အခန်း ၁၄၇၁
Vol. 99 Ch. 1471
Chapter 1471 အောက်မှာ မြှုပ်ထားတာက ရှန်းယန်နန်းတော်
*ဘာ*
ထိုစကားကိုကြားသော် စွန်းရုံခိုင်နှင့် အခြားသူများ ကျင်ငယ်ရည်များပါ ထွက်ကျလာသည်။ ထန်မင်လီက ရက်စက်သော်လည်း လင်းလန်ကပါ ဤသို့ ရက်စက်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပါ။
“လင်းလန် မင်း ဒီလိုလုပ်လို့မရဘူးလေ၊ ငါက မင်းဦးလေးလေ”
စွန်းရုံခိုင်က ရုတ်တရက် ထအော်လေသည်။ သူ မသေချင်သေးပါ၊ သူ ဘဝကို ပျော်ပါး၍ ကောင်းတုန်း ရှိနေသေးသဖြင့် ဘယ်လိုလုပ် ဤသို့ အသေခံနိုင်ပါမည်နည်း။
သူ့၌ မစီးရသေးသော အသစ်စက်စက် ဝယ်ထားကာစ တန်ဖိုးကြီးကား တစ်စီး ရှိသေးသည်။ ထို့အပြင် အသစ်ခန့်ထားသော သူ မအိပ်ရသေးသည့် အတွင်းရေးမှူးမလေးလည်း ရှိပေသေးသည်။ သူ မသေချင်ပါ။
သူ့စကားကိုကြားသော် လင်းလန်က လှောင်ပြောင်ဟန်ပြ၍ ပြောလိုက်သည်။
“ရှင်က ကျွန်မဦးလေးမှန်း သိပါတယ်၊ ပြီးတော့ ရှင်က ကျွန်မကို ရောင်းစားဖို့ ဖိအားပေးတဲ့ ဦးလေးကောင်း ဆိုတာလည်း သိပါတယ်”
*ငါ့အရင်းနှီးဆုံး လူက ငါ့ကို အဆိုးဆုံး ထိခိုက်အောင် လုပ်ခဲ့တာ*
*ငါ့ရဲ့ ကောင်းပါတယ်ဆိုတဲ့ ဦးလေးကလေ*
ထိုစကားကို ကြားသော် စွန်းရုံခိုင် မှင်တက်သွားပြီး သူ့ကံကြမ္မာကို သတိထားမိသကဲ့သို့ မျက်နှာ ပြာနှမ်း သွားလေသည်။ ထို့နောက် လင်းလန်သည် လူတိုင်း၏ အသနားခံခြင်းကို လျစ်လျူရှုက အစည်းအဝေးခန်းထဲမှ ထွက်လာလိုက်သည်။
သူမ အစည်းအဝေးခန်းမ၏ တံခါးကို ပိတ်လိုက်သည်နှင့် အထဲမှ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အလွန်အမင်း ကျယ်လောင်လှပြီး ကြောက်စရာကောင်းလောက်အောင် အဖြစ်ဆိုး လှပေသည်။
လင်းလန်၏ မျက်နှာ ဖြူရော်သွားသော်လည်း သူမ နောက်လှည့်မကြည့်ဘဲ ဆက်လျှောက်သွားသည်။ သူမနှင့် ဘေးချင်းယှဉ်လျက် လျှောက်နေသော ထန်မင်လီက ပြုံးလာသည်။
“မင်းက သူ့ရဲ့အမျိုးသမီးဖြစ်ဖို့ ထိုက်တန်ပါတယ်၊ သူ့ဘေးမှာ စိတ်နှလုံးသား ပျော့ပျောင်းတဲ့သူ မလိုအပ်ဘူး၊ ဆုံးဖြတ်ချက် ပြတ်သားတဲ့လူပဲ လိုအပ်တာ”
ထိုစကားကိုကြားသော် လင်းလန် ပျော်ရွှင်စွာ ပြုံးလိုက်မိပြီး အတော်လေး စိတ်ကျေနပ်သွားသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ကျင်းလီ ရေကန်ကမ်းစပ်၌ ရပ်နေပြီး ဤနေရာမှ မြေအနေအထားကို လေ့လာက ရှန်းယန်နန်းတော်၏ တည်နေရာကို ရှာဖွေရန် ကြိုးစားနေသည်။
သူ့အနောက်မှ လင်းဝူယာသည် စကားပင် မပြောရဲချေ။ သူလည် အလွန် စွဲလမ်းသော အကြည့်များဖြင့် ကြည့်နေသည်။
ထိုအကြည့်က မိန်းမလှလေးကို ငေးကြည့်သည့် အကြည့်နှင့်အတူကာ အနည်းငယ် ကြက်သီးထစရာ ကောင်းလှသည်။ အထူးသဖြင့် အမျိုးသားတစ်ယောက်က နောက်အမျိုးသားတစ်ယောက်ကို ကြည့်နေ ချိန်တွင်ပင်။
“ဟေ့ဟေ့ မင်းက ယောက်ျားလေးချင်း စိတ်ဝင်စားတဲ့လူလား၊ ဘာလို့ သခင်ကြီးရဲ့ တင်ပါးကို တစ်ချိန်လုံး စိုက်ကြည့်နေတာလဲ”
နတ်ဆိုးနဂါး ဖုရှန်က သူ့ကို ဝင်ကြပ်လာသည်။
“ကျွန် … ကျွန်တော် … ကျွန်တော်က အဲ့လို မဟုတ်ပါဘူး”
လင်းဝူယာ စိတ်လှုပ်ရှားစွာ အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ ယဲ့ဖန်ကို သူ ကြည့်မိကြောင်း ဝန်ခံပါ သော်လည်း သူက ယဲ့ဖန်၏ တင်ပါးကို ကြည့်နေပါသည်ဟူသော စကားက အနည်းငယ် လွန်နေသည် မဟုတ်ပါလော။
*ငါ အဲ့လောက် နှာဘူးကျသလို ဖြစ်သွားတာလား*
အစောပိုင်းက သူ၏ ခိုးကြည့်နေသော အမူအရာက မည်မျှ နှာဘူးထသည်နှင့် တူနေလဲ သူ မသိပါ။ သူ သွားရည် ကျလုနီးပါးပင် ဖြစ်ခဲ့သည်။
“မင်း စိုးရိမ်နေတာလဲ မပြောနဲ့ စကားပြောတာတောင် ထစ်နေပြီ၊ မင်း ခိုးကြည့်မိလို့ အပြစ်ရှိသလို ခံစားနေရတယ်နဲ့ တူတယ်”
နတ်ဆိုးနဂါး ဖုရှန်က ညစ်ကျယ်ကျယ် ရယ်လာပြီး ရယ်ကျဲကျဲဖြင့် ပို၍ မတော်တရော် စနောက်လာသည်။ လင်းဝူယာ အတော်လေး ရှက်ရွံ့သွားသည်။ သို့သော် သူ မည်သို့ ချေပရမှန်း မသိဖြစ်ကာ မျက်နှာတွင် စိုးရိမ်ရိပ် သန်းလာ၏။
“တကယ်တော့ သခင်ကြီးက ကျားရော၊ မရော မရွေးပါဘူး၊ သူ သဘောကျရင် ယောက်ျားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် လက်ခံတယ်”
နတ်ဆိုးနဂါးဖုရှန်က သူ့နားနားကပ်၍ တီးတိုးပြောလေသည်။
“တကယ်လား”
လင်းဝူယာ၏ မျက်လုံးများ အရောင်လက်သွားသည်။
“ကြည့်ပါဦး ပြောလိုက်တာနဲ့ စိတ်လှုပ်ရှားနေတာ၊ ငါလည်း သေချာ သတိထားဦးမှပါ၊ နောက်ကျရင် မင်းနဲ့ ဝေးဝေးနေရမယ်၊ ဒါမှ မင်း ငါ့ကို တစ်ခုခု မလုပ်နိုင်မှာ”
နတ်ဆိုးနဂါး ဖုရှန်က အလျင်အမြန် လင်းဝူယာနှင့် ဝေးရာသို့ရွှေ့ကာ အလေးအနက် သတိပေးလိုက်သည်။
“ငါ မင်းကို ပြောရဦးမယ်၊ ငါက ချောလို့ဆိုပြီး ငါ့ကို လာမကြည့်နဲ့နော်၊ ငါက ယောက်ျား မဟုတ်ဘူး”
လင်းဝူယာ၏ မျက်နှာ မည်းမှောင်သွားပြီး နတ်ဆိုးနဂါး ဖုရှန်ကို လည်ပင်းထညှစ်ချင်စိတ် ပေါက်လာသည်။
“ရှာတွေ့ပြီ”
ထိုစဉ် ယဲ့ဖန်က လေးနက်သော အသံဖြင့် ပြောလာပြီး ပျော်ရွှင်နေသော မျက်နှာနှင့် နေရာတစ်ခုတွင် ဆောင့်ကြောင့်ထိုင်လုနီးပါး ဖြစ်လာသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်းက သူ့အနားကို စုဝေးလာသည်။ ထို့နောက် ယဲ့ဖန်က လက်သီးကိုဆုပ်၍ ထိုးနှက်လိုက်သည်။ လက်သီးတွင် စွမ်းအင်များ စုဝေးလာပြီး လက်သီးထက်တွင် မျက်စိကျိန်းလောက်သည့် ငါးရောင်ခြယ် အလင်းတန်း ပေါ်လာပြီး တာအိုစွမ်းအင်များ စုစည်းလာပြီး အောက်ဘက်မှ ဂူအား အရှိန်ပြင်းစွာ ကျရောက်သွားသည်။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဧရာမ အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။
“ဘာ … တကယ်ပဲ ဂူဗိမာန် ရှိနေတာလား”
လင်းဝူယာ မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားသည်။ ယဲ့ဖန် နောက်နေသည်ဟု သူ ထင်ခဲ့မိသည်။
*ဒီလို ရက်စက်တဲ့ နေရာမှာ ဘယ်လိုလုပ် ဂူဗိမာန်တစ်ခုကို မြှုပ်ထားရတာလဲ*
“ဟားဟားဟား ငါတို့အတွက် ဂူဗိမာန် ရှာပေးလို့ ကျေးဇူးပဲ၊ အခု မင်းတို့ ထွက်သွားလို့ရပြီ၊ ဒီဂူဗိမာန်ကို ငါတို့ ပိုင်သွားပြီ”
ထိုစဉ် ကောင်းကင်ယံမှနေ၍ ကောက်ကျစ်သော ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လူရိပ်များစွာ ဆင်းသက်လာ၏။ ထို့နောက် ယဲ့ဖန်နှင့် အခြားသူများကို ဝိုင်းလာကြသည်။
လင်းဝူယာနှင့် နတ်ဆိုးနဂါးဖုရှန်တို့၏ အကြည့်များ အေးစက်လာပြီး အချင်းချင်း သတိထားဟန်ဖြင့် ကြည့်နေသည်။ တစ်ဖက်တွင် လူဆယ်ယောက်မက ပါနေပြီး တစ်ယောက်ချင်းဆီက သန်မာ၍ အရှိန်အဝါ ပြင်းလှသည်။
တစ်ဖက်ကလည်း ဂရုမစိုက်၍ မောက်မာသော အကြည့်ဖြင့် ယဲ့ဖန်တို့ကို အထင်သေးစွာ ကြည့်လာသည်။ ရှေ့ဆုံးမှ ကတုံးနှင့် အဘိုးအိုက အပြုံးကြီး ပြုံးနေပြီး ကြီးမားသော ဘူးတောင်းကို သယ်ထားပြီး ကျောက်စိမ်း အရိုးတုတ်ကို ကိုင်ထားကာ အင်မော်တယ် မိသားစုမှ အင်မော်တယ်တစ်ပါးအသွင် ဆောင်နေ၏။
သို့သော် သူ ပြောလာသော စကားက ရိုးဖြောင့်ဖြူစင်ခြင်း မရှိပါ။
“ဒီနေရာကို ငါတို့ နတ်နန်းတော်က သိမ်းလိုက်ပြီ၊ မင်းတို့ သွားလိုက်တော့”
*နတ်နန်းတော်လား*
ယဲ့ဖန်၏ အမူအရာက မသိမသာ ပြောင်းလဲသွားသည်။ ဤနေရာ၌ ထိုလူများနှင့် တွေ့ရလိမ့်မည်ဟု သူ ထင်မထားမိပါ။
ဟွမ်နူ မျက်မှောင်ကြုတ်သွားသည်။ ဤအဖွဲ့အစည်းနှင့် သူ သိပ်မစိမ်းပါ။ ထို့အတူ ထိုအဖွဲ့အစည်းနှင့် သူတို့ အလွယ်တကူ သွားရှုပ်၍ မဖြစ်ကြောင်း သူ သိနေသည်။ ဟွမ်နူတောင်မှ သွားရှုပ်ရန်မလွယ်ဟု ခံစားမိလျင် တကယ်ပင် သွားရှုပ်၍ မလွယ်ခြင်း ဖြစ်ပေသည်။
တစ်ချိန်က နတ်နန်းတော်နှင့် ရင်မိသားစု၏ အကြီးအကဲတစ်ယောက်ကြား၌ ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသည်။ ရလဒ်အနေဖြင့် ထိုအကြီးအကဲက နတ်နန်းတော်မှ သိုင်းပညာရှင်နှစ်ယောက်ကို သတ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရခဲ့ဖူးသည်။ သူ့အတွက် ဒဏ်ရာ ပျောက်ကင်းအောင် နှစ်ထောင်ချီ အချိန်ယူခဲ့သည်။
ထိုအချိန်မှစ၍ နောက်မျိုးဆက်များအား နတ်နန်းတော်နှင့် တိုက်ခိုက်ခြင်းသည် အလွန် တွက်ခြေမကိုက်သော ကိစ္စဖြစ်ကြောင်း သတိပေးခဲ့သည်။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ မိမိ ကံဆိုးရပေမည်။
“အင်မော်တယ် တျောင်မြောင်”
လင်းဝူယာသည် ထိုအဘိုးအို၏ ဝတ်စုံကိုမြင်ပြီး ချက်ချင်း သူ့နောက်ခံကို သတိပြုမိသွားကာ တအံ့တဩ ရေရွတ်လိုက်သည်။
“ဒီအဘိုးကြီးကို သိတဲ့လူ ဒီမှာ ရှိနေမယ်လို့ ထင်မထားမိဘူး၊ ဒါက တော်တော်လေး ပြဿနာ နည်းသွားစေမယ် ထင်တယ်၊ မင်းတို့ အခု သွားနိုင်ပြီလား”
အင်မော်တယ် ရှန်းဝမ်က အလွန် ရိုင်းစိုင်းစွာ ငေါက်ငမ်းလေသည်။ သူသည် နတ်နန်းတော်မှ လူဖြစ်သည်။ သူတို့ကြားထဲတွင် သူသည် အလယ်အလတ် ပထမတန်းအဆင့်ဟု သတ်မှတ်နိုင်ပြီး ထိုအဆင့်အတွင်း နံပါတ်တစ် လူ ဖြစ်သည်။
“ခင်ဗျား ကျုပ်တို့ကို ခုနကတည်းက အမြင့်ကနေ စောင့်ကြည့်နေတာ မဟုတ်လား၊ ငြိမ်ငြိမ်လေးထိုင်ပြီး ငါးဖမ်းသမားဆီကနေ အကျိုးအမြတ် ထုတ်ချင်တာလား”
ယဲ့ဖန်က လှောင်ရယ်၍ မေးလိုက်သည်။
“ဟုတ်တယ်”
အင်မော်တယ် တျောင်မြောင်က မငြင်းချေ။ မူလက သူတို့သည် ကျုံးကျိုး အင်ပါယာသို့ လူသတ်ရန် လာခဲ့ခြင်း ဖြစ်သည်။ သူတို့ ဤနေရာမှ ဖြတ်သွားချိန်တွင် ဤလူများ တစ်ခုခု လုပ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် ရပ်ကာ စောင့်ကြည့်နေခြင်း ဖြစ်လေသည်။
မမျှော်လင့်ဘဲ သူတို့ ကောင်းမွန်သော ရတနာတစ်ခုကို တူးဖော်မိသည်။
“ကျုပ်တို့ ဘယ်လောက် ကြိုးစားရှာနေလဲဆိုတာကို သိနေမှတော့ ဦးသူယူစတမ်းဆိုတာကို ခင်ဗျားတို့လည်း သိသင့်တယ်၊ ကျုပ်တို့ ကြိုးစားရှာထားရတဲ့အရာကို ဘာလို့ ခင်ဗျားတို့ကို ပေးရမှာလဲ”
နတ်ဆိုးနဂါး ဖုရှန်က မကျေနပ်သော လေသံဖြင့် လုံးဝ မျက်နှာသာမပေးဘဲ ပြောလိုက်သည်။
“နတ်ဘုရင်အဆင့်က အချိန်ပိုင်းဓားပြလည်း လုပ်တာပဲလား”
*ဒီအင်မော်တယ် အဘိုးကြီးက တော်တော် အရှက်မဲ့တာပဲ၊ ငါတို့ ပစ္စည်းကို ရောက်လာတာနဲ့ လုချင်တယ်ပေါ့လေ၊ ငါတို့ကို မလုပ်နိုင်ဘူးများ ထင်နေလား*
သို့သော် နတ်ဆိုးနဂါး ဖုရှန်၏ စကားသံ ထွက်လာသည်နှင့် လူအုပ်ကြားထဲမှ မီးစကို မီးညှိပေးလိုက်သလို ဖြစ်သွားသည်။
အင်မော်တယ် တျောင်မြောင်ဘက်မှ လူများတွင် လူသတ်ချင်စိတ်များ ဝုန်းခနဲ ထွက်ပေါ်လာ၏။
လင်းဝူယာ၊ နတ်ဆိုးနဂါးဖုရှန်နှင့် အခြားသူများသည် နတ်ဘုရင်အဆင့်များထံမှ ဖိအားကို တောင့်မခံနိုင်ဘဲ ချက်ချင်း သွေးအန်သွားကြသည်။ ထို့အပြင် လွင့်ထွက်ကာ မြေကြီးပေါ် ဘုန်းခနဲ ပြန်ကျသွားသည်။
အင်မော်တယ် ရှန်းမြောင်၏ အပြုံးက ရုတ်တရက် ခက်ထန်သွားသည်။
“လူငယ်လေး မင်း စကားပြော သတိထားပါ၊ တစ်ချို့စကားတွေကို စိတ်ထဲမှာပဲ ထားသင့်တယ်၊ အပြင်ကို ထုတ်ပြောရင် အဆင်မပြေဘူး မဟုတ်လား”
တစ်နည်းအားဖြင့် ခြိမ်းခြောက်ခြင်းပင်။
“မဟုတ်မှလွဲရော မင်းတို့လို အမှိုက်ကောင်တွေက ရတနာကို အောင်အောင်မြင်မြင် သိမ်းယူနိုင်မယ်လို့ ထင်နေတာလား”
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့်လူတစ်ယောက်က အပြုံးကြီးပြုံး၍ ရှေ့သို့ လျှောက်လာသည်။ သူ့လည်ပင်းတွင် လူ့ဦးခေါင်းများကို လည်ဆွဲသဖွယ် ချိတ်ဆွဲထားသည်။
“မင်းတို့ ထွက်သွားမလား၊ အသတ်ခံမလား ရွေး”
နတ်နန်းတော်မှ လူဆယ်ယောက်ကျော်သည် အပြုံးကြီး ပြုံးနေကြလေသည်။ ယဲ့ဖန်နှင့် အခြားသူများက သူတို့စကားကို ငြင်းပယ်ရဲသည်နှင့် သူတို့ တုံ့ဆိုင်းခြင်းမရှိ ယဲ့ဖန်နှင့် အခြားသူများ၏ ဦးခေါင်းကို ဖြတ်ပစ်မည် ဖြစ်သည်။
“မင်း…”
နတ်ဆိုးနဂါးဖုရှန်၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာ၏။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က သူ့ကို ဖမ်းဆွဲလာပြီး အလွန်အမင်း လူသတ်လိုစိတ်တို့ဖြင့် ဖုံးအုပ်နေသော မျက်လုံးဖြင့် ပြောလိုက်သည်။
“ကောင်းပြီ ကျုပ် ခင်ဗျားတို့ကို ဒီက ရတနာ ပေးမယ်”
ထိုစကားကိုကြားသော် လင်းဝူယာနှင့် အခြားသူများသည် ယဲ့ဖန် တကယ် ပြောလိုက်သော စကား ဖြစ်လိမ့်မည်ဟု မယုံနိုင်သကဲ့သို့ ချက်ချင်း အံ့ဩသွားသည်။
ယဲ့ဖန်က မည်သူနည်း။ တစ်သက်လုံး မောက်မာ၍ မရှုံးနိုင်သော သိုင်းပညာရှင် ဖြစ်သည်။ သူက ဘယ်လိုလုပ် ပျော့ညံ့မည်နည်း။
သို့သော် ယဲ့ဖန်၏ မျက်လုံးတွင်းမှ ခက်ထန်မှုကို မြင်လိုက်သောအခါ ယဲ့ဖန်အကြောင်း ကောင်းကောင်းသိသော နတ်ဆိုးနဂါးဖုရှန် ချက်ချင်း နားလည်သွားသည်။ ထို့နောက် သူ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
သို့သော် အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ၏ အကြည့်ကို ရှောင်ရှားရန် သူ့ခေါင်းကို ငုံ့ထားရသည်။ သို့မှသာ တစ်ဖက်က သူ့အမူအရာကို မမြင်မှာ ဖြစ်သည်။
ထိုစကားကိုကြားသော် အင်မော်တယ် တျောင်မြောင်က ရုတ်တရက် ရယ်မော၍ ယဲ့ဖန်ကို လက်ညှိုး ထိုးလေသည်။
“ဟေ့ကောင် ငါ မင်းကို တော်တော်လေး သဘောကျတယ်၊ မင်းက အချိန်အခါကို ကောင်းကောင်းသိတဲ့ လူကောင်းလေးပဲ၊ တစ်ခါတလေကျတော့ မသာထက် ငကြောက်ဖြစ်တာက ပိုကောင်းတယ်”
“မင်းက သတ္တိတော့မရှိပင်မယ့် ဉာဏ်ကောင်းသားပဲ၊ ဟားဟားဟား”
ယဲ့ဖန်၏ တားမြစ်ခြင်းကြောင့်သာ မဟုတ်လျင် နတ်ဆိုးနဂါးဖုရှန်နှင့် အခြားသူများသည် ချက်ချင်း ပြေးတက်၍ အင်မော်တယ် တျောင်မြောင်ကို သည်းကြီးမည်းကြီး တိုက်ခိုက်လောက်သည်။
*ဒီရွံစရာ အဘိုးကြီးကတော့*
“ဘာလဲ မင်းက မကျေနပ်ဘူးလား၊ ဒီအဘိုးကြီးနဲ့ ချချင်တာလား”
အင်မော်တယ် တျောင်မြောင်က ပြုံးစိစိ မျက်နှာထားနှင့် ယဲ့ဖန်နှင့် အခြားသူများကို နည်းလမ်းပေါင်းစုံဖြင့် အရှက်ခွဲလေသည်။ သူတို့ ဒေါသထွက်လာအောင် ဆွပြီး တိုက်ချင်နေသည့်ပုံပင်။
ဤနည်းအားဖြင့် သူတို့ကို သူ တရားမျှတစွာ သတ်နိုင်ပေမည်။ ယဲ့ဖန်က ပြုံး၍ လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
“စီနီယာကတော့ အလေးအနက် ထားနေပြန်ပါပြီ၊ ဒီရတနာကို ခင်ဗျား ယူလို့ ရပါတယ်၊ ကျွန်တော်တို့ ဝင်မပါပါဘူး”
ထို့နောက် ယဲ့ဖန်က နောက်လှည့်လျှောက်၍ ထွက်သွားလိုက်သည်။
“ချီးထုပ်”
“အသုံးမကျတဲ့ကောင်”
အင်မော်တယ်တျောင်မြောင်နှင့် အခြားသူများက ယဲ့ဖန်ကို အထင်သေးသလို ကြည့်လိုက်ပြီးနောက် ကြီးမားသော တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားကြသည်။
သူတို့အားလုံး ဆင်းသွားသည်နှင့် ယဲ့ဖန်၏ အပြုံးက တဖြည်းဖြည်း ခက်ထန်၍ ရက်စက်ဟန် ပေါ်လာသည်။ နတ်ဆိုးတစ်ကောင်က သူ၏ စိတ်ရင်းအမှန်ကို ပြသလာသကဲ့သို့ ကြောက်စရာ ကောင်းလှသည်။
နတ်ဆိုးနဂါးက သူ့အနားသို့ လျှောက်လာပြီး အပြုံးနှင့် မေးလေသည်။
“မင်း ဘာလို့ သူတို့ကို အခွင့်အရေး ပေးလိုက်တာလဲ”
ယဲ့ဖန်က ရက်စက်စွာ ပြုံးလေသည်။
“အဲ့အောက်မှာ မြှုပ်ထားတာက ရှန်းယန် နန်းတော်ပဲ”
“ဘာ … အောက်မှာရှိတာက ရှန်းယန် နန်းတော်လား”
ထိုစကားကိုကြားသော် ဟွန်မူက ထအော်လာသည်။ မှန်ပေသည်။ အလွန် ကြောက်လန့်၍ ထိတ်လန့်စွာ အော်လိုက်သော အသံပင်။
နတ်ဆိုးနဂါးဖုရှန်က သူ့ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လေသည်။
“ရှန်းယန် နန်းတော်က ဘယ်လိုမျိုးလဲဆိုတာ မင်း သိထားလို့လား”
“အဲ့ဒါက မိုးမြေတစ်ခွင်ကို စိုးမိုးပြီး နယ်မြေအားလုံးက မျိုးနွယ်တွေနဲ့ သန်းရာချီတဲ့ သက်ရှိအားလုံး ဦးညွှတ် အရိုအသေ ပေးရတဲ့ မဟာဧကရာဇ်ရဲ့ နန်းတော်ပဲ”