အခန်း ၁၄၈၂
Vol. 99 Ch. 1482
Chapter 1482 ဒီကနေ ဘယ်မှသွားလို့မရစေရဘူး
ယဲ့ဘုရင်က သူတို့ကို မသတ်ခဲ့သော်လည်း သူတို့က ယဲ့ဘုရင်ကို ရန်စခဲ့သဖြင့် သူကိုယ်တိုင် လုပ်စရာပင် မလိုဘဲ သူ့နောက်လိုက်များက သူတို့ ယွဲ့မိသားစုကို နင်းချေဖျက်ဆီးပေလိမ့်မည်။ သူတို့ လုံးဝ ပွဲသိမ်းလေပြီ။
“ဒုန်း”
ယွဲ့ကျန့်ဟမ် ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းနေ၏။ အချိန် အတော်ကြာပြီးနောက် သူ အံကြိတ်၍ အမိန့်ပေးလိုက်သည်။
“ယွဲ့ရှန်းရူကို မိသားစုခေါင်းဆောင် ရာထူးကနေ ဖယ်ပြီး ယွဲ့မိသားစုကနေ နှင်ထုတ်လိုက်၊ ပြီးရင် သူ့ကို ဘယ်တော့မှ ပြန်မလာခိုင်းနဲ့”
ထိုစကားကိုကြားသောအခါ ယွဲ့ရှန်းရူ ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တောင့်တင်းသွားကာ တစ်ကိုယ်လုံး ရေခဲကန်ထဲ ကျသကဲ့သို့ ဖြစ်သွားလေသည်။
.....
လွန်ခဲ့သော တစ်နာရီခန့်။
လင်းလန် စီးလာသော ကားသည် လမ်းမထက်၌ ယွဲ့မိသားစု၏ အိမ်တော်ဘက်သို့ ဦးတည်၍ ဖြည်းဖြည်းချင်း မောင်းနှင်နေသည်။
လမ်းမထက်၌ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးပြီး တစ်မြို့လုံး ပျားပန်းခပ် လှုပ်ရှားမှုတို့ လွင့်ပြယ်ကာ ငြိမ်သက်အေးချမ်းနေသဖြင့် လူတိုင်း ပျော်ရွှင်သလို ခံစားရသည်။
ယာဉ်တန်းက လမ်းဆုံတစ်ခုသို့ ရောက်ရှိလာသည်။ မမျှော်လင့်ဘဲ အားပြင်းသော အင်ဂျင်သံ ထွက်ပေါ်လာပြီး ဆယ်စီးကျော်သော ဆိုင်ကယ်များက ညာဘက် လမ်းဆုံမှ ထွက်လာပြီး မီးနီကို မသိကျိုးကျွန်ပြုကာ လမ်းဆုံကို ဖြတ်လာ၏။ ထန်မင်လီ သတိအနေအထား ဖြစ်သွားလေသည်။
ကားက အရေးပေါ် ရှောင်တိမ်းမှု ပြုလုပ်နိုင်ပြီး ဘရိတ်ကို နင်းလိုက်နိုင်သော်လည်း လွတ်လွတ်ကင်းကင်း မရှောင်လိုက်နိုင်သဖြင့် တစ်စီးကို တိုက်မိသွားသည်။
ကားက စက်နှိုးကာစဖြစ်ပြီး အရှိန်ကလည်း သိပ်မမြန်သေး၍ ကံကောင်းသွားသည်။ ဆိုင်ကယ်က မီးနီကို ဖြတ်လာသော်လည်း ကားသုံးစီး ရှိနေသည်ကို အသေအချာ မြင်ရပြီး ပါးနပ်စွာဖြင့် အရှိန်ကို လျှော့ထားသည်။ ထို့ကြောင့် ကားများနှင့် လူများပါ အပြင်းအထန် ဖြစ်မသွားခဲ့ပေ။
ဆိုင်ကယ်စီးလာသူသည် ဂျင်းအင်္ကျီလက်တိုကို ဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ကို ဆောင်းထားကာ မြေကြီးပေါ် လိမ့်သွားသည်နှင့် ချက်ချင်း ပြန်ထလာသည်။ အခြားဆိုင်ကယ်များကလည်း ရပ်သွားပြီး ကားနားသို့ မောင်းလာကာ ဝိုင်းထားကြသည်။
တိုက်မိသွားသော ဆိုင်ကယ်သမား၏ ဘယ်ဘက်လက်မောင်းသည် ဒဏ်ရာ အနည်းငယ် ရသွားပုံပေါ်ပြီး အရေပြား အနည်းငယ် စုတ်သွားသည်။ သူသည် ခေါင်းငုံ့၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ကားဘီးကို ကန်၍ အော်လေသည်။
“ဆင်းလာခဲ့စမ်း”
လက်ရှိတွင် ကားပေါ်မှ မည်သည့်တုံ့ပြန်မှုမှ ထွက်မလာချေ။ လင်းလန် စီးလာသော ကား၏ ကိုယ်ရံတော် ခေါင်းဆောင်က ဒေါသထွက်လာပြီး ချက်ချင်း ငေါက်ငမ်းလိုက်သည်။
“ဆန်ကုန်မြေလေး တစ်သိုက်က သခင်ကြီးရဲ့ ကားကို ထိရဲတယ်ပေါ့လေ၊ သူတို့ သေချင်နေတာပဲ”
သူ ကားပေါ်မှဆင်းရန် အသင့်ပြင်လိုက်သည်။
“နေဦး”
ထန်မင်လီက သူ့ကို အလျင်အမြန် တားဆီး၍ ပြောလိုက်သည်။
“ရှေ့ကားရဲ့ သက်တော်စောင့်တွေကို ရှင်းခိုင်းလိုက်၊ ငါတို့ ဒီကနေ စောင့်နေမယ်”
ကိုယ်ရံတော်ခေါင်းဆောင်က ထန်မင်လီ၏ နောက်ခံကို မသိချေ။ ထိုစကားကြောင့် သူက ချက်ချင်း အထင်သေးစွာ ပြုံးလိုက်သည်။
“စောင့်မယ် ဟုတ်လား၊ ဘာကိုစောင့်မှာလဲ၊ သူတို့ ကျုပ်တို့ကားကို တစ်စစီ ဖြုတ်တာကို စောင့်မှာလား”
ထိုစဉ် ဆိုင်ကယ်သမားအဖွဲ့က ဆိုင်ကယ် နောက်ခုံမှ သံတုတ်များနှင့် သံကြိုးများကို ထုတ်လာပြီး ရှေ့ဆုံးမှကားကို ကြိမ်းမောင်း၍ ငေါက်ငမ်းနေကာ သူတို့ကို ရှင်းပြချက် မပေးလျင် ကားကို ဖျက်ဆီးမည့်ပုံပင်။
ဤသည်ကိုမြင်သော် ကိုယ်ရံတော်ခေါင်းဆောင်၏ မျက်နှာက ပို၍ အထင်သေးဟန် ပေါ်လာ၏။
“လူမိုက်တစ်ဖွဲ့ပဲ မဟုတ်ဘူးလား၊ ဘာကို ကြောက်နေတာလဲ၊ ကျုပ် သူတို့ကို တစ်မိနစ်အတွင်း ရှင်းနိုင်တယ်”
သို့သော် ဤသည်ကိုမြင်သောအခါ ထန်မင်လီ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ယာဉ်မောင်းအား အော်၍ ပြောလိုက်သည်။
“သူတို့ကို အရေးစိုက်မနေနဲ့၊ ချက်ချင်း မောင်းတော့”
“ခင်ဗျား ဘာတွေ အလျင်လိုနေတာလဲ၊ ခင်ဗျားက ငကြောက်ပဲ၊ ကားထဲကစောင့်နေ၊ ကျုပ် ပြန်လာမယ်”
ကိုယ်ရံတော်ခေါင်းဆောင်က ထန်မင်လီကို ရန်စသလို တစ်ချက်ကြည့်၍ သရော်လိုက်ကာ ယာဉ်မောင်းအား ပြန်တွန်း၍ ကားပေါ်မှ ဆင်းသွားသည်။
သူက မဆင်မခြင်ဖြင့် ဆိုင်ကယ်သမားများကို အော်ပြောလိုက်သည်။
“မင်းတို့ ဘာလုပ်နေတာလဲ၊ မင်းတို့က ငါ့ကို လာလိမ်ချင်တာလား၊ ငါ ကြောက်မယ်များ မှတ်နေလား၊ မြန်မြန်လာကြစမ်း၊ မဟုတ်လို့ကတော့ မင်းတို့တစ်ယောက်ချင်းစီကို ကြက်ဥခွဲသလို လုပ်ပစ်လိုက်မယ်”
ထိုစကားက ထိရောက်သွားပုံရသည်။ ဆိုင်ကယ်သမားများ အမှန်တကယ် ငြိမ်ကျသွားပြီး သူ့ထံသို့ ပြိုင်တူ လှည့်ကြည့်လာ၏။
ကိုယ်ရံတော်ခေါင်းဆောင်က သူ၏ ဟိတ်ဟန်ကြီးသော ဟန်ပန်ကို ထုတ်ဖော်လိုက်သောအခါ တစ်ဖက်လူက အလွယ်တကူ ကြောက်ရွံ့သွားသည်ဟု ထင်သွားလေသည်။ သူ ချက်ချင်း မာန်တက်သွားပြီး နောက်လှည့်၍ ထန်မင်လီကို အော်ပြောလိုက်သည်။
“မြင်ပြီလား အဘိုးကြီး၊ ဒါမှ ယောက်ျားစစ်စစ်ဗျ”
သို့သော် ထိုအခိုက်တွင် ထန်မင်လီ၏ မျက်နှာပေါ်၌ ကြောက်ရွံ့သွားဟန် ပေါ်လာပြီး ချက်ချင်း အော်ဟစ် သတိပေးလိုက်သည်။
“သတိထား”
သို့သော်ငြားလည်း နောက်ကျသွားချေပြီ။ အေးစက်စက် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး ကိုယ်ရံတော် ခေါင်းဆောင်၏ တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။ ထို့နောက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဦးခေါင်းက လည်ပင်းမှ တိခနဲ ပြတ်ကျသွားတော့သည်။ ပြီးနောက် မြေကြီးပေါ် ဘုတ်ခနဲ ပြုတ်ကျသွားပြီး ပွဲချင်းပြီး သေဆုံးသွားလေသည်။
“ရန်သူ တိုက်ခိုက်တယ်၊ ရန်သူ တိုက်ခိုက်တယ်”
ကိုယ်ရံတော်များ ချက်ချင်း သတိဝင်ကာ ကျယ်လောင်စွာ အော်ပြောလာကြသည်။ သို့သော် သူတို့ မတုံ့ပြန် နိုင်ခင်မှာပင် ဆယ်ယောက်ကျော်သော ဆိုင်ကယ်သမားများက စုဝေးလာပြီး ထီမထင်သော အပြုံးများ ပြုံးနေကာ လက်ထဲတွင် ပစ္စတိုသေနတ်နှင့် ပြောင်းရှည်သေနတ်များ ကိုင်ထားကြပြီး လင်းလန်၏ ကားကို အဆက်မပြတ် ပစ်ခတ်လေသည်။
ဤပြောင်းလဲမှုက လူတိုင်းကို နေရာမှာတင် မှင်တက်သွားစေပြီး ကားထဲမှ ထန်မင်လီသည်လည်း အပါအဝင်ပင်။ သူ့အထင် မှန်နေလေပြီ။ ဤသည်မှာ သေချာ ကြံစည်ထားသည့် လုပ်ကြံမှုပင်။ တစ်ဖက်လူ၏ ပစ်မှတ်က သူတို့သာ။
“ဒိုင်း ဒိုင်း ဒိုင်း”
ရုတ်တရက် သေနတ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး အလင်းစွမ်းအင်သုံး သေနတ်က လင်းလန်၏ ကျည်ကာကားထံ အဆက်မပြတ် ပစ်ခတ်နေ၏။
ကျည်ဆံများစွာက ကိုယ်ထည်ကို ပြိုင်တူထိမှန်နေသည်။ ကိုယ်ထည်ကို မထိုးဖောက်နိုင်သော်လည်း နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်း ကိုယ်ထည်က သိသိသာသာ ပိန်လိမ်လာပြီး ကျည်ကာမှန်ဖြင့် ပြုလုပ်ထားသည့် ကားမှန် သည်လည်း ကောင်းကောင်းမမြင်ရတော့ချေ။
တစ်ဖက်က ပစ်လာသည်နှင့် ထျဲမူထားက ချက်ချင်း လှုပ်ရှားလာပြီး လင်းလန်ထံ ခုန်ဝင်လာပြီး သူမကို ချီ၍ ထန်မင်လီအား အော်ပြောလိုက်သည်။
“နောက်ဆုတ်”
လင်းလန်သာ ရှိမနေလျင် သူနှင့် ထန်မင်လီတို့ ပြေးတက်၍ တိုက်ခိုက်လောက်သည်။ သို့သော် ယခု လင်းလန်ကို ဂရုစိုက်မှဖြစ်မည်။
လက်ရှိတွင် လင်းလန်၏ မျက်နှာတစ်ခုလုံး ဖြူရော်နေပြီး ကြောက်လန့်နေမှန်း သိသာလှကာ တုန်ယင်နေ၏။ ဆယ်ယောက်ကျော်သော ဆိုင်ကယ်သမားများက သူတို့အဝတ်များကို စုတ်ဖြဲလိုက်သောအခါ သပ်ရပ်သော အဝတ်အစားတစ်စုံ ပေါ်လာသည်။
“ချွီ”
ဤသည်ကိုမြင်သော တစ်ဖက်အဖွဲ့က ချွီမိသားစုဖြစ်ကြောင်း ထန်မင်လီ ချက်ချင်း နားလည်သွားသည်။
“အဲ့ခွေးမက ဒီမှာပဲ၊ သူ့ကို ထွက်မပြေးစေနဲ့”
ထိုစဉ် ဒေါသတကြီး ပြောဆိုသံ ထွက်ပေါ်လာ၏။ လေတိုးသံကဲ့သို့ လူရိပ်များစွာက ထန်မင်လီတို့ထံ ချက်ချင်း ပြေးဝင်လာကြသည်။
“မိဖုရားကို အဝေးခေါ်သွားတော့၊ ငါ သူတို့ကို တားထားမယ်”
ထန်မင်လီက ကိုယ့်ကိုယ်ကိုယ် စတေးခံလိုက်ပြီး ထျဲမူထား၏ အနောက်၌ ပိတ်ဆို့လိုက်သည်။ သူ့မျက်လုံးတွင် ပြတ်သားရိပ်များ ဖြတ်ပြေးနေသည်။
“အဘိုးကြီး”
ထျဲမူထား ရုတ်တရက် စိုးရိမ်လာသည်။
“သွားတော့”
ထန်မင်လီ အော်ပြောလိုက်သည်။ လက်ရှိတွင် အရေးမပါသော စကားများ ပြောနေချိန် မရှိပါ။
“ဟာ…”
ထျဲမူထားက အင်တင်တင်ဖြင့် ခြေဆောင့်ကာ လင်းလန်ကို ပွေ့ချီ၍ လျင်မြန်စွာ ထွက်ပြေးလေသည်။ ယခုအချိန်တွင် ထိုလူများသည် လင်းလန်ကို သတ်ချင်နေ၏။ သူတို့၏ အဓိက ပစ်မှတ်က လင်းလန်ပင်။
“ဝုန်း”
ရုတ်တရက် ကြောက်စရာကောင်းသော ဟင်းလင်းပြင်အပြင်ဘက်မှ ထွက်လာသည်ဟု ထင်မှတ်မှားရသော ဖိအားနှင့်အတူ ဓားချက်တစ်ခု သက်ဆင်းလာသည်။
“အား…”
ထိုဓားချက်အောက်၌ လူတစ်ချို့ သေဆုံးသွားကြသည်။ ထန်မင်လီက မုတ်ဆိတ်မွေးကို လက်ဖြင့်သပ်ကာ အေးစက်စက် ပြောလိုက်သည်။
“ဒီကနေ ဘယ်မှသွားလို့မရစေရဘူး”
ဤသည်ကိုမြင်သော် ချွီမိသားစုဝင်များအားလုံး မျက်နှာပျက်သွားသည်။
“ငါ့သားကို သတ်လိုက်တာ မင်းလား”
လူအုပ်ကြားထဲမှ ပိန်ပါးပါးနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ထွက်လာသည်။ သူ့ပုံစံက ထည်ဝါလှသည်။ သူသည် ချွီမိသားစုခေါင်းဆောင် ချွီကျီချန်ပင်။
ချွီကျီချန်ကိုမြင်သော် ထန်မင်လီ၏ မျက်နှာက သွေးပျက်မသွားဘဲ သရော်ပြုံးသာ ပြုံးလိုက်သည်။
“ငါတို့က သူ့ကို သတ်တာ မဟုတ်ဘူး၊ သူက သေတွင်းတူးနေတာ”
“မိန်းမတစ်ယောက်အတွက်ကြောင့်နဲ့လား”
“ဟုတ်တယ်၊ မိန်းမတစ်ယောက်ကြောင့်၊ အဲ့မိန်းမက ယဲ့ဘုရင်ရဲ့ မိန်းမဖြစ်နေလို့”
“ယဲ့ဘုရင်ရဲ့ မိန်းမ ဟုတ်လား”
ချွီကျီချန်၏ မျက်နှာတွင် ဒေါသရိပ်များ သန်းလာပြီး မာထန်စွာ ပြောလိုက်သည်။
“မကြာခင် သူက ငါ့မိန်းမ ဖြစ်လာမှာ၊ ငါတို့ သူ့ကို အကြိမ် တစ်ရာ၊ တစ်ထောင်မက နှိပ်စက်ပစ်မှာ”
“မသေမချင်းပေါ့”
ချွီကျီချန် ရူးမတတ် ဖြစ်သွားလေသည်။ သူ၏ ဂုဏ်အယူရဆုံးသားက ထန်မင်လီနှင့် အခြားသူများကြောင့် အသတ်ခံလိုက်ရသဖြင့် သူ အသိစိတ် လွတ်သွားရသည်။
“ငါ အရင်သေသွားမှပဲ ရမယ်”
ထန်မင်လီက အပြုံးကြီး ပြုံးနေသည်။ ချွီကျီချန်က မျက်မှောင်ကြုတ်၍ ပြောလာသည်။
“မင်း တကယ် ရူးနေတာလား၊ သူတော်စင်သခင်အဆင့် ခြောက်ယောက်အပြင် နတ်ဘုရင်အဆင့် ငါပါ ရှိနေတာ၊ မင်း နိုင်နိုင်ချေ ရှိတယ်လို့ ထင်နေတာလား”
“နိုင်နိုင်ချေ မရှိဘူး၊ ဒါပေမဲ့ ယဲ့ဘုရင်ရဲ့ လက်အောက်မှာ ငကြောက်တွေ မရှိဘူးကွ”
ထန်မင်လီက ရယ်၍ ပြောလိုက်သည်။
“ငါတို့အားလုံးက သေမျိုးတွေပဲလေ၊ သေမျိုးတွေက မသေရင် ဘာလုပ်မလို့လဲ”
နောက်ဆုံးစကားက ရူးချင်စရာ ကောင်းလှသည်။ ယင်းက ချွီကျီချန်နှင့် အခြားသူများအား ကြက်သီးထ သွားစေသည်။ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်၍ သေခြင်းတရားအကြောင်း ပေါ့ပေါ့ပါးပါး ပြောနေခြင်းကို လူမည်မျှ များများက လုပ်နိုင်သနည်း။
*ဒီအဘိုးကြီး ရူးနေပြီ*
*မသိရင် သူ သေချင်နေသလိုပဲ*
ချွီကျီချန် ဒေါသတကြီး အမိန့်ပေးလိုက်သည်။ သူ ဤနေရာ၌ ကြာကြာနေ၍ မဖြစ်ပါ။ သို့မဟုတ်ပါက လင်းလန် လွတ်သွားပေလိမ့်မည်။
လူတစ်ယောက်ပြီး တစ်ယောက်က ထန်မင်လီထံ လျင်မြန်စွာ ပြေးဝင်သါားကြသည်။ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ထန်မင်လီကို ဖုံးလွှမ်းလာသည်။
သူ့ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာ၏။ သူတော်စင်သခင်အဆင့် အဖွဲ့၏ ဆက်တိုက် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရသဖြင့် သူ တောင့်မခံနိုင်တော့ပါ။
သို့သော် သူသည် တဖြည်းဖြည်း ပြန်ထပြီး နတ်ဓားကိုဆွဲကာ ထိုသူတော်စင်သခင်အဆင့်များကို စိုက်ကြည့် လိုက်သည်။
“ဘုန်း”
သူ နောက်တစ်ကြိမ် အထိနာသွားပြီး မြေကြီးပေါ် အရှိန်ဖြင့် ကျလာ၏။ သူ၏ နံရိုး ခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ကျိုးသွားပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်ကာ အလွန် အဖြစ်ဆိုးနေသည်။ သို့သော် သူသည် ထမြဲထ၍ နတ်ဓားကို ဆွဲကာ ပြန်တိုက်မြဲပင်။
ဤသည်ကိုကြည့်ပြီး သူတော်စင်သခင်အဆင့်များ ကြက်သီးထသွားကြသည်။
*ဒီလူက တကယ့် အရူးပဲ*
*သူ သေရမှာကို မကြောက်ဖူးလား*
ဤသည်ကိုမြင်သော် ချွီကျီချန် စိတ်ထဲ၌ နေရခက်သလို ခံစားလိုက်ရပြီး မျက်လုံးတွင် ဒေါသရိပ်များ သန်းလာ၏။
“ပြောစမ်း၊ ယဲ့ဘုရင်က အမှိုက်ကောင်၊ နတ်ဆိုးမျိုးနွယ်ဆိုတာက ဟာသပဲလို့ ပြောလိုက်၊ ဒါဆို မင်း အသက်ရှင်မယ်၊ မဟုတ်ရင် မင်း သေရမယ်”
“ဖွီ”
ထန်မင်လီက သွေးတစ်လုပ်ကို ထွေးထုတ်၍ ချွီကျီချန်အား အထင်သေးစွာ ကြည့်လိုက်သည်။
“ဆုတောင်းနေလိုက်”
“ကောင်းတယ် သိပ်ကောင်းတယ်”
ချွီကျီချန်၏ မျက်လုံးများက ခက်ထန်ကြမ်းကြုတ်လာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
“သတ်ကြစမ်း”
ချွီမိသားစု၏ သူတော်စင်သခင်အဆင့်များက အပြုံးကြီးပြုံး၍ ထန်မင်လီထံ လျှောက်လာကြသည်။
“အသက်ကြီးလာလို့ အရိုးမာနေတာလား၊ ဒါဆိုလည်း ခင်ဗျားအရိုးတွေကို ရိုက်ချိုးရတာပေါ့”
ထွားကြိုင်းသော လူတစ်ယောက်က ဒေါသတကြီး ငေါက်ငမ်း၍ ထန်မင်လီကို ထိုးနှက်လေသည်။ ထိုလက်သီးက မုန်တိုင်းအလား ပြင်းထန်ကြမ်းကြုတ်လှသည်။
ထန်မင်လီ နတ်ဓားဖြင့် ခုခံသော်လည်း လွင့်ထွက်သွားသေးသည်။ ထိုလက်သီးချက်က သူ့အား ထပ်မံ၍ သွေးအန်စေပြန်သည်။