အခန်း ၁၄၇၄
Vol. 99 Ch. 1474
Chapter 1474 ပွဲကြီးပွဲကောင်းက အခုမှ စတာ
“ဟားဟားဟား ဒီလိုဆိုမှတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့”
ခန္ဓာကိုယ်ထွားကြိုင်းသော ကတုံးနှင့်လူသည် သူ့ကိုယ်သူ ကြိုးစား၍ ထိန်းထားသော်လည်း မျက်နှာပေါ်မှ အပြုံးကို မဖုံးကွယ်နိုင်ပါ။ နတ်နန်းတော်မှ လူများအားလုံး အံ့ဩနေကြသည်။
*ဒီကောင်က ကတုံးကို ထိပ်တိုင် ရင်ဆိုင်ချင်နေတာလား*
နတ်နန်းတော်တစ်ခုလုံးတွင် ခန္ဓာကိုယ်ထွားကြိုင်းသော ကတုံး၏ ခန္ဓာကိုယ်အား အကြံ့ခိုင်ဆုံးအဖြစ် သတ်မှတ်ထားပြီး နတ်နန်းတော်၏ နန်းတော်သခင်ပင် မယှဉ်နိုင်ပါ။
*ဒါပေမဲ့ ဒီလူက ကတုံးနဲ့ လက်ချည်းသက်သက် တိုက်ချင်နေတာလား*
*အရူး*
*ဒီကောင်က သေတွင်းတူးနေတာပဲ*
ယဲ့ဖန်က အဘယ်ကြောင့် အလွန် ရူးမိုက်နေသလဲ သူတို့ နားမလည်နိုင်ပေ။
*မဟုတ်မှလွဲရော ဒီအရူးက ကတုံးနဲ့ ရုပ်ခွန်အားခြင်း ညီတယ်လို့ တွေးနေတာလား*
*ဟာသပဲ၊ ကတုံးရဲ့ ခန္ဓာကိုယ်က နဂါးတစ်ကောင်ရဲ့ သွေးနဲ့ ဆင်တစ်ကောင်ရဲ့ အားကို ပိုင်ဆိုင်ထားတာ၊ ဒီမကောင်းဆိုးဝါးက တောင်တွေကို တွားတက်ပြီး လေ့ကျင့်ထားတာ*
*ဒါပေမဲ့ ဒီကောင်က ဒီလို မကောင်းဆိုးဝါးနဲ့ ယှဉ်ချဖို့ ကြံစည်နေတယ်တဲ့လား၊ သေတွင်းတူးတယ်ဆိုတာက သူ့ကို ချီးကျူးသလိုတောင် ဖြစ်နေပြီ၊ ဒီကောင်က ဦးနှောက်ချောင်နေတာ*
အင်မော်တယ် တျောင်မြောင် ခနဲ့လိုက်ပြီးနောက် တင်းမာသော မျက်နှာထားနှင့် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးထံ၌ ယဲ့ဖန် အသတ်ခံရမည့် မြင်ကွင်းကို စောင့်မျှော်နေ၏။ ယဲ့ဖန် မသေလျင် သူ့အတွက် မလွယ်ချေ။
“ဝုန်း ဝုန်း ဝုန်း”
ခန္ဓာကိုယ်ထွားကြိုင်းသော ကတုံးက လေထဲသို့ လက်သီးပစ်သွင်းလိုက်ပြီး ကြောက်စရာကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ လေဟာနယ် ပြိုလဲလာပုံရပြီး ယဲ့ဖန်အား လှုပ်မရအောင် ချုပ်နှောင်လာသည်။
သူ၏ မျက်နှာတွင် ရက်စက် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ ယဲ့ဖန်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ချေမွပေတော့မည်။
သတ်ရန် လာနေသည့် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးကိုကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးတွင် အထင်သေးရိပ်များ ထင်ဟပ်လာပြီး နောက်ဆုတ်မည့်အစား ရှေ့တိုး၍ ရင်ဆိုင်လေသည်။
*လက်သီးချင်း ယှဉ်ထိုးမလို့လား*
ဤမြင်ကွင်းက အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများအား ကြက်သေ သေသွားစေပြီး မျက်လုံး ကျွတ်ကျမတတ် ဖြစ်သွားစေသည်။
*ဘာလက်နက်မှ မသုံးတာက ထားပါတော့၊ ဒီကောင်က လက်သီးချင်း ယှဉ်ထိုးမလို့ပါ စဉ်းစားနေတာလား*
*အရူး*
*ဒီကောင် လုံးဝ ရူးသွားတာပဲ*
*ဒီနေ့ အပြင်ထွက်လာတော့ ဆေးသောက်ဖို့ မေ့နေတာ နေမယ်၊ အဲ့လိုမှမဟုတ်ရင် ဒီလို သေတွင်းတူးစရာမှ မလိုတာ*
ထိုအခိုက်တွင် နှစ်ယောက်လုံး ထိပ်တိုက် ရင်ဆိုင်နေကြလေပြီ။
“ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံက နားကွဲမတတ် ထွက်ပေါ်လာပြီး ယဲ့ဖန်နှင့် တစ်ဖက်လူတို့ လက်သီးချင်း ထိုးမိသွားလေသည်။ ထို့နောက် နှစ်ဖက်လုံး ချက်ချင်း နောက်ဆုတ်သွားပြီး လွင့်သွားကြသည်။
ဤသည်ကိုမြင်သော် အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများသည် ယဲ့ဖန်၏ အကြီးအကျယ် ထိခိုက်သော ပုံစံကို မြင်လိုက်ရသကဲသို့ အပြုံးကြီး ပြုံးလာ၏။
ယဲ့ဖန်က သုံးလှမ်းသာ နောက်ဆုတ်သွားပြီး အရှိန်ကို ထိန်းလိုက်နိုင်သည်။ ထို့နောက် မတ်မတ်ရပ်ကာ ရင်ဘတ်မှ ဖုန်များကို ခါထုတ်လေသည်။ ထိခိုက်ဒဏ်ရာ မရှိချေ။
“ဘာ”
အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများသည် ကိုယ့်လျှာကိုယ် ပြန်ကိုက်မိမတတ် ဖြစ်ကာ ပြိုင်တူ အော်မိသွားကြသည်။
*ထပ်ပြီး ဘာဒဏ်ရာမှ မရပြန်ဘူးလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့ လက်မခံနိုင်ကြပါ။
*ဒီကောင် ဘာစားပြီး ကြီးလာတာလဲ*
လက်ရှိတွင် အခြေအနေက ထူးဆန်းသော ပုံစံသို့ ရောက်နေသည်။ အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများအားလုံး မှင်တက်နေကာ သူတို့၏ ဦးနှောက်များ အကြီးအကျယ် ပျက်စီးသွားသကဲ့သို့ ငေးကြောင်ကြောင် ဖြစ်နေ၏။
*ဘာမှမဖြစ်ဘူးတဲ့လား*
*အံ့ဩစရာပဲ*
*ထိတ်လန့်စရာပါလား*
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးကို လှမ်းကြည့်လိုက်သောအခါ သူ၏ လက်မှ သွေးများ တတောက်တောက် ကျနေပြီး လက်တစ်ခုလုံး လိမ်ဖယ်၍ အချို့နေရာတွင် အရိုးများ ထွက်နေသည်ကိုပင် တွေ့လိုက်ရသည်။
အဖြစ်က အလွန်အမင်း ဆိုးရွားလှသည်။ သူ၏ မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက် နေ၏။
*ငါ ရှုံးသွားတာလား*
*လက်သီးချင်းယှဉ်ထိုးပြီး ခွန်အားချင်း ပြိုင်ရတာကို ဒီလို ဆိုးဆိုးရွားရွား ရှုံးသွားရတယ်ပေါ့*
*မယုံနိုင်ဘူးကွာ*
တစ်ခဏကြာသော် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံး၏ စိတ်ထဲတွင် အေးစိမ့်သွားပြီး ခိုက်ခိုက်တုန်ကာ ကြောက်လန့်လာ၏။
သူကိုယ်တိုင်ကိုက မကောင်းဆိုးဝါးသဖွယ် ဖြစ်နေပြီ ဖြစ်သော်လည်း ယဲ့ဖန်က သူ့ထက် ပို၍ မကောင်းဆိုးဝါး ဆန်နေသည်။
သူ၏လက်သည် အဆက်မပြတ် တုန်ခါနေပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူ မျက်မှောင်ကြုတ်နေမိသည်။ သူ ဒေါသထွက်မိသည်။ သူ မခံမရပ်ဖြစ်ရသည်။
ယခင်က ဤကဲ့သို့ ရှုံးနိမ့်မှုကြီးမျိုးကို သူ တစ်ခါမှ မကြုံတွေ့ဖူးပါ။ တစ်စုံတစ်ယောက်အား လက်ရုံးချင်း ယှဉ်ချရာတွင် ဒဏ်ရာရလာခြင်းက သူ့အတွက် ကြီးမားသော အရှက်ရမှုပင်။
ကြောက်လန့်နေသည်။ သူ ကြောက်လန့်ကာ တုန်ယင်နေ၏။
*ဒီလူက လုံးဝ လူမဟုတ်ဘူး၊ ဒီလို သန်မာတဲ့ ခန္ဓာကိုယ်၊ ဒီလို ယုတ္တိမရှိတဲ့ ခွန်အားက အရမ်း ကြောက်ဖို့ ကောင်းတယ်*
ယဲ့ဖန်က သူ့ကိုယ်မှ ဖုန်ကို ခါလိုက်ပြီးနောက် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးအား ပြုံး၍ ပြောလိုက်သည်။
“မဆိုးဘူး၊ ဆက်တိုက်ရအောင်”
*မဆိုးဘူး ဟုတ်လား၊ ဆက်တိုက်ဦးမယ်တဲ့လား*
*သူ့မျက်လုံးထဲမှာ ဟာကျူလီလို သန်မာတဲ့ ကတုံးက မဆိုးဘူးလောက်ပဲ ရှိတာလား*
*စော်ကားလိုက်တဲ့ စကားပါလား*
အင်မော်တယ်တျောင်မြောင်နှင့် အခြားသူများ မှင်တက်သွားသည်။ ကတုံးနှင့် လက်သီးချင်း ထိုးပြီးနောက် အေးဆေး၍ ပုံမှန်အတိုင်း ဖြစ်နေသော တစ်စုံတစ်ယောက်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ။
ယခုအချိန်၌ သူတို့၏ စိတ်ကူးယဉ်မှုများ ချက်ချင်း ပျက်စီးသွားသည်။ ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးက သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
ထိုသို့သောအချိန်တွင် ကတုံးက အံကြိတ်ထားပြီး မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ သူ ဘယ်လိုလုပ် ဤသို့ ဆက်ဆံခံရပါမည်နည်း။
*ဆက်တိုက်တဲ့လား*
သူ ဆက်တိုက်ချင်ပါသည်။ သို့သော် အခြေအနေက သူ့ကို ခွင့်မပြုချေ။ သူ့လက်သီးက အလွန်အမင်း မြှောက်ရခက်နေပြီး သူ ဘယ်လိုလုပ် ယခု ယဲ့ဖန်နှင့် ယခု တိုက်ခိုက်နိုင်ပါမည်နည်း။
သူ့၌ ခွန်အား လက်ကျန် ရှိနေသေးလျင်တောင်မှ ယဲ့ဖန်ကဲ့သို့ ပုံမှန်မဟုတ်သော မကောင်းဆိုးဝါးကို မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
လက်ရှိတွင် အင်မော်တယ် တျောင်မြောင်နှင့် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးတို့သည် မျက်နှာဖြတ်ရိုက်ခံ လိုက်ရသကဲ့သို့ ခံစားနေရသည်။
ယခင်က သူတို့သည် ယဲ့ဖန်အား အလွန် အထင်သေး၍ ပုရွက်ဆိတ်သဖွယ် သတ်မှတ်ခဲ့သည်။ သို့ရာတွင် အဆုံးသတ်၌ တစ်ဖက်လူက သူတို့နှစ်ယောက်လုံးကို တစ်ယောက်ချင်းစီ ဖြိုခဲ့လေသည်။
“အားလုံး အတူတူ တိုက်ကြ”
အင်မော်တယ် တျောင်မြောင်က ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြုလုပ်ပြီး ရုတ်တရက် ထအောင်လိုက်သည်။ ယခုအခါတွင် သူတို့နှစ်ယောက်၏ ခွန်အားဖြင့် ယဲ့ဖန်ကို ရင်ဆိုင်ရန် ခက်ခဲနေ၏။ အတူတူ တိုက်ခိုက်ရန် အခြား သူတော်စင်သခင်အဆင့်များကိုပါ စုဝေးမှရမည်။
“မျိုးမစစ်ကောင် ငါတို့ နတ်နန်းတော်ကို ကပျက်ကချော် လုပ်ရဲတယ်ပေါ့လေ၊ မင်းတော့ သေချင်နေတာပဲ”
“အခု ငါတို့ မပျော်ဘူး အဲ့တော့ မင်းကို သတ်ပြီး ငါတို့ ဒေါသကို ဖြေဖျောက်မယ်ကွ”
ထိုသူတော်စင်သခင်အဆင့်များက သရော်ပြုံးပြုံး၍ ရှေ့သို့တိုးလာပြီး ယဲ့ဖန်အား မကောင်းသော ရည်ရွယ်ချက်တို့ဖြင့် ဝိုင်းလာကြကာ သူတို့၏ မျက်လုံးတွင် ပြင်းထန်သော လူသတ်ချင်စိတ်များ ထွက်ပေါ်နေ၏။
ယခုအချိန်တွင် အခြေအနေက အလွန်အမင်း တိတ်ဆိတ်နေသည်။ လေထုသည်လည်း ချက်ချင်း အေးစက်လာသည်ဟု ထင်မှတ်ရသည်။
“ငါတို့ သွားဖို့မလိုဘူးလား”
လင်းဝူယာ မဝံ့မရဲ မေးလိုက်သည်။ ယဲ့ဖန် လူများစွာ၏ အဝိုင်းခံထားရသည်ကိုမြင်ပြီး သူ ချက်ချင်း စိုးရိမ်မကင်း ဖြစ်လာသည်။
“ဘာ … ဒီအမှိုက်ကောင်တွေက သူ့အတွက် သွေးပူလာအောင် လုပ်ဖို့တောင် အရည်အချင်း မရှိဘူး”
နတ်ဆိုးနဂါး ဖုရှန်က နှာခေါင်းကိုပွတ်၍ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“သတ်ဟေ့”
အင်မော်တယ် တျောင်မြောင်က ကြမ်းကြုတ်စွာ အော်လိုက်ပြီးနောက် လူတိုင်း ပြိုင်တူ ကြွေးကြော်လာကြသည်။ သူတော်စင်သခင်အဆင့်များထဲမှ တစ်ယောက်က စွမ်းအင်များစွာသုံး၍ မှော်လက်နက်ကို မြှောက်ကာ တောင်ထွတ်များအသွင် ပြောင်းလဲပစ်လိုက်သည်။
၎င်းတစ်ခုချင်းစီက ကြီးမားပြီး များစွာသော အရှိန်အဝါများ ထွက်ပေါ်နေကာ အဖျက်စွမ်းအင် အငွေ့အသက်ဖြင့် ပျံသန်းလာသည်။ ဤသို့သော စွမ်းအင်မျိုးက အလွန်အမင်း ကြောက်စရာ ကောင်းလှလေသည်။
ဤမြင်ကွင်းက လောကကို ဖျက်ဆီးတော့မယောင်ပင်။ ၎င်းတို့က ယဲ့ဖန်ထံ ဦးတည်လာပြီး အသားပြားသဖွယ် ဖိချေချင်နေကြသည်။ များစွာသော တောင်များ၏ အောက်တွင် ယဲ့ဖန်သည် ပုရွက်ဆိတ်တစ်ကောင်မျှ သေးငယ် နေ၏။
“ပျက်စီးစမ်း”
ယဲ့ဖန်က ကြွေးကြော်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သူသည် သေးငယ်နေသော်လည်း လက်သီး တစ်လုံး၏ ခွန်အားက တောင်များကို ပြာဖြစ်သွားစေသည်။
တောင်များသည် ထူထဲသိပ်သည်း လေးလံသော်လည်း ယဲ့ဖန်၏ အားပြင်းသော လက်သီးချက်ကို မတားဆီးနိုင်ဘဲ တစ်လုံးပြီး တစ်လုံး ပျက်စီးသွားကြသည်။
လက်သီးတစ်လုံး ပစ်သွင်းလိုက်တိုင်း ထိုလက်သီး၌ တစ်သောင်းသော နတ်ဘုရား စွမ်းအင်များ ပါဝင်နေကာ တောင်များအား မည်သို့မှ တောင့်မခံနိုင်စေဘဲ ပြာဖြစ်သွားစေ၏။
ဤမြင်ကွင်းက အင်မော်တယ် တျောင်မြောင်နှင့် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးတို့၏ စိတ်အခြေအနေအား လေးလံသွားစေသည်။
*ဒီလိုလက်သီးကို ဘယ်သူက ခုခံနိုင်မှာလဲ*
တာအိုစွမ်းအင်များစွာ ထုတ်ဖော်နိုင်သော ကတုံးနှင့်လူ၏ ခန္ဓာကိုယ်ပင် ၎င်းလက်သီးချက်အား မယှဉ်နိုင်ပါ။ ကြောက်စရာ ကောင်းလှပေသည်။
ရုတ်တရက် အင်မော်တယ် တျောင်မြောင်နှင့် ကတုံးတို့၏ မျက်လုံးတွင် ခက်ထန်ရိပ်များ ပေါ်လာပြီး ပြိုင်တူ လှုပ်ရှားလာကြသည်။
ကတုံးနှင့်လူက ယဲ့ဖန်ကို အရင် တိုက်ခိုက်လာ၏။ သူ၏ လူသတ်ချင်စိတ်က တဟုန်းဟုန်း တောက်လောင်နေပြီး ယန်စွမ်းအင်များ တဝုန်းဝုန်း တောက်လောင်ကာ ယဲ့ဖန်၏ မျက်နှာကို ဒေါသတကြီး ထိုးနှက်လိုက်သည်။
ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ကတုံးနှင့်လူက နောက်ဆုတ်သွားခြင်းမရှိဘဲ ရှေ့တက်ကာ ထပ်မံ၍ ရင်ဆိုင် တိုက်ခိုက်ခြင်းက သူ့အား မသိမသာ အံ့ဩသွားစေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကတုံးနှင့်လူ၏ ခန္ဓာကိုယ်အား အဖြူရောင် အလင်းတန်းတစ်ခုက သံချပ်ကာသဖွယ် တစ်ကိုယ်လုံး ဖုံးအုပ်သွားပြီးနောက် သူ၏ ခွန်အားက တိုးပွားလာလေသည်။
“စိတ်ဝင်စားစရာပဲ”
ယဲ့ဖန် အသာပြုံးလိုက်ပြီးနောက် တစ်ဖက်လှည့်၍ ကတုံးနှင့်လူအား လက်သီးဖြင့် မိတ်ဆက်လေသည်။ ကတုံးနှင့်လူအား အရင်တိုက်ရန် ကြံစဉ်ထားသည့်ပုံပင်။
“ဝုန်း”
ယဲ့ဖန် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ သို့သော် ထိုလက်သီးချက်ကို ယဲ့ဖန် တားဆီးလိုက်နိုင်သေးသည်။
“ဒါ အကုန်ပဲလား”
ယဲ့ဖန် မျက်မှောင်ကြုတ်နေ၏။ ထိုလက်သီးချက်၏ ခွန်အားကို မကျေနပ်သည့်ဟန်ဖြင့် သူ့မျက်နှာတွင် စိတ်ပျက်မှုတို့ စွန်းထင်းနေသည်။ ဤအဖြစ်က ကတုံးနှင့်လူအား ရူးသွပ်သွားစေသည်။ သူ အလွန် ဒေါသထွက် သွားရသည်။
*ဒီသောက်မျိုးမစစ်ကောင်က ငါ့ကို တမင် အရှက်ခွဲနေတာပဲ*
ချက်ချင်းဆိုသလိုပင် ကတုံးနှင့်လူ၏ မျက်နှာတွင် ကျေနပ်သော အမူအရာ ပေါ်လာပြီး အပြုံးကြီးပြုံးကာ ပြောလိုက်သည်။
“အဲ့လောက်ပဲတော့ ဘယ်ဟုတ်မလဲ”
“အဘိုးကြီး ခင်ဗျားအလှည့်ပဲ”
ရုတ်တရက် ကတုံးနှင့်လူက ထအော်၍ ယဲ့ဖန်နှင့်ဝေးရာသို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ အင်မော်တယ် တျောင်မြောင်က သူ့အနောက်မှ လွှားခနဲ ခုန်လွှား၍ ကျောက်စိမ်း အရိုးတုတ်ကိုကိုင်ကာ သရော်ပြုံး ပြုံးလိုက်သည်။
“ခွေးမသား သေပေတော့”
ထို့နောက်တွင်မူ ကျောက်စိမ်း အရိုးတုတ်မှ ကြီးမားသော စွမ်းအင် ပျံ့လွင့်လာကာ ပူလောင်စူးရှသော အလင်းတစ်ခုက ယဲ့ဖန်ထံသို့ ဦးတည်သွားပြီး သူ့အား ဂူထဲသို့ ချက်ချင်း တွန်းပို့လေသည်။
တစ်ချိန်တည်းမှာပင် သရဲတစ်သိုက်က အဝနားသို့ လျင်မြန်စွာ ရောက်ရှိလာနေပြီး ယဲ့ဖန်အား ချက်ချင်း လွှမ်းခြုံသွားသည်။
“မဖြစ်ရဘူး”
ဤသည်ကိုမြင်သော် လင်းဝူယာသည် အသံပျောက်မတတ် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများက ပြူးကျယ်နေ၏။
*သေပြီ*
*ငါတို့ဘုရင် သေသွားပြီ*
*အဲ့ယုတ်မာတဲ့ လူနှစ်ယောက်ကြောင့် ဖြစ်တာ*
မြေအောက်ဂူထဲမှ ထောင်ချီသော သရဲများ ထွက်လာသည်ကိုကြည့်ပြီး ကြောက်စရာကောင်းသော မိစ္ဆာ ဝိညာဉ်များ လောကထဲ ရောက်လာတော့မည်ကို တွေးမိကာ လင်းဝူယာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။
ထို့နောက်တွင်မူ လင်းဝူယာက နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ခင်ဗျားတို့ ဘာလို့ သူ့ကို မကူညီတာလဲ၊ ဘာလို့ မလုပ်ရတာလဲ”
“သူ့ကို ကြည့်ဦး၊ သူ သေပြီ၊ ကျုပ်တို့ အရှင်မင်းမြတ်၊ ကျုပ်တို့ ဘုရင်က ခင်ဗျားတို့ကြောင့် အသတ်ခံလိုက်ရတာ”
လင်းဝူယာ၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး လက်ရှိတွင် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများကို သတ်ပစ်ချင်စိတ် ပေါက်နေ၏။
အစကတည်းက သူတို့ အတူတူ တိုက်ခဲ့လျင် သူတို့ ယဲ့ဖန်ကို ကာကွယ်နိုင်လောက်သည်။ သို့သော် ဤအရူးများက ဘဝင်ရူးလွန်းခဲ့သည်။
ယခု ယဲ့ဖန် သေသွားသည်ကို ကြည့်လိုက်ရသဖြင့် လင်းဝူယာတစ်ယောက် နှလုံးသားကို ဓားဖြင့် အထိုးခံလိုက် ရသကဲ့သို့ ခံစားလိုက်ရသည်။
“စိတ်ငြိမ်ငြိမ် ထားစမ်းပါ”
နတ်ဆိုးနဂါး ဖုရှန်က ယခုအထိ ပေါ့ပေါ့ပါးပါးဟန်ဖြင့် ရှိနေဆဲဖြစ်နေပြီးနောက် ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံး၍ ပြောလာသည်။
“ပွဲကြီးပွဲကောင်းက အခုမှစမှာ”
တစ်ဖက်တွင်မူ အင်မော်တယ် တျောင်မြောင်၊ ကတုံးနှင့် အခြားသူများသည် ယဲ့ဖန် ဂူထဲ ကျသွားသည်ကိုမြင်ပြီး ကျေနပ်အားရသော အပြုံးများ ပေါ်လာကြသည်။
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးမှာမူ အားပါးတရ ရယ်မောလာသည်။
“အရူး ငါတို့က မင်းလောက် မသန်မာကောင်း မသန်မာနိုင်ပင်မယ့် တကယ့် တိုက်ပွဲအတွေ့အကြုံမှာတော့ ငါတို့က မင်းထက် ပိုများတယ်ကွ”
“ငါတို့နဲ့ ရန်သူ ဖြစ်တာက သေလမ်းရှာတာ သက်သက်ပဲကွ”
အင်မော်တယ် တျောင်မြောင်သည်လည်း အလွန်အမင်း ပျော်ရွှင်နေပုံရပြီး မျက်နှာတွင် ဂုဏ်ယူဟန်များ ပြည့်နေ၏။