အခန်း ၁၄၆၃
Vol. 98 Ch. 1463
Chapter 1463 ဖုန်းယဲ့က အရမ်းကြောက်ဖို့ကောင်းတယ်
ကျိုးရှင်း၏ မျက်နှာတွင် မောက်မာဟန် တစ်ချက်လေးမျှ မရှိတော့ဘဲ အလွန် ထိတ်လန့်ဟန်သာ ရှိနေသည်။
“ဒုန်း”
နတ်မြားက ဟောင်ထျန်းမျှော်စင်မှ ပြုလုပ်ထားသည့် အလင်းကားချပ်အား အရှိန်ဖြင့် လာထိမှန်သည်။
“ဂျွတ်”
ကျိုးရှင်း၏ လက်ထဲမှ ဟောင်ထျန်းမျှော်စင်တွင် အက်ရာတစ်ခု ပေါ်လာပြီး ၎င်းက ဆက်လက် ပျံ့နှံ့လာပြီး ကြွေထည်သဖွယ် အက်ကွဲမယောင် ဖြစ်လာ၏။
“ရတနာလေး မပျက်စီးလိုက်ပါနဲ့၊ မပျက်စီးပါနဲ့”
ကျိုးရှင်းသည် အလွန် ထိတ်လန့်သွေးပျက်စွာ အော်လေသည်။ သူ၏ အသက်ကယ် ကောက်ရိုးမျှင် တဖြည်းဖြည်း ပျက်စီးသည်ကို ကြည့်နေရသလိုပင်။
သို့သော် သူ၏ ဆုတောင်းက လုံးဝ အလုပ်မဖြစ်ချေ။ တစ်ခဏအတွင်းမှာပင် သူ၏ ဟောင်ထျန်းမျှော်စင်က ပေါက်ကွဲ ပျက်စီးသွားလေသည်။ ထို့အတူ အလွန် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အသံသည်လည်း ထွက်ပေါ်လာသည်။
ကျိုးရှင်း၏ ခန္ဓာကိုယ်က သိသိသာသာဖြင့် လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို လူတိုင်း ရှင်းလင်းစွာ တွေ့နေရသည်။ ထို့နောက် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လက်ရှိတွင် ကျောင်းအုပ် သုံးယောက်လုံး သေဆုံးသွားလေပြီ။ အခြေအနေက ရုတ်တရက် အေးစက် တောင့်တင်း လာသည်။ လူတိုင်း သရဲသဘက်ကို တွေ့လိုက်ရသော မျက်နှာထား ဖြစ်နေသည်။
*ဒီလူ ထပ်ပြီး ပြိုင်ဘက်ကင်းပြန်ပြီလား*
*မယုံနိုင်စရာပဲ*
အချို့သော ကျောင်းသားများသည် ဝမ်ကောဖူကို သူ တကယ် ဖျက်ဆီးနိုင်မလားဟု တွေးစပြုလာ၏။ ကျောင်းအုပ် သုံးယောက်လုံး သူ့လက်ထဲ၌ ဆိုးဆိုးရွားရွား သေသွားရသည် မဟုတ်ပါလော။
သို့သော် ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် မဟာကျောင်းအုပ်နှင့် အခြားသူများထံ လျှောက်လာသည်။
“အခု ခင်ဗျားတို့အလှည့်ပဲ”
*ဟမ်*
ကျောင်းအုပ်သုံးယောက်လုံး မျက်နျာပျက်သွားကြသည်။ ထို့နောက် မဟာကျောင်းအုပ်က အားပါးတရ ပိုရယ်လေသည်။
“ဟေ့ကောင် မင်း ငါတို့ကို သူတို့နဲ့ အတူတူပဲလို့ ထင်နေတာလား၊ မင်း သူတို့ကို သတ်နိုင်ရင်တောင်မှ ငါတို့သုံးယောက်ကို တစ်ပြိုင်တည်း တိုက်နိုင်လို့လား”
အဝါရောင်ဝတ်ရုံနှင့် နတ်ဘုရင်အဆင့် ကျောင်းအုပ်က သရော်ပြုံးနှင့် ပြောလာသည်။
“ငါတို့သုံးယောက်က မင်းကို ရိုကျိုးမှုဆိုတာ ဘာလဲ သိအောင် ပြပေးရမယ်နဲ့ တူတယ်”
“ဟေ့ကောင် မင်းလက်ထဲက လေးကို ငါ လိုချင်တယ်၊ မင်း အဲ့ဒါကို ပေးစမ်း၊ ဒါဆို ငါ မင်းကို မြန်မြန်သေရအောင် လုပ်ပေးမယ်”
တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ကျောင်းအုပ်က လောဘတက်သော အပြုံးနှင့် ပြောလာသည်။ ယဲ့ဖန်က တစ်ခွန်းမှ မပြောဘဲ လေးနှင့်မြားကို ပြန်ပြင်လေသည်။ သူ၏ ရည်ရွယ်ချက်က သိသာလှသည်။ ဤသည်ကိုမြင်သော် မဟာကျောင်းအုပ်နှင့် အခြားသူများက အထင်သေးစွာ ရယ်လေသည်။
“မင်းက ခေါင်းမာတာပဲ၊ ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ သေလိုက်တော့”
ရုတ်တရက် မဟာကျောင်းအုပ်က စတင်လှုပ်ရှားလာပြီး သူ့တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ် လာသဖြင့် အလွန် ကြောက်စရာ ကောင်းပေသည်။ ထို့နောက် ယဲ့ဖန်အား တိုက်ခိုက်လာသည်။
လောကကို ဖျက်ဆီးနိုင်သည့် ပြင်းထန်လှသော ယန်စွမ်းအင်က ယဲ့ဖန်ထံ ဒေါသတကြီး ပျံ့လွင့်လာကာ အရှိန်အဝါက ဂြိုဟ်နယ်မြေကို ဖျက်ဆီးနိုင်လောက်သည်အထိ ထည်ဝါသည်ဟု ထင်မှတ်ရသည်။ လူတိုင်း ချက်ချင်း ထိတ်လန့်သွားကြသည်။
*ဒါ နတ်ဘုရင်အဆင့်ရဲ့ ခွန်အားလား*
*တစ်ချက်တည်းနဲ့ လောကကို ဖျက်ဆီးနိုင်လောက်တယ်*
*တော်တော်လေး ဖိနှိပ်နိုင်တာပဲ*
*မွန်းကျပ်စရာ ကောင်းလိုက်တာ*
*နိုင်နိုင်တယ်*
*သေချာပေါက် နိုင်နိုင်တယ်*
ရင်ဖုန်းချူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ နတ်ဘုရင်အဆင့်၏ ခွန်အားက ပြင်းထန်လွန်းသဖြင့် ယဲ့ဖန် သေချာပေါက် ရှုံးလိမ့်မည်။
“နတ်ဘုရင်အဆင့် သုံးယောက်က နင့်ကို တစ်ချိန်တည်း တိုက်ခိုက်တာဆိုတော့ နင် ရှုံးမယ်ဆိုရင်တောင်မှ ဂုဏ်ယူသင့်တယ် ဟားဟားဟား”
ရှဲ့ယွီရန်က ဘေးမှနေ၍ ကျေနပ်အားရစွာ အော်ရယ်လေသည်။ ထိုအခိုက်တွင် နတ်မြား ပစ်ခွင်းလာပြီး အရှိန်အဝါက တောတောင် မြစ်ချောင်းကိုပင် ဝါးမျိုနိုင်ကာ ဗုံးပေါက်သံထက်ပင် ကျယ်လောင်သောအသံဖြင့် လေကိုခွင်းလာသည်။ ထို့နောက် မဟာကျောင်းအုပ်၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ကာ ချက်ချင်း ပေါက်ကွဲ သွားသည်။
*တားလိုက်တာပဲ*
“ဘာ”
မဟာကျောင်းအုပ် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။ တစ်ဖက်လူက သူ့တိုက်စစ်ကို တားဆီးခဲ့သည် မဟုတ်ပါလော။ ထို့နောက် သူ့မျက်လုံးက ယဲ့ဖန်၏ လက်ထဲမှ နတ်လေးထဲ အကြည့်ရောက်သွားပြီး လောဘရိပ် သန်းလာ၏။
*ဒါတွေအားလုံးက ဒီရတနာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ သိချွယ် သူ့လက်ထဲမှာ သေရတာ အံ့ဩစရာ မရှိတော့ဘူး*
သူတော်စင်သခင်အဆင့်တောင်မှ ဤသို့သော နတ်လေးကို ပိုင်ဆိုင်ထားလျင် နတ်ဘုရင်အဆင့်ကို သတ်နိုင် လောက်သည်။
သူ၏ ထက်မြက်မှုကြောင့် ဤသို့မလာခင် အခြားကျောင်းအုပ်များကို ခေါ်ခဲ့၍ ကံကောင်းသွားသည်။ သူ့ဘာသာသူ ယဲ့ဖန်နှင့် ရင်ဆိုင်လျင် ရှုံးနိမ့်လောက်ပေသည်။
“ဟေ့ကောင် နတ်လေးကို ပေးစမ်း”
ထိုအခိုက်တွင် အလွန် လောဘတက်ဟန် ပေါ်သော မောက်မာသည့် အော်သံတစ်သံ ထွက်ပေါ်လာ၏။ တာအိုဝတ်စုံနှင့် ကျောင်းအုပ်က တိုက်ခိုက်လာပြီး တစ်ကိုယ်လုံး ယန်စွမ်းအင်များ ထွက်ပေါ်နေကာ ရှေးဟောင်း နဂါးတစ်ကောင်နှင့် တူနေပြီး အရှိန်အဝါက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေသည်။
ကောင်းကင်ဘုံကို ဆန့်ကျင့်သည့် သူ့သိုင်းကွက်များဖြင့် ယဲ့ဖန်ကို သည်းကြီးမည်းကြီး တိုက်ခိုက်လာ၏။
“ဟားဟား”
“ခင်ဗျား လိုချင်ရင် ယူကြည့်လေ”
ယဲ့ဖန်က နတ်လေးကို ထိုကျောင်းအုပ်ထံ ပစ်ပေးလိုက်သည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ယဲ့ဖန် ရူးသွားပြီဟု ခံစားလိုက်ရသည်။
*ဒီနတ်လေးက သူ့ရဲ့ တစ်ခုတည်းသော အသက်ကယ်နိုင်တဲ့ အရာလေ၊ ဒါပေမဲ့ သူက နတ်လေးကို တကယ် ပေးလိုက်တာလား*
*ဒါမဟုတ် သူက သေရတော့မှာကို သိလို့ ဒီနတ်လေးနဲ့ သူ့အသက်ကို ပြန်လဲလှယ်ချင်တာလား*
*သနားစရာပဲ*
ထိုကျောင်းအုပ်က သူ့အကြံကို သဘောမတူဘဲ ကျယ်လောင်စွာ ရယ်မောလေသည်။
“ဟေ့ကောင် မင်းက မင်းအသက်ကို ချမ်းသာပေးစေချင်တာ မဟုတ်လား၊ သနားစရာပဲ အသုံးမဝင်ဘူးကွ၊ ငါ့ဝမ်ကောဖူက ကျောင်းအုပ်ကို မင်း သတ်ခဲ့မှတော့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်ကွ”
“ဒါပေမဲ့ နတ်လေးကို ပေးတဲ့အတွက် ငါ မင်းကို သက်တောင့်သက်သာ သေရအောင် လုပ်ပေးမယ်”
ထိုအခိုက်တွင် သူသည် နတ်လေးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လေးကိုယ်ထည်ကို ဝမ်းသာအားရ ပွတ်သပ်ကာ တအံ့တဩ ရေရွတ်လာ၏။
“ကောင်းလိုက်တဲ့ ရတနာလေး၊ တကယ် ကောင်းလိုက်တဲ့ ရတနာလေး”
ဤသည်ကိုမြင်သော် မဟာကျောင်းအုပ်နှင့် အဝါရောင်ဝတ်စုံနှင့် ကျောင်းအုပ်တို့ မနာလို ဖြစ်သွားကြသည်။ သို့သော် ထိုအခိုက်မှာပင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။
နေခွင်းနတ်လေးမှ ရွှေရောင်မီးလျှံ တောက်ပလာပြီး ကျောင်းအုပ်၏ လက်မောင်းကို ကူးစက်သွားသည်။
“အား”
စူးရှသော အော်သံ ချက်ချင်း ထွက်ပေါ်လာသည်။ ရွှေရောင်မီးလျှံက သူ့လက်မောင်းကို မည်းနက်နေသော မီးသွေးတုံး ဖြစ်အောင် လောင်မြိုက်သွားစေကြောင်း လူတိုင်း တွေ့လိုက်ရသည်။
တစ်ခဏအတွင်း သူ့လက်မောင်းတစ်ခုလုံး ပြာဖြစ်သွားသည်။ နတ်ဘုရင်အဆင့် တစ်ယောက်၏ ခန္ဓာကိုယ် တောင်မှ ဤနတ်လေး၏ အစွမ်းကို မခုခံနိုင်ဘူးတဲ့လား။
ရွှေရောင်မီးလျှံက ဆက်၍ ပျံ့နှံ့မည့်ပုံ ပေါ်ပြီး ကျောင်းအုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ တောမီးသဖွယ် အထိန်းအချုပ်မဲ့စွာ ကူးစက်ပျံ့နှံ့နေသည်။
ကျောင်းအုပ်က ယန်စွမ်းအင်နှင့် တိုက်ခိုက်ရန် ကြိုးစားပါသော်လည်း အကျိုးမရှိချေ။ နေခွင်းမြား၏ အစွမ်းက ထာဝရ တည်မြဲသည်။ ၎င်းကို ဘယ်အရာကမှ မငြှိမ်းသတ်နိုင်ပါ။
*ချီးပဲ*
ထိုကျောင်းအုပ်က ရက်စက်သော မျက်နှာထား ဖြစ်လာပြီး ပြတ်သားသော ဆုံးဖြတ်ချက်ချကာ သူ့လက်မောင်းကို ချက်ချင်း ဖြတ်တောက်လိုက်သည်။
ပြာဖြစ်သည်အထိ လောင်ကျွမ်းထားသော ထိုလက်မောင်းသည် အောက်သို့မကျခင်မှာပင် အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားသည်။
“မင်း … မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”
ထိုကျောင်းအုပ်က ဒေါသထွက်နေပြီး ယဲ့ဖန်အား အလွန် အငြှိုးထားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ခင်ဗျားကို ပြောဖို့မေ့သွားတာ၊ ဒီနတ်လေးက သခင်ကို အသိအမှတ်ပြုထားတာ”
ယဲ့ဖန်က ရန်သူ၏ တုံးအမှုကို လှောင်နေသကဲ့သို့ မထီမဲ့မြင် ပြုံးနေ၏။ သူနှင့် သူ့သွေးမျိုးဆက်ကို ဆက်ခံထားသူများသာ ဤနေခွင်းလေးကို အသုံးပြုနိုင်သည်။ အခြားသူများ အတင်းအဓမ္မ အသုံးပြုရန် ကြိုးစားပါက ဤသို့ အဆုံးသတ်ရပေလိမ့်မည်။ သတိမထားလျင် နေရာမှာတင် သေသွားပေမည်။
“မင်း … မင်း ငါ့ကို အကွက်ချရဲတယ်ပေါ့လေ”
ထိုကျောင်းအုပ်က ဒေါသဖြင့် တုန်ယင်လာကာ မျက်လုံးများ ပြူးကျယ်၍ သွေးဆာသော ပုံစံ ဖြစ်လာ၏။ သူ ယဲ့ဖန်ကို အဆုံးအစမဲ့သည်အထိ မုန်းတီးသွားသည်။
“ခင်ဗျားသာ လောဘမကြီးရင် ဒီလို ဖြစ်လာပါ့မလား”
ယဲ့ဖန်က ရယ်၍ သူ့အား မချိုမချဉ် ကြည့်လေသည်။
“ငါ့ပစ္စည်းကို လွယ်လွယ်ကူကူ ယူလို့ရမယ်လို့ မှတ်နေလား”
“သေစမ်းကွာ”
ထိုကျောင်းအုပ် အော်ဟစ်လာပြီး ရူးသွပ်သွားကာ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်တို့ဖြင့် ခုန်ဝင်လာသည်။
သူ ယဲ့ဖန်ကို နုတ်နုတ်စင်းချင်နေ၏။ သူ ယဲ့ဖန်၏ အရိုးကို ပြာကျအောင် လုပ်ပစ်ချင်သည်။ သူ ယဲ့ဖန်ကို သေစေချင်၏။
ယဲ့ဖန်က ဘာမှမပြောဘဲ လှောင်ရယ်နေကာ မျက်လုံးများက ဓားသဖွယ် စူးရှနေပြီး လေးကိုပြန်ကောက်ကာ လေးကြိုးကို ဆွဲလိုက်သည်။
လှုပ်ရှားမှုက မြန်ဆန်၍ သပ်ရပ်လှသည်။ နတ်မြားတစ်စင်းက လေကိုခွင်းလာပြန်သည်။ ၎င်းက ကျောင်းအုပ်ထံသို့ ပျံသန်းလာပြီး တာအိုအလင်းများ ဖြာထွက်နေ၏။
*မကောင်းတော့ဘူး*
ထိုကျောင်းအုပ် ချက်ချင်း ကြက်သီးထသွားပြီး အလွန် အန္တရာယ်များသော မရဏ အငွေ့အသက်ကို ခံစားမိ သွားသည်။ သူ့မျက်လုံးများ ဂနာမငြိမ် ဖြစ်လာပြီး မျက်နှာတစ်ခုလုံး ကြောက်စိတ် ထင်လာသည်။
လက်ရှိတွင် သူသည် အရဲစွန့်၍ ခန္ဓာကိုယ်မှ ယန်စွမ်းအင်အားလုံးကို ကျန်လက်တစ်ဖက်သို့ ပို့လွှတ်ကာ ချဉ်းကပ်လာသော နတ်မြားကို ရိုက်ချလိုက်သည်။
“ပျက်စီးစမ်း”
သို့သော် အချည်းနှီးပင်။ နတ်မြားက ခံစစ်ကို ချိုးဖောက်လာပြီး ကျောင်းအုပ်၏ ကျန်လက်တစ်ဖက်ကို ထိုးဖောက်ကာ ပေါက်ကွဲသွားစေသည်။
“အား…”
ကျောင်းအုပ်သည် နာကျင်မှုကြောင့် ဦးနှောက် ကောင်းကောင်း အလုပ်မလုပ်နိုင်သလို ဖြစ်သွားပြီး နောက်သို့ လဲကျကာ ယဲ့ဖန်ရှေ့၌ ထိုင်လျက်သား ဖြစ်သွားသည်။ ယခု သူ အသုံးမကျသော အဘိုးအိုကြီး ဖြစ်သွားလေပြီ။
ပထမအကြိမ်က သတိမထားမိ၍ ထိခိုက်မိသည်ဟု ဆိုလျင် ဒုတိယအကြိမ်ကို မည်သို့ ဆိုရမည်နည်း။ လက်ရှိတွင် လူတိုင်း နတ်လေးအား အလွန်အမင်း ကြောက်ရွံ့လာကြသည်။
*နတ်ဘုရင်အဆင့်က ဒီလူကြောင့် ထိခိုက်သွားရပါလား*
*ဒီမြင်ကွင်းက ကြောက်စရာကောင်းလွန်းတယ်*
*သူတော်စင်သခင်အဆင့်ကို ဟင်းသီးဟင်းရွက် လှီးသလို သတ်ပြီးတော့ နတ်ဘုရင်အဆင့်ကို ခွေးကို ရိုက်နှက် နေပါလား*
*ဒါက …*
*ကြောက်ဖို့ကောင်းလိုက်တာ*
လူတိုင်း ကြောက်လက်လွန်း၍ အကြောများ ထုံထိုင်းလာကာ လူတိုင်း နာရီဝက်မျှ ရီဝေဝေ ဖြစ်နေကြသည်။ သူတို့၌ ထိုအမူအရာသာ ရှိနေသည့်ပုံပင်။ ယဲ့ဖန်က သူတို့ကို ထိုအမူအရာသာ ဖြစ်အောင် ပြုလုပ်ထားပုံရသည်။
သူတို့ အသည်းအသန် ရင်တုန်နေကြသည်။ မကြာခင် ဖြစ်လာမည့် ဝမ်ကောဖူ၏ ကံတရားကို သူတို့ ကြိုမြင်နေ ရလေပြီ။
လက်ရှိတွင် မဟာကျောင်းအုပ်နှင့် အဝါရောင်ဝတ်စုံနှင့် ကျောင်းအုပ်တို့၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ် လာသည်။ မူလက သူတို့ သုံးယောက်၏ ခွန်အားကို စုပေါင်းလိုက်လျင် ယဲ့ဖန်ကို သတ်ရန် မခက်ခဲဟု ထင်ခဲ့ကြသည်။
သူ့ကို မသတ်နိုင်လျင်တောင်မှ အနည်းဆုံး အနိုင်ယူနိုင်မည်ဟု တွေးခဲ့ကြသည်။ သို့ရာတွင် ယခု သူတို့ မှားကြောင်း သိလိုက်ရသည်။ အမှားကြီး မှားခဲ့လေပြီ။
*ဒီလူ ထွက်မပြေးတာ အကြောင်းရှိတာကိုး*
*ဘာလို့လဲဆိုတော့ သူက ကြောက်မှမကြောက်တာ*
ယဲ့ဖန်က လေးကြိုးကို ထပ်ဆွဲကာ မြားအား ထိုကျောင်းအုပ်၏ ဦးခေါင်းကို ချိန်လိုက်ပြီး အေးစက်စက် ပြုံးနေ၏။
“ခဏနေပါဦး”
ထိုကျောင်းအုပ် ကြက်သီးထသွားပြီး အလန့်တကြား အော်လာသည်။
“ငါ့ကို မသတ်ပါနဲ့၊ ငါ ဒီနတ်လေးကို မလိုချင်တော့ဘူး၊ မင်း ငါ့ကို မသတ်သရွေ့ သူတို့နဲ့ တိုက်ခိုက်တဲ့အခါ ငါ ကူညီပါ့မယ်”
*ဘာ*
*သစ္စာဖောက်တာပဲ*
ထိုကျောင်းအုပ် အလွန် ကြောက်လန့်နေ၏။
*ဒီလူက မိစ္ဆာပဲ၊ ငါ တစ်ခါမှ တစ်ချက်တည်းနဲ့ မရှုံးဖူးဘူး*
သူ့ရှေ့မှ နီးကပ်လွန်းနေသည့် နတ်မြားနှင့် ရင်ဆိုင်ရသောအခါ သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာ၏။ သူ ယခု အရှုံးမပေးလျင် သေရပေလိမ့်မည်။
“ဒါပေမဲ့ ငါ ကစားရတာ ပျင်းလာပြီ”
ယဲ့ဖန်က အေးစက်စက်ဖြင့် အပြုံးကြီး ပြုံးနေ၏။
*ကစားရတာ ပျင်းလာပြီ ဟုတ်လား*
ထိုစကားလုံးက ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းကို အံ့ဩသွားစေသည်။
*ဒီလူက တစ်ချိန်လုံး ကစားနေခဲ့တာလား*
*မဟာကျောင်းအုပ်နဲ့ အခြားသူတွေက သူ့ကို သတ်ဖို့ ဆုံးဖြတ်ထားတာတောင် သူက ကစားချင်စိတ် ရှိသေးတယ်လား*
*ဖုန်းယဲ့က အရမ်း ကြောက်ဖို့ကောင်းတယ်*