အခန်း ၁၄၇၅
Vol. 99 Ch. 1475
Chapter 1475 ငရဲမှပြန်လာခြင်း
“ဒီဂူထဲကျသွားပြီး ထောင်သောင်းချီတဲ့ သရဲတွေနဲ့ ရင်ဆိုင်နေရပြီဆိုတော့ အဲ့ကောင် အလောင်းတောင် မကျန်ဘဲ သေသွားမှာ စိုးရတယ်”
“သူနဲ့တန်တာပဲလေ၊ ဘယ်သူက သူ့ကို ငါတို့ကို ရန်စခိုင်းသလဲ၊ သေသွားတဲ့ ငါတို့ညီအစ်ကိုအတွက် သူ့အသက်ကို အလျော်အစား ယူတယ်လို့ သဘောထားကြတာပေါ့”
“ဒါနဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ၊ သူ့လူတွေကိုပါ အတူတူ သတ်မှ လုံလောက်မှာပေါ့”
ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့် အခြားသူများက နတ်ဆိုးနဂါး ဖုရှန်တို့ကို ရက်စက် ခက်ထန်သော အကြည့်ဖြင့် ကြည့်လာသည်။
ယဲ့ဖန်၏ လှောင်ပြောင်မှုက သူ သေဆုံးသွားခြင်းကြောင့် အပြီးတိုင် ပျောက်ကွယ်မသွားပေ။ သူတို့ထဲမှ လူတော်တော်များ၏ ရင်ထဲတွင် မကျေနပ်စိတ်များ ရှိနေသေး၏။
ယဲ့ဖန်ကြောင့် သူတို့ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ လက်ရှိတွင် ယဲ့ဖန် သေသွားသော်လည်း သူတို့ရင်ထဲမှ မကျေနပ်စိတ်က မငြိမ်းအေးသေးချေ။ ထို့ကြောင့် သူ၏ မိတ်ဆွေများလည်း သေရပေမည်။
“သေမယ့်နည်းကို ရွေးကြ၊ ဒါ မင်းတို့အပေါ် ငါ့ရဲ့ နောက်ဆုံး သက်ညှာမှုပဲ”
အင်မော်တယ် တျောင်မြောင်က ကျောက်စိမ်း အရိုးတုတ်ကို ကိုင်၍ နွေးထွေးသော အပြုံးကို ပြုံးနေပုံက ကြင်နာတတ်သော သူဌေးကြီးတစ်ယောက်နှင့်ပင် တူနေသေးသည်။ သို့သော် ကျဉ်းမြောင်းနေသော မျက်လုံးတစ်စုံက သူတို့အား ကြောက်စရာကောင်းသော အကြည့်တို့ဖြင့် ကြည့်နေ၏။
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့် အခြားသူများကလည်း မကောင်းသော အကြည့်တို့ဖြင့် စဉ်းလဲစွာ ပြုံးနေကြသည်။
“ခင်ဗျားတို့ ကျုပ်တို့ကို ရှင်းနိုင်တယ်လို့ တကယ် ထင်နေတာလား”
နတ်ဆိုးနဂါး ဖုရှန်က အပြုံးတစ်ဝက်ဖြင့် မေးလေည်။ အကြောင်းတစ်ချို့ကြောင့် ယုံကြည်မှု ရှိလွန်းနေသော အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများကို ကြည့်ပြီး သူ အားပါးတရ ရယ်ချင်နေသည်။
“ပြောဖို့ လိုသေးလို့လား၊ မင်းတို့ထဲက အစွမ်းအထက်ဆုံးလူ သေသွားပြီဆိုတော့ ကျန်ခဲ့တဲ့လူတွေအားလုံးက အမှိုက်တွေပဲပေါ့”
အင်မော်တယ် တျောင်မြောင်က လှောင်ရယ်၍ ပြောလိုက်သည်။
“အခု မင်းတို့ အမှိုက်ကောင်တွေ ကိုယ့်ဘာသာ သေနည်း ရွေးမလား၊ ငါ ရွေးရမလား”
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးက ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး အပြုံးကြီး ပြုံးနေသည်။
“မင်းတို့ မရွေးဘူးလား၊ ဒီလိုဆိုလည်း ငါ မင်းတို့အတွက် ရွေးပေးရတာပေါ့၊ မင်းတို့ တစ်ယောက်ချင်းစီရဲ့ ခေါင်းကို ငါ နင်းချေပစ်မယ်”
သူ အနှစ်သက်ဆုံးမှာ လူ့ဦးခေါင်းကို ဖျစ်ညှစ်ပစ်ရခြင်းပင်။ ထိုခံစားချက်က သူ့အတွက် ရပ်တန့်မရ နိုင်လောက်အောင် သဘောကျရသည့် ခံစားချက်ပင်။
“သေပြီ ဟုတ်လား၊ ဒါဆို အခု ခင်ဗျားအနောက်မှာ ရပ်နေတဲ့လူက ဘယ်သူများပါလိမ့်”
နတ်ဆိုးနဂါး ဖုရှန်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု တွဲခိုလာသည်။ သူ့ပုံစံက သွေးဆာ၍ အလိုကြီးပုံ ပေါ်နေသည်။
*ဘာ*
သူ့စကားကြောင့် အင်မော်တယ် တျောင်မြောင်နှင့် ကတုံးတို့ ချက်ချင်း သွေးပျက်သွားပြီး တအံ့တဩနှင့် နောက်လှည့် ကြည့်ကြသည်။ ထိုအခါ တကယ်ပင် လူတစ်ယောက်က မြေအောက်ဂူထဲမှ တွားသွား၍ ထွက်လာသည်ကို တွေ့လိုက်ရသည်။
လေထုထဲတွင် မီးခိုးမှုန်များနှင့် ပြည့်နေကာ ဆွဲဆွဲငင်ငင် ငိုကြွေးသံများ ပဲ့တင်ထပ်လာ၏။ ထိုသရဲတစ္ဆေများသည် ဂူထဲမှနေ၍ နေရာအနှံ့သို့ ပြေးလွှားနေကြသည်။
*ငါတို့ ဘာတွေမြင်လိုက်တာလဲ၊ သူတို့ ဘာကိုကြောက်နေတာလဲ*
ထို့နောက် လူတစ်ယောက်က ထိုသရဲများ၏ ကိုယ်ကိုနင်း၍ တစ်လှမ်းချင်း တက်လာနေသည်ကို သူတို့ တွေ့လိုက်ရသည်။
အဆိုပါ သရဲများ ကြောက်သည့်သူက ထိုလူ ဖြစ်နေသည်။ သူသည် ငရဲ၏ ဘုရင် ဖြစ်ပုံရသည်။ သူ့ထံမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ထွက်ပေါ်နေ၏။
ဤမြင်ကွင်းက အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများကို ရင်တုန်သွားစေကာ ကြက်သီးတဖြန်းဖြန်း ထသွားစေလေသည်။ မျက်နှာတွင် ကြောက်လန့်စိတ်နှင့် စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်လာသည်။
*မယုံနိုင်စရာပဲ*
*ဘာလို့လဲ၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ*
*ဒီသရဲတွေက သူ့ကို တကယ် ကြောက်တာလား*
*ခုနတုန်းက ရက်စက်ကြမ်းကြုတ်တာတွေ ဘယ်ရောက်သွားတာလဲ၊ ဘာလို့ ဒီလူကို တွေ့တာနဲ့ ကြောင်ကိုတွေ့တဲ့ ကြွက်တွေလို ဖြစ်သွားရတာလဲ*
“မင်းက ဘယ်သူလဲ”
အင်မော်တယ် တျောင်မြောင် ဆောက်တည်ရာမရ အော်ဟစ်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ကြောက်စိတ်ဖြင့် ပျက်ယွင်းနေ၏။
*ဒီမြင်ကွင်းက ကြောက်စရာကောင်းလွန်းတယ်*
*ငါ့အရှေ့က ဒီလူက လုံးဝကို နတ်ဆိုးပဲ*
သူတို့ ခုခံမရနိုင်ဟု သတ်မှတ်ထားသော ထိုသရဲတစ္ဆေများက ဤလူ၏ လက်ထဲတွင် ကစားစရာများသဖွယ် ဖြစ်နေသည်။ ဤသည်က သူတို့ထက် ကျော်လွန်သွားလေသည်။
*ဒီလူက လုံးဝ လူမဟုတ်ဘူး*
“ဒါက ငါ့နန်းတော်*
“ဒါ ငါ့အကျဉ်းသားတွေ”
“ပြီးတော့ မင်းတို့ မကြာခင် မင်းတို့လည်း သူတို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့မှာ”
ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးနေပြီး စကားလုံးတိုင်းက လူများကို တုန်လှုပ်နိုင်စေသည်။ အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ မျက်နှာပြာနှမ်းသွားပြီး နှုတ်ခမ်း တဆတ်ဆတ် တုန်လာသည်။
“မင်းရဲ့ နန်းတော်လား၊ မင်း ... မင်းက ဧကရာဇ် ကျူးလုံ”
“မဖြစ်နိုင်ဘူး မင်းက သေပြီးသွားပြီလေ”
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးက အသည်းအသန် အော်ဟစ်လိုက်သည်။ တစ်ဖက်လူက တကယ့် ဧကရာဇ် ကျူးလုံ ဖြစ်နေလျင် သူတို့ အသက်ရှင်နိုင်မည့် နည်းလမ်း မရှိတော့ပါ။ သူတို့ သေရပေလိမ့်မည်။
“မင်း ယုံဖို့မလိုဘူး၊ မင်း သေဖို့ပဲလိုတာ”
ယဲ့ဖန်က ရက်စက်စွာ ပြုံးလိုက်ပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ သရဲများအားလုံး ရှေ့တိုးလာကြသည်။
“ဝုန်း”
သရဲများသည် ဒီရေအလား အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများကို လွှမ်းမိုးလာသည်။ ထိုအခိုက်တွင် အင်မော်တယ် တျောင်မြောင်နှင့် အခြားူများ တုန်လှုပ်သွားပြီး မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာလေသည်။
လက်ရှိတွင် သူတို့ရင်ထဲ၌ မည်မျှ သွေးပျက်နေသလဲ မှန်းကြည့်နိုင်ပေ၏။ မသေခင် ကြုံတွေ့ရမည့် အဖြစ်အပျက်က ဆိုးရွားလှသည်။
သူတို့သည် မူလက ဤအင်ပါယာထဲမှ ရန်သူကို လာရှာ၍ သတ်ရန် ကြံစည်ထားခဲ့သော်လည်း ယဲ့ဖန်ကဲ့သို့သော မကောင်းဆိုးဝါးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားမိပေ။
ယခုအချိန်တွင် သူတို့၏ စိတ်ထဲ၌ အတောမသတ်နိုင်သော နောင်တတို့ဖြင့် ပြည့်နှက်နေ၏။ ယာယီ ဖြစ်ပေါ်လာသော လောဘကြောင့်သာ မဟုတ်လျင် သူတို့ ယဲ့ဖန်နှင့် မည်သို့ ဆုံတွေ့ပါမည်နည်း။ သူတို့ သူ့နှင့် ဘယ်လိုလုပ် ရန်သူသဖွယ် တွေ့ပါမည်နည်း။
သူတို့သာ ယဲ့ဖန်၏ ရတနာကို ဦးအောင် မလုယူဘဲ ထွက်သွားခဲ့လျင် ဤသို့သော အဆုံးသတ်မျိုး ရှိလာမည် မဟုတ်ပါ။ ဤအရာအားလုံးက သူတို့၏ အမှားပင်။ ယခုမှ ထိုစကားပြောခြင်းက နောက်ကျလွန်းသွားလေပြီ။ တစ်ဖက်လူတွင် သူတို့အား ချမ်းသာပေးလိုသည့် အစီအစဉ်မရှိချေ။
“အား … ငါ့ခြေထောက်”
“ကယ်ပါဦး၊ ငါ့ကိုကယ်ပါဦး၊ ငါ သူတို့ စားတာကို မခံချင်ဘူး”
“ချီးပဲ၊ သေစမ်း”
နတ်နန်းတော်မှ သိုင်းပညာရှင်များ အတောမသတ်နိုင်အောင် အော်ဟစ်မြည်တမ်းနေကြသည်။ သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းနေပြီး သည်းခြေပျက်မတတ် ဖြစ်နေ၏။
“ဒါ ငရဲက မြင်ကွင်းပဲ”
သူတော်စင်သခင်အဆင့် တစ်ယောက်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကာ မျက်နှာ ပြာနှမ်းနေသည်။ ထို့နောက် သူ့လည်ပင်းကို သူ့ဓားဖြင့် လှီးဖြတ်လိုက်သည်။
“ရွှစ်”
သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။ ထိုသူတော်စင်သခင်အဆင့် သိုင်းပညာရှင် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားလေပြီ။ ဤမကောင်းဆိုးဝါးများ၏ စားသောက်ခြင်း ခံရသည်ထက် ကိုယ့်ကိုယ်ကိုယ်သာ သတ်သေ လိုက်ပေမည်။
“ဧကရာဇ် ကျူးလုံ ကျုပ် မှားသွားပါတယ်၊ ကျုပ်တို့ မှားသွားပါတယ်”
ထိုသူတော်စင်သခင်အဆင့်များသည် ကြောက်လန့်တကြား အော်ဟစ်လာကြသည်။ သို့သော် ယဲ့ဖန်က မကြားသယောင် ပြုကာ တုံတိဘာဝေ မျက်နှာထားဖြင့် နေနေလေသည်။
“သွားစမ်း အဝေးကို သွားစမ်း”
အင်မော်တယ် တျောင်မြောင်နှင့် ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးတို့က ဒေါသတကြီးဖြင့် ရူးမတတ် အော်ဟစ်နေ၏။
သရဲများကို နတ်ဘုရင်အဆင့် ခွန်အားတို့ဖြင့် တွန်းလှန်ကာ အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် သရဲ ထောင်ချီမျှ ပေါက်ကွဲသွားကြသည်။
သို့သော် သူတို့က ဆက်လက် တိုက်ခိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် အသေခံနေကြကာ အသတ်ခံရမည်ကို မကြောက်ရွံ့ကြချေ။
ဤအဖြစ်က အင်မော်တယ် တျောင်မြောင်နှင့် ကတုံးတို့ကို ကြက်သေ သေသွားစေသည်။
*ဒီသရဲတွေက ဘာလို့ သေမှာကို မကြောက်ဘဲ ယဲ့ဖန်ကိုပဲ ကြောက်နေကြတာလဲ*
သူတို့ မသိသည့်အချက်မှာ ဤသရဲများက သေခြင်းတရားကို မကြောက်ရွံ့ခြင်း မဟုတ်ဘဲ သေသည်ထက် ဆိုးသော ဘဝကို ပိုကြောက်လန့်သောကြောင့် ဖြစ်သည်ဟူသော အချက်ပင်။
ယဲ့ဖန်က သူတို့ဘဝကို သေသည်ထက်ဆိုးအောင် ပြုလုပ်လိုက်သည့် လက်သည်တရားခံ ဖြစ်ပေသည်။
တစ်မိနစ်၊ ဆယ်မိနစ်၊ တစ်နာရီ။ အင်မော်တယ် တျောင်မြောင်နှင့် ကတုံးတို့၏ တိုက်ခိုက်မှုက တဖြည်းဖြည်း နှေးကွေးလာပြီး သူတို့ကိုယ်ထဲမှ ယန်စွမ်းအင်က အားနည်းသထက် နည်းလာသည်။ သို့သော် အရှေ့မှ သရဲများက သူ့ထက် ဆက်လက် တိုးလာစမြဲပင်။
“အား…”
ရုတ်တရက် ကတုံးနှင့်လူ ထအော်လာ၏။ သူသည် လက်သီးဖြင့် ထိုးလိုက်ပြီးနောက် လက်ပြန်ရုတ်ရန် နှေးကွေးသွားခဲ့သဖြင့် သူ့လက်အား သရဲတစ်ကောင်က ကိုက်လိုက်သည်ကို ခံလိုက်ရခြင်း ဖြစ်လေသည်။
တစ်ခဏမျှ တွေဝေသွားမိသည်နှင့် ကပ်ဆိုးက ချက်ချင်း ဝင်လာသည်။ မရေတွက်နိုင်သော သရဲများက သူ့ထံ တစ်ပြိုင်တည်း ပြေးလာကြသည်။
လက်မောင်းနှစ်ဖက်လုံး သူတို့၏ ကိုက်ဖြတ်ခြင်း ခံလိုက်ရသည်။ ကတုံးနှင့်လူသည် ချက်ချင်း လက်ပြတ်နေသူ ဖြစ်သွားပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်သံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာကာ သွေးများက ငေါခနဲ ပန်းထွက်လာ လေသည်။
သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ ထိုသရဲများအားလုံးသည် သူ့ခန္ဓာကိုယ် ခြေလက်များ၊ ဦးခေါင်းနှင့် ရင်ဘတ်တို့အထိ ဦးတည် ပြေးတက်လာ၏။
သူ သည်းကြီးမည်းကြီး အစားခံနေရပြီး ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။ အသက်တစ်ကြိမ် ရှူစာအတွင်း သူ့ခန္ဓာကိုယ်က သုံးပုံတစ်ပုံသော အရိုးများ ပေါ်လာသည်။ အစားခံလိုက်ရသဖြင့် အရိုးသာလျင် ကျန်ပေတော့သည်။
“အဘိုးကြီး ကျုပ်ကို သတ်လိုက်ပါ၊ ကျုပ်ကို သတ်လိုက်ပါတော့”
ကတုံးနှင့်လူက အင်မော်တယ် တျောင်မြောင်ကို အော်ပြောလိုက်သည်။ နာကျင်လွန်းလှသဖြင့် သူ အသက်မရှင် ချင်တော့ပါ။ ယခု သူ မြန်မြန်သာ သေချင်နေသည်။
အင်မော်တယ် တျောင်မြောင် မတတ်သာစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ကတုံးနှင့်လူကို ကြည့်လိုက်သည်။
“ငါ တောင်းပန်ပါတယ် မိတ်ဆွေဟောင်းကြီးရေ၊ ငါ မင်းကို ထိခိုက်စေမိပြီ”
သူသာ လောဘမတက်ခဲ့ဘဲ ရန်စမသင့်သောလူကို ရန်မစခဲ့မိပါက ဘယ်လိုလုပ် ယခုကဲ့သို့ အဆုံးသတ် ပါမည်နည်း။ ဤအရာအားလုံးက သူ့အပြစ်ကြောင့်ပင်။
ထို့နောက်တွင်မူ အင်မော်တယ် တျောင်မြောင်က သူ၏ ကျောက်စိမ်းအရိုးတုတ်ဖြင့် ကတုံး၏ ဦးခေါင်းကို ရိုက်ခွဲကာ နာကျင်မှုကို အဆုံးသတ်စေလိုက်သည်။ ထို့နောက်တွင်မူ သူ့ခေါင်းသူ ပြန်ခွဲကာ နှိပ်စက်ခံရမည့်ဘေးကို ရှောင်ရှားလေသည်။
လက်ရှိတွင် အင်မော်တယ် တျောင်မြောင်နှင့် ကတုံးနှင့်လူတို့၏ အလောင်းတို့ အစားခံနေရသည်။ ဤမြင်ကွင်းက လင်းဝူယာအား မှင်တက်သွားစေ၏။
*ယဲ့ဖန်က ဒီမသေမျိုး စစ်တပ်ကို ကျွန်ပြုနိုင်စွမ်း ရှိတာလား*
*ဒါ ဘာသဘောလဲ*
*ဒီလိုဆို ယဲ့ဖန်မှာ ကမ္ဘာစစ်ကို စတင်နိုင်စွမ်း အပြည့်အဝ ရှိတယ်လို့ ဆိုလိုနေတာပေါ့*
အကယ်၍ ဤသန်းချီသော စစ်တပ်ကိုသာ စစ်မြေပြင်ကို စေလွှတ်လိုက်လျင် သူတို့သည် သေချာပေါက် ပြိုင်ဘက်ကင်း၍ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်များ ဖြစ်နေပေလိမ့်မည်။ လောက၏ လုံခြုံဘေးကင်းမှုက ယဲ့ဖန် တစ်ယောက်တည်း၏ လက်ထဲတွင် ရှိနေသည်။
“ပြန်သွားကြစမ်း”
ထိုစဉ် ယဲ့ဖန်က ရုတ်တရက် အော်ဟစ် အမိန့်ပေးလိုက်သည်။ ထိုသရဲများသည် ကြောက်အားလန့်အား ထအော်၍ ဂူထဲသို့ ပြေးဝင်ကာ ရှန်းယန်နန်းတော်ထဲသို့ ပြန်သွားကြပြီး တံခါးကိုပင် ပြန်ပိတ်သွားကြသည်။
အရာအားလုံး တိတ်ဆိတ်သွားပြီး ဘာမှမဖြစ်ခဲ့သလိုပင်။ ဤမြင်ကွင်းက လင်းဝူယာအား မချိပြုံး ပြုံးသွားစေ၏။ သူ့တွင် လျှောက်လမ်းရမည့်လမ်းက ရှည်လျားနေသေးပုံရပြီး သူ သင်ယူစရာများစွာ ကျန်နေသေးသည့်ပုံပင်။
သူတစ်ယောက်တည်းသာ မတည်မငြိမ် ဖြစ်နေ၏။ ယဲ့ဖန်နှင့် စတွေ့ဆုံသည့် မည်သူမဆို သူ့ကဲ့သို့ ဂနာမငြိမ် ဖြစ်နိုင်လောက်သည်။
ပြောရမည်ဆိုလျင် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများကို သူ တကယ် လေးစားမိသည်။ ယနေ့ကဲ့သို့ သူတို့ မတည်ငြိမ်ခင် ယခင်က ယဲ့ဖန်ကြောင့် သူတို့ အကြိမ်ပေါင်း မည်မျှ ထိတ်လန့်ခဲ့ရပြီးသနည်း။
အစောပိုင်းကဆိုလျင် သူ နှလုံးရောဂါ ရလုနီးပါးပင်။ သို့သော် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများက ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားမိသကဲ့သို့ တည်ငြိမ်နေခဲ့သည်။ မယုံနိုင်စရာ ကောင်းလှပေသည်။
ထိုစဉ် ယဲ့ဖန်က သူတို့ကို ပြောလာ၏။
“ငါ မြေအနေအထားကို ဆက်လေ့လာရဦးမယ်၊ မင်းတို့ အရင်ပြန်နှင့်”
ရှန်းယန် နန်းတော်ကို ရှာတွေ့ပြီးပြီ ဖြစ်သဖြင့် သူ၏ ချင်းဟွမ် ဂူသင်္ချိုင်းကို ဆက်ရှာရပေဦးမည်။ သူ၏ သန်းချီသော စစ်သည်တော်များကို ဧကရာဇ် ကျူးလုံ၏ ဂူဗိမာန်အောက်၌ ချိပ်ပိတ်ထားခဲ့သည်။
သူတို့သည်လည်း ထျဲမူထားနှင့် ဟွမ်နူကဲ့သို့ သူ ပြန်လာသည်ကို မြေအောက်မှ အဆုံးအစမဲ့စွာ စောင့်နေကြသည် မဟုတ်ပါလော။
နှစ်ပေါင်းများစွာကြာအောင် သူတို့ စောင့်ပြီးရင်း စောင့်နေခဲ့ကြသည်။ သူ၏ ဂူဗိမာန်ကို အမြဲ စောင့်ရှောက် ခဲ့သည်။ သူတို့ စောင့်ဆိုင်းနေသည်က ကြာမြင့်လွန်းနေသဖြင့် သူတို့ အချိန်ကိုပင် မေ့လျော့နေလောက်သည်။
ယဲ့ဖန်က သူတို့ကို ဘယ်လိုလုပ် ဆက်စောင့်ခိုင်းနိုင်ပါမည်နည်း။ သူ၏ စစ်တပ်၊ သူ၏ စစ်သည်တော်များသည် သူ့ကဲ့သို့ နေရောင်ကို တစ်ဖန်ပြန်မြင်၍ လောကကို သိမ်းပိုက်သည့်ပေသည်။ အင်မော်တယ် မင်းဆက်ခေတ်ကို ထပ်မံ၍ ဖန်တီးရမည်။ မဟာချင်အင်ပါယာကို ပြန်အသက်သွင်းရပေမည်။