အခန်း ၁၄၈၀
Vol. 99 Ch. 1480
Chapter 1480 ဆရာ့ကို အရိုအသေ ပေးပါတယ်
ထိုစကားကိုကြားသော် ယွဲ့ကျန့်ဟမ်၏ မျက်နှာက ချက်ချင်း စိတ်ပျက်သလို မျက်နှာထားမျိုး ပြလာပြီး ခါးမတ်လာကာ မျက်နှာထားက သိပ်မပျော်သလို ဖြစ်လာသည်။
“လူကြီးမင်း ခင်ဗျားက ကျုပ်တို့ ယွဲ့မိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပါ၊ ကျုပ်တို့ ယွဲ့မိသားစုက ခင်ဗျားကို ကောင်းကောင်း ဆက်ဆံတယ်၊ ခင်ဗျား ကျုပ်ကို နည်းနည်းလောက် မျက်နှာသာ ပေးသင့်တယ် မဟုတ်ဘူးလား၊ ကျုပ်မြေးက ခင်ဗျားကို ရန်မူခဲ့မိတယ်၊ ဒါပေမဲ့ သူလည်း ထိုက်တန်တဲ့ တန်ကြေးကို ပေးဆပ်လိုက်ရပြီပဲ မဟုတ်လား”
သူ၏ ယွဲ့မိသားစု နှစ်ပေါင်းများစွာ ရပ်တည်နိုင်စွမ်း ရှိသည့်အချက်မှာ သည်းခံမှုအားကောင်း၍ မဟုတ်ပေ။ ယဲ့ဖန်က နတ်ဘုရင်အဆင့် ဖြစ်သော်လည်း သူ ဂရုမစိုက်ကောင်း မစိုက်ဘဲ နေနိုင်ပါသည်။
“သူ့ခြေထောက်ကို ဖြတ်လိုက်၊ ကျုပ် ခင်ဗျားကို မျက်နှာသာ ပေးတာပဲ”
ယဲ့ဖန် အေးအေးလူလူ ပြောလိုက်သော်လည်း သူ့အမူအရာက မာနကြီး၍ မောက်မာသော အမူအရာ ဖြစ်နေဆဲပင်။
*သူက ယွဲ့ကျန့်ဟမ်ကို သူ့မိတ်ဆွေ ဖြစ်မလား၊ ရန်သူဖြစ်မလားလို့ ရွေးချယ်ခိုင်းနေတာလား*
ယွဲ့ကျန့်ဟမ်၏ မျက်နှာက ရုတ်တရက် တင်းမာသွားပြီး တည်ငြိမ်စွာ ပြောလာသည်။
“လူကြီးမင်း ခင်ဗျားက အရမ်းကို အတင့်ရဲမနေဘူးလား”
ယွဲ့ရှန်းရူသည် ယွဲ့မိသားစု၏ အမွေဆက်ခံသူ ဖြစ်ပြီး နှစ်တစ်ရာအတွင်း ပေါ်ထွက်လာခဲသည့် ပါရမီရှင် ဖြစ်သည်။ သူ၏ အနာဂတ် အောင်မြင်မှုများက ယဲ့ဖန်ထက် နိမ့်မည် မဟုတ်ချေ။ သူ့ခြေထောက်ကို ဖြတ်ခိုင်းလိုက်ခြင်းက ယွဲ့မိသားစု၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်မနေဘူးလား။
သူ ယဲ့ဖန်နှင့် မိတ်ဆွေဖြစ်လိုသည့် ရည်ရွယ်ချက် ရှိပါသော်လည်း ယွဲ့မိသားစု၏ အနာဂတ်ကို ဖျက်ဆီးရန် မဖြစ်နိုင်ချေ။
“ဘိုးဘိုး မြင်ပြီလား၊ ပြဿနာ ရှာချင်နေတာ ကျွန်တော် မဟုတ်ဘူး၊ အဲ့ကောင်ပဲ၊ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ”
ယွဲ့ရှန်းရူက အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အလျင်အမြန် ပြောလိုက်သည်။
*ဒီအရူးက ယွဲ့မိသားစုထဲက ငါ့အဆင့်အတန်းကို မသိဘူးဘဲ*
*ငါ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်ချင်တာလား၊ ဟာသပဲ*
ယွဲ့ရှန်းရူ၏ မျက်လုံးများက ရုတ်တရက် အေးစက် ခက်ထန်လာပြီး ယဲ့ဖန်အား မာမာထန်ထန် စိုက်ကြည့် လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မောက်မာမှုအတွက် မကြာခင် ပေးဆပ်ရတော့မည် ဖြစ်ကြောင်း သိနေသောကြောင့်ပင်။
“ဟားဟားဟား အရူးပဲ၊ ယွဲ့မိသားစုခေါင်းဆောင်က သူ့ကို နှိမ့်ချပြီး ဆက်ဆံပေးနေတာတောင် သူက မောက်မာရဲသေးတာကိုး၊ သူက သေတွင်းတူးနေတာ”
ထန်ပင်း ရယ်မောလေသည်။ ယနေ့ ယဲ့ဖန်က ယွဲ့ရှန်းရူကို ရန်စရုံသာမက ယွဲ့ကျန့်ဟမ်ကိုပါ ရန်စခဲ့လေပြီ။
*သေတွင်းတူးနေတဲ့ ဒီလိုလူမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး*
*ယဲ့ဖန်တော့ လုံးဝ ဇာတ်သိမ်းပြီ*
“တစ်နည်းပြောရရင် ခင်ဗျားက ကျုပ်ရန်သူ ဖြစ်ချင်နေတာပဲ”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာ၏။ နတ်ဆိုးစွမ်းအင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာလေသည်။
ဘေးပတ်လည်မှ လူများအားလုံး ကြက်သီးမွေးညင်း ထသလို ခံစားလိုက်ရသည်။ ဤဖိအားက သူတို့ကို ဆောက်တည်ရာမရ ဖြစ်စေသည်။ ငရဲမှ အော်သံ ထွက်ပေါ်လာသလိုပင်။
ယဲ့ဖန်၏ မျက်နှာက အလွန်အမင်း အေးစက်နေ၏။ ယွဲ့မိသားစုက သူတို့၏ စိတ်သဘောထားကို ဖော်ပြပြီး ဖြစ်သဖြင့် ယဲ့ဖန်ကလည်း သူ၏ အဆင့်အတန်းကို ဖော်ပြရပေတော့မည်။
နတ်ဆိုးဧကရာဇ်သည် လှောင်ပြောင်ခံတတ်သူ မဟုတ်ပေ။ လှောင်ပြောင်သူသာ အသက်ပေးရမည်။
ယွဲ့ကျန့်ဟမ်နှင့် အခြားသူများ၏ ကြောက်ရွံ့သော အမူအရာများ ဖြစ်တည်လာပြီး ဤမျှ ထည်ဝါ၍ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်ကက သူတို့အား သားသတ်ကွင်းထဲသို့ ကျရောက်သွားသကဲ့သို့ အလွန်အမင်း ကြောက်ရွံ့လာစေ၏။
“နတ်ဘုရင်၊ ဒီလူက တကယ် နတ်ဘုရင်အဆင့်ပဲ”
ထို့ပါဟူ ထအော်လိုက်သည်။ သူ့အသံပင် တုန်ယင်နေသည်။ ဤမျှ ပြင်းထန်သော ဖိအားကို သူ အထင်မမှားပါ။ သူ့စကားသံအဆုံး၌ ယွဲ့မိသားစု တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
ဧည့်သည်တော်များအားလုံး အေးစက်ကာ တုန်ယင်သလို ခံစားလိုက်ရသည်။ ခန်းမထဲမှ လွှမ်းမိုးနိုင်၍ အန္တရာယ်များသော ပုံရိပ်ကိုကြည့်ပြီး လေအေးများ တိုက်ခတ်လာသည်ဟု ခံစားရကာ ခိုက်ခိုက်တုန် လာကြသည်။
*ဒီလူက နတ်ဘုရင်အဆင့် ဖြစ်နေတာလား*
“နတ်ဘုရင်အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ”
သို့သော် ထိုအခိုက်တွင် အလွန်အမင်း အထင်သေး စက်ဆုပ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
*ဟင်*
ထိုအသံကိုကြားသော် လူတိုင်း ထိတ်လန့်သွားကြသည်။
*နတ်ဘုရင်အဆင့်ကိုတောင် အရေးမစိုက်တဲ့အထိ ဘယ်သူက အတင့်ရဲနေတာလဲ*
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်၌ လူငယ်တစ်ယောက်က ယွဲ့ကျန့်ဟမ်ဘေးသို့ လျှောက်လာသည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မာနကြီးပုံပေါက်ကာ ယဲ့ဖန်အား အလွန် အထင်သေးဟန်ဖြင့် ကြည့်နေသည်။
ထိုအခိုက်တွင် ဇဝေဇဝါဖြစ်သော အကြည့်များက သူ့ပေါ် ကျရောက်လာသည်။ သူ့မျက်နှာကို သေချာကြည့် ပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။
“သူပဲ၊ တကယ်ပဲ သူ ဖြစ်နေတာကိုး”
“မြတ်စွာဘုရား ဘယ်လိုလုပ် သူက ဒီရောက်နေတာလဲ”
“မယုံနိုင်စရာပဲ၊ သူက ယွဲ့မိသားစုရဲ့ မိတ်ဆွေလား၊ ဒီကောင်တော့ ဇာတ်သိမ်းပြီ”
လူတစ်ယောက်ချင်းစီ၏ မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့်နေဟန်များ ပေါ်လွင်နေသည်။ ဤသို့သော လူမျိုးက ယွဲ့မိသားစုနှင့် သိကျွမ်းနေလိမ့်မည်ဟု မယုံသင်္ကာ ဖြစ်နေသည့်ပုံပင်။
*ယွဲ့မိသားစုက နတ်ဘုရင်အဆင့် တစ်ယောက်ကို စိန်ခေါ်ရဲတာက အံ့ဩစရာ မရှိတော့ဘူးဘဲ၊ သူ့ဘေးမှ ဒီလူ ရောက်နေပြီကိုး*
ထိုလူ ပေါ်လာသည်ကိုမြင်သော် ထန်ပင်းသည် တစ်ခဏမျှ အံ့ဩသွားပြီးနောက် စဉ်းလဲသော အမူအရာမျိုး ဖြစ်လာသည်။
“ဟားဟားဟား ယွီလင်း ကြည့်ရတာ နတ်ဘုရားကတောင်မှ ဒီ့ကောင်ကို မျက်နှာသာ မပေးချင်ဘူး ထင်တယ်”
“အဲ့လူက ဘယ်သူလဲ မင်း သိလား၊ သူ့နာမည်က စုန့်ချမ်ရှီ၊ သူ့ဆရာရဲ့ နာမည်က ယွမ်ပမ်းရှီပဲ”
စုန့်ချမ်ရှီ၊ ယွမ်ပမ်းရှီ၏ အကြီးဆုံး တပည့်ဖြစ်ပြီး ယွမ်ပမ်းရှီ အလေးထားဆုံး တပည့် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူသည် ဘုရင်အဆင့်လေးနှင့် နတ်ဘုရင်အဆင့် တစ်ယောက်အား အထင်သေးရဲခြင်း ဖြစ်သည်။ အကြောင်းမှာ သူ့နောက်ကွယ်၌ ရှိနေသောသူသည် ယဲ့ဘုရင် ဖြစ်နေသောကြောင့်ပင်။
ယနေ့ခေတ် အင်ပါယာတစ်ခုလုံးတွင် ယဲ့ဘုရင်အား မသိသူ မည်သူ ရှိသနည်း။ ဝမ်ကောဖူအတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအား ဖန်တီးသူ။ နတ်ဆိုးတကာ့ နတ်ဆိုးထိပ်ခေါင်။
ဤသည်ကိုမြင်သော် ယဲ့ဖန်က အရာအားလုံးကို နားလည်သွားပြီး ယွဲ့ကျန့်ဟမ်အား လှောင်ရယ်သံနှင့် ပြောလိုက်သည်။
“ဒါ ခင်ဗျားရဲ့ အားကိုးရာလား၊ ယွမ်ပမ်းရှီရဲ့ တပည့်ကို သုံးပြီး ကျုပ်ကို ခြိမ်းခြောက်ဖို့ ကြံစည်နေတာလား”
ယွဲ့ကျန့်ဟမ်က ခံစားချက်ကင်းမဲ့ဟန်ဖြင့် မောက်မောက်မာမာ ပြောလာသည်။
“ငါ့ကို ချောင်ပိတ်အောင်လုပ်တာ မင်းပဲ”
စုန့်ချမ်ရှီ သူ့ဘေး၌ ရှိနေလျင် သူ ယဲ့ဖန်ကို လျစ်လျူရှုရဲသည့်အထိ ယုံကြည်ချက် ရှိပါ၏။ စုန့်ချမ်ရှီကလည်း အထက်စီးဖြင့် ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ငေါက်ငမ်းလေသည်။
“လေကျယ်နေတဲ့ကောင်က မင်းလား၊ ယွဲ့ကျန့်ဟမ်က တောင်းပန်ပြီး သူ့မြေးကိုတောင် အပြစ်ပေးပြီးပြီပဲ၊ မင်း ခွင့်လွှတ်ပေးရမှာ မဟုတ်ဘူးလား”
“ဒီရှုကျိုးနယ်မြေထဲမှာ မင်း လုပ်ချင်တာ ဘာမဆို လုပ်လို့ရမယ်လို့ ထင်နေတာလား၊ အရူးပဲ”
အားလုံး၏ အကြည့်အောက်တွင် ဘုရင်အဆင့်တစ်ယောက်က နတ်ဘုရင်အဆင့် တစ်ယောက်ကို လှောင်ပြောင် စော်ကားနေ၏။
ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်ဟု ဆိုရပေမည်။ သို့သော် လူတိုင်းက မချိုမချဉ် ပြုံးနေကြပြီး အံ့ဩဟန် မပြချေ။
တကယ်တမ်းတွင် စုန့်ချမ်ရှီသည် ယွမ်ပမ်းရှီ၏ တပည့် ဖြစ်သဖြင့် ယဲ့ဘုရင်၏ မြေးတပည့် ဖြစ်သည်ဟု ဆိုရပေမည်။
*သူ့အရှေ့ကလူက နတ်ဘုရင်အဆင့် ဖြစ်နေလည်း ဘာဖြစ်လဲ*
*ယဲ့ဘုရင်ကို ဆန့်ကျင်ရင် ဒူးထောက်ရမှာပဲ*
တစ်ဖက်လူ၏ စော်ကားသံကို ကြားသော် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက်စက် အလင်းရောင်များ လွှမ်းခြုံလာ၏။
“သူများကိစ္စကို ဝင်မပါနဲ့၊ မဟုတ်ရင် ယွမ်ပမ်းရှီတောင် မင်းကို မကယ်နိုင်ဘူး”
ထိုစကားကိုပြောလိုက်သော် လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။
*ဒီလူက ယွမ်ပမ်းရှီကို အရေးမစိုက်ဘူးလား*
*သူက ယဲ့ဘုရင်နဲ့ တိုက်ခိုက်မယ်လို့ ပြောချင်တာလား*
*ဒီကောင်က တကယ့်ကို အရူးပဲ၊ ဒီရှုကျိုးက ယဲ့ဘုရင်ရဲ့ နယ်မြေဆိုတာ သိနေတာတောင် မောက်မာရဲ လွန်းတယ်ဆိုတော့ သေကြောင်းကြံနေတာပဲ*
ထိုစကားကိုကြားသော် စုန့်ချမ်ရှီ ပထမ၌ အံ့ဩသွားသည်။ ထို့နောက် သူ့အမူအရာက သုန်မှုန်လာ၏။
“ခွေးကောင် နားထောင်စမ်း၊ ငါ ဒီကိစ္စကို ရှင်းမှာ၊ မင်း ငါ့ဆံပင်တစ်ချောင်းကို ထိရဲရင် ထိကြည့်လိုက်၊ မင်း ရှုကျိုးထဲမှာ သေသွားစေရမယ်လို့ ငါ အာမခံတယ်”
ဤအဖြစ်ကို ကြည့်ပြီး ယွဲ့ရှန်းရူ၏ မျက်နှာတွင် အားရဝမ်းသာစိတ်များ ပြည့်နှက်လာ၏။
*ဒါ ကောင်းတယ်၊ သိပ်ကောင်းတယ်*
*ဒီကောင်တော့ လုံးဝ စုန့်ချမ်ရှီကို ဒေါသထွက်အောင် လုပ်လိုက်ပြီ*
*ဒီလိုဆိုရင် ငါတို့ ယွဲ့မိသားစုက လှုပ်ရှားစရာတောင် မလိုဘူး၊ စုန့်ချမ်ရှီက သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး*
ထိုစဉ် ယွဲ့ကျန့်ဟမ်ကလည်း ရှေ့တက်လာပြီး ယဲ့ဖန်အား အေးစက်၍ ဂုဏ်ယူစွာ ပြောလေသည်။
“အခု ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်၊ ငါ့ယွဲ့မိသားစုနဲ့ မိတ်ဆွေလုပ်ပြီး ဒီကိစ္စကို ဒီမှာပင် ထားမလား ဒါမှမဟုတ် ငါ့ယွဲ့မိသားစုနဲ့ ရန်သူဖြစ်ပြီး အသတ်ခံမလား”
လက်ရှိတွင် သူသည် ယဲ့ဖန်အား လူကြီးမင်းဟူ၍ပင် ထပ်မခေါ်တော့ချေ။
“ဘိုးဘိုး ဘယ်လိုလုပ် ဒီလို လုပ်ရတာလဲ၊ ဒါ အစ်ကိုကြီးရဲ့ အမှားမှန်း သိသာနေတာကို၊ ဘိုးဘိုး …”
ယွဲ့လင်းလုံ ထပ်မံ၍ သည်းမခံနိုင်တော့ပါ။
“ပါးစပ်ပိတ်ထား၊ မင်းက ယွဲ့မိသားစုက မဟုတ်ဘူးလား”
ယွဲ့ကျန့်ဟမ်က ငေါက်ငမ်း၍ ယွဲ့လင်းလုံအား စူးစိုက်ကြည့်လေသည်။ ယွဲ့လင်းလုံ ကြောက်လန့်တကြား ခေါင်းငုံ့ကာ သက်ပြင်းချလေသည်။
တစ်ဖက်တွင်မူ ယွဲ့ကျန့်ဟမ်နှင့် စုန့်ချမ်ရှီတို့သည် ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေပြီး ယဲ့ဖန် သေချာပေါက် လက်လျှော့လိမ့်မည်ဟု ယုံကြည်နေပုံ ရသည်။ သို့သော် သူတို့ စိတ်ပျက်သွားရသည်။
“ကောင်းပြီလေ မင်းတို့က ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ ရန်သူ ဖြစ်ရတာပေါ့”
ယဲ့ဖန်က အေးစက်နေသော မျက်လုံးများဖြင့် တည်ငြိမ်စွာ ပြောလေသည်။ ထိုစကားကိုကြားသော် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့ ယုံရအခက် ဖြစ်နေလေသည်။
*ယဲ့ဘုရင် ဆိုတာရော သိရဲ့လား၊ ဒီကောင် ရူးနေပြီလား*
*ဒီလိုဆုံးဖြတ်ချက်ချတယ်ဆိုတော့ သူ အသက်မရှင်ချင်တော့ဘူးလား*
“ကောင်းပြီလေ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
စုန့်ချမ်ရှီ၏ အကြည့်က ယဲ့ဖန်ထံသို့ အငြှိုးတကြီး ကျရောက်လာ၏။
“အရူး မင်း ငါ့ယွဲ့မိသားစုကို လှည့်စားလို့ရမယ်လို့ ထင်နေတာလား၊ ဒီနေ့ ဒီနေရာက မင်းရဲ့ သင်္ချိုင်းမြေပဲကွ”
ယွဲ့ကျန့်ဟမ်ကလည်း သူ့ကို ငေါက်ငမ်းလာပြီး အမူအရာက အလွန် ကြမ်းကြုတ်နေသည်။
“ဘာမှထပ်ပြောစရာ မလိုဘူး၊ ငါ့ဆရာကို ဒီလာဖို့ ခေါ်ပြီး သူ့ကို သတ်ပစ်ရမယ်”
စုန့်ချမ်ရှီ၏ မျက်လုံးတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေပြီး ဒေါသတကြီး အော်ငေါက်လာသည်။ သို့သော် ထိုအခိုက်တွင် အေးစက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဘယ်သူ့ကို မင်း သတ်ချင်တာလဲ ပြောစမ်း”
ထိုအသံက အတော်လေး မာန်ပါ၍ ဒေါသရိပ်သန်းကာ အားပြင်းလေသည်။ လူတိုင်း အလန့်တကြား လှည့်ကြည့်လိုက်သောအခါ လူတစ်ယောက်က ယွဲ့မိသားစု၏ အိမ်တော်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူကိုမြင်သော် လူတိုင်း တိတ်ဆိတ်သွားပြီး မျက်လုံးတွင် အံ့ဩ၍ လေးစားရိပ်များ ပြည့်နှက်လာသည်။ လက်ရှိတွင် သူတို့ အသက်ပင် ရှူရဲသည့် သတ္တိ မရှိတော့သယောင်ပင်။
*ယွမ်ပမ်းရှီ လာပြီ*
“ရောင်းရင်းကြီး”
“မစ္စတာယွမ်”
“ဆေးဘုရင်ကို အရိုအသေ ပေးပါတယ်”
ထိုအခိုက်တွင် ယွဲ့ကျန့်ဟမ်နှင့် ဧည့်သည်များအားလုံး ရိုကျိုးဟန် ပြလာပြီး လေးစားသမှုပြသည့်အနေဖြင့် အရိုအသေ ပေးကြသည်။ ဤသည်ကိုကြည့်ပြီး စုန့်ချမ်ရှီက သရော်ပြုံး ပြုံးလိုက်သည်။
“ဆရာ ရောက်လာတာ အတော်ပါပဲ၊ ဒီမှာ ကျွန်တော်တို့ကို ပုတ်ခတ်ရဲတဲ့ အမှိုက်ကောင်တစ်ကောင် ရှိနေတယ်၊ ဆရာ မြန်မြန်လာပြီး သူ့ကို သတ်လိုက်ပါ”
ထိုစကားကြောင့် လူတိုင်း ယဲ့ဖန်ကို ကရုဏာသက်ဟန်ဖြင့် ကြည့်လာပြီး ယဲ့ဖန်အား သေလူဟု မြင်နေကြသည်။
ထန်ပင်းနှင့် ယွဲ့ရှန်းရူတို့မှာမူ မျက်လုံးတွင် ရက်စက်ဟန်များ ပြည့်နှက်လာပြီး ယဲ့ဖန်၏ ဦးခေါင်း ကြမ်းပြင်ပေါ် ပြတ်ကျလာမည့် အချိန်ကို စောင့်နေ၏။
သို့သော် ယွမ်ပမ်းရှီက သူ့ကို မကြားပုံပေါ်ပြီး ယဲ့ဖန်ထံ အလျင်အမြန် ပြေးသွားသည်။ ဤမြင်ကွင်းက လူတိုင်းကို ပဟေဠိ ဖြစ်သွားစေသည်။
*ယွမ်ပမ်းရှီက သူကိုယ်တိုင် လှုပ်ရှားဖို့ ကြံနေတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယွမ်ပမ်းရှီက နာမည်ကျော် ဆရာဝန်ဆိုပေမဲ့ သူ့သိုင်းအဆင့်က ထူးချွန်နေတာ မဟုတ်ဘူး၊ သူ ဘယ်လိုလုပ် နတ်ဘုရင်အဆင့်ကို နိုင်နိုင်မှာလဲ*
သို့သော် ဆက်မြင်လိုက်ရသည့် မြင်ကွင်းက လူတိုင်းကို လျှာကိုက်မိမတတ် ဖြစ်စေကာ မျက်လုံး ပြူးသွားစေ၏။ ယွမ်ပမ်းရှီက ယဲ့ဖန်ထံ အလျင်အမြန် ပြေးသွားပြီးနောက် ချက်ချင်း ဒူးထောက်၍ ကျယ်လောင်စွာ နှုတ်ဆက် လေသည်။
“တပည့် ဆရာ့ကို အရိုအသေ ပေးပါတယ်”
*တပည့် ဆရာ့ကို အရိုအသေ ပေးပါတယ် ဟုတ်လား*
ကျယ်လောင်သော ထိုအော်သံ၌ အားမာန် အပြည့်ပါနေပြီး ယွဲ့မိသားစု အိမ်တော်အတွင်း၌ ချက်ချင်း ပဲ့တင်ထပ် သွားပြီး အချိန်အတော်ကြာ ကြားယောင်လိုက်ရသည်။
ထိုအသံတွင် အလွန် လေးစား၍ ရိုကျိုးမှုတို့ ပြည့်နှက်နေ၏။ သူ၏ နက်ရှိုင်းသော စိတ်နှလုံးသားထဲမှနေ၍ ဆရာအဖြစ် မှတ်ယူထားခြင်း ဖြစ်ပေသည်။
ဤသည်ကိုမြင်သော် လူတိုင်း ကျောက်ရုပ်သဖွယ် ငြိမ်သက်ကာ ကြက်သေ သေသွားကြသည်။ လက်ရှိတွင် အားလုံး၏ မျက်နှာက သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒါ ဘယ်လိုဖြစ်ရတာလဲ*