အခန်း ၁၄၇၈
Vol. 99 Ch. 1478
Chapter 1478 မင်းကို ခွေးလိုသတ်မယ်
*သန်မာတယ်*
*အထက်စီးဆန်လွန်းတယ်*
အသံက မိုးကြိုးပစ်ချသံပမာ ကျယ်လောင်လှပြီး ကြောက်စရာကောင်းလောက်အောင် လေထုက အေးစက် လာသည်။
လက်ရှိတွင် လူတိုင်းနီးပါး တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးတွင် သွေးပျက်ဟန်များ ပေါ်လာသည်။ ယွဲ့ရှန်းရူ ဒေါသထွက်နေလေပြီ။ ရလဒ်အား သူတို့ ခန့်မှန်းမိနေကြသည်။ ယနေ့ ဤနေရာတွင် သူတို့ သေသွားမည်ကိုပင် စိုးရိမ်ရသည်။
ယွဲ့ရှန်းရူ၏ လွှမ်းမိုးသော ဟန်ပန်ကိုမြင်ပြီး အမျိုးသမီးများက ရုတ်တရက် စွဲလမ်းသော အမူအရာ ပြလာပြီး သူတို့မျက်လုံးတွင် ချစ်ရိပ်များ ပိုပြင်းပြလာသောကြောင့် ယွဲ့ရှန်းရူအား စိုက်ကြည့်နေကြလေသည်။
*ချောလိုက်တာ*
*ချောလိုက်တာနော်*
*ယွဲ့ရှန်းရူက ဒေါသထွက်နေချိန်မှာတောင် လွှမ်းမိုးနိုင်လိုက်တာ*
“ဒုန်း”
ထန်ပင်းက ယွဲ့ရှန်းရူရှေ့၌ တန်းဒူးထောက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“သခင်လေးယွဲ့ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ သူ အရင် စတိုက်တာပါ …”
ထန်ပင်း၏ အပြုအမူကိုကြည့်ပြီး ယွဲ့ရှန်းရူ ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် သူ့အကြည့်က ယဲ့ဖန်ပေါ် ရောက်သွားသောအခါ မျက်မှောင်ကြုတ်သွားရသည်။
ယဲ့ဖန်က လက်ပိုက်ထားပြီး ဒူးထောက်ရန် မဆိုထားနှင့် ဘာအမူအရာမျှပင် မရှိချေ။ အလွန်အမင်း အေးစက်ကာ မောက်မာလှသည်။ မသိလျင် အထင်သေးနေသည့်ပုံပင်။
“ဘာ … ဒီကောင်က သခင်လေးယွဲ့ရဲ့ အမိန့်ကို အာခံရဲတယ်လား”
“သူက ဘယ်လိုတောင် ဒူးမထောက်ရတာလဲ”
ထိုအခိုက်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်းက သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မယုံနိုင်သလို ဖြစ်သွားကြကာ ယဲ့ဖန်ကို စိုက်ကြည့်လာသည်။
*ဒီလူက မိုက်ကန်းနေတာလား ရူးနေတာလား*
*မင်းက ယွဲ့ရှန်းရူကို ဘယ်လိုတောင် ဆန့်ကျင်ရဲတာလဲ၊ ယွဲ့ရှန်းရူကို ထန်ပင်းနဲ့တောင် နှိုင်းမရဘူး*
ဤသည်ကိုမြင်သော် ယွဲ့ရှန်းရူ တဖြည်းဖြည်း သုန်မှုန်လာပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ယဲ့ဖန်အား ခက်ထန်စွာ ကြည့်နေသည်။
“မင်း … မင်းက ဒူးမထောက်ဘဲ နေရဲတယ်ပေါ့လေ”
ယဲ့ဖန်ကဲ့သို့သော ပုရွက်ဆိတ်လိုလူကို သူ လုံးဝ အရေးမစိုက်ပါ။ မူလက သူ ဒူးထောက်လိုက်သည်နှင့် ယွဲ့ရှန်းရူက သူ့ကို အရေးစိုက်ချင်စိတ် မရှိပေ။
သို့သော် ဤပုရွက်ဆိတ်ကောင်က အနေအထိုင်မတတ်ဘဲ လူအများရှေ့၌ သူ့အား သိက္ခာကျအောင် ပြုလုပ်နေ၏။
*သေသင့်တဲ့ကောင်*
“ဒူးထောက်ရမယ် ဟုတ်လား”
ယဲ့ဖန်ကပြုံး၍ သူ့အား အေးတိအေးစက် တစ်ချက်ကြည့်၍ မေးလိုက်သည်။
“မင်းနဲ့ တန်လို့လား”
ဘေးလူများ၏ အခြေအနေက ချက်ချင်း ပြောင်းလဲသွားပြီး အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်း ကြောက်လန့်သော အမူအရာများ ပြလာ၏။
*မယုံနိုင်စရာပဲ*
*သွေးပျက်စရာကောင်းတယ်*
*ငါတို့ အခု ဘာကြားလိုက်တာလဲ၊ ဒီကောင်လေး … သူက ယွဲ့ရှန်းရူကို ရန်စနေတာလား*
*အရူး*
*ဒီလူက အရူးပဲ*
*လျစ်လျူရှုတာတောင် မောက်မာနေပြီကို သူက ရန်ပါစရဲသေးတယ်လား*
*ဒီကောင် သူ မြန်မြန်မသေရရင် မကျေနပ်နိုင်တာလား*
ဤသည်ကိုမြင်သော် ထန်ပင်း စိတ်လှုပ်ရှားသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
*ငါကိုယ်တိုင် လုပ်စရာ မလိုတော့ဘူးပဲ၊ ဒီမောက်မာတဲ့ အရူးကောင်က သူ့ကိုယ်သူ သတ်နေတာပဲ*
လူတိုင်း ကျယ်လောင်စွာ ရယ်မောကြသည်။
*ဒီကောင်တော့ လုံးဝ ဇာတ်သိမ်းပြီ*
*ယွဲ့မိသားစုဖြစ်ဖြစ်၊ ယွဲ့ရှန်းရူဖြစ်ဖြစ် နှစ်ခုလုံးက သူ ရန်စလို့ရတဲ့ အရာတွေ မဟုတ်ဘူး*
သူတို့ ယဲ့ဖန်၏ ဆိုးရွားသော အခြေအနေကို မြင်ယောင်နေလေသည်။
“ကောင်းပြီလေ၊ ဒီလောက် နှစ်တွေထဲမှာ ငါ့ကို ဒီလိုပြောရဲတဲ့လူက မင်းက ပထမဆုံးပဲ”
ယွဲ့ရှန်းရူ၏ မျက်နှာတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေပြီး အကြည့်က ကြောက်စရာ ကောင်းလာသည်။
“အဲ့တော့ ငါ မင်းကို ခွေးတစ်ကောင်လို ဖြစ်အောင် လုပ်ပေးမယ်၊ ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်စေရမယ်”
ရုတ်တရက် ယန်စွမ်းအင် ဝုန်းခနဲ ထွက်ပေါ်လာ၏၊ ထန်ပင်းက ဟွမ်ယွီလင်းကို ချက်ချင်း လှမ်းကြည့်၍ ရက်စက်စွာ ပြုံးလိုက်သည်။
“ဟေ့ ယွီလင်း မင်းအစ်ကိုယဲ့ကတော့ သေပြီ၊ ယွဲ့သခင်လေးက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ သူ မသိဘူး၊ ပြီးတော့ ယွဲ့သခင်လေးက သူတော်စင်သခင်အဆင့် ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ”
“ဝမ်ကောဖူ ကျောင်းခွဲကတောင်မှ သူ့ကို လိုချင်ခဲ့တာ၊ သူက တိုက်ခိုက်လိုက်ရင် ဒီအရူး သေချာပေါက် သေမှာပဲ”
ဟွမ်ယွီလင်းက စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“မသိနားမလည်လို့ အကြောက်အလန့် မရှိဘူး၊ မောက်မာနေလို့လည်း အကျိုးမရှိဘူး မဟုတ်လား*
ထို့နောက် သူမက ထန်ပင်းကို အထင်သေး၍ ကရုဏာသက်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
“ထန်ပင်း ငါ နင့်နဲ့ ခင်လို့ သတိပေးလိုက်မယ်၊ နင် အခု ငါ့အစ်ကိုယဲ့ကို တောင်းပန်ချင်စိတ် ရှိတယ်ဆိုရင် နင့် အသက်ကို ချမ်းသာပေးဖို့ ငါ သူ့ကို ပြောပေးမယ်”
“ဒီအမှိုက်ကောင်ကို ငါက တောင်းပန်ရမယ် ဟုတ်လား၊ မင်း စိတ်မှမှန်သေးရဲ့လား”
ထန်ပင်းက လှောင်ရယ်လိုက်ပြီး အထင်သေးသော အကြည့်ဖြင့် ဆက်ပြောလေသည်။
“သူ့မှာ ယွဲ့သခင်လေးလက်က လွတ်မြောက်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ မင်း တကယ် ထင်နေတာလား”
“ဟွမ်ယွီလင် ငါ မင်းကို ဉာဏ်ကောင်းတဲ့လူလို့ အမြဲ ထင်ထားခဲ့တာ၊ မင်းက ဒီလို အရူး ဖြစ်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်းက ဒီလူဖျင်းကို ယုံတယ်ပေါ့”
ဟွမ်ယွီလင်း ပြုံးရုံမျှသာ ပြုံးနေပြီး ဆက်မပြောတော့ပေ။ သူ့ကို အခွင့်အရေး ပေးလိုက်ပြီးပြီ ဖြစ်သည်။ ထန်ပင်းက ၎င်းကို ဆုပ်ကိုင်ထားချင်စိတ် မရှိမှတော့ အကျိုးဆက်ကို ကိုယ်တိုင် ခံစားရပေလိမ့်မည်။
ထိုစဉ် အမျိုးသမီးတစ်သိုက်က အံ့အားသင့်စွာ အော်ဟစ်လာ၏။
“သခင်လေးယွဲ့ အဲ့ကောင်ကို သင်ခန်းစာ ပေးပစ်လိုက်ပါ၊ ကောင်းကင်အကြောင်း ဘာမှမသိတဲ့ အဲ့အရူးကို နာနာလေး သင်ပေးလိုက်ပါ”
“အရူး နင်ကများ သခင်လေးယွဲ့ကို မလေးမစား လုပ်ရဲတယ်ပေါ့လေ၊ နင် ရိုက်သတ်ခံရသင့်တယ်ဟဲ့”
အမျိုးသမီးများသည် ယွဲ့ရှန်းရူ တိုက်ခိုက်တော့မည်ကို မြင်သောအခါ ရူးသွပ်သွားကြပြီး လေးစား အားကျဟန်များ ပေါ်လာသည်။ သို့သော် ဟွမ်ယွီလင်းက သရော်ပြုံးသာ ပြုံးနေသည်။
*အရူးတစ်ယောက်က အမြဲ သူ့ထက် ပိုရူးတဲ့လူတွေရဲ့ လေးစားတာကို ခံရပြီး ချီးကျူးခံရမှာပဲ*
အားလုံး၏ အားပေးသံကိုကြားပြီး ယွဲ့ရှန်းရူ၏ ဆိုးယုတ်သော အပြုံးက ပိုပီပြင်လာပြီး ယဲ့ဖန်အား အထင်သေး လာသည်။
“မင်း ဘယ်လို သေချင်လဲပြော”
တင်စီးလွန်း၍ အထင်သေးလွန်းပေသည်။ ယဲ့ဖန်အား သူ့လက်ခုပ်ထဲမှ ငါးဟု သတ်မှတ်ထားပုံပေါ်ပြီး စကားလုံးထဲတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
ဤသည်ကိုကြည့်ပြီး အမျိုးသမီးများက တစ်ယောက်ပြီး တစ်ယောက် ထအော်လာ၏။ သူတို့၏ မျက်လုံးထဲတွင် ယွဲ့ရှန်းယူက ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးလိုပင်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းခါလိုက်ပြီး စိတ်မရှည်ဟန် ပေါ်လာသည်။
“ဘုရင်လို ထင်နေတာလား၊ ငါ့မျက်လုံးထဲမှ မင်းက ပုရွက်ဆိတ်လောက်တောင် မရှိဘူး”
ထိုစကားကြောင့် ယွဲ့ရှန်းယူ ချက်ချင်း မျက်နှာပျက်သွားသည်။ မကြာခင် သေတော့မည့် မျိုးမစစ်ကောင်က ဤမျှ မောက်မာလိမ့်မည်ဟု သူ ထင်မထားမိချေ။
“ကောင်းတယ် သိပ်ကောင်းတယ်၊ အစက ငါ မင်းကို ကောင်းကောင်း ပေးသေခိုင်းမလို့ပဲ၊ ဒါပေမဲ့ မင်းက တောင်းဆိုနေတာကိုး”
ထိုသို့ပြောပြီး ရှေ့သို့ လှမ်းလာလေသည်။ ထိုအခါ များပြားလှသည့် စွမ်းအင်တစ်ခုက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။ ယွဲ့ရှန်းရူ၏ ပုံရိပ်က ယဲ့ဖန်ရှေ့သို့ ချက်ချင်း ရောက်လာပြီး သတ်ဖြတ်လေတော့သည်။
ထိုစဉ် ဓားပျော့တစ်လက်က အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ယဲ့ဖန်ထံသို့ ဦးတည် ကျရောက်လာသည်။ တစ်ချက်တည်းဖြင့် လည်ပင်းကို လှီးဖြတ်ခြင်းပင်။
“သခင်လေးရဲ့ မီးနှင်းဓားကွက် ပေါ်လာပြီ၊ ဒါက သူတော်စင်သခင်အဆင့်ကိုတောင် ဒဏ်ရာရစေနိုင်တဲ့ ဓားကွက်ပဲ၊ သခင်လေးယွဲ့ ကိုယ်တိုင် တီထွင်ထားတာ”
အမျိုးသမီးများ စိတ်လှုပ်ရှားလာပြီး သူတို့ မျက်လုံးထဲတွင် ယွဲ့ရှန်းရူသည် တည်ငြိမ်၍ အေးစက်ကာ နတ်ဘုရားတစ်ပါးဟု မြင်ယောင်နေ၏။
ဤဓားချက်က ကောင်းကင်ယံ၌ ပျံသန်းနေသော အင်မော်တယ်၏ ဓားလိုပင်။ ချွန်ထက်၍ လွတ်လပ်ကာ ပြေပြစ်သည်။
ပြင်းထန်သော ဓားစွမ်းအင်များ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသဖြင့် ကြမ်းပြင် အက်ကွဲလာပြီး ခန်းမတစ်ခုလုံး ခုတ်ပိုင်းခံရတော့မည့်ပုံပင်။
ဓားတစ်လက်က ယဲ့ဖန်၏ လည်ပင်းကို ဒေါသတကြီး ခုတ်ဖြတ်လာသည်။ ယဲ့ဖန်က ရှောင်တိမ်းခြင်း မပြုဘဲ အထင်သေးစွာ ပြုံးနေ၏။
“မင်းရဲ့ ပန်းထိုးအပ်လို ဓားရေးကို ငါ့ရှေ့ လာဟန်ရေးပြရဲတယ်ပေါ့၊ ဒူးထောက်စမ်း”
ဒေါသတကြီး ကြုံးဝါးလိုက်သံ ထွက်ပေါ်လာပြီး ယဲ့ဖန်က လက်သီးကိုဆန့်၍ တစ်ဖက်လူကို ဒေါသတကြီး ထိုးနှက်လိုက်သည်။
*ဘာ*
*ဓားရေးကို လက်သီးနဲ့ ပြန်ယှဉ်မလို့လား*
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။
*ဒီလူ အသက်ကို ပေါတယ်များ မှတ်နေလား*
ဤသည်ကိုမြင်ပြီး ထန်ပင်း တအံ့တဩ ထအော်လုနီးပါး ဖြစ်သွားရသည်။ လက်ရှိတွင် သူသည် ယဲ့ဖန်၏ ဆိုးရွားသော သေဆုံးပုံကို မြင်ယောင်သွားသကဲ့သို့ ဖြစ်နေပြီး ထီမထင်၍ စက်ဆုပ်သော အပြုံး ပေါ်လာသည်။
*ဇာတ်သိမ်းပြီ*
လူတိုင်းနီးပါး ယဲ့ဖန် ပွဲချင်းပြီးပြီဟု ယုံနေကြသည်။ ကြောက်တတ်သော အချို့လူများက မျက်လုံးပင် ပိတ်ထားကြသည်။ ဤသွေးထွက်သံယို မြင်ကွင်းကို မကြည့်ရဲကြပါ။
ချက်ချင်းဆိုသလိုပင် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာ၏။
“သေပြီ အဲ့ကောင်ရဲ့လက်တော့ သုံးစားမရမှာ သေချာတယ်၊ ဟားဟားဟား ဒါ သခင်လေးယွဲ့ရဲ့ ရန်သူ ဖြစ်ရင် ဖြစ်လာမယ့် အဆုံးသတ်ပဲ”
ထန်ပင်းက ကျေနပ်နေသော မျက်နှာနှင့် အားပါးတရ ရယ်နေပြီး တစ်ပါးသူ ကံဆိုးသည်ကို အားရနေ၏။
“အား…”
ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသော နာနာကျင်ကျင် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုအခါ လူတိုင်းက ထင်ထားတဲ့အတိုင်းပဲ ဟူသော အမူအရာမျိုး ဖြစ်လာကြပြီး ယဲ့ဖန်၏ လက်သီး သုံးစားမရတော့ဟု ထင်သွားကြသည်။
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း ကြက်သီးထသွားလေသည်။ အကြောင်းမှာ အော်လိုက် သည့်သူက ယဲ့ဖန် မဟုတ်ဘဲ ယွဲ့ရှန်းရူ ဖြစ်နေသောကြောင့်ပင်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူတိုင်း ပြိုင်တူ အော်လိုက်မိကြပြီး မျက်လုံးများ ပြူးကျယ်ကာ မျက်စိရှေ့မှ မြင်ကွင်းကို ယုံရခက်နေကြသည်။
ယွဲ့ရှန်းရူက နောက်သို့ ဒယိမ်းဒယိုင် ပြန်ဆုတ်သွားပြီး ညာလက်ဖြင့် ကိုင်ထားသော ဓား ပြုတ်ကျသွားကာ ညာလက်တစ်ဖက်လုံး ပျက်စီး၍ သွေးအလိမ်းလိမ်း ဖြစ်နေသည်ကို လူတိုင်း တွေ့လိုက်ကြသည်။
လူတိုင်း အလွန်အမင်း ထိတ်လန့်နေ၏။
*ဒီလူက ယွဲ့ရှန်းရူရဲ့ ဓားကို လက်သီးနဲ့ တကယ် ဖျက်ဆီးလိုက်တယ်ပေါ့*
*ပြီးတော့ ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်လိုက်နိုင်တယ်လား*
ထိုသို့သောအချိန်၌ လူတိုင်း ကြောက်လန့်နေကြပြီး အသိစိတ်လွတ်မတတ် ဖြစ်နေကြသည်။ ၎င်းတိုက်ကွက်သည် ဘုရင်အဆင့် တစ်ယောက်၏ ခွန်အားအပြည့်ပါသော တိုက်ကွက် ဖြစ်သည်။ ဤကဲ့သို့ ပြင်းထန် ကြမ်းကြုတ်သော တိုက်ခိုက်မှုက ယဲ့ဖန်၏ ခန္ဓာကိုယ်နှင့် တွေ့သောအခါ ဘာဒဏ်ရာမှ ရအောင် လုပ်နိုင်ခြင်း မရှိခဲ့ပါတကား။
*ဒါက မယုံနိုင်စရာပဲ*
*ဒီလူ့ကိုယ်က သံမဏိနဲ့ လုပ်ထားတာလား*
လူတိုင်း မျက်နှာပြာနှမ်းနေပြီး ဆက်ကြည့်ရဲသည့် သတ္တိ မရှိတော့ပါ။ အစက ယဲ့ဖန် သေတွင်းတူးနေသည်ဟု သူတို့ ထင်ခဲ့သော်လည်း ယခုပုံစံအရ သူက ယွဲ့ရှန်းရူ၏ တိုက်ခိုက်မှုကို လုံးဝ အလေးအနက် မထားခဲ့သည့်ပုံပင်။
ထိုစဉ် ယွဲ့ရှန်းရူ မျက်လုံးပြူးကာ မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းနေ၏။
*တကယ် ကြောက်ဖို့ကောင်းတယ်၊ မဟုတ်သေးဘူး*
*ဒီကောင့်ကိုယ်က ဘာလို့ ဒီလောက် သန်မာနေရတာလဲ*
“မင်းမှာရှိတာ ဒါ အကုန်ပဲလား”
ယဲ့ဖန်က ယွဲ့ရှန်းရူကို လှမ်းကြည့်၍ မေးလိုက်သည်။ သူ့မျက်လုံးက ရေသေအလား တည်ငြိမ်နေသည်။ သို့ရာတွင် ထိုထူးဆန်းသော တည်ငြိမ်မှုက ယွဲ့ရှန်းရူအား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေ၏။
လက်ရှိတွင် သူ ကြက်သီးထနေသည်။
“သူတော်စင်သခင်အဆင့် ဖြစ်ရင်တောင်မှ ငါ့ဓားကို တားဖို့ မဖြစ်နိုင်ဘူး၊ မင်းက ဘယ်သူလဲ”
ယွဲ့ရှန်းရူ ကြောက်လန့်တကြား အော်မေးလိုက်သည်။ သူ့ဓားချက်က သူတော်စင်သခင်အဆင့်ကိုပင် အနိုင်ယူနိုင်သည်။ သို့သော် ယဲ့ဖန်ကို သူ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ ဘယ်လိုလုပ် ဤသို့ ဖြစ်ရသနည်း။
တစ်ဖက်လူ၏ တည်ငြိမ်သော အပြုအမူက သူ့အား ကြက်သီးထစေသည်။ အထူးသဖြင့် ယဲ့ဖန်၏ အကြည့်က ပုရွက်ဆိတ်ကို ကြည့်နေသော နဂါးတစ်ကောင်၏ အကြည့်လိုပင်။
ယဲ့ဖန်က နတ်ဆိုးဆန်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ငါက မင်းကို ခွေးလိုဝက်လို သတ်မယ့် လူလေ”
ထို့နောက် ယဲ့ဖန်က ယွဲ့ရှန်းရူကို ထပ်ထိုးလိုက်သည်။ ထိုလက်သီးချက်အောက်၌ လေပြင်းမုန်တိုင်း တိုက်ခတ် လာလေသည်။
“ဒူးထောက်လို့ ငါ ပြောလိုက်တယ်လေ”
ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်က ချက်ချင်း ပွက်ပွက်ဆူလာ၏။ ဤလက်သီးချက်က လောကကိုပင် ဖျက်ဆီးနိုင်လေသည်။
“ချီးပဲ”
ချက်ချင်းဆိုသလိုပင် ယွဲ့ရှန်းရူ မျက်လုံးပြူးသွားပြီး သေမတတ် ကြောက်ရွံ့သွားသည်။
“ဂျွတ်”
ထိုလက်သီးချက်က ယွဲ့ရှန်းရူ၏ ပခုံးပေါ် ကျရောက်သွားပြီး ပခုံးရိုးတစ်ခုလုံး ကြေမွသွားတော့သည်။