← Chapters

အခန်း ၁၄၈၁

Vol. 99 Ch. 1481

အခန်း ၁၄၈၁

Vol. 99 Ch. 1481

Chapter 1481 မင်းကို အခွင့်အရေး နှစ်ခုပေးမယ်

နာမည်ကျော် ဆေးပညာရှင် ယွမ်ပမ်းရှီက ထိုလူရှေ့၌ အမှန်တကယ် ဒူးထောက်၍ ဆရာဟု အော်ခေါ်သတဲ့လား။

*ဒီလူက ယွမ်ပမ်းရှီရဲ့ ဆရာ ဖြစ်နေတာလား*

*ဒါဆို သူက ယဲ့ဘုရင်ပေါ့*

ချက်ချင်းဆိုသလိုပင် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြပြီး ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်လာ၏။

*တကယ့်ကို ထိတ်လန့်စရာပဲ*

*တစ်ထောင့်တစ်ည ပုံပြင်လိုပဲ*

*အဲ့နတ်ဆိုးက၊ အဲ့ပြိုင်ဘက်မရှိတဲ့လူက ငါတို့ရှေ့တည့်တည့်မှာ ရှိနေတာပေါ့*

ဤသို့သော အဖြစ်အပျက်က သူတို့အားလုံးကို ရူးမတတ် ဖြစ်သွားစေသည်။ မယုံနိုင်စရာပင်။ သို့သော် ဤမျှနှင့် ရပ်မသွားချေ။

ကျယ်လောင်စွာ အော်ဟစ် နှုတ်ဆက်ပြီးနောက် ယွမ်ပမ်းရှီက ချက်ချင်း သုံးကြိမ် ဒူးထောက်၍ အရိုအသေ ပေးလေသည်။

“ဒုန်း ဒုန်း ဒုန်း”

သူ ဦးညွှတ် အရိုအသေ ပေးသည့် အကြိမ်တိုင်း ကြမ်းပြင် တုန်ခါသွားပြီး အသံက ခပ်ကျယ်ကျယ် ထွက်ပေါ် လာသည်။ သူ့ခေါင်းကို တစစီ ကွဲကြေစေချင်နေသလားဟု ထင်မှတ်မှားရသည်။ ယဲ့ဖန်အပေါ် သူ၏ လေးစားမှုကို အလုံအလောက် မဖော်ပြရသေးသည့်ပုံပင်။

ထိုအသံက အဆက်မပြတ် တူထုနေသံနှင့် ဆင်သယောင်ဖြစ်ကာ လူတိုင်း၏ ရင်ကို တဒုန်းဒုန်း ထုနေသလို ခံစားရသောကြောင့် အားလုံး ထိတ်လန့်နေကြလေသည်။

သူတို့အား အိပ်မက်ထဲမှ နိုးထလာစေပြီး အဖြစ်အပျက်အားလုံးက အမှန်တရားများ ဖြစ်သည်ဟု ပြောနေသလိုပင်။

*ဒီလူက တကယ် ယဲ့ဘုရင်ပဲ*

ဤသည်ကိုမြင်သော် ယွဲ့ကျန့်ဟမ် ကြမ်းပြင်ပေါ် ဗိုင်းခနဲ လဲကျလုနီးပါး ဖြစ်သွားရပြီး မျက်လုံးအပြူးသားနှင့် ယဲ့ဖန်ကို မယုံနိုင်စွာ ကြည့်နေ၏။

*ဒီကောင်က ယဲ့ဘုရင် ဖြစ်နေတာလား*

*ယွမ်ပမ်းရှီထက် ပိုမြင့်မြတ်တဲ့ ယဲ့ဘုရင်လား*

ယွဲ့ကျန့်ဟမ် မှင်တက်နေလေသည်။ စုန့်ချမ်ရှီသည်လည်း အံ့ဩနေ၏။ လူတိုင်း အံ့အားသင့်နေကြသည်။ အထူးသဖြင့် စုန့်ချမ်ရှီပင်။ သူ၏ အမူအရာက ရီဝေဝေ ဖြစ်နေပြီး တစ်ကိုယ်လုံး အေးစက်ကာ ခိုက်ခိုက်တုန်သလို ခံစားနေရသည်။

သူ့အရှေ့မှလူက သူ၏ ဘိုးဘေး ဖြစ်နေသည်တဲ့လား။ ဤလူကို သူကိုယ်တိုင် လှောင်ပြောင်၍ ကျိန်ဆဲခဲ့သည်။ ပွဲသိမ်းလေပြီ။ သူ သေရပေတော့မည်။

လက်ရှိတွင် ယွဲ့ကျန့်ဟမ်၏ ခန္ဓာကိုယ်က ဒယိမ်းဒယိုင် ဖြစ်နေပြီး ကြမ်းပြင်ပေါ် လဲကျသွားကာ မျက်နှာတစ်ခုလုံး ဆယ်နှစ်စာ ပိုအိုစာသွားသည်။ မျက်နှာတွင် မယုံနိုင်လောက်အောင် ကြောက်ရွံ့ခြင်းနှင့် ခါးသီးခြင်းတို့ ပြည့်နှက် နေသည်။

ယဲ့ဖန်က ယွမ်ပမ်းရှီ၏ ဆရာ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။ မူလက သူ ယဲ့ဖန်ကို အထင်ကြီး ထားမိသည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် သူက အထင်ကြီးလွန်းနေခြင်း မဟုတ်ဘဲ အထင်သေး နေမိခြင်းသာ ဖြစ်နေပေသည်။

သေတွင်းတူးနေသည်က ယဲ့ဖန် မဟုတ်ဘဲ သူတို့ ယွဲ့မိသားစုသာ ဖြစ်နေ၏။ ယဲ့ဘုရင် ဒေါသထွက်သွားပြီ ဖြစ်သဖြင့် သုတ်သင်ခြင်း ကပ်ဘေးက သူတို့ ယွဲ့မိသားစုထံ ကျရောက်လာပေတော့မည်။

ဤမြင်ကွင်းကိုကြည့်ပြီး ထန်ပင်းနှင့် ယွဲ့ရှန်းရူတို့ နှုတ်ခမ်းမဲ့ရွဲ့သွားပြီး ငိုလုနီးပါး ဖြစ်သွားကြသည်။

*အဲ့လူက ယဲ့ဘုရင်တဲ့*

*သူက ဘယ်လိုလုပ် ယဲ့ဘုရင် ဖြစ်နေရတာလဲ*

သူတို့အတွက် ယင်းက ကြောက်စရာကောင်းလှသော သတင်းဆိုးပင်။ ဆောက်တည်ရာမရခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ဖြစ်ပေါ်လာရသည်။ လက်ရှိတွင် သူတို့အားလုံး အသက်ရှင်နိုင်မည့် နည်းလမ်း မရှိတော့ဟု သတိပြုလိုက်မိသည်။

ယဲ့ဖန်က ယွမ်ပမ်းရှီကို တစ်ချက်ကြည့်လိုက်ပြီးနောက် စုန့်ချမ်ရှီကို လှမ်းကြည့်၍ အေးစက်စွာ မေးလိုက်သည်။

“သူက မင်းတပည့်လား”

ထိုစကားကြောင့် စုန့်ချမ်ရှီ တုန်ယင်သွားပြီး မျက်နှာ ပြာနှမ်းသွားသည်။

“မဟုတ်ပါဘူး”

ယွမ်ပမ်းရှီက တန်း၍ ခေါင်းခါလိုက်ပြီး တစ်ဖက်လှည့်၍ စုန့်ချမ်ရှီကို အေးစက်စက် မျက်လုံးများဖြင့် စူးစိုက်ကြည့်လေသည်။

“စုန့်ချမ်ရှီ အခုချိန်ကစပြီး ငါ မင်းနဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး၊ မင်းကို ငါ့တပည့်စာရင်းထဲကနေ ထုတ်လိုက်ပြီ”

*ဘာ*

စုန့်ချမ်ရှီ ငယ်ထိပ်ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ငိုချင်စိတ် ဝင်လာသည်။ ယွမ်ပမ်းရှီ၏ တပည့်ရင်း ဖြစ်လာရန်အတွက် သူ ဆယ်နှစ်တိတိ ကြိုးစားသင်ယူခဲ့ရသည်။ ယွမ်ပမ်းရှီက ယဲ့ဘုရင်၏ လက်အောက်ခံ ဖြစ်သွားပြီးနောက် သူသည်လည်း အမြင့်သို့ လိုက်ပါ တက်ရောက်နိုင်ခဲ့သည်။

လက်ရှိတွင် အင်ပါယာတွင်းမှ လူတိုင်းက သူ့ကို လေးစားအားကျကြသည်။ သို့သော် အကယ်၍ ယွမ်ပမ်းရှီနှင့် ယဲ့ဘုရင်တို့ကိုသာ ဆုံးရှုံးလိုက်ရလျင် စုန့်ချမ်ရှီဟူသော သူက ဘာမှမဟုတ်တော့ချေ။ သို့သော် ဤမျှနှင့် ပြီးမသွားချေ။

ထိုစဉ် ယွမ်ပမ်းရှီက သတ်ဖြတ်ချင်နေသော မျက်နှာထားနှင့် ပြောလာ၏။

“မောက်မာတဲ့ကောင်၊ ငါ့ဆရာကို မလေးမစားလုပ်တဲ့လူတိုင်း သေသင့်တယ်”

ထိုစကားတစ်ခွန်းက ဘေးလူများ၏ အခြေအနေကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။

*ယွမ်ပမ်းရှီက သူ နှစ်နှစ်ဆယ်နီးပါး လေ့ကျင့်ပေးခဲ့တဲ့ အကြီးဆုံးတပည့်ကို သတ်ပစ်တော့မလို့လား*

*ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ*

လက်ရှိအချိန်တွင် စုန့်ချမ်ရှီ ကြက်သေ သေနေလေသည်။ သူ အရာအားလုံးကို ဆုံးရှုံးရသည့်အပြင် အသက်ကိုပါ ဆုံးရှုံးရလိမ့်မည်ဟု မျှော်မှန်းမထားမိချေ။

သို့သော် အချိန်က သူ၏ တုံ့ပြန်မှုကို စောင့်မနေပါ။

“ရွှစ်”

အေးစက်စက် အလင်းတန်းတစ်ခုက သူ့လည်ပင်းနားမှ ဖြတ်သန်းသွားသည်။ ဦးခေါင်းတစ်လုံးက ဖရဲသီးသဖွယ် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာ၏။ သေဆုံးချိန်အထိ စုန့်ချမ်ရှီ၏ မျက်နှာတွင် ကြောက်စိတ်နှင့် တွေဝေစိတ်တို့ ပြည့်နှက်နေဆဲပင်။ သူ့ဆရာက သူ့ကို သတ်ပစ်လိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေပုံရသည်။

ဤသည်ကိုမြင်သော် ယွဲ့ကျန့်ဟမ်နှင့် အခြားသူများ သည်းခြေပျက်သွားကြသည်။ မျက်နှာတစ်ပြင်လုံးတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

ယွမ်ပမ်းရှီက သူ၏ တပည့်ရင်း စုန့်ချမ်ရှီကိုတောင်မှ သတ်ပစ်ခဲ့သဖြင့် သူတို့ဆိုလျင် ပြောနေစရာတောင် မလိုတော့ချေ။ ဤသည်က ယွမ်ပမ်းရှီ အလွန် ဒေါသထွက်နေကြောင်း ပြသနေ၏။ သူတို့ ဇာတ်သိမ်းလေပြီ။

“ယွဲ့ကျန့်ဟမ် မင်းမိန်းမကို ကုပေးဖို့ ငါ့ကို တောင်းဆိုနေခဲ့တာ မဟုတ်လား၊ အခု ငါ ပြောလိုက်မယ်၊ ဒီလောကမှာ ငါ့ဆရာကလွဲရင် မင်းမိန်းမကို ဘယ်သူမှ မကယ်နိုင်ဘူး”

ယွမ်ပမ်းရှီက ယွဲ့ကျန့်ဟမ်ကို စူးစိုက်ကြည့်နေသည်။

“မင်းမှာ အခွင့်အရေး မရှိတော့တာ စိတ်မကောင်းစရာပဲ”

ထိုစကားကိုကြားသော် ယွဲ့ကျန့်ဟမ် တုန်လှုပ်သွားပြီး ထိတ်လန့်ဟန် ပေါ်လာ၏။ သူ့ဇနီး၏ ရောဂါကို ကုသရန်အတွက် ယွဲ့ကျန်ဟမ်သည် နှစ်ပေါင်းများစွာ တစ်လောကလုံးကို ခရီးဆန့်၍ နာမည်ကျော် ဆရာဝန်များကို ရှာဖွေခဲ့သော်လည်း ဖြေဆေးအား ရှာမတွေ့သေးသည်ကို လူတိုင်း သိထားကြသည်။

ထို့နောက်တွင် သူသည် စုန့်ချမ်ရှီမှတစ်ဆင့် ယွမ်ပမ်းရှီကို သူ တွေ့ခဲ့ပြီး သူ့ဇနီးကို ကုသပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ရောဂါ၏ ပျံ့နှံ့နှုန်းကို နှေးကွေးစေရန်သာ ပြုလုပ်နိုင်ခဲ့သည်။

ယွမ်ပမ်းရှီ၏ စကားအရ နောက်တစ်ပတ်အတွင်း ကုသနိုင်သည့် နည်းလမ်းမရှိလျင် သူ့ဇနီး သေချာပေါက် သေရပေလိမ့်မည်။

ယွဲ့ကျန့်ဟမ်က ယဲ့ဖန်အား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ယဲ့ဘုရင်သာဆိုလျင် သေချာပေါက် သူ့ဇနီးကို ကုသပေးနိုင်ပေမည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဘုရင်အား ဆေးနတ်ဘုရားဟု ခေါ်ဆိုကြသည် မဟုတ်ပါလော။ အင်မော်တယ် ဆေးလုံးအား ကလေး ကစားစရာသဖွယ် သန့်စင်ဖော်စပ်နိုင်သောသူ။

ယခုအခါတွင်မူ ထိုသို့ မဖြစ်နိုင်တော့ချေ။ သူတို့ ယဲ့ဖန်ကို ရန်စခဲ့သဖြင့် သူ့ဇနီးကို ယဲ့ဖန်က မည်သို့ ကုသပေး မည်နည်း။ နောက်ဆုံးသော မျှော်လင့်ချက်က ယခု ပျက်စီးသွားလေပြီ။

ဤသည်ကိုကြည့်ပြီး ထန်ပင်း နားဝေတိမ်တောင် ဖြစ်သွားပြီး ယခင်က ဟွမ်ယွီလင်း သူ့ကို သတိပေးခဲ့သည့် စကားကို ပြန်အမှတ်ရသွားသည်။ သူ့ရင်ထဲ၌ နောင်တတရားတို့ဖြင့် ပြည့်နှက်လာသည်။

အစက သူ ယဲ့ဖန်နှင့် မိတ်ဆွေဖြစ်ခွင့် ရခဲ့ပါသော်လည်း သူ၏ မောက်မာမှုနှင့် ရူးမိုက်မှုကြောင့် စွန့်လွှတ်ခဲ့ရသည်။

*အဲ့ဒါ ယဲ့ဘုရင်လေ*

*သူနဲ့သာ မိတ်ဆွေဖြစ်ရင် အင်ပါယာတစ်ခုလုံးမှာ အေးအေးဆေးဆေး သွားလာနိုင်ပြီ*

*ယွဲ့မိသားစုနီးနီး တုံးအခဲ့တာ စိတ်ပျက်စရာပဲ*

ယခု သူ အမြင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရလေပြီ ထို့အပြင် သူ ဤနေရာ၌ ဆိုးဆိုးရွားရွား သေဆုံးရပေတော့မည်။

ချက်ချင်းဆိုသလိုပင် ထန်ပင်းက ဟွမ်ယွီလင်းကို အသနားခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် ဟွမ်ယွီလင်းက ခေါင်းခါပြလာ၏။

“ဒါက အဆုံးသတ်ပဲ၊ နင် သေကို သေရမှာ”

ထိုစကားကိုကြားသော် ထန်ပင်း ထိတ်လန့်သွားပြီး သူ့မျက်နှာပေါ်မှ ခါးသီးမှုက ပိုပို၍ ပီပြင်လာ၏။

“ယွဲ့ရှန်းရူ၊ ယွဲ့ကျန့်ဟမ် သေချာကြည့်ဦး၊ ရှင်တို့ရဲ့ မျက်လုံးတွေကို ပြူးပြီး သေချာကြည့်”

ယွဲ့လင်းလုံ ဒေါသထွက်ကာ စိတ်ဆိုးမာန်ဆိုး မာန်မဲလေတော့သည်။

“အစက ကျွန်မတို့ ယွဲ့မိသားစုက ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ရှင်တို့ရဲ့ ရူးမိုက်မှုနဲ့ စိတ်ကြီးဝင်တဲ့ စိတ်ကြောင့် ဒီလိုလူမျိုးနဲ့ ကျွန်မတို့ လွဲချော်ရပြီ”

“ကျွန်မအဘွားကို ရှင် သတ်တာ”

ယွဲ့လင်းလုံ ဝမ်းနည်းပက်လက် ငိုကြွေးလေသည်။ သူမအဘွားကို သူမကို အချစ်ဆုံး ဖြစ်သည်။ သူမအဘွား ဆေးရုံခုတင်မှ တစ်ဖန် ပြန်ထလာနိုင်ပါစေဟု သူမ အမြဲ ဆုတောင်းနေခဲ့သည်။

အစကတည်းက ယဲ့ဖန်က သူတို့၏ မျှော်လင့်ချက် ဖြစ်ခဲ့သော်လည်း သူမအဘိုးနှင့် အစ်ကိုတို့၏ ရူးမိုက်မှုတို့ကြောင့် အားလုံး ပျက်စီးသွားလေပြီ။

“ငါ့မိန်းမကို ငါ သတ်လိုက်မိတာလား”

ယွဲ့ကျန့်ဟမ် ငိုင်တိုင်တိုင် ဖြစ်နေပြီး ထိုအချက်ကို လက်မခံနိုင် ဖြစ်နေပုံရသည်။ ထို့နောက်တွင်မူ သူ့မျက်နှာ၌ အပြစ်ရှိစိတ်များ ပေါ်လွင်လာ၏။

သူ ချစ်ရသော ဇနီးမယားကို သူ သတ်လိုက်မိလေပြီ။ လက်ရှိတွင် ယွဲ့ကျန့်ဟမ်၏ နှလုံးသား ကြေမွ၍နေ၏။ ထိုစဉ် ယဲ့ဖန်က သူ့အား အထင်သေးစွာ ကြည့်နေ၏။

“ခင်ဗျား ကျုပ်ကို အခွင့်အရေး နှစ်ခု ပေးမယ်လို့ ပြောခဲ့တယ်၊ အခု ကျုပ်လည်း ခင်ဗျားကို အခွင့်အရေး နှစ်ခု ပေးမယ်၊ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ အသက်ကိုပဲ ကယ်နိုင်မယ်၊ ခင်ဗျားမြေးကို ကယ်မလား၊ ဒါမှမဟုတ် ခင်ဗျားမိန်းမကို ကယ်မလား”

*မြေးကိုကယ်မလား ဒါမှမဟုတ် မိန်းမကို ကယ်မာလား*

ယွဲ့ကျန့်ဟမ်၏ အမူအရာ အေးစက် တောင့်တင်းသွားသည်။ တစ်ယောက်သည် သူ့ဘဝ၏ ချစ်ရသောသူ ဖြစ်ပြီး နောက်တစ်ယောက်က ယွဲ့မိသားစု၏ အနာဂတ် ဖြစ်နေပြန်သည်။

သူ မည်သူကို ရွေးချယ်ရမည်နည်း။ ဘာကိုပဲ ရွေးချယ်ပါစေ တစ်သက်လုံး နောင်တရနေရဦးမည်။ ယဲ့ဖန်က သူ့ကို မသတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့အား တစ်သက်လုံး နာကျင်စွာ နေထိုင်၍ နောင်တများ ပွေ့ပိုက်ကာ ရှင်သန်သွားစေချင်သောကြောင့်ပင်။

“ခင်ဗျားမှာ ဆယ်စက္ကန့်ပဲ အချိန်ရမယ်၊ အခုကစတွက်မယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ …”

“အရှင်ယဲ့ဘုရင် ကျုပ် မှားမှန်း သိပါပြီ၊ ကျုပ် တကယ် မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ၊ ကျုပ်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ”

ယွဲ့ကျန့်ဟမ်က ဗြုန်းခနဲ ဒူးထောက်၍ အဆက်မပြတ် ငိုကြွေး၍ တောင်းပန်လေသည်။ လက်ရှိအချိန်တွင် သူ အလွန်အမင်း နောင်တရနေသည်။

သို့သော် ယဲ့ဖန်က တုပ်တုပ်မျှ မလှုပ်ဘဲ ခံစားချက် ကင်းမဲ့စွာ ရေတွက်နေ၏။

“ခြောက်၊ ငါး၊ လေး …”

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

ယွဲ့ကျန့်ဟမ်၏ နဖူးတွင် သွေးများ တတောက်တောက် ကျနေပြီး စိတ်ထဲ၌ အလွန် ဆောက်တည်ရာမရ ဖြစ်နေသည်။

“သုံး နှစ် တစ်”

ယဲ့ဖန်က ရေတွက်လို့ ပြီးသွားသောအခါ ပြုံးလိုက်သည်။

“ခင်ဗျား ရွေးချယ်ပြီးသွားတဲ့ပုံပဲ”

ထို့နောက် ယဲ့ဖန်က ယွမ်ပမ်းရှီကို ပြောလိုက်လေသည်။

“နေရာအနှံ့ သတင်းဖြန့်လိုက်၊ ယွဲ့မိသားစုကို ကုသရဲတဲ့ ဘယ်ဆရာဝန်မဆို ယဲ့ဘုရင်ရဲ့ ရန်သူ အဖြစ် သတ်မှတ် ခံရမယ်”

ချက်ချင်းဆိုသလိုပင် ယွဲ့မိသားစုတစ်ခုလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားပြီး အားလုံး ကြက်သေ သေသွားကြသည်။

*ဒါ တစ်ဖက်လှည့်နဲ့ သေဖို့ ပြောလိုက်တာပဲ မဟုတ်လား*

“နာတာရှည် နှလုံးရောဂါပဲ၊ ကုသဆေး မရှိဘူး၊ ခုနစ်ရက်အတွင်း သေမှာ အသေအချာပဲ”

ခုနစ်ရက်အတွင်း ဆရာဝန် ရှာမတွေ့လျင် ယွဲ့မိသားစု၏ အဘွားဖြစ်သူ မုချ သေရပေလိမ့်မည်။ ယဲ့ဖန်၏ အပြုအမူအက အဖြစ်အပျက်ကို ပိုဆိုးသွားစေသည်။ ယွဲ့မိသားစု၏ နောက်ဆုံး မျှော်လင့်ချက်ကို ဖြတ်တောက် လိုက်လေပြီ။

“မလုပ်ပါနဲ့”

ယွဲ့လင်းလုံ ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ် လဲကျကာ မျက်ရည်လည်ရွဲ ငိုကြွေးလေတော့သည်။ ယွဲ့ကျန့်ဟမ်၏ အမူအရာက မှင်တက်နေပြီး မျက်လုံးတွင် နာကျင်ရိပ်များ ပြည့်နှက်နေ၏။

သူ ယဲ့ဖန်ကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့သော်လည်း လူအများက သူ့ကို သရော်ခဲ့သည်။ ယဲ့ဖန်က သူ့ကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့သော်လည်း သူ အောက်ဆုံးအထိ ထိုးကျခဲ့ရသည်။

ဤသည်မှာ ယဲ့ဘုရင်ကို ရန်စမိသည့် ကံကြမ္မာပင်။ နတ်ဆိုးကို ရန်စလျင် ဤသို့သော ရလဒ်မျိုး ဖြစ်လာပေလိမ့်မည်။ အရာအားလုံး ပွဲသိမ်းပေလိမ့်မည်။

ယခု သူ၏ ချစ်ဇနီး တဖြည်းဖြည်း သေဆုံးရတော့မည်ကို သူ ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူ့ဘဝက သေသွားတာကပင် ပိုကောင်းဦးမည်။

“မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမလား၊ ဒါမှမဟုတ် ငါ သတ်ရမလား”

ထိုစဉ် ယဲ့ဖန်က ထန်ပင်းအား အေးစက်သော မျက်လုံးဖြင့် ကြည့်လာသည်။ ထန်ပင်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာတွင် အလွန် ခါးသီးဟန်များ ပေါ်လွင်လာလေသည်။

သူ့၌ နောက်ခံအဖြစ် ထန်မင်လီ ရှိသည်ဟု တွေးထားသဖြင့် သူ့ကိုယ်သူ ဟန်ကျပြီ ထင်နေ၏။ မထင်မှတ်ဘဲ သူ့အရှေ့၌ ရှိနေသူက ထန်မင်လီ၏ နောက်ခံ ဖြစ်နေသည်။

ထို့နောက်တွင်မူ သူသည် ဖြည်းဖြည်းချင်း လက်မြှောင်၍ သူ့ခေါင်းကို အားဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ သူ့ဦးနှောက် ပေါက်ထွက်သွားပြီး သွေးများလည်း ပန်းထွက်လာ၏။

*နောက်ဘဝမှာ ငါ ဉာဏ်ကောင်းတဲ့သူ ဖြစ်မှရမယ်*

ထန်ပင်း၏ မျက်နှာတွင် အလွန် စိတ်ပျက်၍ နောင်တရသော အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး သူ့အလောင်းက အနောက်သို့‌ နောက်ပြန်လန်၍ လဲကျသွားသည်။

ထို့နောက် ယဲ့ဖန်က လှောင်ပြုံး ပြုံးလိုက်ပြီး အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်တွင် အဝေးသို့ လျှောက်သွားလေတော့သည်။

“ယွဲ့မိသားစု ဈာပနပွဲအတွက် ပြင်ဆင်လိုက်တော့”

ယွမ်ပမ်းရှီက ပြာနှမ်းနေသော မျက်နှာများနှင့် ဖြစ်နေသော ယွဲ့မိသားစုဝင်များအား သုန်မှုန်စွာ စိုက်ကြည့်၍ သရော်ပြုံး ပြုံးကာ ပြောလိုက်သည်။ ယွဲ့မိသားစုဝင်များအားလုံး ဆောက်တည်ရာမရ ဖြစ်သွားကြလေသည်။

All Chapters