အခန်း ၁၄၆၀
Vol. 98 Ch. 1460
Chapter 1460 ယဲ့ဖန် သေပေတော့
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။
“အဲ့မိစ္ဆာက တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘူးလား၊ သူ ဘယ်တုန်းက ထွက်လာတာလဲ”
*ရင်ဖုန်းချူက သူ့ကို ဖိတ်နိုင်လိုက်တာလား*
လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များ ပေါ်နေပြီး မယုံနိုင်ကြချေ။ အကြောင်းမှာ သူတို့ရှေ့၌ ရပ်နေသူသည် ဝမ်ကောဖူ၏ ပါရမီရှင်စာရင်း၌ နံပါတ်တစ်တွင် ရှိနေသော ကြောက်စရာကောင်းသော မိစ္ဆာကဲ့သို့သောလူ ဖြစ်သောကြောင့်ပင်။
ရင်ဖုန်းချူတောင်မှ သူ့ပြိုင်ဘက် မဟုတ်ချေ။ ရင်ဖုန်းချူကို အနိုင်ယူပြီးနောက် သူမက ဝမ်ကောဖူ၏ အခက်အခဲဆုံး သေခြင်းရှင်ခြင်း စမ်းသပ်မှု အကာအရံ၌ ချက်ချင်း တံခါးပိတ် ကျင့်ကြံခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း သေခြင်းရှင်ခြင်း စမ်းသပ်မှု တံခါးဝမှ ထွက်လာနိုင်သူက လက်ဆယ်ချောင်းပင် မပြည့်ချေ။
သို့သော် ဤအမျိုးသမီးက သေခြင်းရှင်ခြင်း တံခါးဝမှ ထွက်လာနိုင်သဖြင့် သူမ ခွန်အားက မည်မျှ ကြောက်စရာ ကောင်းနေလိမ့်မလဲ။
သေခြင်းရှင်ခြင်း တံခါးဝမှ ထွက်လာနိုင်သူတိုင်းသည် ခွန်အားများ အဆမတန် တိုးလာကြသည်။ ဤအမျိုးသမီး သည်လည်း ယခင်ထက် ပိုမို၍ ကြောက်စရာကောင်းနေလောက်သည် မဟုတ်ပါလော။
သူမ ပေါ်လာသည်ကိုမြင်သောအခါ ရင်ဖုန်းချူ မချိတင်ကဲ မျက်နှာပေး ဖြစ်သွားလေသည်။ သူ့မာနကို ရိုက်ချိုး၍ သူ့အား နင်းချေခဲ့သော နောက်ထပ် လူတစ်ယောက်။ ချက်ချင်းဆိုသလိုပင် ရင်ဖုန်းချူက သူမကို လှမ်းအော် ပြောလိုက်သည်။
“မင်း ငါ့အတွက် တစ်ခု ကူညီရင် ငါ မင်းကို ရင်မိသားစုရဲ့ ရှေးဟောင်းကျမ်းစာ ပေးကြည့်ခွင့် ပေးမယ်လို့ ငါ မင်းနဲ့ သဘောတူညီမှု လုပ်ခဲ့တယ်၊ အခု မင်းကို အဲ့သဘောတူညီချက်ကို ဖြည့်ဆည်းစေချင်တယ်”
ထို့နောက် ရင်ဖုန်းချူက ခက်ထန်သော မျက်လုံးတို့ဖြင့် ယဲ့ဖန်အား လက်ညှိုးထိုးကာ အံကြိတ်၍ အော်ပြော လေသည်။
“ငါ မင်းကို သူ့ကို သတ်စေချင်တယ်”
သူ အသက်ရှင်မှဖြစ်မည်ကို သူ နားလည်သွားလေပြီ။ သူ့အသက်ရှင်ရန် မျှော်လင့်ချက်က တစ်ခုသာ ရှိသည်။ ယခု ယဲ့ဖန်ကို ထိုအမျိုးသမီးသာ သတ်နိုင်ပေသည်။
လူအုပ်ကြားထဲ၌ ဆူညံပွက်လောရိုက်သံ ထွက်ပေါ်လာ၏။ ရင်ဖုန်းချူတွင် ဤသို့ အကူအညီပေးမည့်သူ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ယွမ်ပမ်းရှီဘက်တွင် လူတိုင်း အလွန်အမင်း မျက်နှာပျက်နေကြသည်။ အကြောင်းမှာ သူတို့အရှေ့မှ အမျိုးသမီးက ကြောက်စရာ ကောင်းကြောင်း သူတို့အားလုံး ခံစားမိနေသောကြောင့်ပင်။
သေခြင်းရှင်ခြင်း စမ်းသပ်မှုကို ဖြတ်ကျော်နိုင်၍ ဤအမျိုးသမီး၌ သူတော်စင်သခင်အဆင့်များအား တုန်လှုပ်စေနိုင်သော အရှိန်အဝါ ရှိနေခြင်း ဖြစ်နိုင်ပေသည်။ အလွန် ကြောက်စရာ ကောင်းလှသည်။
“ရင်ဖုန်းချူ မင်းက သာမန် အရှက်မရှိတဲ့ကောင် မဟုတ်ဘူးပဲ၊ တစ်ယောက်တည်း တိုက်ရမှာကို မင်းက အကူအညီပါ ခေါ်တယ်ပေါ့လေ”
လင်းဝူယာက အထင်သေးသော မျက်နှာထားဖြင့် သရော်လိုက်သည်။
“မင်းက တကယ် ရွံဖို့ကောင်းတာပဲ”
ထိုစကားကိုကြားသော် ရင်ဖုန်းချူ၏ မျက်နှာ မည်းမှောင်သွားပြီး ဘာအသံမှ ထွက်မလာချေ။ ဘေးနားမှ ရှဲ့ယွီရန်က ဒေါသတကြီး ပြန်အော်လေသည်။
“သူ့ကို သတ်ပြီးတာကို စောင့်နေ၊ ပြီးရင် နင့်ပါးစပ်ကို ငါ စုတ်ဖြဲပစ်မယ်”
ထိုအခိုက်တွင် ထိုအမျိုးသမီးက ယဲ့ဖန်ဘက်သို့ လှမ်းကြည့်လာသည်။ ယဲ့ဖန်ကလည်း တည်ငြိမ်စွာ သူမကို ပြန်ကြည့်သည်။ ပတ်ဝန်းကျင် အခြေအနေက တိတ်ဆိတ် ငြိမ်သက်သွားသည်။
“နင် ဘာလုပ်နေသေးတာလဲ၊ ဘာလို့ သူ့ကို မြန်မြန် မသတ်တာလဲ”
ရှဲ့ယွီရန်က ရင်ဖုန်းချူကိုယ်စား အော်ငေါက်လေသည်။
“ငါ ငြင်းပယ်တယ်”
သို့သော် ထိုအမျိုးသမီးက ခေါင်းခါလာပြီး ထိတ်လန့်စေနိုင်သည့် စကားကို ပြောလာသည်။
“ငါ သူ့ကို မနိုင်ဘူး”
*ဘာ*
ထိုစကားကို ကြားလိုက်ရသူတိုင်း ချက်ချင်း အံ့အားသင့်သွားကြသည်။
“ဘာ … ခုနက ငါ ဘာကြားလိုက်တာလဲ၊ အဲ့မိစ္ဆာက သူ ဖုန်းယဲ့ကို မနိုင်ဘူးလို့ ပြောသွားတာလား၊ ငါ နားကြားမှားတာလား”
“မဟုတ်ဘူး မင်း ကြားတာ မှန်တယ်၊ ဘာလို့လဲဆိုတော့ ငါလည်း ကြားလိုက်တယ်”
“ဒါ အတုကြီး၊ ဒါ မှားနေတာပဲ ဖြစ်ရမယ္၊ ဘယ်လိုလုပ် ဒီမိစ္ဆာမထက် တစ်စုံတစ်ယောက်က ပိုကြောက်စရာ ကောင်းနေမှာလဲ”
“ဒီဖုန်းယဲ့ … သူက လူရော ဟုတ်ရဲ့လား”
ထိုအခိုက်တွင် ထိတ်လန့်သွေးပျက်သော စကားသံများ ထွက်ပေါ်လာ၏။ လူတိုင်း ရီဝေဝေ အမူအရာများ ဖြစ်သွားကြပြီး ဤသည်ကို အမှန်ဟု မယုံနိုင်ကြချေ။
ဝမ်ကောဖူ တစ်ခုလုံးတွင် ကြောက်စရာ အကောင်းဆုံးဖြစ်သော မိစ္ဆာ အမျိုးသမီးကတောင်မှ ဖုန်းယဲ့ကို မနိုင်နိုင်ဟု ပြောလာသည်တဲ့လား။
ထိုအခိုက်တွင် ယဲ့ဖန်က ရယ်၍ ပြောလာသည်။
“ခို့ကျန်းဟွိုက်က မင်းကို လိုက်ရှာနေတာ မင်း သိလား”
ထိုအမျိုးသမီးမှာ လုံခွေပင်။ တစ်ခါက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ခြေရာကို နင်းနိုင်ရမည်ဟု ကြွေးကြော်ထားသည့် ကြောက်စရာကောင်းသော အမျိုးသမီး။
“ငါ သိတယ်၊ ငါ အခု တံခါးပိတ် ကျင့်ကြံနေတာ၊ သူ့ကို အာရုံစိုက်ဖို့ ငါ့မှာ အချိန်မရှိဘူး”
လုံခွေက သုန်မှုန်နေသော မျက်နှာနှင့် ပြောလာသည်။ ကုန်လွန်သွားခဲ့သော အချိန်အတောအတွင်း သူမသည်လည်း အတော်လေး ပြောင်းလဲသွားသည့်ပုံပင်။
ခွန်အားဖြစ်စေ စိတ်သဘောထားဖြစ်စေ ပြောင်းလဲသွားလေသည်။ ညတွင်းချင်း ရင့်ကျက်သွားပုံရသည်။ သူမ မရင့်ကျက်၊ မတိုးတက်လာလျင် သေဆုံးသွားသော အပေါင်းအပါများအတွက် သူမ မည်သို့ လက်စားချေ နိုင်ပါတော့မည်နည်း။
*ဒီနှစ်ယောက်က အချင်းချင်း သိနေကြတာလား*
သူတို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များ ပြောနေကြသည်ကို မြင်သော် ဘေးလူများအားလုံး ချက်ချင်း သဘောပေါက် သွားကြသည်။ ဤနှစ်ယောက်သည် အချင်းချင်း အချိန်အတော်ကြာအောင် သိကျွမ်းနေကြသည်။ ထိုသို့ဆိုလျင် လုံခွေ ပြောခဲ့သော စကားက ယုတ္တိ ရှိပေသည်။
*ဒီဖုန်းယဲ့က တကယ် ကြောက်ဖို့ကောင်းတာပဲ*
မူလက ရင်ဖုန်းချူနှင့် ရှဲ့ယွီယန်တို့ အနည်းငယ် ကံကောင်းနိုင်သေးသည်။ သို့သော် ယခု သူတို့၏ အမူအရာက တောင့်တင်းလာပြီး စိတ်ထဲ၌ အေးစိမ့်လာသည်။
ရှဲ့ယွီရန် ချက်ချင်း ဒေါသထွက်လာပြီး လုံခွေအား အော်ငေါက်လိုက်သည်။
“လုံခွေ ငါတို့ အရင်က သဘောတူထားတာကို မမေ့နဲ့၊ သူ့ကိုသတ်ဖို့ နင့်ကို ငါ အမိန့်ပေးနေတယ်”
လုံခွေက ရှဲ့ယွီရန်ကို အသာကြည့်လိုက်သည်။
“စိတ်မကောင်းပါဘူး ငါက အရူး မဟုတ်ဘူး”
“ဘာ”
ရှဲ့ယွီရန် မျက်နှာ မည်းမှောင်သွားသည်။ လုံခွေက ဘာကို ဆိုလိုချင်နေသနည်း။
“အရူးမဟုတ်ဘူးဆိုရင် ဘာလို့ ဒီမိစ္ဆာကောင်ကို ရန်စခဲ့လဲ ငါ တွေးကြည့်လို့မရဘူး”
လုံခွေက ခေါင်းခါ၍ အံ့ဩဟန်ဖြင့် စုတ်သတ်ကာ ပြောလိုက်သည်။
“နင်တို့တွေ ထီပေါက်တာပဲ”
*မိစ္ဆာကောင်*
*သူကတောင် မိစ္ဆာကောင်လို့ ခေါ်ရတယ်လား၊ သူက ဘယ်လောက် ကြောက်ဖို့ကောင်းတာလဲ*
အလွန် ထိတ်လန့်ကြောက်ရွံ့သော အကြည့်များ ယဲ့ဖန်ပေါ် ကျရောက်လာ၏။
*ဒီလူက တကယ်ကို လူမဟုတ်ဘူးပဲ*
လုံခွေ မည်မျှ ကြောက်စရာကောင်းကြောင်း ဝမ်ကောဖူတစ်ခုလုံး၌ မသိသူ မရှိပေ။ သို့သော် သူမကတောင်မှ ယဲ့ဖန်ကို ကြောက်စရာကောင်းသည်ဟု တွေးထားလျင် ယဲ့ဖန်က တကယ်ပင် ကြောက်စရာကောင်းလွန်းသော မိစ္ဆာ ဖြစ်ရပေမည်။
သူမစကားကို ကြားပြီးနောက် ရင်ဖုန်းချူနှင့် ရှဲ့ယွီရန်တို့ မှင်တက်သွားကြသည်။ သူတို့မျက်နှာတွင် အံ့ဩရိပ်များ သန်းနေ၏။
*လုံခွေကတောင် ဒီလူကို ကြောက်ပြီးတော့ သူ့ကို ချရဲတဲ့ သတ္တိမရှိဘူးလား*
ယခုတစ်ခေါက်တွင်တော့ သူတို့ ဒုက္ခရောက်ပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
*သွားပြီ*
*ပွဲသိမ်းပြီ*
လုံခွေတောင်မှ တိုက်ခိုက်ရန် ငြင်းပယ်နေလျင် အခြားမည်သူက ဤမိစ္ဆာကောင်ကို အနိုင်ယူနိုင်မည်နည်း။
“ကြည့်ရတာ မင်းတို့ ကံကို ဆုံးဖြတ်ပြီးပြီနဲ့တူတယ်”
ယဲ့ဖန်က ရယ်၍ ရင်ဖုန်းချူကို ပြုံးကာ ကြည့်၍ ခြေတစ်ဖက်ကို မြှောက်လိုက်သည်။
“ရပ်လိုက်”
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သော အသံတစ်သံ ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားသည်။
*ဟမ်*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး တစ်နေရာအား အေးစက်စွာ ကြည့်၍ လေသံမာမာဖြင့် ငေါက်ငမ်းလိုက်သည်။
“အဘိုးကြီး ခင်ဗျားလည်း သေချင်တာလား”
*အဘိုးကြီး ဟုတ်လား*
လူတိုင်း အံ့ဩနေကြသည်။ ထိုအချိန်တွင် မဟာကျောင်းအုပ်က သုန်မှုန်နေသော မျက်နှာဖြင့် ပျံသန်းလာပြီး သူတို့ထံ ဆင်းလာ၏။ လူတိုင်း အသက်အောင့်ထားမိကာ မှင်တက်အံ့ဩသွားကြသည်။ ယဲ့ဖန်က မဟာကျောင်းအုပ်ကို လူပုံအလယ်၌ အဘိုးကြီးဟု သမုတ်လိုက်သည်တဲ့လား။
*ဒါ အရမ်းမောက်မာလွန်းတယ်၊ ဟုတ်တယ်မလား*
*သူက နတ်ဘုရင်အဆင့်လေ၊ ဒီကောင် အောက်ကျို့ရမှန်း မသိဘူးလား၊ နှိမ့်ချရမယ်ဆိုတာကို မသိဘူးလား*
မဟာကျောင်းအုပ်သည် ယဲ့ဖန်က ရင်ဖုန်းချူကို တကယ် အနိုင်ယူနိုင်မည်ဟု မထင်ထားသလို ရင်ဖုန်းချူကို သတ်ရန် ပြင်လိမ့်မည်ဟုလည်း ထင်မထားချေ။ ယဲ့ဖန်ကိုသာ ရင်ဖုန်းချူအား သတ်ခွင့်ပေးလိုက်လျင် သူတို့ ဝမ်ကောဖူ ဇာတ်သိမ်းပေလိမ့်မည်။
“မင်း သူ့ကို သတ်လို့မရဘူး”
မဟာကျောင်းအုပ်က အေးစက်စွာ ပြောလိုက်သည်။ ယဲ့ဖန်ကို တားဆီးရန် သူ စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။
“ငါ ပြောပြီးသားစကားကို နှစ်ခါ မပြောဘူး၊ ထွက်သွားမလား အသေခံမလား”
ယဲ့ဖန်က အေးစက်ခက်ထန်သော မျက်နှာနှင့် ပြောလိုက်သည်။ လူတိုင်း အတွေးထဲ၌ ဗလာဖြစ်သွားကြပြီး သေမတတ် ကြောက်လန့်လာ၏။
*ဖုန်းယဲ့က မဟာကျောင်းအုပ်ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ*
*ဝမ်ကောဖူရဲ့ အသန်မာဆုံးလူကို ခြိမ်းခြောက်ရဲတယ်ပေါ့*
*နတ်ဘုရင်အဆင့်ကိုလေ*
*ဒီကောင် ဘာတွေ စဉ်းစားနေတာလဲ၊ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ တကယ် ထင်နေတာလား*
မဟာကျောင်းအုပ်သည် နတ်ဘုရင်အဆင့် ဖြစ်ပြီး ခွန်အားက ရင်ဖုန်းချူထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုသန်မာလေသည်။ ထိုသို့သော ပုဂ္ဂိုလ်ကို ရန်စရဲသဖြင့် ယဲ့ဖန်က သေရမည်ကို မကြောက်လေသလော။
သူတော်စင်သခင်အဆင့်က ဘုရင်အဆင့်ကို အသာလေး သတ်သကဲ့သို့ နတ်ဘုရင်အဆင့်က သူတော်စင်သခင် အဆင့်ကို သတ်ရန် တစ်ချက်သာ လိုပေသည်။ လက်ချောင်းတစ်ချောင်းတည်းဖြင့် ယဲ့ဖန်ကို အသေသတ်နိုင်၏။
“ဖုန်းယဲ့ မင်း သူ့ကို သတ်ရင် ငါ့ဝမ်ကောဖူက သေချာပေါက် ဇာတ်သိမ်းသွားလိမ့်မယ်၊ စိတ်မကောင်းပါဘူး၊ မင်းနဲ့အတူ ဝမ်ကောဖူကိုပါ ပျက်စီးခွင့်မပြုနိုင်ဘူး”
မဟာကျောင်းအုပ်က အေးစက်စွာ ပြောလိုက်သည်။ စွန့်စားရမည့် ပမာဏက ကြီးမားလွန်းသည်။ ယဲ့ဖန်က သူတို့သား နှစ်ယောက်လုံးကို သတ်လိုက်ပြီး သူတို့က ဘေးမှ ကြည့်နေကြောင်း ရင်မိသားစု သိသွားလျင် သူတို့အပေါ် ဒေါသအလျောက် တုံ့ပြန်လာပေလိမ့်မည်။ ထိုသို့ဆိုလျင် သူတို့ ဝမ်ကောဖူ ပျက်စီးကိန်း ဆိုက်ပေမည်။ ဝမ်ကောဖူသည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပြီး သူ့လက်ထဲ ရောက်မှ အပျက်စီးမခံနိုင်ပါ။
“ရင်မိသားစုကို ကျုပ်ဘာသာကျုပ် ရင်ဆိုင်မယ်လို့ ကျုပ် ပြောခဲ့တယ် မဟုတ်လား”
ယဲ့ဖန်က သရော်သံနှင့်အတူ ပြောလိုက်သည်။ သို့သော် မဟာကျောင်းအုပ်က ခေါင်းခါလေသည်။း
“မင်းက ရူးမိုက်လွန်းတယ်၊ ရင်မိသားစုရဲ့ ခွန်အားနဲ့ ကြောက်စရာကောင်းပုံက မင်း ထင်ထားတာထက် ပိုသေးတယ်”
“မင်းဘာသာမင်း မဖြေရှင်းနိုင်ဘူး”
လူငယ်ဖြစ်သော ယဲ့ဖန်က ရင်မိသားစုကို ကိုင်လှုပ်နိုင်လိမ့်မည်ဟု မည်သူမှ မယုံကြည်ပေ။
*ဧကရာဇ် ကျူးလုံရဲ့ မျိုးဆက်တွေကို ရွှံ့နဲ့လုပ်ထားတယ်လို့ ထင်နေတာလား*
ဘိုးဘေးဖြစ်သူ ဧကရာဇ် ကျူးလုံက ကယူးရှူမှ ရာချီသော နိုင်ငံများကို လွှမ်းမိုးခဲ့သော ခေတ်အခါတွင် မည်သူက သူတို့ကို တိုက်ခိုက်ရဲသနည်း။ အားလုံး သူ့ခြေထောက်အား၌ ပြားပြားဝပ်ခဲ့သည်။
သူ့မျိုးဆက်များက ယခင် ဂုဏ်ရောင်ဂုဏ်ဝါကို မမှီဘဲ ကျဆင်းလာသော်လည်း သူတို့၏ အမွေအနှစ်က မယုံနိုင်လောက်အောင် ခိုင်မာနေသေးသည်။ မဟာကျောင်းအုပ်သည် ဝမ်ကောဖူတစ်ခုလုံးကိုရင်း၍ ယဲ့ဖန် နှင့်အတူ အလောင်းအစား မလုပ်ရဲပါ။
ယဲ့ဖန်က ထီမထင်ဟန် ပြုံးလိုက်သည်။
“တစ်နည်းပြောမယ်ဆိုရင် ရင်မိသားစုကို ရန်စဖို့ မလွယ်ပင်မယ့် ကျုပ်ကိုတော့ လွယ်တယ်လို့ ပြောချင်တာ မဟုတ်လား”
မဟာကျောင်းအုပ်ထံမှ ဘာစကားမှ ထွက်မလာပေ။ ရင်မိသားစုနှင့် ယှဉ်လာလျင် ယဲ့ဖန်က ဘာမှမဟုတ်ကြောင်း သိသာလှသည်။
*သိချွယ်ကို မင်း သတ်နိုင်တော့ ဘာဖြစ်လဲ၊ ရင်မိသားစုထဲမှာ သိချွယ်ကို သတ်နိုင်တဲ့လူ မရှိဘူး ထင်နေတာလား*
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ခင်ဗျား သူနဲ့အတူ သေလိုက်တော့”
*ဘာ*
ထိုစကားကို ကြားလိုက်ရသော ကျောင်းသားများအားလုံး နှလုံးခုန် ရပ်မတတ် ဖြစ်သွားကာ မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လာသည်။
*မဟာကျောင်းအုပ်ကို သေခိုင်းတယ် ဟုတ်လား*
*ဒီဖုန်းယဲ့ ဘယ်ကနေ ယုံကြည်ချက်တွေ ရလာတာလဲ*
မဟာကျောင်းအုပ်ကလည်း ယဲ့ဖန်ကို ခက်ထန်စွာ ကြည့်လာသည်။
“ဖုန်းယဲ့ မင်းက ရှားပါးတဲ့ ပါရမီရှင်ဆိုတာ ငါ လက်ခံတယ်၊ အဲ့ဒါကြောင့် ငါ မင်းကို နေရာတိုင်းမှာ လုပ်ချင်တာ လုပ်ခွင့်ပေးထားတာ၊ ဒါပေမဲ့ မင်းက အရမ်း မောက်မာလွန်းတယ်၊ ငါ မင်းကို မသတ်ရဲဘူးလို့ မင်း ထင်နေတာလား”
ထိုစကားကိုကြားသော် မဟာကျောင်းအုပ် တကယ် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း လူတိုင်း ရိပ်မိလိုက်သည်။
*ဒီဖုန်းယဲ့က အရမ်း မောက်မာလွန်းပြီး မဟာကျောင်းအုပ်ကို ခဏခဏ မလေးမစားလုပ်နေတာ၊ နောက်ဆုံးတော့ မဟာကျောင်းအုပ် ဒေါသထွက်လာတာ မဆန်းပါဘူး*
ထိုစကားကိုကြားသော် ရှဲ့ယွီရန်၏ မျက်နှာတွင် ဝမ်းသာအားရဟန် ပေါ်လာ၏။ မဟာကျောင်းအုပ် ရောက်လာပြီ ဖြစ်သဖြင့် သူတို့၌ အခွင့်အရေး ရှိသေးသည်။
*ဒီလူ ဘယ်လောက်ပဲ နတ်ဆိုးဆန်ပါစေ မဟာကျောင်းအုပ်ကိုတော့ မယှဉ်နိုင်ပါဘူး ဟုတ်တယ်မလား*
“ဝှစ် ဝှစ်”
ထိုစဉ် နောက်ထပ် လူခြောက်ယောက် ရောက်လာ၏။ ကျောင်းအုပ် ခုနစ်ယောက်လုံး ရောက်ရှိလာလေပြီ။ သူတို့အားလုံးက ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါက ဝုန်းခနဲ ထွက်ပေါ်လာ၏။
“ယဲ့ဖန် သေပေတော့”