← Chapters

အခန်း ၁၄၆၁

Vol. 98 Ch. 1461

အခန်း ၁၄၆၁

Vol. 98 Ch. 1461

Chapter 1461 ယနေ့ ဝမ်ကောဖူ ပျက်သုဉ်းရမယ်

ဤသည်ကိုမြင်သော် လူတိုင်း ချက်ချင်း မှင်တက်သွားကြသည်။ ကျောင်းအုပ် ခုနစ်ယောက် ရောက်လာပြီး ထိုအထဲတွင် သုံးယောက်က နတ်ဘုရင်အဆင့် ဖြစ်သည်။ ဖုန်းယဲ့ကို ဖမ်းဆီးရန် ဤမျှအထိ အင်အားသုံး ရသည်တဲ့လား။

“ကြည့်ရတာ ခင်ဗျားတို့က ပြင်ဆင်လာတဲ့ပုံပဲ၊ ခင်ဗျား သိပ်ယုံကြည်မှုရှိနေတာ မအံ့ဩတော့ဘူး”

ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် လှောင်ရယ်လေသည်။ လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ကြည့်လာ၏။

*ဒီအချိန်မှာတောင် သူက ရယ်နိုင်သေးတာလား*

*အရူး*

*တကယ့် အရူးပဲ*

အခြားသူများ ဤသို့သော အဖြစ်နှင့် ရင်ဆိုင်ရလျင် သူတို့ခြေထောက်များ ပျော့ခွေသွားလောက်သည်။ သို့သော် ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် ကြည့်ဆဲပင်။

“ဖုန်းယဲ့ ငါ မင်းကို မသတ်ချင်ဘူး၊ ငါ့ကို ဖိအားမပေးနဲ့”

ကျောင်းအုပ်က အေးစက်စွာ ပြောလာသည်။

“မင်း ငါနဲ့အတူ ရင်အိမ်တော်ကို လိုက်ပြီး ဒူးထောက်တောင်းပန်ဖို့ သဘောတူသရွေ့ ငါ မင်းအတွက် ရင်မိသားစုရဲ့ အမုန်းတရားကို ချေဖျက်နိုင်မယ့် နည်းလမ်းကို ရှာပေးမယ်၊ ဒါပေမဲ့ မင်း ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

ထိုစကားကိုကြားသော် ယဲ့ဖန်က ချက်ချင်း လှောင်ရယ်လေသည်။

“ငါ့ကို အရူးများ ထင်နေသလား ဒါမှမဟုတ် မင်းက ရူးနေတာလား”

“ငါ့ကို ရင်အိမ်တော်ဆီသွားပြီး တောင်းပန်ခိုင်းမယ် ဟုတ်လား၊ မင်းက ဝမ်ကောဖူ ငြိမ်းချမ်းဖို့အတွက် အလဲအလှယ် အနေနဲ့ ငါ့ကို ရင်မိသားစု လက်ထဲ အပ်ချင်နေတာ မဟုတ်ဘူးလား”

ယဲ့ဖန် သရော်လိုက်သည်။

“ငါ ရင်အိမ်တော်ကို ရောက်ရင် ငါ ထွက်သွားချင်ရင်တောင် ထွက်ပြေးဖို့ မဖြစ်နိုင်ဘူး”

ဤမြေခွေးအိုကြီးသည် အခြားသူများကို လှည့်စားနိုင်သော်လည်း ကိုးဘဝတိုင်တိုင် အသက်ရှင်ခဲ့သော ယဲ့ဖန်ကိုမှ လှည့်စားရန် ကြိုးစားနေခြင်းက ဟာသပင်။

မဟာကျောင်းအုပ်က အေးစက်စက် ခနဲ့သံပေးကာ ပြန်ချေပသည်။

“ငါက ဝမ်ကောဖူအတွက် ကျောင်းသားအားလုံးအတွက် လုပ်နေတာ၊ ဒါပေမဲ့ မင်း ခေါင်းမာနေဦးမယ်ဆိုရင် ငါ့ကို‌ သွေးအေးတယ်လို့ အပြစ်မတင်နဲ့၊ မင်း သေကိုသေရမယ်”

“သူတော်ကောင်းမျက်နှာဖုံး တပ်မနေနဲ့၊ ဝမ်ကောဖူနဲ့ ကျောင်းသားတွေအတွက် ဟုတ်လား၊ ဒါဆို လင်းဝူယာနဲ့ သူ့အဖွဲ့သားတွေ အသတ်ခံရတုန်းက မင်း ဘာလို့ ထွက်မလာတာလဲ”

“ငါ ရင်ဖုန်းချူနဲ့ ပဋိပက္ခ ဖြစ်နေတုန်းကရော ဘာလို့ ထွက်မလာတာလဲ”

ယဲ့ဖန်၏ စကားများက ရင်ဖုန်းချူ၏ နှလုံးသားအား ဓားသဖွယ် ထိုးစိုက်သွားသည်။

“ဘာလို့လဲဆိုတောင် မင်း ရင်ဖုန်းချူကို အာမခံရဲဘူးလေ၊ အဲ့တော့ မင်း ငါတို့ကို စတေးဖို့ ကြံစည်ထားတာ၊ ဒါပေမဲ့ ရင်ဖုန်းချူက ငါ့ဆီမှာ ရှုံးသွားမယ်လို့ ထင်မထားခဲ့ဘူး၊ ဒါကြောင့် မင်း ထွက်လာတာပဲ”

ယဲ့ဖန်က အလွန် အထင်သေးစွာ ပြုံးလိုက်သည်။

“မင်းက ငကြောက်တစ်ကောင်ပဲ”

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အားလုံး ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာကြသည်။ မဟာကျောင်းအုပ်ကို သူ ဤသို့ ပြောရဲလိမ့်မည်ဟု သူတို့ မယုံကြချေ။

*မဟာကျောင်းအုပ်ကို ငကြောက်လို့ မျက်နှာချင်းဆိုင် စော်ကားပြီး ပြောတယ်လား*

*ဒီလူက အရူးပဲ၊ ရူးနေတာ၊ ဒီလူက အရူးပဲ*

မဟာကျောင်းအုပ် အံကြိတ်ထားသည်။ လူလယ်ခေါင်၌ ဤသို့ စော်ကားခံရသဖြင့် သူ့မျက်နှာ အလွန် ပျက်ယွင်းနေ၏။

“ကောင်းပြီလေ မင်းက တမင်သက်သက် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

မဟာကျောင်းအုပ်က ဒေါသတကြီး အော်ငေါက်၍ ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်သည်။

“သူ့ကို သတ်ကြစမ်း”

ကျောင်းအုပ်များအားလုံးက ယဲ့ဖန်ကို စဉ်းလဲသော မျက်နှာများဖြင့် ကြည့်နေကြပြီး အားလုံး ရှေ့ထွက်ကာ ယဲ့ဖန်ထံ ချဉ်းကပ်သွားသည်။

“သူ့ကို သတ်မယ် ဟုတ်လား၊ ငါတို့ သဘောတူသလား အရင် မေးကြည့်လား”

တစ္ဆေဖန့်ချီနှင့် အခြားသူများ ချက်ချင်း မာန်မဲလာပြီး ကျောင်းအုပ်များထံ ပြေးဝင်ကာ တိုက်ခိုက်လေသည်။ တစ်ဖက်လူ၏ ခွန်အားက သူတို့ထက် ပိုသာလွန်မန်း သိသော်လည်း သူတို့ သေလျင်တောင်မှ တိုက်ခိုက်ရပေမည်။

“ပုရွက်ဆိတ် တစ်သိုက်ကများ ငါတို့ကို တားဖို့ ထိုက်တန်လို့လား”

မဟာကျောင်းအုပ် လှောင်ရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ လေပြင်းတစ်ချက် တိုက်ခိုက်လာ၏။

“ဝေါ့ ဝေါ့”

“ဘုန်း”

တစ္ဆေဖန့်ချီနှင့် အခြားသူများ ချက်ချင်း သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ် တစ်ယောက်ပြီး တစ်ယောက် အရှိန်ဖြင့် ပြုတ်ကျလေသည်။

ဤသည်ကိုမြင်သော် မဟာကျောင်းအုပ်၏ မျက်နှာတွင် အထင်သေး၍ လှောင်ပြောင်ရိပ်များ ပေါ်လာသည်။

“ဘယ်လိုနေရမှန်း မသိတဲ့ကောင်တွေ”

ယွမ်ပမ်းရှီနှင့် အခြားသူများ၏ မျက်နှာတွင် ဝိုးတိုးဝါးတား ဖြစ်ဟန်များ ပေါ်လာပြီး သူတို့ရင်ထဲတွင် အလွန်အမင်း ကြောက်စိတ်များ ပေါ်လာကြသည်။

တစ်ဖက်မှ တိုက်ခိုက်လာသူသည် နတ်ဘုရင်အဆင့် သုံးယောက် ဖြစ်နေ၏။ အကယ်၍ သူတို့ တိုက်ခိုက်ချင်လျင် သူတို့၏ ခွန်အားအရ မည်သို့မျှ မခုခံနိုင်ပါ။

“အရူးတစ်သိုက်ကများ”

ရှဲ့ယွီရန် မထီမဲ့မြင် အပြုံးမျိုး ပြုံးလာသည်။ ဤလူများက ဘယ်လိုလုပ် နတ်ဘုရင်အဆင့်၏ ပြိုင်ဘက် ဖြစ်မည်နည်း။

နတ်ဘုရင်အဆင့် သုံးယောက်မဆိုထားနှင့် တစ်ယောက်ပင်လျင် ဤနေရာရှိ သူတော်စင်သခင်အဆင့်အားလုံးကို သတ်နိုင်ပေသည်။ သို့သော် ဤသူတော်စင်သခင်အဆင့်များက မည်သို့ သေရမလဲ မသိဘဲ သေလမ်းရှာ နေသည်က ယုတ္တိမတန်လှချေ။

ရင်ဖုန်းချူ အေးစက်စက် ခနဲ့သံ ပြုလိုက်သည်။ ယခု သူ့အသက်ကို စိုးရိမ်စရာ မလိုတော့သည့်ပုံပင်။ ကျောင်းအုပ် ခုနစ်ယောက်လုံး ရောက်နေသဖြင့် သူ့ရှေ့မှလူ သေချာပေါက် သေရပေလိမ့်မည်။

မဟာကျောင်းအုပ်က ယွမ်ပမ်းရှီ အနောက်မှ သူတော်စင်သခင်အဆင့်များအားလုံးကို ကြည့်လိုက်သည်။

“မင်းတို့တွေ၊ မင်းတို့အားလုံးက တစ်ချိန်က ငါ့ဝမ်ကောဖူက တပည့်တွေ ဖြစ်ခဲ့ဖူးတယ်၊ မင်းတို့က ဘာလို့ ဆရာတွေကို သစ္စာဖောက်ချင်တာလဲ”

“ကျုပ်တို့ ဆရာတွေကို သစ္စာမဖောက်ချင်ပါဘူး၊ ဒါပေမဲ့ ငါတို့ သူ့ကို ဘုရင်အဖြစ် အသိအမှတ် ပြုပြီးပြီ၊ ဘုရင်နဲ့ မူးမတ်တွေရဲ့ ရိုသေမှုက သားအဖ ဆက်ဆံရေးထက် ပိုမြင့်တယ်၊ ဆရာ တပည့် ဆက်ဆံရေးဆို ပြောနေစရာတောင် မလိုဘူး”

သူတော်စင်သခင်အဆင့်များက ပေါ်ပေါ်ထင်ထင် ပြောလာ၏။ သူတို့သည် ယဲ့ဖန်ကို ဘယ်သောအခါမှ သစ္စာမဖောက်မှ ကျိန်ဆိုခဲ့ကြသည်။ ၎င်းအား သူတို့ လိုက်ကိုလိုက်နာရပေမည်။

“ဒီလိုဆိုမှတော့ …”

မဟာကျောင်းအုပ်က ကောက်ကျစ်သော အပြုံးမျိုး ပြုံးလာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လောက ပျက်စီးနိုင်လောက်သည့် မခုခံနိုင်သည့် ပြင်းစွာသော တာအိုစွမ်းအင် ပျံ့လွင့်လာသည်။

“ဝုန်း ဝုန်း”

ရုတ်တရက် ပတ်ဝန်းကျင်မှ လူတစ်ချို့ ပေါက်ကွဲသေဆုံးသွားပြီး လူသုံးဆယ်ကျော် ပွဲချင်းပြီး အသတ်ခံ လိုက်ရသည်။

“ဆရာ”

“ဆရာ”

ဤသည်ကိုမြင်သော် ယွမ်ပမ်းရှီအနောက်မှ သူတော်စင်သခင်အဆင့်များအားလုံး ဒေါသထွက်ဟန် ပြလာပြီး မျက်လုံးများ မီးဝင်းဝင်း တောက်လာ၏။ အဘယ်ကြောင့်ဆိုသော် မဟာကျောင်းအုပ်ကြောင့် အသတ်ခံလိုက်ရသူများမှာ သူတို့၏ ဆရာများ ဖြစ်သောကြောင့်ပင်။

သူတို့ ဝမ်ကောဖူကို အလွယ်တကူ သစ္စာဖောက်ရသည့် အကြောင်းရင်းမှာလည်း သူတို့ဆရာများနှင့် ပဋိပက္ခဖြစ်ရန် မလိုသောကြောင့် ဖြစ်လေသည်။

သို့သော် ယခု မဟာကျောင်းအုပ်က သူတို့ဆရာများကို ရှင်းပစ်ခဲ့သည်။ မဟာကျောင်းအုပ်က အညှာအတာမဲ့သော မျက်နှာပေးနှင့် သူတော်စင်သခင်အဆင့်များအား ကောက်ကျစ်စွာ ကြည့်လေသည်။

“ဒါ ငါ့ဝမ်ကောဖူကို မင်းတို့ သစ္စာဖောက်တဲ့အဆုံးသတ်ပဲ၊ မင်းတို့ဆရာတွေက မင်းတို့ကို သူတော်စင်သခင်အဆင့် ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တာ၊ ဒါပေမဲ့ ကျားကို မွေးမိသွားတာပဲ၊ သူတို့ သေသင့်တယ်လို့ မင်းတို့ မထင်ဘူးလား”

ဝမ်ကောဖူ၏ တပည့်များအားလုံး ရင်ထဲ အေးခနဲ ဖြစ်သွားကြသည်။

*ရက်စက်လွန်းတယ်*

*ကောက်ကျစ်လိုက်တာ*

သူတော်စင်သခင်အဆင့်များအားလုံး ရူးမတတ် ဖြစ်သွားလေသည်။ သူတို့အားလုံး၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်လာပြီး မဟာကျောင်းအုပ်အား ဓားတစ်ထောင်ဖြင့် ခုတ်ပိုင်းရန် မစောင့်နိုင်တော့ချေ။

*ဒီသောက်ခွေးအိုကြီးကတော့*

“အားလုံး နောက်ဆုတ်ကြ”

ထိုစဉ် ယဲ့ဖန်က သူတို့ကို ဆူပူလာသည်။

“မင်းတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး ရှေ့တက်ပြီး အသေခံချင်နေတာလား”

ထိုသူတော်စင်သခင်အဆင့်များအားလုံး အံကြိတ်ထားပြီး မကျေနပ်စိတ်များနှင့် ပြည့်နေသော်လည်း မဆန့်ကျင်ရဲပါ။ ယဲ့ဖန်က လက်ပိုက်၍ ရှေ့သို့ တက်သွားပြီး မဟာကျောင်းအုပ်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ငါ မင်းကို အရင်က ပြောခဲ့ဖူးတယ်၊ ငါ့ကို မပျော်ရွှင်အောင် လုပ်ရင် မင်းတို့အားလုံးကို သတ်မယ်လို့၊ ငါ နောက်နေတာ မဟုတ်ဘူး”

“ဒီတော့ ဒီနေ့ ဝမ်ကောဖူ ပျက်သုဉ်းရမယ်”

စကားတစ်ခွန်းက ဝမ်ကောဖူ၏ ကံကြမ္မာကို ဆုံးဖြတ်လာ၏။ ထိုစကားကိုကြားသော် လူတိုင်း အမူအရာ ပြောင်းလဲသွားပြီး မယုံနိုင် ဖြစ်နေကြသည်။

*ဝမ်ကောဖူ ပျက်သုဉ်းမယ် ဟုတ်လား*

*သူ ဘယ်က သတ္တိရလာတာလဲ*

*နတ်ဘုရင်အဆင့် သုံးယောက်နဲ့ ရင်ဆိုင်နေရတာတောင် သူ ဒီလို ပြောရဲသေးတာလား*

ရင်ဖုန်းချူနှင့် ရှဲ့ယွီရန်တို့ ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ခနဲ့ပြုံး ပြုံးလာကြပြီး ပျင်းရိပျင်းတွဲ အမူအရာ ဖြစ်လာသည်။

သူတို့စိတ်ထဲတွင် ယဲ့ဖန် ရူးသွားပြီဟု မြင်နေကြသည်။ ထို့အတူ မဟာကျောင်းအုပ်ကလည်း အထင်သေးဟန်ဖြင့် ခေါင်းယမ်းကာ တစ်ခွန်းသာ ပြောလိုက်သည်။

“အရူး”

“အရူး လေကြီးလေကျယ်တွေ ပြောနေတာ၊ လျှာပြတ်မှာ မကြောက်ဖူးလား”

ခရမ်းရောင်ဝတ်စုံနှင့် ကျောင်းအုပ်က သတ်ဖြတ်လိုသော အရှိန်အဝါနှင့်အတူ ရှေ့ထွက်လာ၏။ သူသည် တောက်ပသော ရောင်ခြည်ဖြာထွက်နေသည့် မျှော်စင်ကို လက်ထဲ၌ ကိုင်ထားသည်။ ရောင်ခြည်တိုင်းက ဖော်မပြနိုင်သော နတ်စွမ်းအင်များ ပါဝင်နေသည်။

“ငါ့ဝမ်ကောဖူကို မလေးမစား လုပ်ရဲတယ်ပေါ့၊ မျိုးမစစ်ကောင် ငါ မင်းကို သတ်မယ်”

“ငါ သူ့ကို သတ်ပြီး ဝမ်ကောဖူကို ရန်စရင် ဘာဖြစ်မလဲ တစ်လောကလုံး သိအောင် ပြမယ်”

“မဟုတ်ဘူး သူ့ကို အရှင်ဖမ်းပြီး ရင်မိသားစု လက်ထဲ အပ်မယ်ဆိုရင် အကျိုးအမြတ်တောင် ရနိုင်လောက်တယ် ဟီးဟီး”

သူတော်စင်သခင်အဆင့် ကျောင်းအုပ်နှစ်ယောက်လည်း ရှေ့သို့ ထပ်ထွက်လာပြီး ယန်စွမ်းအင်ကို သုံးကာ ယဲ့ဖန်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။ သူတို့၏ လူသတ်လိုသော အငွေ့အသက်က ပြင်းထန်လွန်းလှသည်။

ယဲ့ဖန်က ဘာမှမပြောဘဲ သူတော်စင်သခင်အဆင့် သုံးယောက်ထံ လျှောက်လာသည်။ လမ်းလျှောက်နှုန်းက လျင်မြန်လာသည်။

“ဘာ … ကျောင်းအုပ် သုံးယောက်ကို သူ့အစွမ်းနဲ့ ယှဉ်ဖို့ ကြံစည်နေတာလား၊ မောက်မာလွန်းတယ်”

“သေချင်နေတာ၊ နတ်ဘုရင်အဆင့်တောင် လှုပ်ရှားစရာ မလိုဘူး၊ သူတိုနဲ့တင် သူ သေမှာ”

ချက်ချင်းဆိုသလိုပင် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားလာသည်။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် သုံးယောက်ကို တစ်ကိုယ်တည်း တိုက်ခိုက်နေသော်လည်း သူ၏ တိုက်ပွဲဝင်ခွန်အားက မြင့်မားလွန်းသည်။

သူတော်စင်သခင်အဆင့် သုံးယောက်လုံးက ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်များကို ထုတ်ဖော်ထားပြီး မတူညီသော ထောင့်များက တိုက်ခိုက်နေကြသည်။

တိုက်ပွဲဖြစ်ရာ နေရာတွင် ကြောက်စရာကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး သူတော်စင်သခင်အဆင့် သုံးယောက်က အပြင်းအထန် တိုက်ခိုက်နေ၏။ တစ်ယောက်က ယဲ့ဖန်ကို အရှေ့မှ တိုက်ကာ နောက်တစ်ယောက်က အခွင့်အရေးကို စောင့်၍ အချိန်မရွေး အသေတိုက်ရန် စောင့်နေသည်။ ကျန်တစ်ယောက်ကမူ ထိုနှစ်ယောက်အတွက် အနောက်မှ အဝေးမှ ထိုးစစ်ဆင်နေလေသည်။ သုံးယောက်သား၏ ပူးပေါင်းမှုက အတွဲညီလှသည်။

“နန်ကုန်းရွှမ် ခွန်အားဘုရင်လို့ ကျော်ကြားတဲ့လူ၊ အနီးကပ် တိုက်ပွဲတွေမှာ အားသာတယ်၊ သူက သန်မာလွန်းလို့ တောင်ကိုတောင် ရွှေ့နိုင်တယ်၊ သူက ဆယ့်ငါးနှစ်နဲ့ မိစ္ဆာတွေကို သတ်နိုင်ပြီး အသက် နှစ်ဆယ်မှာ နဂါးတစ်ကောင်ကို သတ်နိုင်နေပြီ”

“သွမ့်ချမ်ယွဲ့ အသံတိတ် သိုင်းပညာကို တီထွင်သူ၊ အတော်ဆုံး လုပ်ကြံရေးသမား၊ သတ်ဖြတ်ခြင်း ကျောင်းတော်က သူ့ကို အဖွဲ့ထဲဝင်ဖို့ ပိုက်ဆံတွေ တော်တော် သုံးခဲ့ရတာ”

“ကျိုးရှင်း မျှော်စင်ဘုရင်လို့ ကျော်ကြားတဲ့လူ၊ သူ ကိုင်ထားတဲ့ ဟောင်ထျန်း မျှော်စင်က ကောင်းကင်ဘုံကိုတောင် ဖိနှိပ်နိုင်တယ်၊ အဲ့ဒါရဲ့ အစွမ်းက အဆုံးအစမဲ့ပဲ”

သူတော်စင်သခင်အဆင့် သုံးယောက်လုံးသည် သာမန်လူများ မဟုတ်ပေ။ သူတို့ ပြိုင်တူ တိုက်ခိုက်လာသောအခါ သူတို့၏ အစွမ်းက ပိုကြမ်းကြုတ်လာ၏။

နန်ကုန်းရွှမ်က ယဲ့ဖန်ကို အရှေ့မှ တိုက်ခိုက်ကာ ယဲ့ဖန်ထံသို့ လက်သီးမျိုးစုံ ပစ်သွင်းနေ၏။ ယဲ့ဖန်က လက်နှစ်ဖက်ဖြင့် ကာ၍ တစ်လှမ်းချင်း ဆုတ်နေသည်။ အားလုံး၏ အမြင်တွင် ရှုံးရန် နီးလာပြီဟု ထင်နေကြသည်။

သွမ့်ချမ်ယွီဥ ဘေးမှ မြန်မြန်လျှောက်၍ လိုက်နေပြီး သူ့အရိပ်က လျင်မြန်စွာ ဖြတ်ပြေးနေသည်။ သူ့အား မည်သူမှ သေချာ မမြင်ရချေ။ သူ့မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ္ ခက်ထန်နေပြီး လုပ်ကြံရန် အသင့်ဖြစ်နေလေသည်။ မသိလျင် သူ့သားကောင်အား စိုက်ကြည့်နေသလိုပင်။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသော အရာကြောင့် သွမ့်ချမ်ယွီ ကြက်သီးထလာ၏။ အဘယ်ကြောင့်ဆိုသော် သူ မည်မျှ မြန်မြန် လှုပ်ရှားနေပါစေ ယဲ့ဖန်၏ မျက်လုံးများက ထပ်ကြပ်မကွာ လိုက်ကြည့်နေသောကြောင့်ပင်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူ့အရှိန်က လျှပ်စီးနှင့်ပင် ယှဉ်နိုင်နေပြီး သူတော်စင်သခင်အဆင့် မဆိုထားနှင့် မဟာကျောင်းအုပ်ပင် သေချာ လိုက်မကြည့်နိုင်ချေ။

သို့သော် ယဲ့ဖန်က အဆက်မပြတ် လိုက်ကြည့်နေနိုင်ပြီး အကြည့်များက ခက်ထန်ရက်စက်၍ “ငါ မင်း တိုက်ခိုက်မှာကို စောင့်နေတယ်” ဟု ပြောနေသယောင် ခံစားနေရသည်။

*မတိုက်နိုင်ဘူး*

*အခု တိုက်လို့မရနိုင်ဘူး*

ယခုအချိန် လှုပ်ရှားလျင် ယဲ့ဖန်ကြောင့် တစ်စစီ ဖြစ်သွားမည်ဟု သွမ့်ချမ်ယွီအား မသိစိတ်က ပြောနေ၏။ ထိုစဉ် နန်ကုန်းရွှမ်သည်လည်း တစ်ခုခု မှားနေကြောင်း သတိထားမိလာသည်။

*ဒီလူက ငါနဲ့ တိုက်နေတဲ့အချိန်မှာတောင် သွမ့်ချမ်ယွီကို ရင်ဆိုင်ဖို့ ခွန်အား ကျန်သေးတာလား*

All Chapters