးများက အလွန်အမင်း အေးစက်မာကြောနေ၏။ သူသာ နောက်ထပ် ဆယ်စက္ကန့်လောက် နောက်ကျပြီးမှ ရောက်လာခဲ့လျင် နှစ်ယောက်လုံး သေသွားလောက်သည်။

ယဲ့ဖန် ရောက်လာသည်ကိုမြင်သောအခါ ဟွမ်ယွီလင်းသည် အားကိုးရာကို ရှာတွေ့သွားပုံရပြီး သူမရင်ထဲမှ ဝမ်းနည်းစိတ်များ ချက်ချင်း ပေါက်ကွဲလာသည်။

အစောပိုင်းလေးတင် သူမ သေတော့မည်ဟု တွေးမိပြီး ကြောက်လန့်ကာ တုန်ယင်လာလေသည်။ ထို့ကြောင့် သူမ နှလုံးသားက အလွန် အထိမခံမသော အနေအထားသို့ ဖြစ်လာပြီး ယဲ့ဖန်၏ လည်ပင်းကို ဖက်တွယ်ကာ အသည်းအသန် ငိုကြွေးလေတော့သည်။

သူမကို ဤသို့ မြင်လိုက်ရသဖြင့် ယဲ့ဖန်၏ မျက်နှာက ပို၍ ကြမ်းကြုတ် ခက်ထန်လာ၏။ ခွင့်မလွှတ်နိုင်စရာပင်။ သူ့ညီမလေးကို ဤအခြေအနေသို့ ရောက်သည်အထိ ကြောက်လန့်အောင် လုပ်သည်တဲ့လား။ လုံးဝ ခွင့်မလွှတ်နိုင်ပါ။

ထိုအခိုက်တွင် ထိုလူ၏ ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့များ တိုးထွက်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ၎င်းတို့က မှင်သဖွယ် မည်းနက်နေပြီး တစတစ ထွက်ပေါ်လာသည်။ လက်ရှိတွင် ၎င်းက ကောင်းကင်ထက်မှ ကျဆင်းလာသော မိုးနက်များနှင့် သဏ္ဌာန်တူနေကာ လွန်စွာ နတ်ဆိုးဆန်ကာ သွေးဆာ၍ ကြမ်းကြုတ်လှသည်။

ငရဲ၌ နှစ်ထောင်သောင်းချီ အိပ်ပျော်နေသော နတ်ဆိုးတစ်ကောင် ရုတ်တရက် နိုးထလာသကဲ့သို့ လူအများအား လေးလံသော ဖိအားတစ်ခုကို ပေးစွမ်းလေသည်။

သူ၏အသွင်အပြင်က လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ ထိုအခိုက်တွင် လင်းဝူယာ မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။

ယဲ့ဖန်ကို မြင်လိုက်သောအခါ သူ စိတ်အေးသွားသလို ပြုံးလိုက်မိပြီး သူ့ကိုယ်က ရှေ့သို့ လဲကျသွားသည်။ သူ ဆက်၍ တောင့်ခံထားစရာ မလိုမှန်း သိလိုက်လေသည်။

သူ့အရှေ့မှ ဤလူသည် အရာအားလုံးကို ဖြေရှင်းနိုင်၏။ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် သူ့ကို လှမ်းဖမ်းကာ မြေကြီးပေါ် မကျအောင် တားဆီးလိုက်သည်။ ထို့နောက် သူ့ကိုယ်ထဲသို့ ယန်စွမ်းအင်များ ထည့်သွင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“နေလို့ကောင်းသွားပြီလား”

“ကျွန်တော် မသေနိုင်သေးပါဘူး”

လင်းဝူယာက ပါးစပ်ထောင့်မှ သွေးကို သုတ်ပြီး ဖျစ်ညှစ်၍ ပြုံးပြလိုက်သည်။ ယဲ့ဖန်က ခေါင်းညိတ်၍ လင်းဝူယာထံ ဟွမ်ယွီလင်းကို အပ်လိုက်သည်။ ထို့နောက် ယဲ့ဖန်၏ အလွန် ခက်ထန်သော အကြည့်က ရင်ဖုန်းချူနှင့် အခြားသူများထံ ကျရောက်သွားကာ သတ်ဖြတ်လိုသော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။

“မင်းက ဖုန်းယဲ့လား”

ဟွာချင်းယန်က ယဲ့ဖန်ကိုမြင်သော် အထင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။

“မင်း တကယ် လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါ မင်းသတ္တိကို တကယ် လေးစားတယ်”

အခြားသူများအားလုံးကလည်း ယဲ့ဖန်၏ ထိန်းချုပ်မရနိုင်သော ခွန်အားကို သရော်သကဲ့သို့ မထီမဲ့မြင် ပြုံးလာသည်။

သူတို့၏ ထိပ်တန်းအဖွဲ့ရှေ့တွင် ယဲ့ဖန် ပေါ်လာရဲခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ။ လက်ရှိတွင် ယဲ့ဖန်ကိုမြင်ပြီး ရင်ဖုန်းချူ၏ မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်များ တစတစ ပိုတိုးလာ၏။

*ရက်စက်တယ်*

*အေးစက်တယ်*

*ဒါ ငါ့ညီကို သတ်လိုက်တဲ့ မျိုးမစစ်ကောင်ပဲ*

“အမှိုက်ကောင် တစ်သိုက်ပဲကို၊ ဘာလို့ ငါက မလာရဲရမှာလဲ”

ယဲ့ဖန်က ခက်ထန်သော အကြည့်ဖြင့် မေးလိုက်သည်။

*ဟမ်*

သူ့စကားကိုကြားသော် ဟွာချင်းယန် ရုတ်တရက် ဒေါကန်သွားသည်။

*အမှိုက်တဲ့လား၊ ဒီခွေးမသားက ငါ့ကို အမှိုက်လို့ ပြောရဲတာလား*

လက်ရှိတွင် ဟွာချင်းယန်၏ ယဲ့ဖန်အပေါ် မုန်းတီးစိတ်က လင်းဝူယာကို မုန်းတီးစိတ်ထက် မနည်းချေ။

*ဒီလူက ငါ့ကို အထင်သေးရဲတယ်လား*

ပါရမီရှင်များအားလုံး၏ မျက်လုံးများက ခက်ထန်လာကာ မီးဝင်းဝင်းတောက်လာ၏။

*ဒီကောင်က ကြားထားသလို မောက်မာတဲ့ကောင်ပဲ*

*ငါတို့အားလုံးကို တစ်ယောက်တည်း ရန်စရဲတယ်*

*ဟီးဟီး ဟာသပဲ*

ထိုစဉ် ဝမ်ကောဖူ၏ အခြားဂိုဏ်းသားများလည်း ခေါင်းတခါခါနှင့် ထီမထင်သော မျက်နှာပေးများနှင့် ကြည့်နေကြသည်။

သူတို့စိတ်ထဲတွင် ယဲ့ဖန်အား သေတွင်းတူးနေသည်ဟု မြင်နေကြသည်။ ထိုလူများသည် ဝမ်ကောဖူ၏ အသန်မာဆုံး ကျောင်းသားများ ဖြစ်ပြီး တစ်ယောက်ချင်းစီက အာဂပုဂ္ဂိုလ်များ ဖြစ်သည်။ ယဲ့ဖန်က ထိုသူများ အားလုံးကို တစ်ပြိုင်တည်း ရန်စလိုက်သည်တဲ့လား။

*ဒီကောင်က ဘာလို့ ဒီလူတွေကို သတ်နိုင်တယ်လို့ တွေးနေတာလဲ*

“ဟဲဟဲ မင်းက ငါ ထင်တာထက် ပိုမာနကြီးတဲ့ကောင်ပဲ၊ မင်းကို ငါ အရေခွံခွာမယ့် အချိန်ကို စောင့်နေလိုက်၊ မင်း ဆက်ပြီး ယုံကြည်ချက် ရှိနေဖို့ မျှော်လင့်ပါတယ်”

ဟွာချင်းယန်က အေးစက်စွာ ခနဲ့လိုက်သည်။ သို့သော် ယဲ့ဖန်က သူ့ခြိမ်းခြောက်စကားကို မကြားသယောင် ပြုကာ တစ်ခွန်းချင်း ပြောလိုက်သည်။

“သူ့ကို ထိခိုက်အောင် လုပ်တာ မင်းလား”

“အာ … မင်းက အဲ့အမှိုက်ကို ပြောတာလား၊ ဟုတ်တယ် ငါ လုပ်တာ”

ဟွာချင်းယန်က ရယ်၍ မချိုမချဉ် ပြောလိုက်သည်။

“အဲ့လောက်လည်း ဒေါသထွက်မနေပါနဲ့၊ ဘာပဲဖြစ်ဖြစ် ခဏနေရင် မင်းလည်း သူ့နောက်လိုက်ရမှာပဲကို”

နောက်ဆုံးစကား ပြောလို့မပြီးသေးခင်မှာပင် မွန်းကျပ်ဖွယ်ကောင်းသော လေက ဟွာချင်းယန်ထံ တိုက်ခိုက်လာ၏။ ကြောက်စရာကောင်းပြီး ပြင်းထန်ကာ လျင်မြန်လွန်းသည်။

ထို့နောက်တွင် မည်သူမှ ယဲ့ဖန်၏ ပုံရိပ်ကို သေချာ မမြင်လိုက်ကြပေ။ ရင်ဖုန်းချူတောင်မှ မမြင်လိုက်ပါ။ လူတိုင်း၏ အမူအရာက ချက်ချင်း အေးခဲသွားသည်။

ယဲ့ဖန်က ဟွာချင်းယန်ထံ လျင်မြန်စွာ ချဉ်းကပ်သွားသည်ကို သူတို့ ခံစားမိသော်လည်း ယဲ့ဖန်၏ ပုံရိပ်ကို သူတို့ သေချာ မမြင်ကြချေ။ မယုံနိုင်စရာ ကောင်းလှပေသည်။

“ရွှစ်”

လူတိုင်း အသိပြန်ဝင်လာချိန်တွင် ယဲ့ဖန်က ဟွာချင်းယန်၏ မျက်စိရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး လက်တစ်ဖက်က ဟွာချင်းယန်၏ ဦးခေါင်းကို ဖမ်းချုပ်ထားသည်။

ဤအဖြစ်ကြောင့် ဟွာချင်းယန် ကြက်သီးထသွားကာ မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်လာ၏။ ယဲ့ဖန် သူ့ထံ ချဉ်းကပ်လာသောအချိန်နှင့် သူ့အား အနိုင်ပိုင်းလိုက်သောအချိန်တို့ကို သူ သတိမထားမိပါ။ ထိုလက်မှ အေးစက်သော ခံစားချက်ကို ခံစားမိပြီး ဟွာချင်းယန် မျက်လုံးပြူးကာ ကြောက်ရွံ့လာသည်။

“မင်း ဝန်ခံလိုက်မှတော့ သေလို့ရပြီ”

ချက်ချင်းဆိုသလိုပင် သူ့လက်ငါးချောင်းကို ဖျစ်ညှစ်လိုက်သလို ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်က ပေါက်ကွဲ ထွက်ပေါ်လာသည်။

“ဂျွတ်”

ဦးနှောက်က မိုးစက်သဖွယ် လွင့်စဉ်ထွက်လာပြီး ဦးခေါင်းတစ်ခုလုံး ပုံပျက်သွားသည်။ ဟွာချင်းယန် အသတ်ခံ လိုက်ရလေပြီ။ ဤမြင်ကွင်းကြောင့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။

*သေသွားပြီ*

*ဟွာချင်းယန် တကယ်ကြီး ဒီလို သေသွားတာလား*

*ဒါက*

လူတိုင်း၏ မျက်လုံးတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ပြည့်နှက်လာသည်။ ဟွာချင်းယန်၏ ခွန်အားက ရင်ဖုန်းရင်အောက် တစ်ဆင့်သာ နိမ့်သည်။ ဝမ်ကောဖူ၌ ဤသည်ကို မသိသူ မရှိပေ။

သို့သော် ယဲ့ဖန်၏ လက်ထဲ၌ သူသည် တစ်ချက်ပင် ပြန်မလုပ်နိုင်ပါ။ ဤသည်က ယုတ္တိမဲ့လွန်းလှသည်။

ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလျင်တောင်မှ ဤသို့ ကြောက်စရာကောင်းသော ခွန်အား ရှိရန် မဖြစ်နိုင်ပါ။ သိုင်းအဆင့်တူသူအား ချက်ချင်း သတ်ရန် မဖြစ်နိုင်ပေ။

All Chapters