← Chapters

အခန်း ၁၄၇၀

Vol. 98 Ch. 1470

အခန်း ၁၄၇၀

Vol. 98 Ch. 1470

Chapter 1470 ဒါဆို သတ်လိုက်တော့

ဆယ်လှမ်း၊ ငါးလှမ်း၊ တစ်လှမ်း။

လင်းလန်အနား တဖြည်းဖြည်း နီးလာသည်နှင့် ချွီကျားချန်၏ မျက်နှာတွင် ဝမ်းသာအားရသော အပြုံးတစ်ခု ပေါ်လာသည်။

လင်းလန်က သူ့ရှေ့တည့်တည့်၌ ရှိနေသည်ကိုကြည့်ပြီး သူ့အသက်ကို ကယ်နိုင်မည်ဟု ခံစားမိသည်။ ထိုသို့ ဆိုလျင် ထန်မင်လီက သူ့အတွက် လက်ခုပ်ထဲကရေ ဖြစ်သွားပေလိမ့်မည်။

ချက်ချင်းဆိုသလိုပင် သူသည် လက်တစ်ဖက်ကို ဆန့်၍ လင်းလန်အား အကြမ်းပတမ်း ဖမ်းဆီးလေသည်။ သို့သော် ထိုအခိုက်တွင် သူ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့လက်အား အခြား လက်တစ်ဖက်က အားဖြင့် ဖမ်းချုပ်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

သူ မည်မျှ အားကုန်ရုန်းကန်ပါသော်လည်း သူ တစ်စက်ကလေးမျှ လှုပ်၍မရချေ။ သူ့လက်က လင်းလန်နှင့် တစ်စင်တီမီတာမျှသာ ကွာတော့သည်။ ထို့နောက် ချွီကျားချန်သည် သူ့ဘေး၌ နီညိုရောင် စစ်သည်တော် တစ်ယောက် ရပ်နေပြီး သူ့အား ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တာ ဘယ်လိုအရည်အချင်းလဲကွ၊ မင်း ကစားချင်ရင် ငါ မင်းနဲ့ ကစားပေးရမလား”

ချွီကျားချန် မျက်မှောင်ကြုတ်သွားသည်။

*ဒီလူ ဘယ်တုန်းက ငါ့ဘေးကို ပေါ်လာတာလဲ၊ ဘာလို့ ငါ သတိမထားမိတာလဲ*

ထိုအခိုက်တွင် ထျဲမူထားက အားစိုက်ထုတ်လာပြီး လက်ကောက်ဝတ်ထံ အားပို့လွှတ်လိုက်သဖြင့် ချွီကျားချန်၏ လက်မောင်းကို ညှစ်ထားသောအားက ပို၍ တိုးလာသည်။

“ဂျွတ်”

အရိုးများ ချက်ချင်း ကျိုးထွက်သွားပြီး လင်းလန်၏ မျက်နှာတွင် သွေးများ စင်လာ၏။

“အရူး မိဖုရားကြီးကို မပေစေနဲ့လေ”

ထန်မင်လီ ဒေါသကြောင့် အနောက်မှနေ၍ ဆွေ့ဆွေ့ခုန်နေသည်။

*ဒီအရူးကတော့ ဘယ်လို ဝေးဝေးနေရမလဲ မသိဘူးလား*

ထိုစကားကိုကြားသော် ထျဲမူထားက ရှက်သလို ခေါင်းကုတ်၍ လင်းလန်ကို တောင်းပန်သည်။

“ကျွန်တော်မျိုး တောင်းပန်ပါတယ် မိဖုရားကြီး၊ ကျွန်တော်မျိုး ဒီလိုဖြစ်စေဖို့ မရည်ရွယ်ပါဘူး”

လင်းလန် ကြက်သေ သေနေသဖြင့် ထျဲမူထား‌ ပြောသော စကားကို မကြားလိုက်ပါ။ သူမမျက်နှာက ပြာနှမ်းနေလေသည်။

“အား…”

ချက်ချင်းဆိုသလိုပင် ချွီကျားချန်က ထပ်ခါထပ်ခါ အော်ဟစ်လာပြီး လက်များ တွန့်လိမ်ကာ ပုံပျက်လာ၏။ ထျဲမူထားက သူ့ကို လုံးဝ မသက်ညှာချေ။

“မင်း …သေလိုက်တော့”

ချွီကျားချန် ဒေါသူပုန်ထနေပြီး ထျဲမူထားအား ဓားဖြင့်ထိုးလိုက်သည်။

“ချွင်”

သို့သော် ထျဲမူထား၏ ခန္ဓာကိုယ်က သံသဖွယ် မာကြောပြီး လုံးဝ မထိခိုက်သည်ကို‌ တွေ့လိုက်ရသည်။ သူ၏ တိုက်ခိုက်မှုက ထျဲမူထားအတွက် ကလိထိုးနေရုံမျှသာ ရှိသည်။

“မင်း တကယ် ကံမကောင်းတာပဲ၊ ရှေ့ရက်တွေတုန်းကသာ မင်း ငါနဲ့ ရင်ဆိုင်ရင် ငါ ရှုံးလောက်တယ်၊ ဒါပေမဲ့ စိတ်မကောင်းပါဘူး၊ ငါ သူတော်စင်သခင်အဆင့်ကို ချိုးဖောက်နိုင်သွားပြီကွ”

ထျဲမူထားက အပြုံးကြီး ပြုံးနေ၏။ ထို့နောက် ထျဲမူထားက သူ့လက်မောင်းကိုကိုင်၍ အားပါးတရ ချေမွလေသည်။

“ဂျွတ် ဂျွတ်”

“အား … ခွေးမသား၊ ငါ့ကိုလွှတ်စမ်း၊ မင်း ငါ့ကို လွှတ်စမ်း”

ချွီကျားချန်၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး ဆက်တိုက် အော်ဟစ်နေသည်။ သူ့လက်မောင်းတစ်ခုလုံး အရိုးမရှိသကဲ့သို့ ဖြည်းဖြည်းချင်း ကြေမွလာသည်။ သွေးများက မရပ်မနား စိမ့်ထွက်နေ၏။ ဤခံစားချက်က ကားဖြင့် အတိုက်ခံနေရသလိုပင်။

စွန်းရုံခိုင်နှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်လာသည်။ တစ်မူထူးခြားသော ချွီကျားချန်က ခွေးတစ်ကောင်ကဲ့သို့ နာကျင်စွာ ဟစ်အော်နေရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

*ငါတို့ မျက်စိများ မှားနေသလား”

“ငါ့ကိုလွှတ်၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”

ချွီကျားချန်၏ အော်သံက တဖြည်းဖြည်း အသနားခံသံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ ကြမ်းပြင်ပေါ် ဘုန်းခနဲ ဒူးထောက်ကျသွားပြီး တစ်ကိုယ်လုံး တုန်ယင်နေကော မျက်နှာတွင် မယုံနိုင်လောက်အောင် ကြောက်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။

သို့သော် ထျဲမူထား၏ အန္တရာယ်များသော အပြုံးက ပိုပို၍ ကြောက်စရာကောင်းလာပြီးနောက် ချွီကျားချန်၏ နောက်လက်မောင်းတစ်ဖက်ကို သူ ဆုပ်ကိုင်လာပြန်သည်။

“ဂျွတ်”

သွေးများ ပန်းထွက်လာပြီး လက်မောင်းတစ်ခုလုံး စုတ်ပြဲသွားသည်။

“မျိုးမစစ်ကောင် မင်း … သောက်မျိုးမစစ်ကောင်”

ချွီကျားချန် ချက်ချင်း အော်ငေါက်လေသည်။ သူ့မျက်နှာထားက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

“ငါ့ကို လာမဆဲနဲ့၊ မင်းဆဲရင် ငါ့လှုပ်ရှားမှုတွေက ပိုနှေးလာလိမ့်မယ်”

ထျဲမူထားက ရိုးသားသော အပြုံးမျိုး ပြုံးနေသော်လည်း လူတိုင်း၏ အမြင်တွင် ထိုအပြုံးက နတ်ဆိုးသဖွယ် ခြိမ်းခြောက်နေသော အပြုံးဟု ခံစားနေရသည်။ ရက်စက်၍ ကြောက်စရာကောင်းလှသည်။

ချွီကျားချန် တစ်ခွန်းမှ ပြန်မပြောတော့ဘဲ ထျဲမူထားအား အသနားခံသလို ကြည့်ကာ သူ့အသက်ကို ချမ်းသာပေးရန် မျှော်လင့်နေ၏။ သို့သော် ထျဲမူထားက သူ့လက်ကို ချွီကျားချန်၏ ဦးခေါင်းပေါ်တင်၍ အပြုံးဖြင့် ပြောလိုက်သည်။

“နောက်ဘဝမှာ ဉာဏ်ကောင်းအောင် နေပေါ့ကွာ”

*ဘာ*

ချွီကျားချန် မကောင်းသော ခံစားချက်ကို ရလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။

“မင်း…”

“ဂျွတ်”

ထိုအခိုက်တွင် ချွီကျားချန်၏ ဦးခေါင်းကို ထျဲမူထားက ချေမွလိုက်သဖြင့် ဦးနှောက် အစနအများ ပန်းထွက် လာသည်။

ထိုအခါ လူတိုင်းက ကြမ်းပြင်ပေါ်၌ မလှုပ်မယှက် လဲနေသော ချွီကျားချန်ကိုကြည့်ပြီး အမှန်တရားကို မယုံနိုင် ဖြစ်နေကြသည်။

*ချွီမိသားစုရဲ့ အကြီးဆုံးသခင်လေးက တစ်ယောက်ယောက်ဆီမှာ ဒီလို အသတ်ခံလိုက်ရတာလား*

ကြမ်းပြင်ပေါ်၌ သွေးများ အိုင်ထွန်းနေသောကြောင့် ချွီကျားချန်၏ ဦးခေါင်း ပျောက်ကွယ်ကာ ပုံပျက်ပန်းပျက် ဖြစ်နေသော အလောင်းတစ်လောင်းသာ ကျန်ရစ်ခဲ့သဖြင့် ကြောက်စရာ ကောင်းလှပေသည်။

*ဒါက*

လင်းလန် ကြက်သေ မသေဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူမကို ဖျက်ဆီးမည်ဟု ကြုံးဝါးခဲ့သူက ယခု သူမရှေ့တွင် အလွယ်တကူ သေဆုံးသွားသည်တဲ့လား။ ထို့အပြင် ယင်းကလည်း ဦးခေါင်း ကြေမွ၍ သေဆုံးသွားခြင်း ဖြစ်လေသည်။

ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။ ထို့ကြောင့် သူ့မျက်နှာတွင် ကြောက်လန့်တုန်လှုပ်ဟန် ပေါ်လာ၏။ ဤသည်ကိုမြင်သော် စွန်းရုံခိုင်နှင့် အခြားသူများ ကြောက်လန့်ကာ တုန်ယင်လာသည်။

ချွီကျားချန်ကို အကြီးဆုံး သူဌေးဟု သူတို့ ထင်ထားခဲ့သောကြောင့် သူတို့ ချွီကျားချန်ကို မျက်နှာလုပ်ခဲ့ကြသည်။ သို့သော် လင်းလန်က ကြောက်စရာ အကောင်းဆုံးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

*လတ်စသက်တော့ သူက ယဲ့ဘုရင်ရဲ့ အမျိုးသမီး ဖြစ်နေတာပဲ*

စွန်းရုံခိုင် ရုတ်တရက် အအေးမိသကဲ့သို့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာ၏။ ဤသည်က အမှန် ဖြစ်နေ လိမ့်မည်ဟု သူ ထင်မထားမိပါ။

*ငါ့တူမက ယဲ့ဘုရင်နှင့် တကယ် ပတ်သတ်နေတာလား*

*ငါက ယဲ့ဘုရင်ရဲ့ အမျိုးသမီးကို သူများကို ပေးဖို့ လုပ်မိတာပေါ့*

*သွားပြီ*

*ငါတော့ လုံးဝ သွားပြီ*

*ငါ သေတွင်းတူးမိတာပဲ*

အခြားရှယ်ယာရှင်များလည်း ထိုနည်းတူ တုံ့ပြန်လာကြသည်။ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထကာ မျက်နှာတွင် သွေးပျက်ဟန်များ ဖုံးလွှမ်းလာသည်။

သူတို့ လင်းလန်ကို ကျေးဇူးကန်းရန် ကြံစည်ခါစ ရှိသေးသော်လည်း ယခု ယဲ့ဘုရင်၏ လက်အောက်ခံများ ရောက်လာကြသည်။ သူတို့ ဘယ်လိုလုပ် အသက်ရှင်နိုင်ပါမည်နည်း။

ထိုစဉ် ထန်မင်လီက စွန်းရုံခိုင်နှင့် အခြားသူများအား ခံစားချက်ကင်းမဲ့စွာ ကြည့်၍ ပြောလိုက်သည်။

“မင်းတို့ ကိုယ့်ဘာသာကိုယ် သေမလား၊ ငါ တမလွန်ကို ပို့ပေးရမလား”

ထိုစကားက ရှယ်ယာရှင်များကို မျက်ရည်ပေါက်ပေါက် ကျသွားစေ၏။

*နတ်ဆိုး*

*ဒီလူက နတ်ဆိုးပဲ*

“လင်းလန် ငါ့ကို မသတ်ပါနဲ့၊ ငါက မင်းဦးလေးလေ၊ ငါ ဖိအားပေးခံရတာ၊ ငါ့ကို ခွင့်လွှတ်ပါ၊ ငါ တကယ် ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး”

စွန်းရုံခိုင်က လင်းလန်ကို ဒူးထောက်တောင်းပန်ကာ တစ်ကိုယ်လုံး တုန်နေ၏။

“ဟုတ်တယ် ဟုတ်တယ် ငါတို့ တမင်လုပ်တာ မဟုတ်ပါဘူး၊ ချွီမိသားစုက သွားရှုပ်ဖို့ မလိုတာကို မင်းလည်း သိပါတယ်၊ ငါတို့ သူ့ကို မကြိုက်ရင် သူက ငါတို့ကိုပါ အတူတူ သတ်မှာ”

ထိုရှယ်ယာရှင်များကလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာကာ မျက်နှာပြာနှမ်းနေသည်။ လင်းလန်၏ အနောက်၌ ယဲ့ဘုရင် ရှိနေကြောင်း သူတို့ သိခဲ့ပါက သတ္တိရှိလျင်တောင်မှ သူတို့ ပြဿနာ ရှာရဲမည် မဟုတ်ပါ။

“ဥက္ကဋ္ဌ ကျုပ်တို့ကို မသတ်ပါနဲ့၊ ကျုပ်တို့ လက်ထဲမှာ ကုမ္ပဏီရဲ့ ရှယ်ယာတွေ ရှိတယ်လေ၊ ကျုပ်တို့ သေသွားရင် ကုမ္ပဏီအတွင်းမှာ ဝရုန်းသုန်းကား ဖြစ်သွားမှာပေါ့၊ မင်းအမေ ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ကုမ္ပဏီကို မပျက်စီးစေချင်ဘူး မဟုတ်လား”

တစ်ယောက်က အင်တင်တင် ပြောလာသည်။ လင်းလန် ဂရုအစိုက်ဆုံးအရာက သူမအမေ၏ ကုမ္ပဏီဖြစ်ကြောင်း သူတို့ သိသည်။ ထို့ကြောင့် သူက ၎င်းကို အသုံးချ၍ ခြိမ်းခြောက်လိုက်သည်။

“ဒီလိုအချိန်မှာတောင် မင်းက ခြိမ်းခြောက်ရဲတာလား၊ တော်တော် ခေါင်းမာတာပဲ”

ထန်မင်လီက ခနဲ့လိုက်ပြီး လင်းလန်ကို ပြောလိုက်သည်။

“မိဖုရားကြီး မစိုးရိမ်ပါနဲ့၊ မိဖုရားကြီးရဲ့ ကုမ္ပဏီကို ကျွန်တော် ဘဏ္ဍာရေးရော၊ ပစ္စည်းရော လူပါ ပံ့ပိုးမှာပါ”

ထိုစကားကြောင့် စွန်းရုံခိုင်နှင့် အခြားသူများ ကြံရာမရ ဖြစ်သွားကြသည်။ ဘဏ္ဍာရေး အရင်းအမြစ်အရဆိုလျင် ထန်မင်လီ အနောက်မှ ယဲ့ဘုရင်သာမက ထန်မင်လီကိုပါ သူတို့ မယှဉ်နိုင်ပါ။

“မိဖုရားကြီး ဟုတ်လား၊ ရှင် ဘာလို့ ကျွန်မကို မိဖုရားကြီးလို့ ခေါ်တာလဲ၊ ရှင် လူမှားနေတာလား”

လင်းလန် မနေနိုင်ဘဲ ထန်မင်လီကို မေးလိုက်မိသည်။ သူမ ထန်မင်လီကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးကြောင်း တစ်ရာရာခိုင်နှုန်း သေချာပါသည်။

*လူမှားတာ ဟုတ်လား*

ထိုစကားကိုကြားသော် စွန်းရုံခိုင်နှင့် အခြားသူများ မှင်တက်သွားကြသည်။ ထိုစကားသာ အမှန်ဆိုလျင် ချွီကျားချန်အတွက် သေဆုံးခြင်းက မှားယွင်းလွန်းလှသည်။

ထန်မင်လီက ပြုံး၍ ဘာမှမပြောဘဲ လင်းလန်၏ လက်မှ လက်စွပ်ကိုသာ လက်ညှိုးထိုးပြသည်။ အရာအားလုံး တိတ်ဆိတ်သွားလေပြီ။

လင်းလန်သည် အစက မှင်တက်သွားပြီးမှ တကယ်ပင် ထိုလူဖြစ်ကြောင်း နားလည်သွားသည်။ ထို့နောက် သူမမျက်နှာတွင် ပျော်ရွှင်ရိပ် သန်းလာပြီး အလျင်အမြန် မေးလာ၏။

“အဲ့လူ အခု ဘယ်မှာလဲ”

“အခု သူက ဖြေရှင်းစရာ ကိစ္စလေး တစ်ခု ရှိနေလို့ပါ၊ သူ ပြီးသွားရင် မိဖုရားကြီးကို လာတွေ့ပါလိမ့်မယ်”

ထန်မင်လီက အမှန်အတိုင်း ဖြေလိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ထိုစကားကို ကြားလိုက်သော လင်းလန်သည် ချက်ချင်း ဝမ်းနည်းသွားသည်။

“ဒါဆို သူ ဘယ်လိုလုပ် ကျွန်မ ဒီနေ့ အသတ်ခံရလောက်တာကို သိနေတာလဲ”

လင်းလန် ပြန်မေးလေသည်။

“သူက မိဖုရားကြီးကို အနီးကပ် စောင့်ကြည့်နေတာပါ၊ သူက မိဖုရားကြီးကို တစ်ချိန်လုံး တွေးနေတာပါ၊ ကျွန်တော်တို့က မိဖုရားကြီးကို ကာကွယ်ဖို့ သူ တာဝန်ပေးထားတဲ့ လူတွေပါ”

ထန်မင်လီက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

“သူက ဘာလို့ ဒီလို လုပ်ရတာလဲ၊ ကျွန်မတို့က ဘာမှမှ မဖြစ်ခဲ့တာ”

လင်းလန် ရှက်ရွံ့စွာ ပြောလိုက်သည်။ သူမတို့ ဘာပတ်သတ်မှုမှ မရှိခဲ့သဖြင့် ယဲ့ဖန်က သူမကို တာဝန်ယူရန် မလိုအပ်ပေ။ သို့သော် သူက သူမကို အကြိမ်ကြိမ် ကာကွယ်ပေးသဖြင့် လင်းလန် အံ့ဩသလို နားမလည်နိုင် ဖြစ်ရသည်။

ထန်မင်လီ ရယ်ရမလား၊ ငိုရမလား မသိဘဲ ပြန်ပြောလိုက်သည်။

“သူ့ကို ကိုယ်တိုင်သာ မေးကြည့်လိုက်ပါ၊ သူက ကျွန်တော်တို့ကို သူ့အမျိုးသမီးကို ကာကွယ်ဖို့ဘဲ ခိုင်းစေ လိုက်တာပါ”

“သူ့အမျိုးသမီးလား”

လင်းလန် ချက်ချင်း အံ့ဩသွားသည်။

*အဲ့လူက ငါ့ကို တကယ်ပဲ သူ့အမျိုးသမီးလို့ သတ်မှတ်ထားတာလား*

သို့သော် ဘာကြောင့်မှန်းမသိသော်လည်း လင်းလန်၏ စိတ်ထဲတွင် နည်းနည်းလေးမှ ရွံသလို မခံစားရပေ။ သို့သော် သူမ ရင်တုန်နေမိသေးသည်။ သူမရင်ထဲတွင် ယဲ့ဖန်၏ နောက်ခံနှင့်ပတ်သက်၍ ပိုပို၍ သိချင်လာ၏။

*ထန်မင်လီက အဲ့လူရဲ့ လက်အောက်ငယ်သား ဖြစ်နေတာလား၊ သူက ဘယ်လိုလူစားမျိုးလဲ*

“မိဖုရားကြီး သူတို့ကို သတ်ရမလား၊ အသက်ရှင်ခွင့်ပေးရမလားဆိုတာက မိဖုရားကြီးရဲ့ သဘောပါ”

ထန်မင်လီက စမ်းသပ်သည့်သဘောဖြင့် ပြောလိုက်သည်။ ထန်မင်လီက လင်းလန်ကို အလွန် ရိုကျိုးစွာ ဆက်ဆံနေသည်ကို ကြည့်ပြီး လူတိုင်း မျက်လုံးပြူးသွားကြသည်။

*ထန်မင်လီနဲ့ အခြားသူတွေက အမှားလုပ်ခဲ့တာ မဟုတ်ဘူးပဲ၊ သူတို့က တကယ် လင်းလန်ကို လာရှာတာကိုး*

“တကယ်လို့ သူသာဆိုရင် ဒါကို ဘယ်လိုလုပ်မလဲ*

လင်းလန် ချက်ချင်း ဆုံးဖြတ်ချက်မချနိုင်ဘဲ ထန်မင်လီအားမေးလိုက်သည်။ သူမသည် အမြဲ အမှီအခို ကင်းခဲ့သော်လည်း ယခု အခြေအနေက မတူတော့ချေ။

ယဲ့ဖန်၏ ရုတ်တရက် ကြားဝင်လာခြင်းက သူမကို ကမောက်ကမ ဖြစ်စေသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ယခု သူမစိတ်ထဲတွင် ယဲ့ဖန်သာ စိုးမိုးနေ၏။ ဤသည်က အမျိုးသမီးတစ်ယောက်၏ စွဲလမ်းစိတ်ဟု ဆိုကောင်း ဆိုရပေမည်။

“တကယ်လို့ သူသာဆိုရင် သေချာပေါက် ကျူပင်ခုတ် ကျူငုတ်ပါမကျန် လုပ်မှာလို့ ကျွန်တော် တွေးမိပါတယ်”

ထန်မင်လီက တစ်ခွန်းချင်း ပြောလိုက်သည်။ နောက်ဆုံးစကား၌ ကျောချမ်းသော အရှိန်အဝါ ပါဝင်နေသည်။ ထိုစကားများက စွန်းရုံခိုင်နှင့် အခြားသူများအား အပြင်းအထန် တုန်လှုပ်သွားစေသည်။ အသနားခံသော မျက်လုံးများစွာက လင်းလန်၏ ကိုယ်ပေါ် ကျရောက်လာ၏။

လင်းလန်က သက်ပြင်းချ၍ ကူကယ်ရာမဲ့ကာ ပင်ပန်းသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဒါဆိုလည်း သူတို့အားလုံးကို သတ်လိုက်ပါ”

စာစဉ် ၉၈ ဤတွင် ပြီးပါပြီ။

All Chapters