အခန်း ၁၄၆၆
Vol. 98 Ch. 1466
Chapter 1466 ငါက … ကျူးလုံ ဧကရာဇ်ပဲ
ရန်သူထံ၌ သူ တစ်ချက်တည်းဖြင့် ရှုံးလိမ့်မည်ဟု မယုံနိုင်ပါ။ ဤသည်ကိုမြင်သော် ရင်ဖုန်းချူနှင့် အခြားသူများ အလန့်လွန်ကာ သတိလစ်လုနီးပါး ဖြစ်သွားကြသည်။
*ဟွမ်နူတောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူးလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့ သည်းခြေပျက်မတတ် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဓာတ်လိုက်သကဲ့သို့ ဖြစ်ကာ အံ့ဩမှင်တက် နေကြသည်။
လူတိုင်း၏ မျက်နှာသည် လေးလံထုံထိုင်းနေကြပြီး လက်ရှိတွင် ပြောစရာစကား မရှိတော့အောင်ကို ဆွံ့အနေ၏။ သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ပျက်စီးသွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။
ရင်မိသားစု၏ နံပါတ်တစ် စစ်သူကြီးက ရန်သူထံတွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားသည်တဲ့လား။ လက်ရှိတိုင်း လူတိုင်း အတွေးထဲ ဗလာဖြစ်နေကြပြီး တိတ်ဆိတ် ငြိမ်သက်နေကြလေသည်။ မဟာကျောင်းအုပ် ရင်တုန်နေ၏။
*ဒီလို မဖြစ်သင့်ဘူး၊ ဒီလို မဖြစ်သင့်ဘူးလေ*
*ဒါက ဘာလဲ*
မကြာခင်မှာပင် ဟွမ်နူ၏ မျက်လုံးများ အရောင်တောက်လာပြီး မျက်နှာတွင် မကျေနပ်စိတ်နှင့် ရန်လိုစိတ်တို့ ပြည့်နှက်လာ၏။
“အရှင်မင်းကြီး ကျွန်တော်မျိုး ရှုံးသွားပါတယ်၊ ကျွန်တော်မျိုး အရှင် အရှက်ရအောင် လုပ်ခဲ့မိပါတယ်၊ ကျွန်တော်မျိုး သေသင့်တာပါ”
ထို့နောက် သူသည် လက်ကိုမြှောက်၍ သူ့ဦးခေါင်းအား ဒေါသတကြီး ရိုက်ချလေသည်။ သူ့ကိုယ်သူ သတ်သေရန် ကြံစည်ထားခြင်းပင်။
ကျူးလုံ ဧကရာဇ် လက်အောက်မှ နံပါတ်တစ် စစ်သူကြီးတစ်ယောက်ဖြစ်သော သူက အလွန် လျင်မြန်စွာ ရှုံးနိမ့်သွားခြင်းသည် ကျူးလုံ ဧကရာဇ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ခြင်း ဖြစ်ကာ သူ့ကြောင့် ထိုသူကိုပါ အရှက်ခွဲမိသလို ဖြစ်သွားရသည်။
သူ့၌ မည်သို့သော အသက်ရှင်နိုင်မည့် အရည်အချင်း ရှိပါဦးမည်နည်း။ သို့သော် ထိုအခိုက်တွင် လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲသဖြင့် ဟွမ်နူ၏ လက်က ဦးခေါင်းပေါ် ကျမလာချေ။
ဤသည်ကိုမြင်သော် ဟွမ်နူ ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်ပြီး ယဲ့ဖန်အား မျက်မှောင်ကြုတ်ကာ ပြန်အော်လိုက်သည်။
“မင်း ဘာလုပ်တာလဲ”
*ဒီမျိုးမစစ်ကောင် ငါ့ကို စော်ကားတာနဲ့တင် မလုံလောက်သေးဘူးလို့ တွေးနေတာလား*
ယဲ့ဖန်က ရယ်လေသည်။
“ငတုံးလေး ငါ မင်းကို မတွေ့ရတာ နှစ်တွေ ဒီလောက် ကြာနေပြီ၊ မင်း အရမ်း တုံးလိမ့်မယ်လို့ ငါ မထင်ထားဘူး”
*ငတုံးလေး*
ထိုစကားလုံး သုံးလုံး၌ မှော်စွမ်းအင်များ ပါဝင်နေပုံရပြီး ဟွမ်နူအား ချက်ချင်း တုန်ယင်သွားစေကာ မျက်နှာတွင် မယုံနိုင်သော အမူအရာ ဖြစ်ပေါ်လာ၏။ သူ အချိန်အတော်ကြာ သတိလွတ်သွားသည်။
“မဖြစ်နိုင်ဘူး၊ ဒါ အမှန် မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ်”
တစ်ခဏကြာသော် သူ ရုတ်တရက် ထအော်လာပြီး အသံက ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်လွန်းလှသည်။ လူတိုင်း မှင်တက်သွားကာ ဟွန်မူ ပြောသော စကားကို သူတို့ နားမလည်ချေ။
*သူက ဘာလို့ ဒီလောက် ထိတ်လန့်နေရတာလဲ*
သူ၏ မျက်နှာက အလွန် ရှုံ့မဲ့နေပြီး မျက်နှာပျက်နေရာမှ တဖြည်းဖြည်း ရယ်ချင်ဟန် ပေါ်လာသည်။ ရှေးခေတ်အခါမှ လက်ရှိအချိန်အထိ သူ့အား ငတုံးလေးဟု ခေါ်သူမှာ တစ်ယောက်တည်းသာ ရှိလေသည်။ ထိုလူ အသက်ရှင်နေလိမ့်ဦးမည်ဟု သူ မယုံနိုင်ပါ။
“စစ်သူကြီး ဒါ အမှန်ပါ”
ထိုစဉ် ထျဲမူထားကလည်း အပြုံးနှင့် ပြောလာ၏။
“မဟုတ်ရင် ကျွန်တော် ဘာလို့ သူ့ဆီမှာ ခစားမှာလဲ၊ ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
ထိုစကားကိုကြားသော် ဟွမ်နူ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့မျက်နှာတွင် ထိတ်လန့်ဟန်များ ဖုံးလွှမ်း လာသည်။ ထို့နောက် သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။
“အရှင်မင်းကြီး”
သူ ရှေ့တက်လာပြီး ယဲ့ဖန်အား ပျော့ပျောင်းစွာ ခေါ်လာသည်။
“အရှင်မင်းကြီး”
ထို့နောက် သူ အလွန် ဝမ်းနည်းကြေကွဲသောအသံဖြင့် ထပ်အော်ကာ ယဲ့ဖန်ရှေ့တွင် ဒူးထောက်လေသည်။ သူ၏ လူ့ဦးခေါင်းတစ်လုံးထက်ပင် ကြီးသော လက်မောင်းများဖြင့် ယဲ့ဖန်၏ ပေါင်ကို ဖက်ကာ မလွှတ်တော့ချေ။
*ငါ မှားသွားပြီ*
သူ အလွန်အမင်း ဝမ်းနည်းနေသည်။ ကျူးလုံ ဧကရာဇ် နတ်ရွာစံသောအခါ သူ မျက်လုံးကန်းမတတ် ငိုခဲ့ရသည်။ ယဲ့ဖန်အတွက် သူ့ခံစားချက်က မည်မျှ ပြင်းထန်ကြောင်း မည်သူမှ မသိပေ။
“ဟွမ်နူ ငါ့နောက်လိုက်၊ နောင်ဆို မင်းက ထောင်သောင်းချီတဲ့ လူတွေအထက်က လူတစ်ယောက် ဖြစ်လာလိမ့်မယ်”
ဤသည်မှာ ထိုလူ သူ့ကို ပေးနိုင်သော ခွန်အား ဖြစ်ပေသည်။
“ဒီဟွမ်နူ၊ ဒီကိုးပြည်နယ်နဲ့ ပင်လယ် ရှစ်စင်းက ဒီဘုရင်ရဲ့ နယ်မြေပဲ မဟုတ်လား”
ဤသည်မှာ ထိုလူ၏ သူ့အပေါ် ချီးမွမ်းမှု ဖြစ်လေသည်။
“ဟွန်နူ ငါ မသေဘူးဆိုရင် ငါ မင်းကို ထာဝရ အင်မော်တယ်လမ်းအထိ ကာကွယ်မယ်”
ဤသည်မှာ ထိုလူ၏ သူ့အပေါ် ပေးသော ကတိပင်။ သူ မတည်နိုင်သည့် တစ်ခုတည်းသော ကတိမှာ။
“ဟွမ်နူ တစ်နေ့ ငါ နဂါးပုလ္လင်ပေါ် ထိုင်ပြီး လောကကို တည်ငြိမ်အောင် လုပ်နိုင်တဲ့ တစ်နေ့ကျရင် ငါ့စစ်ဝတ်စုံကို ချွတ်ပြီး နယ်ကိုပြန်မယ်၊ ပြီးရင် အရံဟင်း နှစ်ခွက်၊ သုံးခွက်ချက်ပြီး မင်းနဲ့ တစ်ဝိုင်းလောက် သောက်တာပေါ့”
ကံမကောင်းစွာပင် အရက်အတူသောက်ရန် ဖိတ်ကြားချိန်ပင် မရလိုက်ဘဲ ကျူးလုံ ဧကရာဇ် နတ်ရွာစံ သွားခဲ့သည်။
“အရှင်မင်းကြီး ခင်ဗျား ကျွန်တော့်ကို ဝိုင်တစ်ကရားစာ အကြွေးတင်နေတယ်၊ ဝိုင်တစ်ကရားစာ အကြွေးတင်နေတာ”
ဟွမ်နူက အမှားလုပ်ထားသော ကလေးသဖွယ် မျက်ရည်လည်ရွဲ အော်ပြောလေသည်။ ယဲ့ဖန်က ပြုံးကာ ဘာမှမပြောဘဲ သူ့ခေါင်းကို အသာပွတ်ကာ နှစ်သိမ့်လိုက်သည်။ ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်း မှင်တက် သွားကြသည်။
*ဘာတွေဖြစ်နေတာလဲ*
*ဟွမ်နူက သူ့ရှေ့ ဒူးထောက်ပြီး အကြီးအကျယ် ခံစားခဲ့ရတဲ့ ကလေးလို ငိုနေပါလား*
*ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ*
*တိုက်ပွဲတွေ အများကြီး ဆင်နွှဲခဲ့တဲ့ မြင့်မြတ်တဲ့ စစ်သူကြီးက ကလေးတစ်ယောက်လို ငိုနေတာက လွန်တယ်လို့ မထင်ဘူးလား*
ထိုစကားအတွက် အဖြေမှာ ယောက်ျားတစ်ယောက် ဝမ်းနည်းသော်လည်း မျက်ရည်မကျသည့် အကြောင်းရင်းမှာ သူ အလွန် ဝမ်းနည်းကြေကွဲသည့် အခြေအနေအထိ မရောက်သေးသောကြောင့်ပင်။
ဟွမ်နူသည် တစ်သက်လုံး ယဲ့ဖန်အတွက် အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ ယဲ့ဖန် သေသွားချိန်က သူ့နှလုံးသား ဟောင်းလောင်းပေါက် ဖြစ်သွားသည်ဟုပင် ခံစားခဲ့ရသည်။
ယခု ယဲ့ဖန်၏ ပြန်လည်မွေးဖွားလာခြင်းကို မြင်သောအခါ သူ့စိတ်နှလုံးသား မည်မျှ တုန်လှုပ်သွားမလဲ တွေးမကြည့်နိုင်ပါ။
“ဟွမ်နူ ခင်ဗျား ဘာလုပ်နေတာလဲ၊ ခင်ဗျား ဘာလို့ ကျုပ်အတွက် အဲ့ခွေးမသားကို မသတ်တာနဲ့”
ဤသည်ကိုမြင်ပြီး ရင်ဖုန်းချူက ဒေါသတကြီး အော်ငေါက်လိုက်သည်။
*ဒီခွေးကျွန်ကများ ငါ့မျက်စိရှေ့မှာ ငါ့ရန်သူကို သတ်ပြီး ဖက်ပြီး မရပ်မနား ငိုနေလိုက်သေးတယ်၊ သခင်ဖြစ်တဲ့ ငါ့ကို အရှက်ခွဲနေတာလား*
“မင်း ဘယ်သူ့ကို ခွေးမသားလို့ ပြောလိုက်တာလဲ”
ဟွမ်နူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းလာပြီး လူသတ်ချင်စိတ်က ထောင်းခနဲ ထကာ ရင်ဖုန်းချူအား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ ရင်ဖုန်းချူ ထပ်ပြောလိုက်သည်နှင့် သူ ရင်ဖုန်းချူကို အရှင်လတ်လတ် ဝါးစားလောက်သည်။
ရင်ဖုန်းချူ ထိတ်လန့်သွားသည်။ ရုတ်တရက် သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အသိစိတ် လွတ်သွားသည်။ ထို့နောက် ရင်ဖုန်းချူ၏ မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လာ၏။
“မင်းက ငါ့ကို ပြန်တိုက်ရဲသလား”
ဤခွေးကျွန်သည် ခွေးတစ်ကောင်သဖွယ် သူတို့မိသားစုကို စိတ်ရင်းနှင့် ခစားကာ အမြဲ သစ္စာရှိခဲ့သည်။ သူတို့ သူ့ကို မည်မျှ နှိပ်စက်၍ အနိုင်ကျင့်ပါစေ သူ ပြန်ခုခံရန် မဆိုထားနှင့် ဂရုပင် မစိုက်ပါ။ သို့သော် ယခုအခါ၌ အပြင်လူတစ်ယောက်ကြောင့် သူ့ကို ခြိမ်းခြောက်နေသည်တဲ့လား။
“မင်း ထပ်ပြောရဲမယ်ဆိုရင် ငါ မင်းကို သတ်ပစ်မယ်”
ဟွမ်နူက အံကြိတ်၍ မုန်းတီးစွာ ပြောလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကယ်ဆယ်ရန် လာသည့် ဟွမ်နူက ယဲ့ဖန်ထံတွင် ရှုံးနိမ့်ရုံသာမက ပုန်ကန်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
မဟာကျောင်းအုပ် အံ့ဩသွားသည်။ ရင်ဖုန်းချူသည်လည်း အံ့အားသင့်နေ၏။ လူတိုင်း မှင်တက်နေကြသည်။
*ဘာတွေဖြစ်ကုန်တာလဲ*
“မင်းက ဘယ်သူလဲ”
မဟာကျောင်းအုပ်က ယဲ့ဖန်ကို အော်မေးလိုက်သည်။ လက်ရှိတွင် သူ့အသံ၌ ကြောက်လန့်သွေးပျက်ဟန်များ ပြည့်နှက်နေ၏။ သူ တစ်စုံတစ်ရာကို သတိထားမိသွားလေပြီ။
ဟွမ်နူက ယဲ့ဖန်ကို အရှင်မင်းကြီးဟု ခေါ်လိုက်ခြင်းအား သူ သေချာကြားလိုက်ပါသည်။ ဟွမ်နူ၏ ရုတ်တရက် ပြောင်းလဲမှုနှင့်ပါ ပေါင်းလိုက်လျင် ယဲ့ဖန်၏ နောက်ခံက ပေါ်လွင်နေလေပြီ။
သူ မယုံနိုင်ပါ။ ယဲ့ဖန်က ထိုလူ ဖြစ်နေလိမ့်မည်ဟု သူ မယုံနိုင်ပေ။ ထိုလူ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။ ဘယ်လိုလုပ် သူက အသက်ပြန်ရှင်လာမည်နည်း။
ယဲ့ဖန်က မဟာကျောင်းအုပ်ကို ပြန်ကြည့်၍ ပြုံးလေသည်။
“သေချာနားထောင်၊ ငါ့နာမည်က မဟာဧကရာဇ် ကျူးလုံပဲ”
ဝမ်ကောဖူတစ်ခုလုံး၌ ပြင်းထန်သော ဖိအားတစ်ခုက ဒီရေလှိုင်းအလား ဖုံးလွှမ်းလာ၏။ လူတိုင်း လည်ပင်း အညှစ်ခံရသကဲ့သို့သော မွန်းကျပ်စေသည့် ဖိအားကို ခံစားမိကာ ချက်ချင်း မြေကြီးပေါ် လဲကျသွားသည်။ ဤတော်ဝင်ခွန်အားကို သူတို့ တောင့်မခံနိုင်ပါ။
သူတို့ ထပ်ကြည့်လိုက်သောအခါ ယဲ့ဖန်၏ ခန္ဓာကိုယ်ကို တန်ဖိုးကြီး နဂါးဝတ်ရုံက လွှမ်းမိုးထားသည်ဟု ထင်မှတ်ရပြီး ဦးခေါင်းထက်၌ သရဖူဆောင်းထားကာ အရပ်မျက်နှာအနှံ့သို့ ကိုယ်ရောင်ကိုယ်ဝါများ ပျံ့လွင့်နေသည်ဟု ထင်မှတ်လာရသည်။
သူတို့ အတွေးထဲမှ ပုံရိပ်နှင့် တဖြည်းဖြည်း တစ်ထပ်တည်း ကျလာ၏။
*ကျူးလုံ ဧကရာဇ်*
*ဒီလူက ကျူးလုံ ဧကရာဇ် ဖြစ်နေပါလား*
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လန့်တုန်လှုပ်ကာ မယုံသင်္ကာ ဖြစ်သွားကြသည်။
*ဧကရာဇ်ကိုးပါးထဲက တစ်ပါးမဟုတ်လား*
*သူက သေသွားပြီ မဟုတ်ဘူးလား*
*ဘာလို့လဲ*
လက်ရှိအချိန်တွင်မှ အရာအားလုံး အဓိပ္ပာယ် ရှိသွားတော့သည်။ အဘယ်ကြောင့် ဤလူက ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သနည်း။ ဧကရာဇ် ကျူးလုံ ဖြစ်နေသော သူက ဘယ်လိုလုပ် ရှုံးပါတော့မည်နည်း။
မျက်လုံးပေါင်းများစွာက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး ချိတ်များသဖွယ် ပြန်လည်၍ မဖယ်ရှား နိုင်တော့ချေ။ လူတိုင်း၏ စိတ်ထဲ၌ အဆုံးအစမဲ့သော ကြောက်စိတ်သာ ရှိနေတော့သည်။
ကယူးရှူ ကိုးပြည်နယ်အား ကူးသန်းခဲ့သော ရှေးဟောင်း ဧကရာဇ် အသက်ပြန်ရှင်လာလေပြီ။ လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားသည်။ အသံထွက်ရန် မဆိုထားနှင့် အသက်ပင် ရဲရဲ မရှူရဲကြချေ။
ဤလူရှေ့၌ အသက်ရှူခြင်းကိုတောင်မှ ရိုင်းပျသော လုပ်ရပ်ဟု ထင်နေကြသည်။ ထိုလူသည် ကျူးလုံ ဧကရာဇ် ဖြစ်သည်။ သမိုင်းထဲမှ ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး၊ ယခု သူတို့ရှေ့၌ အရှင်လတ်လတ် မတ်တပ်ရပ်နေ၏။
“ဟားဟားဟား ဒါကြောင့်ကိုး၊ ဒီလိုဖြစ်နေတာကိုး”
မဟာကျောင်းအုပ်က ရုတ်တရက် မျက်ရည်ကျကာ ကောင်းကင်ကိုမော့ကြည့်၍ အော်လေသည်။
“ကောင်းကင်ဘုံက ငါ့ဝမ်ကောဖူကို မေ့ဖျောက်ချင်နေတာပဲ၊ ငါ့ဝမ်ကောဖူကို ကောင်းကင်ဘုံက ဖျက်ဆီး ချင်နေတာ”
ရင်မိသားစုကို ရန်မစမိစေရန်အလို့ငှာ သူ ယဲ့ဖန်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ သို့သော် ယဲ့ဖန်နှင့် ယှဉ်လိုက်လျင် ရင်မိသားစုက လေလည်သလောက်ပင် မရှိပါ။
တစ်ဖက်လူက ကျူးလုံ ဧကရာဇ် ဖြစ်နေသဖြင့် သူတို့ လုံးဝ ဇာတ်သိမ်းလေပြီ။ ဝမ်ကောဖူ ရှင်သန်ရန် နည်းလမ်း မရှိတော့ပါ။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
ရင်ဖုန်းချူ၏ မျက်နှာတွင် ထိတ်လန့်စိတ်နှင့် ခါးသီးစိတ်တို့ ပြည့်နှက်နေသည်။ ဤလူက သူတို့ ရင်မိသားစု၏ ဘိုးဘေး ဖြစ်နေလိမ့်မည်ဟု သူ မယုံနိုင်ပါ။
ဧကရာဇ် ကျူးလုံ၏ ကျယ်ပြောသော နယ်မြေချဲ့ထွင်မှုကြောင့်သာ မဟုတ်လျင် သူတို့ ရင်မိသားစုက ယနေ့ လောက၌ ဂုဏ်ရှိသော မိသားစု ဖြစ်လာမည် မဟုတ်ပါ။
သူက သူတို့၏ ဘိုးဘေးကို သတ်ချင်နေခဲ့သည်တဲ့လား။ ဤသည်မှာ ပုန်ကန်မှုပင်။ သေသင့်သော လုပ်ရပ်ပင်။ မလေးမစား ပြုမူခြင်း ဖြစ်လေသည်။
ရင်ဖုန်းချူသာမက ယွမ်ပမ်းရှီနှင့် အခြားသူများသည်လည်း မှင်တက်နေကြသည်။ ယဲ့ဖန်၌ ထိုသို့သော နောက်ခံ ရှိလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*မဟာ ဧကရာဇ် ကျူးလုံ*
*ဂုဏ်သတင်း ကြီးလိုက်တဲ့ နာမည်*
*လောက ပြိုင်ဘက်ကင်း*
သူသည် သိုင်းပညာရှင်တိုင်း လေးစားကြည်ညိုရသော ပုဂ္ဂိုလ် ဖြစ်သည်။ လူပေါင်း မည်မျှများများက သူ့အား သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ သူ့နည်းတူ ကြိုးစားနေသလဲ မသိနိုင်ပါ။ သို့သော် မည်သူမျှ သူ့ကဲ့သို့ မြင့်မားသော အဆင့်ကို မရောက်နိုင်ချေ။
ဧကရာဇ် ကျူးလုံက အပိုပြောနေစရာပင် မလိုသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည်။ ဖိနှိပ်၍ မရနိုင်သော လူများကို ဒဏ္ဍာရီလာဟု ခေါ်ဆိုရပေမည်။
သူ၏ ကြီးမားသော အောင်မြင်မှုများအား စကားလုံးနှင့်ပင် မဖော်ပြနိုင်ပါ။ သူ၏ သန်မာပုံနှင့် လွှမ်းမိုးနိုင်ပုံတို့အား ပို၍ မဖော်ပြတတ်တော့ချေ။
သို့သော် ယွမ်ပမ်းရှီနှင့် အခြားသူများက ယဲ့ဖန်သည် ဘိုးဘေး ကျူးလုံ ဧကရာဇ် ဖြစ်နေလိမ့်မည်ဟု တကယ် ထင်မထားမိပေ။ လက်ရှိအချိန်၌ သူတို့ မှင်တက်နေကြလေသည်။ ယဲ့ဖန်ကြောင့် သူတို့ သတိလက်လွတ် ဖြစ်နေ၏။
ထိုသို့သောအချိန်တွင် အံ့ဩနေသော သူတော်စင်သခင်အဆင့်များအားလုံး ယဲ့ဖန်ကို မျက်ကန်းတစ္ဆေအလား ကြည်ညို လေးစားသွားကြသည်။
“ငါ့ဘဝမှာ ဧကရာဇ် ကျူးလုံဆီမှာ ခစားရလိမ့်မယ်လို့ ထင်မထားမိဘူး”
“မြတ်စွာဘုရားက ငါ့လီမိသားစုကို စောင်မပေးတာပဲ၊ ငါ ဒီလို အင်မော်တယ် ဧကရာဇ်တစ်ပါးဆီမှာ ခစားနိုင်မယ်ဆိုရင် ငါ့လီမိသားစုက စည်းစိမ်ချမ်းသာကို စိုးရိမ်နေစရာ မလိုတော့ဘူး”
“အရှင်မင်းကြီး မြင်ပါရဲ့လား၊ ကျွန်တော်မျိုးတို့က အရှင်ရဲ့ အရိုကျိုးဆုံး အစေခံတွေပါ”
လင်းဝူယာသည်လည်း ရယ်နေ၏။ သို့သော် သူသည် အလွန် နှိုးဆွခံလိုက်ရသကဲ့သို့ ရယ်ရင်း ငိုနေမိသည်။ သူ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့မှန်း သူ သိခဲ့သည်။ သူ မှန်ပါ၏။ လက်ရှိတွင် စိတ်လှုပ်ရှားမှုက ထိန်းချုပ်၍ မရနိုင်ပေ။
“မဟာဧကရာဇ် ကျူးလုံ ကောင်းကင်ဘုံနဲ့အတူ ထာဝရ အဓွန့်ရှည်ပါစေ”
ရုတ်တရက် ဟွမ်နူက ကြွေးကြော်လာပြီး သူ့အမူအရာက စိတ်လှုပ်ရှားနေဟန် ပေါ်နေပြီး အသံတုန်ကာ မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။
“မဟာဧကရာဇ် ကျူးလုံ ကောင်းကင်ဘုံနဲ့အတူ ထာဝရ အဓွန့်ရှည်ပါစေ”
“မဟာဧကရာဇ် ကျူးလုံ ကောင်းကင်ဘုံနဲ့အတူ ထာဝရ အဓွန့်ရှည်ပါစေ”
“မဟာဧကရာဇ် ကျူးလုံ ကောင်းကင်ဘုံနဲ့အတူ ထာဝရ အဓွန့်ရှည်ပါစေ”
ကြွေးကြော်သံက ကောင်းကင်ဘုံ ကိုးလွှာအထိပင် ထိုးဖောက်နိုင်ပြီး နတ်ဘုရားများကိုပင် တုန်လှုပ်စေနိုင်သည်။