အခန်း ၁၄၇၆
Vol. 99 Ch. 1476
Chapter 1476 နောက်တစ်ခါဆိုတာ မရှိဘူး
“ဘိုးဘိုး သမီးတို့ ချီကုန်း လေ့ကျင့်ဖို့အတွက်နဲ့ ဘာလို့ ဒီတောင်ကို အမြဲလာရတာလဲ”
ထိုသို့သောအချိန်၌ မြက်ပင် ထူထဲသော တောင်တက်လျှောစောင်း တစ်နေရာ၌ မိန်းမပျိုလေး တစ်ယောက်က သူမဘေးမှ အဘိုးအိုကို ဝေခွဲရခက်ဟန်ဖြင့် မေးနေ၏။
အဘိုးအိုက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
“အရူးမလေး ဒီနေရာက မင်းအဘိုး ထို့ပါ မင်းအတွက် ရှာတွေ့ထားတဲ့ ရတနာမြေပဲ၊ ဒီနေရာမှ စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ ပြည့်နေတာ၊ ကျင့်ကြံဖို့အတွက် အသင့်လျော်ဆုံးပဲ”
ချက်ချင်းဆိုသလိုပင် မိန်းမပျိုလေးက သူမအနောက်မှ အဘိုးအိုကို လှည့်ကြည့်၍ မယုံနိုင်ဟန်ဖြင့် မေးလေသည်။
“ဘိုးဘိုး ထို့ပါ အဲ့ဒါ အမှန်ပဲလားဟင်”
ထို့ပါဟူ အသက်အရွယ် ကြီးရင့်နေသော သူတော်စင်သခင်အဆင့်တစ်ယောက် ဖြစ်ပြီး အင်ပါယာတွင်း၌ ရှည်လျားစွာ တည်ရှိသော ဂုဏ်သတင်းတို့ ရှိသည်။ သူသည် တောင်ဘက်နယ်မြေတစ်ခွင်လုံး၌ ပြိုင်ဘက်ကင်း ခဲ့သည်။ သူ၏ ခွန်အားက တောင်ဘက်တစ်ခုလုံး၌ အနည်းဆုံး ထိပ်တန်းသုံးယောက်စာရင်းဝင်လေသည်။ ထို့ကြောင့် သူ့အား ယွဲ့မိသားစုက ပိုက်ဆံများစွာသုံး၍ ငှားရမ်းကာ ယွဲ့ကျန့်ဟမ်၏ သက်တော်စောင့်အဖြစ် နေစေခဲ့သည်။
ထို့ပါဟူသည် ထူးချွန်းသော မိန်းမပျိုလေးအား သူ၏ ဆက်ခံသူအဖြစ် သတ်မှတ်ထားပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ဒီမှာ တစ်ရက်ပြီး တစ်ရက် လေ့ကျင့်နေတာတောင် သတိမထားမိသေးဘူးလား၊ မင်း ဘယ်လောက် ကြာကြာ လေ့ကျင့်ပါစေ ပင်ပန်းတယ်လို့ မခံစားရဘူး မဟုတ်လား”
“ဟင် ဟုတ်သားပဲ”
ယွဲ့လင်းလုံက တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလေသည်။
“အဲ့ဒါ ဘာလို့လဲဆိုတော့ စိတ်ဝိညာဉ် စွမ်းအင်က ခန္ဓာကိုယ်ထဲ ဝင်သွားလို့ပဲ၊ အဲ့ဒါက ပင်ပန်းနွမ်းလျမှုကို ဖျောက်ဖျက်ပေးရုံတင် မကဘူး ကြွက်သားနဲ့ အရိုးထဲအထိ စိမ့်ဝင်သွားတာ၊ ဒီဖုန်းရွှေ ရတနာမြေက ဒီအင်ပါယာမှာတင်မကဘူး၊ ကယူးရှူ ပြည်နယ်တစ်ခုလုံးမှာပါ ရှားပါးတဲ့နေရာပဲ၊ မင်း ဒီမှာ တစ်နေ့ လေ့ကျင့်တာက အပြင်မှာ တစ်လ လေ့ကျင့်တာနဲ့ အတူတူပဲ”
ထို့နောက် ထို့ပါဟူက မျက်မှောင်ကြုတ်၍ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
“ဒီနေ့ ဘာဖြစ်လဲတော့ မသိဘူး၊ စိတ်ဝိညာဉ် စွမ်းအင်က ပါးလျလာတယ်”
ဤနေရာတွင် စိတ်ဝိညာဉ် စွမ်းအင် ပြည့်နှက်နေရသည့် အကြောင်းရင်းမှာ နဂါးသွေးကြောနှင့် မြေအောက်မှာ ရှန်းယန်နန်းတော်တို့ကြောင့် ဖြစ်ကြောင်း သူတို့ မသိကြချေ။ မြေပြင်အနေအထားက ယဲ့ဖန်ကြောင့် ပျက်စီးသွားသဖြင့် ဤတောင်ကုန်းသည် ၎င်း၏ စိတ်ဝိညာဉ် စွမ်းအင်များ မကြာခင် ဆုံးရှုံးရပေတော့မည်။
ထိုအခိုက်တွင် ရိုးရှင်းစွာ ဝတ်စားထားသည့် လူငယ်တစ်ယောက်က တောင်ပေါ်မှ ပြန်ဆင်းလာသည်ကို တွေ့လိုက်ရပြီး သုံးယောက်လုံး ချက်ချင်း စိတ်ဝင်စားသွားသည်။ ထို့နောက် သုံးယောက်လုံး ပြိုင်တူ မျက်မှောင်ကြုတ်မိလေသည်။
*ဒီနေရာက မြို့နဲ့ တော်တော် ဝေးတယ်၊ ပိတ်ရက် လူတွေ့ရဖို့ မပြောနဲ့ သရဲတောင် မရှိဘူး၊ ဘယ်လိုလုပ် တခြားလူ ရောက်နေရတာလဲ*
*သူကလည်း ဒီဖုန်းရွှေ ရတနာမြေကို ရှာတွေ့သွားတာလား*
ထို့ပါဟူ ယွဲ့ကျန့်ဟမ်ကို ကြည့်လိုက်မိသည်။
*ဒီဖုန်းရွှေ ရတနာမြေကို ရှာတွေ့နိုင်တယ်ဆိုတော့ တစ်ဖက်လူကလည်း သိုင်းပညာရှင်ပဲလား*
ထိုအချိန်တွင် ယဲ့ဖန်ကလည်း သူတို့ကို သတိထားမိသွားသည်။ သို့သော် တစ်ဖက်လူ၏ ခွန်အားကို သတိထားမိပြီးနောက် သူ့နှုတ်ခမ်းတွင် အထင်သေးရိပ်တို့ တွဲခိုလာပြီး သူတို့ကို လျစ်လျူရှုကာ အောက်သို့ ဆက်ဆင်းလာ၏။
သို့သော် သူက လွှတ်ပေးချင်သော်လည်း တစ်ဖက်က သူ့ကို အလွတ်မပေးချေ။
“ရပ်လိုက် နင့်ကို ဘယ်သူက သွားခိုင်းလို့လဲ”
ထိုစဉ် ယွဲ့လင်းလုံက အေးတိအေးစက် မျက်နှာထားနှင့် ယဲ့ဖန်ရှေ့၌ ရပ်လာသည်။
“လင်းလုံ ပြန်လာခဲ့စမ်း”
“လင်းလုံ ပြဿနာ မရှာနဲ့”
ထို့ပါဟူနှင့် ယွဲ့ကျန့်ဟမ်တို့က ပြိုင်တူ ဆူပူလေသည်။ တစ်ဖက်လူ၏ နောက်ခံကို သေချာမသိခင် အလျင်စလို ရန်လိုခြင်းက ကြီးမားသော ပြဿနာကို ဦးတည်နိုင်စေသည်။
ထို့အပြင် သူတို့ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ စူးရှသော သွေးနံ့ကို အသေအချာ ရနေ၏။
*ဒီလူက အခုလေးတင် လူသတ်ခဲ့တာပဲ၊ ပြီးတော့ ... တစ်ယောက်မကပါလား*
“ဘာကိစ္စရှိလို့လဲ”
ယဲ့ဖန်က သူမကို ပြန်ကြည့်လေသည်။ သူ့မျက်လုံးများက အေးစက်နေဆဲပင်။
“ဘာကိစ္စရှိလို့လဲ ဟုတ်လား၊ ရှိတာမှ အကြီးကြီးကိုရှိတာ၊ နင် ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်တာလဲ၊ နင့်ပုံစံက လူကောင်းနဲ့မတူဘူးလို့ ငါ ထင်တယ်၊ ပြော … နင် ဘယ်သူလဲ”
အထင်သေးသော မျက်နှာထားနှင့် သူမက စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။ သူမတို့ ဤနေရာ၌ လေ့ကျင့်နေသည်မှာ နှစ်လနီးပါး ရှိတော့မည်။ ဤကာလအတွင်း မည်သူကိုမှ မတွေ့ခဲ့ရပါ။ ယနေ့ ဤနေရာ၌ တစ်စုံတစ်ယောက်ကို ပုံမှန်မဟုတ်ဘဲ တွေ့လိုက်ရသည်တဲ့လား။
ယဲ့ဖန်က ရယ်၍ အဓိပ္ပာယ်ပါပါဖြင့် မေးလိုက်သည်။
“မင်း မိသားစုက ပင်လယ်နားမှာ နေတာလား”
“ဟင်”
ယွဲ့လင်းလုံ ငိုင်သွားသည်။ ယဲ့ဖန် ဘာကိုဆိုလိုချင်မှန်း သူမ အတန်ကြာအောင် စဉ်းစားမရသော်လည်း ခေါင်းခါပြ လိုက်သည်။
“ဒါဆို မင်းက ဘာတွေကို အရေးစိုက်နေတာလဲ”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။ သူ ဘယ်သူလဲ၊ သူ ဒီမှာ ဘာလုပ်နေတာလဲ စသည်တို့ကို ယွဲ့လင်းလုံက အရေးစိုက်ရန် လိုအပ်ပါသလော။ အဘယ်ကြောင့် သူမက အနားလာပြီး အထက်စီးဖြင့် မေးခွန်းထုတ်ရသနည်း။
“နင်”
ယွဲ့လင်းလုံ၏ ပါးပြင်က ဒေါသကြောင့် နီမြန်းလာ၏။ သူမက လက်သီးကိုဝင့်၍ ခြိမ်းခြောက်လိုက်သည်။
“ငါ့အထင်တော့ နင်က ရန်ရှာချင်နေတာထင်တယ်”
“လင်းလုံ သူက ဒီအတိုင်း ဖြတ်သွားတာ ဖြစ်ချင်ဖြစ်မှာပေါ့၊ အစိုးရိမ် လွန်မနေပါနဲ့”
ယဲ့ကျန့်ဟမ်က ရှေးဆန်သော လူတစ်ယောက် ဖြစ်သည်။ ယဲ့ဖန်က သိုင်းပညာရှင် ဖြစ်စေ၊ သာမန်လူ ဖြစ်စေ၊ တတ်နိုင်လျင် ပြဿနာ မဖြစ်ချင်သူ ဖြစ်လေသည်။
ထို့နောက် သူက ယဲ့ဖန်ကို ယဉ်ကျေးစွာ ဦးညွတ်၍ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့ မိတ်ဆွေလေး၊ ငါ့မြေးက အလိုလိုက်ခံထားရလို့ ဆိုးနေတာပါ၊ မင်းကို စိတ်ခုသွားအောင် လုပ်မိရင် ဗွေမယူပါနဲ့”
“ဘိုးဘိုး ဘာလို့ သူ့ကို တောင်းပန်နေတာလဲ၊သူက လူကောင်းလို့ သမီး မထင်ဘူး၊ ရန်သူက လွှတ်လိုက်တဲ့ သူလျှို ဖြစ်ချင်ဖြစ်နေမှ၊ ဒါမှမဟုတ် သူက ဆရာကို လုယူချင်လို့ ဖြစ်လိမ့်မယ်”
ယွဲ့လင်းလုံသည် ခြေဆောင့်၍ ယဲ့ဖန်အား မကျေမနပ် ကြည့်လေသည်။
“ဆရာ လုချင်တာ ဟုတ်လား”
ယဲ့ဖန် ဒေါသဖြင့် ရယ်လိုက်မိပြီးနောက် ခေါင်းခါ၍ ပြောလိုက်သည်။
“မင်းရဲ့ ခြေသုံးချောင်း ကွန်ဖူးက ငါ လုဖို့ ထိုက်တန်လို့လား”
ထိုစကားကိုကြားသော် ထို့ပါဟူ၏ မျက်နှာ မည်းမှောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ပြောလိုက်သော စကားတွင် သူ၏ သိုင်းပညာပါ ပါနေကြောင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောကြောင့်ပင်။
“သေချင်နေတာပဲ”
ယွဲ့လင်းလုံ ချက်ချင်း အရှက်ရသွားပြီး ရှေ့သို့ ပြေးတက်လာပြီး ယဲ့ဖန်၏ မျက်နှာကို ရိုက်လေသည်။ သူမသည် ထို့ပါဟူနှင့် ငါးနှစ်နီးပါး သိုင်းပညာ ကျင့်ကြံနေသူ ဖြစ်သည်။ သူမ၏ ရိုက်ချက်က အနည်းဆုံး ခေါင်းထိခိုက်၍ သတိမေ့သွားနိုင်သည်။
“မလုပ်နဲ့”
ယွဲ့ကျန့်ဟမ် အော်ဟစ် သတိပေးလိုက်သော်လည်း နောက်ကျသွားချေပြီ။ တစ်ဖက်လူက သူ့အား ရိုက်လာသည်ကို မြင်သော် ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်သွားပြီး တစ်ချိန်တည်းမှာပင် ညာလက်ကို မြှောက်၍ အသာဝှေ့ယမ်းလိုက်သည်။
“ဖြောင်း”
ထိုအသံနှင့်အတူ ယွဲ့လင်းလုံ အနောက်သို့ မီတာများစွာ လွင့်ထွက်သွားသည်။ ပြန်အကျတွင် သူမ ဟန်ချက် မထိန်းနိုင်သဖြင့် မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားရသည်။
“ယန်စွမ်းအင်ကို ထုတ်လွှတ်တာ၊ တကယ့်ကို ဆရာတစ်ဆူပဲ”
ထို့ပါဟူ တအံ့တဩ ရေရွတ်လိုက်မိသည်။ ထူးချွန်သူက တံခါးကိုသာ ကြည့်ပြီး သာမန်လူက ပူြင်းသော လမ်းကိုသာ ကြည့်သည်ဟူသော ဆိုရိုးစကားလိုပင်။ ယဲ့ဖန်၏ လက်လှုပ်ရှားမှုက သာမန်ဖြစ်သော်ငြားလည်း သူ၏ ထူးချွန်သော မျက်လုံးအောက်၌ မဖုံးဖိနိုင်ပါ။
သူသည်လည်း ယန်စွမ်းအင်ကို ထုတ်လွှတ်နိုင်ပါသော်လည်း ယဲ့ဖန်ကဲ့သို့ အလွယ်တကူ ထုတ်ဖော်ပြီး ပြန်မရုတ်သိမ်းနိုင်ပါ။
ယဲ့ဖန်သာ သူ့ယန်စွမ်းအင်ကို အချိန်မီ ပြန်မရုတ်လိုက်လျင် ယွဲ့လင်းလုံတစ်ယောက် အနောက်သို့ လွင့်သွားရုံနှင့် ပြီးသွားမည် မဟုတ်ပါ။
“သေနာကောင် ငါ နင့်ကို အရေခွံနွှာပစ်မယ်’
ထို့ပါဟူ မျက်နှာပျက်ရအောင် လုပ်မိသည်ဟု ခံစားမိပြီး ယွဲ့လင်းလုံ ဒေါသထွက်ကာ လက်မခံနိုင်သေးဘဲ အသည်းအသန် ပြေးတက်ပြန်သည်။
“အာ …”
ဤသည်ကိုမြင်သော် ယဲ့ဖန်၏ အထင်သေးသော အပြုံးက ပို၍ ပီပြင်လာ၏။ တစ်ချိန်တည်းမှာပင် လက်ဝါးကို အောက်ကိုဖိလိုက်ပြီး အောက်မှ သစ်ရွက်ခြောက်ပုံကို လှုပ်ခါစေလိုက်သည်။
သစ်ရွက်ခြောက်များက ရုတ်တရက် ဝဲတက်လာပြီး လေပွေအသေးစားအဖြစ် ပြောင်းလဲကာ သူ့လက်ဝါးတွင်း၌ ဝဲပျံလာလေသည်။
“ချီကိုသုံးပြီး အရာဝတ္ထုတွေကို ထိန်းချုပ်တယ်၊ မကောင်းတော့ဘူး သူက နတ်ဘုရင်အဆင့်ပဲ”
ထို့ပါဟူ ကြက်သေ သေသွားရသည်။ ယနေ့ ဖြတ်သန်းသွားသည့် လူက သိုင်းဘုရင်အဆင့် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*နတ်ဘုရင်အဆင့်က ဒီနေရာကို ကြုံလို့ ဖြတ်သွားတယ်တဲ့လား*
“နတ်ဘုရင်အဆင့်လား”
ထိုစကားကိုကြားသော် ယွဲ့လင်းလုံ၏ မျက်နှာ ဖြူရော်သွားသည်။ သို့ရာတွင် နောက်ဆုတ်ရန် နောက်ကျလွန်း သွားလေပြီ။
“ရွှစ်”
သစ်ရွက်ခြောက်ပုံများက ဓားသွားသဖွယ် ယွဲ့လင်းလုံ၏ ဖြူရော်နေသော မျက်နှာတည့်တည့်သို့ ပျံသန်းလာ၏။ ထိုအချိန်တွင် ထို့ပါဟူက လွှားခနဲ ခုန်ပျံ၍ သူမရှေ့၌ ရပ်ကာ ယန်စွမ်းအင်ကို ထုတ်ဖော်၍ လက်နှစ်ဖက်ကို ဆန့်တန်းကာ ခုခံရန် ပြင်လေသည်။
“ဟမ့်”
ယဲ့ဖန်က ကားကို လက်ဖြင့်တားနေသောအရူးနှင့် သစ်ပင်ကို ကိုင်လှုပ်ချင်နေသော ပိုးပျံကောင်ကို တွေ့လိုက် ရသကဲ့သို့ ဒုတိယအကြိမ် သရော်လိုက်သည်။
“ဝုန်း”
ထိုအသံနှင့်အတူ ထို့ပါဟူ လွင့်ထွက်သွားပြီး လက်နှစ်ဖက်လုံးက ဓားဖြင့် အမွှန်းခံရသကဲ့သို့ သွေးများ တတောက်တောက် ကျလာပြီး တစ်ချိန်တည်းမှာပင် သွေးများ အန်လေသည်။
တစ်ချက်တည်းဖြင့် ရှုံးသွားလေပြီ။ ဤသည်ကိုမြင်ပြီး ယွဲ့လင်းလုံ မှင်တက်သွားသည်။ သူမစိတ်ထဲတွင် သူမအဘိုး ထို့ပါဟူက စစ်နတ်ဘုရားလိုပင်။ သူ့လက်အောက်၌ မည်သူမှ ဆယ်ကွက်ထက် ပိုမတိုက်နိုင်ခဲ့ဖူးပါ။
သို့သော် ယခု သူမနှင့် ရွယ်တူလောက်သာ ရှိဦးမည့် ဤလူငယ်နှင့် ရင်ဆိုင်ရချိန်တွင် ရှုံးနိမ့်သွားသတဲ့လား။ သစ်ရွက်ခြောက်များက တစ်ဖက်လှည့်၍ ယွဲ့လင်းလုံကို ထပ်သတ်ရန် ပြင်လေသည်။
“လူကြီးမင်း အသက်ချမ်းသာပေးပါ”
ယွဲ့ကျန့်ဟမ် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သူ၏ မြေးမလေး အသတ်ခံရမည်တော့မည်ကိုမြင်ပြီး သူ ရင်တုန်သွားရသည်။
ထို့နောက်တွင်မူ သစ်ရွက်ခြောက်များက သူမရှေ့၌ တန့်ခနဲ ရပ်သွားပြီး တစ်ရွက်က သူမ၏ နဖူးအလယ် တည့်တည့်ကို ထိနေသဖြင့် သွေးများ စီးကျလာသည်ကို ယဲ့လင်းလုံ တွေ့လိုက်ရသည်။
“နောက်တစ်ခါဆိုရင် ကျုပ် အသတ်ချမ်းသာပေးမှာ မဟုတ်ဘူး”
ယဲ့ဖန် ခပ်မာမာ ပြောလိုက်ပြီး လက်ကို ပြန်လှုပ်လိုက်သည်။ ထိုအခါ ထိုသစ်ရွက်ခြောက်များက ယွဲ့လင်းလုံ ရှေ့၌ ပြုတ်ကျသွားပြီး သာမန် သစ်ရွက်ခြောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဘုတ်”
ယွဲ့လင်းလုံ မြေကြီးပေါ် ထိုင်ချလိုက်မိပြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့ချေ။ သူမ အသက်ကို မနည်းရှူ နေရသည်။ သူမ သွေးပျက်နေ၏။
*နည်းနည်းလေး၊ နည်းနည်းလောက်သာ နောက်ကျသွားရင် ငါ ယမမင်းဆီမှာ စာရင်းသွင်းနေရလောက်ပြီ*
ယဲ့ဖန် မသတ်လိုက်သည်ကို မြင်ပါမှ ယွဲ့ကျန့်ဟမ် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် အလျင်အမြန် ရှေ့တိုး၍ လက်သီးဆုပ်ကာ ယဲ့ဖန်ကို ပြောလိုက်သည်။
“လူကြီးမင်း အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ လူကြီးမင်းရဲ့ မှော်ဆန်တဲ့ အစွမ်းကို ကျုပ် မြင်တွေ့လိုက်ရတဲ့အတွက် ကံကောင်းလှပါပြီ၊ ကျုပ်မြေးမလေးက ဘယ်လို ပြောဆိုရမလဲ မသိသေးလို့ပါ၊ လူကြီးမင်း အငြှိုးမထားဖို့ မျှော်လင့်ပါတယ်၊ ကျုပ် အိမ်ပြန်ရောက်ရင် သူ့ကို သေချာပေါက် သွန်သင်ပါ့မယ်”
သူ့စကားက မမှားပေ။ ကယူးရှူ၌ အလွန် နည်းပါးသော လူတစ်ချို့သာလျင် နတ်ဘုရင်အဆင့်နှင့် ဆုံတွေ့နိုင်သည်။ နတ်ဘုရင်အဆင့်၏ တိုက်ခိုက်ပုံကို မြင်တွေ့ရရန်က ပို၍ပင် ခက်သေးသည်။ ယဲ့ဖန်သည် အစောပိုင်းက သူ၏ ချီစွမ်းအင်ဖြင့် အရာဝတ္ထုကို ထိန်းချုပ်သည့်ပုံအား ပြသခဲ့သည်။
မူလက သူသည် ယဲ့ဖန်အား သိုင်းသမားတစ်ယောက်ဟုသာ ထင်ခဲ့သည်။ သို့သော် သူ့စိတ်ကို မုန်တိုင်းထန်အောင် ပြုလုပ်နိုင်သည့် နတ်ဘုရင်အဆင့် သိုင်းသမား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ထို့ပါဟူကလည်း မချိပြုံး ပြုံးလာပြီး ရှေ့တိုး၍ လက်သီးဆုပ်ကာ ပြောလေသည်။
“အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း”
ယဲ့ဖန်သာ သူ့ကို သတ်ချင်လျင် သူ သေသွားလောက်ပြီဖြစ်ကြောင်း သူ သိပါသည်။ နတ်ဘုရင်အဆင့်၏ လက်ထဲတွင် သူတို့အားလုံးက ပုရွက်ဆိတ်များပင်။ သူတော်စင်သခင်အဆင့်တောင်မှ ခြွင်းချက် မရှိပေ။
သို့သော် ယဲ့ဖန်က သူတို့ကို လုံးဝ မကြည့်ဘဲ တောင်အောက်သို့သာ ဆင်းသွားသည်။
“လူကြီးမင်း နေပါဦး”
ယဲ့ဖန် ထွက်သွားရန် ပြင်သည်နှင့် ထို့ပါဟူက မျက်စိမှိတ်ပြလာသည်ကို ယွဲ့ကျန့်ဟမ် တွေ့လိုက်ရပြီး အသည်းအသန် လှမ်းတားလိုက်သည်။
“ဒီနေ့ည ကျုပ်တို့ ယွဲ့မိသားစုက မင်ကျူး နံပါတ်တစ်မှာ ညစာစားပွဲ ကျင်းပမှာပါ၊ ကျုပ် လူကြီးမင်းကို ပွဲတက်ပေးဖို့ ဖိတ်လို့ရမလား၊ ဒီနေ့ ကျုပ်တို့ရဲ့ မဆင်မခြင် ပြုမူမှုအတွက် ပြန်တောင်းပန်ချင်လို့ ရနိုင်မလား”
*ယွဲ့မိသားစုလား၊ မင်ကျူး နံပါတ်တစ်*
ယဲ့ဖန်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ည လင်းလန်က မင်ကျူး နံပါတ်တစ်တွင် ညစာစားပွဲ တက်ရောက်ရန် သွားလိမ့်မည်ဟု ထန်မင်လီ ပြောခဲ့သည်ကို သူ သတိရသွား သောကြောင့်ပင်။
“ခင်ဗျားလက်ထဲမှာ ဧည့်သည်စာရင်း ရှိလား”
ယဲ့ဖန် မေးလိုက်သည်။
“ရှိပါတယ်”
ယဲ့ဖန်က ဧည့်သည်စာရင်းနှင့် ဘာလုပ်ချင်နေမှန်း မသိသော်လည်း ယွဲ့ကျန်ဟမ်က တလေးတစား ထုတ်ပေး လိုက်သည်။
ယဲ့ဖန် စာရင်းကို တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးက နာမည်တစ်ခုပေါ်တွင် ရပ်တန့်သွားသည်။
*လင်းလန်*
ယဲ့ဖန်က စာရင်းကို ပြန်ပေးလိုက်သည်။
“ကျုပ် ယွဲ့မိသားစုရဲ့ ညစာစားပွဲကို တက်မယ်”
ထိုစကားကိုကြားပြီး ယွဲ့ကျန်းဟန် ရုတ်တရက် စိတ်လှုပ်ရှားကာ တုန်ယင်သွားသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း”
ယွဲ့ကျန့်ဟမ်က ယဲ့ဖန်ကို အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး မျက်နှာက ပို၍ ပျော်ရွှင်လာသည်။ နတ်ဘုရင်အဆင့် တစ်ယောက်နှင့် မိတ်ဆွေဖြစ်နိုင်ခြင်းက သူ့အတိတ်ဘဝက ကောင်းမှုကြောင့်ပင် ဖြစ်ပေမည်။