← Chapters

အခန်း ၁၄၅၉

Vol. 98 Ch. 1459

အခန်း ၁၄၅၉

Vol. 98 Ch. 1459

Chapter 1459 တကယ်ပဲ မင်း ဖြစ်နေတာလား

ထို့နောက် ရှေးကျ၍ အားမာန်ပါသော စွမ်းအင်တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာ၏။ မီးတောက် ပေါက်ကွဲသကဲ့သို့ ပူနွေးသော လေလှိုင်းများ ရိုက်ခတ်လာလေသည်။

အင်မော်တယ် အလင်း ဖြာထွက်လာပြီး တာအို ဥပဒေသများ ထွက်ပေါ်လာကာ သူ့နောက်ကျော၌ ရွှေရောင် နတ်ဘုရား ပေါ်ထွက်လာပြီး နေနှင့်လတို့ မျောလွင့်နေသည်ဟု ထင်မှတ်မှားရသည်။

ရင်ဖုန်းချူ၏ ခန္ဓာကိုယ်တစ်ခုလုံး နတ်ဘုရားနှင့် အသွင်တူနေပြီး ထိုကိုယ်နေဟန်ထားက ထည်ဝါ၍ မြင့်မြတ် လှကာ တည်ငြိမ်ပေသည်။ သူ့ကို တစ်ချက် ကြည့်လိုက်သည်နှင့် နတ်ဘုရား ရှိသည်ဟု ယုံကြည်သွားပေလိမ့်မည်။

“ကျူးလုံဧကရာဇ်ရဲ့ မျိုးဆက်ဆိုတဲ့အတိုင်းပဲ အသွင်အပြင်က သူ့ဘိုးဘေးနဲ့ အတူတူပဲ”

“ဧကရာဇ်ရဲ့ ကိုယ်ပွားလို့ ထင်ရလောက်အောင် နတ်ဘုရားလို အစွမ်းထက်တာပဲ”

သူတို့မဆိုထားနှင့် တစ္ဆေဖန့်ချီနှင့် အခြားသူများပင် ရီဝေဝေ ဖြစ်သွားပြီး ကျူးလုံဧကရာဇ် ပြန်ရှင်လာလေသလားဟု ထင်သွားရသည်။

အတိတ်ခေတ်အခါများက ဧကရာဇ် ကျူးလုံသည် နိုင်ငံအားလုံး၏ အထက်၌ ရှိခဲ့ကာ လေးစားကြည်ညိုခြင်း ခံခဲ့ရသည်။ သူသည် နတ်ဘုရားများထက်ပင် သာလွန်သော ပုဂ္ဂိုလ် ဖြစ်ခဲ့ကာ ရှေးတော်ဝင်မျိုးနွယ်တိုင်း လေးစား ကြည်ညိုရသည်။ သူသည် အင်မော်တယ် မင်းဆက်ကို တစ်ကိုယ်တည်း တည်ထောင်ခဲ့ပြီး သူ၏ တိုက်ပွဲဝင် ခွန်အားက ရှေးခေတ်မှ ယနေ့ခေတ်တိုင် ထိတ်လန့်စရာ ကောင်းနေလေသည်။ သူ နှစ်ပေါင်းများစွာ သိုင်းပညာရှင်များကို တစ်ကိုယ်တည်း အနိုင်ယူနိုင်ခဲ့ခြင်းက အံ့ဩစရာ ကောင်းလှသည်။ ယခု သူ့နောက်မျိုးဆက်ကလည်း လောကကို တုန်လှုပ်စေမည့် တိုက်ပွဲကို ဆင်နွှဲတော့မည် ဖြစ်ပြီး သူ၏ ယခင် ဂုဏ်သိက္ခာကို ဆက်လက် သယ်ပိုးတော့မည်။

*ဒါက ထိတ်လန့်စရာကောင်းလွန်းတယ်*

*ပြီးတော့ အံ့ဩစရာလည်း ကောင်းတယ်*

ရင်ဖုန်းချူက ထည်ဝါသော အမူအရာဖြင့် တစ်လှမ်းချင်း လှမ်းလာပုံက လောကအပြင်ဘက် ဟင်းလင်းပြင်မှ ခြေချလာသည်ဟု ထင်မှတ်မှားရသည်။

သိမ်မွေ့နူးညံ့ခြင်းနှင့် သန့်စင်ခြင်းတို့က သူ့ထံတွင် ရောင်ပြန်ဟပ်နေ၏။ သူ၏ ဟန်ပန်ကို မြင်သော် ရှဲ့ယွီရန်က ရုတ်တရက် စွဲလမ်းသော မျက်နှာထားနှင့် ကြည့်လာသည်။ သူတို့ ရင်ဖုန်းချူထံ အညံ့ခံလိုက်ရသည့် အဓိက အကြောင်းရင်းမှာလည်း နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသလို ခံစားရသောကြောင့်ပင်။

ဤသည်ကိုမြင်သော် လူအများသည် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု ပိုယုံကြည်လာ၏။ သို့သော် ယဲ့ဖန်က လက်ပိုက်ထားပြီး အမူအရာက တည်ငြိမ်နေကာ တစ်ချက်ကလေးမှ မျက်နှာပျက်မသွားချေ။

အကြောင်းမှာ ဤသို့သောလူများကို သူ မြင်ဖန်များနေသောကြောင့်ပင်။ မဟုတ်သေး … သူ သတ်ဖန် များနေခြင်းဟု ပိုပြောသင့်ပေသည်။

တစ်လှမ်းချင်း လှမ်းလာနေသော ရင်ဖုန်းချူသည် ဖျတ်ခနဲ လှုပ်ရှားလာပြီး ယဲ့ဖန်ရှေ့သို့ လျင်မြန်စွာ ရောက်သွားသည်။

*အရမ်း မြန်တယ်*

သူတော်စင်သခင်အဆင့်များအားလုံး အကြီးအကျယ် မျက်နှာပျက်သွားပြီး မလှုပ်နိုင် ဖြစ်သွားကြသည်။ ရင်ဖုန်းချူ၏ လှုပ်ရှားမှုကို သူတို့ လုံးဝ မမြင်လိုက်ပါ။ အကယ်၍ ရင်ဖုန်းချူသာ သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ထားပါက ထိုအကွက်နှင့်တင် သူတို့ကို အနိုင်ယူနိုင်နေလေပြီ။

*ဒီရင်ဖုန်းချူက တကယ် ကြောက်ဖို့ကောင်းတာပဲ*

မူလက သူတို့ ရင်ဖုန်းချူကို အထင်ကြီးထားမိသော်လည်း သူတို့ ထင်ထားသည်ထက် ဤမျှ တစ်မူထူးခြား နေလိမ့်မည်ဟု မျှော်လင့်မထားမိပါ။

ရင်ဖုန်းချူက တာအိုစွမ်းအင်များ ပါဝင်နေသကဲ့သို့ အားပြင်းသော လက်ဝါးဖြင့် ယဲ့ဖန်၏ ရင်ဘတ်ကို ရိုက်နှက် လိုက်သည်။

တစ်ဟုန်ထိုး ထွက်ပေါ်လာသော စွမ်းအင်လှိုင်းက ယဲ့ဖန်၏ ရင်ဘတ်ထံ ပြေးဝင်လာသည်။

“ချီးပဲ”

“လူကြီးမင်း သတိထားပါ”

“အရှင် သတိထားပါ”

ဤသည်ကို မြင်သော် တစ္ဆေဖန့်ချီနှင့် အခြားသူများ အမူအရာ ပြောင်းလဲသွားပြီး မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။

ထိုလက်ဝါးချက်က မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ ခံစားမိသည်။ သူတို့သာဆိုလျင် ၎င်းကို ခုခံနိုင်မည် မဟုတ်ပါ။

သံတောင်ကိုပင် မှောက်နိုင်လောက်သည့် တာအိုစွမ်းအင်များ ထွက်ပေါ်နေသဖြင့် သူတော်စင်သခင်အဆင့်များ ကြက်သီးထနေကြသည်။

“ကောင်းကင်ပင့်လက်ဝါး”

ဤသည်ကိုမြင်သော် ရှဲ့ယွီရန်နှင့် အခြားသူများ ချက်ချင်း အော်ဟစ်လာကြသည်။ ဤသည်မှာ ရင်ဖုန်းချူ၏ မူလ တာအိုကျင့်စဉ်ဖြစ်ကာ အစွမ်းကြီးမားသည်။

တစ်ခါက ရင်ဖုန်းချူ ထိုသိုင်းကွက်ဖြင့် တစ်ရက်တည်း တောင်ဆယ့်ငါးလုံးအား ဖျက်ဆီးကာ တောင်များအား သဲအိတ်သဖွယ် ဖြစ်အောင် လုပ်ခဲ့သည်ကို သူတို့ မြင်ခဲ့ဖူးသည်။ ၎င်းသည် အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။

ရှဲ့ယွီရန်နှင့် ဟွာချင်းယန်တို့သည် ရင်ဖုန်းချူ ထိုသိုင်းကွက် ထုတ်သုံးရသည်အထိ အရည်အချင်းမ ရှိပါ။ သို့သော် ရင်ဖုန်းချူက ဤသိုင်းကွက်ကို တန်းသုံး၍ ယဲ့ဖန်ကို ရင်ဆိုင်နေသည်။ ဤသည်က ရင်ဖုန်းချူက ယဲ့ဖန်ကို အရိုးပင် မကျန်အောင် သတ်ချင်နေမှန်း သိသာစေ၏။ သို့သော် ယဲ့ဖန်က ငြိမ်မြဲငြိမ်နေသည်။

*မပုန်းဘူးလား*

ဤမြင်ကွင်းက လူတိုင်းကို အံ့ဩသွားစေသည်။ သူတို့ အမြင်များမှားလေသလားဟု မျက်လုံးပင် ခပ်ကြမ်းကြမ်း ပွတ်ကြည့်မိသည်။

*ရင်ဖုန်းချူရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ကွက်နဲ့ ရင်ဆိုင်နေရတာတောင် ဒီလူက မပုန်းဘူးလား*

“သူ မရှောင်နိုင်မှန်းသိလို့ သူ့ကံကို လက်ခံလိုက်တာနဲ့တူတယ်”

ရှဲ့ယွီရန်က ရယ်မောလေသည်။ သူမအနောက်မှ ပါရမီရှင်များက အလွန် ရက်စက်သော အကြည့်များဖြင့် အပြုံးကြီး ပြုံးနေကြသည်။ ယဲ့ဖန် အသားပြားသဖွယ် ရိုက်နှက်ခံလိုက်ရသည်ကို မြင်ယောင်နေသည့်ပုံပင်။

ထိုအချိန်တွင် ယဲ့ဖန် လှုပ်ရှားလာပြီး လက်သီးဖြင့် ပြန်ထိုးနှက်လိုက်သည်။ ဤသည်ကိုမြင်သော် ရှဲ့ယွီရန်နှင့် အခြားသူများ ခွက်ထိုးခွက်လန် ရယ်မောလုနီးပါး ဖြစ်သွားပြီး ရှဲ့ယွီရန်က လှောင်ရယ်လာသည်။

“ဒီလူက သူ့ကံကို လက်မခံချင်သေးတဲ့ပုံပဲ၊ သူက ကောင်းကင်ပြိုတာကို လက်နဲ့တားဖို့ ကြိုးစားချင်နေတာပဲ၊ ဟားဟား ငါ သူ့သတ္တိကို လေးစားတယ်”

“အရူး တကယ့် အရူး”

“ကောင်းကင်ပင့်လက်ဝါးကို နတ်ဘုရင်အဆင့်တောင် စိတ်ရှိသလို မတားရဲတာ၊ ဒီလူ အသက်ရှင်ရတာ ပျင်းနေပြီလား”

“အဖွဲ့လိုက်တိုက်ရင် နိုင်ရင်နိုင်ဦးမှာ၊ သူက တစ်ယောက်ချင်းတိုက်ချင်နေမှတော့ သေလမ်းပဲ ရှိတယ်၊ သူ တိုက်နိုင်ချေ ရှိတာကို ခေါင်းမာတာပဲ”

“သူ့ကိုယ်သူ ဆက်တိုက် ယုံနေမှတော့ အခု သေပြီပေါ့”

ရှဲ့ယွီရန်၏ လက်ပါးစေများကလည်း အထင်သေးသလို ရယ်လာကြသည်။ သို့သော် ထိုအခိုက်တွင် ထည်ဝါ၍ မွန်းကျပ်စေသော အရှိန်အဝါတစ်ခုက မီးတောင်ပေါက်သကဲ့သို့ ပျံ့လွင့်လာ၏။

ထိုစွမ်းအင်က အလွန်အမင်း ဖိနှိပ်နိုင်သောကြောင့် လူတိုင်း ချောက်ချားသွားကြသည်။ ချက်ချင်းဆိုသလိုပင် ရှဲ့ယွီရန်နှင့် အခြားသူများ မျက်နှာထား ပြောင်းလဲသွားပြီး တစ်ခုခုကို သတိထားမိသကဲ့သို့ ကြောက်လန့်လာသည်။

ထိုလက်သီးချက်က ထောင်ချီသော စစ်သည်တော်များကို ချေမှုန်းနိုင်ပြီး အဆုံးအစမဲ့သော စွမ်းအင်များ ပါဝင်ကာ ကောင်းကင်ကို ထိုးဖောက်နိုင်သည်အထိ အစွမ်းထက်သည်ဟု ထင်မှတ်ရသည်။

“ဝုန်း”

လက်သီးနှင့် လက်ဝါးတို့ ပြင်းထန်စွာ ထိုးနှက်မိသွားကြသည်။ လေဟာနယ် စုတ်ပြဲသွားပြီး စွမ်းအင်လှိုင်းများ ပျံ့လွင့်လာ၏။

ကြောက်စရာကောင်းသော အငွေ့အသက်က သက်ရှိတိုင်းကို တုန်လှုပ်စေသည်။ လက်ရှိတွင် ထိတ်လန့်စရာကောင်းသော အရှိန်အဝါကြောင့် ကျောင်းသားတိုင်း မြေကြီးပေါ် ဒူးထောက်ကျလာ၏။

ဖုန်တထောင်းထောင်း ထလာပြီး ဝမ်ကောဖူတစ်ခုလုံး မြူဆိုင်းသလို ဖြစ်ကာ မည်သူမှ ဘာဖြစ်နေသလဲ အတိအကျ မမြင်ရတော့ချေ။

*ကြောက်စရာကောင်းလိုက်တာ*

*လန့်စရာကြီး*

ယဲ့ဖန်က ရင်ဖုန်းချူနှင့် ယှဉ်ပြိုင်နိုင်မည့် လောကကို တုန်လှုပ်စေလောက်သည့် လက်သီးကို ထုတ်ဖော် နိုင်လိမ့်မည်ဟု လူတိုင်း ယုံရခက်နေကြသည်။

သို့သော် ဖုန်မှုန့်များ လွင့်ပြယ်သွားသောအခါ လူနှစ်ယောက် ပေါ်လာသည်ကို အားလုံး မှင်တက်သွားကြသည်။ ထိုလူနှစ်ယောက်က မျက်နှာချင်းဆိုင် ရှိနေကြသည်ကို လူတိုင်း အသေအချာ မြင်နေရသည်။ ယဲ့ဖန်က ခံစားချက် ကင်းမဲ့သော မျက်နှာထားနှင့် ဝင့်ဝင့်ကြွားကြွား ရပ်မြဲရပ်နေပြီး မျက်လုံးများက အရိုးကွဲမတတ် အေးစက်နေ၏။

ရင်ဖုန်းချူကမူ ယဲ့ဖန်ရှေ့၌ ဒူးထောက်နေ၏။ ဤမြင်ကွင်းကိုမြင်သော် လူတိုင်း ကြောက်လန့်လွန်းသဖြင့် အသံပင် မထွက်နိုင်ကြချေ။

*ကြက်သီးထစရာ ကောင်းလိုက်တာ*

*ကျောချမ်းစရာ ကောင်းတယ်*

*ရင်ဖုန်းချူ ရှုံးသွားတာလား*

*ရင်မိသားစုရဲ့ ရင်ဖုန်းချူကလေ ရှုံးသွားတယ်ပေါ့*

သူ၏နောက်လိုက်များ ပြိုလဲသွားလေသည်။ သူတို့၏ ယုံကြည်မှု အလုံးစုံ ပျက်စီးသွားလေပြီ။ သူတို့၏ အမြင်တွင် ဧကရာဇ်ကျူးလုံ၏ မျိုးဆက်ဖြစ်သော ရင်ဖုန်းချူသည် ပြိုင်ဘက်ကင်းသော ပုဂ္ဂိလ် ဖြစ်သည်။ ယခု အဆင့်နှစ် နေရာ၌သာ ရှိသေးသော်လည်း နောင်တွင် အဆင့်တစ်သို့ သေချာပေါက် ရောက်နိုင်စွမ်း ရှိပေသည်။

ထိုသို့ အချိန်တစ်ခဏမျှသာ ကြာလိမ့်မည်ဟု ထင်ထားကြသည်။ သို့သော် သူတို့ရှေ့မှ မြင်ကွင်းက သူတို့၏ မျှော်လင့်ချက်အားလုံးကို ကြေမွသွားစေသည်။

ထို့အတူ မြေကြီးပေါ် ဒူးထောက်ကျနေသော ရင်ဖုန်းချူသည်လည်း မျက်လုံးများ ပြူးကျယ်နေကာ အလွန် ကြောက်ရွံ့ဟန် ပေါ်နေ၏။ လက်ရှိတွင် သူ့ရင်ထဲ၌ လှိုင်းထန်နေလေသည်။

သူသည် ရင်မိသားစု၏ ရင်ဖုန်းချူ ဖြစ်သည်။ သူ့အား ဤသို့နာမည်ပေးထားခြင်းမှာ နောင်တစ်ချိန်တွင် သူသည် နဂါးတစ်ကောင်၊ ဖီးနစ်တစ်ကောင်သဖွယ် အမြင့်သို့ ပျံတက်၍ သက်ရှိအားလုံးကို အထက်မှ ကြည့်နိုင် လိမ့်မည်ဟု သူ့မိဘများက သိထား၍ ဖြစ်ပေသည်။

သူသည် မောက်မာသော်လည်း သူ့၌ ထိုသို့လုပ်နိုင်စွမ်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ကောဖူရှိ ပါရမီရှင်များစွာတွင် မည်သူမှ သူ့ကို မယှဉ်နိုင်သောကြောင့်ပင်။

သူတော်စင်သခင်အဆင့်အား ဟင်းသီးဟင်းရွက်အား ဖြတ်တောက်သကဲ့သို့ အေးဆေးလွယ်ကူစွာ သတ်နိုင်သူ ဖြစ်သည်။ သူ့ကိုမြင်တိုင်း မည်သူက မရှက်ရွံဘဲ နေနိုင်မည်နည်း။ မည်သူက သူ့အား မလေးစားဘဲ နေနိုင်မည်နည်း။

သို့သော် သူ၏ မာနနှင့် ဧကရာဇ်တစ်ပါးကဲ့သို့ ထည်ဝါမှုတို့က သူ့အရှေ့မှ နတ်ဆိုးကဲ့သို့သောလူကြောင့် ပျက်စီးသွားလေပြီ။ ပျောက်ကွယ်သွားလေပြီ။ သူ အရှုံးကို လက်ခံနိုင်သော်လည်း တစ်ချက်တည်းဖြင့် မရှုံးနိုင်ပါ။

တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူသည် အမှိုက်နှင့်တူနေပြီး စကားထဲထည့်ပြောရလောက်အောင် မထိုက်တန်သည့်ပုံပင်။ ရင်ဖုန်းချူဟူသော သူသည် ဖီးနစ်တစ်ကောင် ဖြစ်မလာခင် ဖြတ်ရိုက်ခံလိုက်ရလေပြီ။ လက်ရှိတွင် ရှဲ့ယွီရန်နှင့် အခြားသူများ ထိတ်လန့်၍ သတိလစ်လုနီးပါး ဖြစ်နေ၏။

*ရင်ဖုန်းချူက ရှုံးသွားတယ်တဲ့လား၊ ဒါကလည်း တစ်ချက်တည်းနဲ့*

ဝမ်ကောဖူ၏ အဆင့်တစ်နှင့် ယှဉ်တိုက်စဉ်ကလည်း တစ်ဖက်က ကပ်သီးလေး နိုင်သွားခဲ့ခြင်း ဖြစ်သွားခဲ့သည်။ နှစ်ဖက်လုံး တိုက်ကွက်ပေါင်း ရာချီ၍ တိုက်ခဲ့ရသည်။ သို့သော် ယခု ရင်ဖုန်းချူက တစ်ချက်တည်းဖြင့် ရှုံးသွားသည်။

ရုတ်တရက် လူတိုင်း ငြိမ်ကျကာ အတွေးများ ဗလာဖြစ်နေကြသည်။ ယွမ်ပမ်းရှီနှင့် အခြားသူများတောင်မှ ဝမ်ကောဖူ၏ ပါရမီရှင်ကို ချက်ချင်း အနိုင်ယူလောက်သည်အထိ ယဲ့ဖန်၏ ခွန်အားက အလွန် ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မထားမိကြချေ။ ထို့အပြင် သူ ချွေးတောင်မထွက်ခဲ့ချေ။

သူတော်စင်သခင်အဆင့်များအားလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာပြီး သူတို့ရင်ထဲမှ လေးစားစိတ်က ပိုတိုးလာသည်။

“မင်းနဲ့ သူတို့ကြားမှာ သိသိသာသာ ခြားနားနေတာမျိုး မရှိဘူးလို့ ငါ ပြောခဲ့သားပဲ”

ယဲ့ဖန်က ရင်ဖုန်းချူအား အထင်သေးစွာ ကြည့်နေပြီး လေသံက အလွန် အေးစက်နေ၏။

“ဘာလို့လဲဆိုတော့ မင်းတို့အားလုံးက ငါ့မျက်လုံးထဲမှာ အမှိုက်မို့လို့ပဲ”

*ငါတို့အားလုံးက အမှိုက်တဲ့လား*

လွန်ခဲ့သော ငါးမိနစ်က ထိုစကားကို သူတို့ ကြားခဲ့သော်လည်း အလွန် ရယ်ရသော ဟာသဟု သူတို့ ထင်ခဲ့ကြသည်. သို့သော် ယခုအခါတွင် သူတို့ ယုံကြည်ရလေပြီ။

ယဲ့ဖန်က သူတို့ကို အချက်ကျကျ သက်သေပြသွားခဲ့သည်။ သူ ရင်ဖုန်းချူအား ခွေးသတ်သလို သတ်နိုင်၏။ လူတိုင်းသည် ကြောက်လန့်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။

*ဒီကောင်က ရင်မိသားစုရဲ့ ပါရမီရှင်ကို သတ်ရတာနဲ့ မလုံလောက်လို့ ရင်မိသားစုရဲ့ ဆက်ဆံသူ အလောင်းအလျာ ရင်ဖုန်းချူကိုပါ သတ်မလို့လား*

*ရင်မိသားစုရဲ့ အမျက်ဒေါသကို သူ မကြောက်ဖူးလား*

ရင်ဖုန်းချူ အသိလွတ်နေပြီး ယဲ့ဖန် ပြောသော စကားကို မကြားချေ။ လက်ရှိတွင် အဘယ်ကြောင့် သူ ရှုံးရသလဲကိုသာ တွေးတောနေ၏။ အဘယ်ကြောင့် သူ လျင်မြန်စွာ ရှုံးရသနည်း။ သူ့အတွေးကမ္ဘာထဲ သူ နစ်မျောနေသည်။

ဟွာချင်းယန်က တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခြင်းကို သူ နားလည်နိုင်ပါသည်။ သူ တစ်ချက်တည်းဖြင့် ရှုံးရခြင်းကိုသာ သူ နားမလည်နိုင်ပါ။

“ကြည့်ရတာ မင်းမှာ နောက်ဆုံးစကား မရှိဘူးထင်တယ်၊ ဒီလိုဆိုလည်း သေလိုက်တော့”

ယဲ့ဖန်က ရင်ဖုန်းချူကို ခြေထောက်တစ်ဖက်ဖြင့် နင်းလိုက်ပြီး မျက်လုံးများ အေးစက်နေသည်။ ထိုအခိုက်တွင် လူတိုင်း၏ မျက်လုံးများ ထိုင်းမှိုင်းလာ၏။

*ဒီနေ့က ရင်မိသားစုရဲ့ ရင်ဖုန်းချူ ကျဆုံးခန်းလို့ ပြောရမလား*

“နင် ဘယ်အချိန်အထိ ဘေးကနေ ကြည့်နေမှာလဲ”

ထိုစဉ် ရှဲ့ယွီရန်က တစ်နေရာကို ကြည့်၍ ဒေါသတကြီး အော်ဟစ်လာသည်။

*ဟမ်*

လူတိုင်း ထိုနေရာသို့ မယုံသင်္ကာဖြင့် ကြည့်လိုက်ကြသည်။ ထိုအခါ လူတစ်ယောက် ထွက်လာသည်။ ထိုလူ၏ အသွင်အပြင်ကို မြင်သည်နှင့် လူတိုင်း မျက်နှာ အမူအရာ ပြောင်းလဲသွားကြသည်။

ယဲ့ဖန်တောင်မှ ထိတ်လန့်၍ မျက်နှာဖြူရော်သွားကာ မေးလိုက်မိသည်။

“တကယ်ပဲ မင်း ဖြစ်နေတာလား”

All Chapters