← Chapters

အခန်း ၁၄၈၃

Vol. 99 Ch. 1483

အခန်း ၁၄၈၃

Vol. 99 Ch. 1483

Chapter 1483 သေမျိုးက သေမျိုးပဲ

ထို့နောက်တွင်မူ သူ့အနောက်မှ လူသတ်ချင်သော အငွေ့အသက် ထပ်မံ၍ ပေါ်ထွက်လာ၏။ ချွန်ထက်သော ဓားသွားတစ်လက်က လေကိုခွင်း၍ သူ့အနောက်မှ ထုတ်ချင်းဖောက် ဝင်ရောက်လာသည်။

ယင်းဓားက ထန်မင်လီ၏ ရင်ဘတ်ကို ထိုးဖောက်သွားသဖြင့် နာကျင်မှုကြောင့် သူ့မျက်နှာ ရှုံ့မဲ့သွားပြီး အံကြိတ် လိုက်မိသည်။

သူ့အနောက်မှ သူတော်စင်သခင်အဆင့်က ရယ်ကျဲကျဲဖြင့် ပြောလာသည်။

“အဘိုးကြီး ဒါ ကျုပ်တို့ ချွီမိသားစုကို ရန်စလို့ ဖြစ်လာတဲ့ အဆုံးသတ်ပဲ၊ ခင်ဗျား သေပြီ”

“ငါ သေကောင်းသေနိုင်တယ်၊ ဒါပေမဲ့ ငါ သေရမယ်ဆိုရင်တောင်မှ မင်းကိုပါ ခေါ်သွားမှာ”

ရုတ်တရက် ထန်မင်လီက အပြုံးကြီးပြုံးကာ မထင်မှတ်ထားသော လုပ်ရပ်ကို ပြုလုပ်လာသည်။ သူသည် ဓားကို နောက်ပြန်ကိုင်၍ သူ့ရင်ဘတ်ကို ပြန်ထိုးလိုက်သည်။

ဓားသွားက သူ့ကိုယ်ကို ဖောက်သွားပြီးနောက် သူ့အနောက်မှ သူတော်စင်သခင်အဆင့် လူကိုပါ ထိုးစိုက် သွားသည်။ ထိုသူတော်စင်သခင်အဆင့်၏ လည်ပင်းကို ဓားသွားက ထိုးဖောက်သွားလေသည်။ ထိုလူ၏ မျက်လုံးတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေ၏။

ထန်မင်လီက အလွနန် ရူးသွပ်လိမ့်မည်ဟု ထင်မထားမိသလို အသက်ချင်း လဲလိမ့်မည်ဟု သူ လုံးဝ ထင်မထား မိသည့်ပုံပင်။

အခြားသူများသည်လည်း ကြောက်လန့်နေကြသည်။ အရာအားလုံး အဆုံးသတ်သို့ ရောက်နေသော်လည်း ထန်မင်လီတွင် ခုခံနိုင်သည့် ခွန်အား ရှိလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ သူတို့၏ သူတော်စင်သခင်အဆင့် တစ်ယောက်ကိုတောင်မှ သတ်လိုက်သေးသည်။ ရင်တုန်ဖွယ်ကောင်းလှသည်။

လက်ရှိတွင် ချွီမိသားစုဝင်များအားလုံး တုန်လှုပ်နေကြပြီး ချွီကျီချန်လည်း ခြွင်းချက်မဟုတ်ပေ။ သူ့မျက်လုံးတွင်း၌ အတောမသတ်နိုင်သော ကြောက်စိတ်များ ပြည့်နှက်နေ၏။

ဤသို့သော ဂနာမငြိမ်သည့် ခံစားချက်မျိုး မဖြစ်ပေါ်လာသည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူတို့ ကြောက်လန့် လာကြသည်။

*အရူး*

*ရူးနေတာ*

*ဧကန္တ ယဲ့ဘုရင်ရဲ့ နောက်လိုက်တိုင်းက ဒီလိုမကောင်းဆိုးဝါးတွေလား*

ထိုစဉ် ထန်မင်လီက ချွီကျီချန်နှင့် အခြားသူများကို အလွန် ခက်ထန်သော မျက်နှာထားနှင့် ကြည့်လိုက်သည်။

“နတ်ဆိုးတွေရဲ့ သွေးနဲ့ ဆေးကြောနိုင်ပြီလို့ ဘယ်တော့မှ မယုံလိုက်နဲ့”

ရုတ်တရက် လူတိုင်း ရင်တုန်လာသည်။

“ကောင်းပြီလေ ငါ စိတ်ပြောင်းသွားပြီ၊ ငါ မင်းကို မသတ်တော့ဘူး၊ မင်း ယဲ့ဘုရင်ကို ယုံကြည်တယ် မဟုတ်လား၊ ငါ မင်းရှေ့တည့်တည့်မှာ သူ့ကို သတ်ပြမယ်”

“မင်း ယဲ့ဘုရင်ကို ယုံကြည်တယ် မဟုတ်လား၊ ငါ မင်းရှေ့မှာ သူ့မိဖုရားကို ငါ့လူတွေနဲ့ ပျော်ပါးခိုင်းမယ်”

*ဘာ*

ထိုစကားကိုကြားသော် ထန်မင်လီ၏ မျက်လုံးများ မီးဝင်းဝင်း တောက်သွားပြီး ကြမ်းကြုတ်ဟန်နှင့် မုန်းတီးဟန်တို့ ပြည့်နှက်လာသည်။

“မင်းက အရှင်မင်းမြတ်ကို စော်ကားရဲတယ်ပေါ့လေ၊ ခွင့်မလွှတ်နိုင်စရာပဲ၊ ခွင့်မလွှတ်နိုင်ဘူးကွ”

ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာ၏။ လက်ရှိတွင် ထန်မင်လီသည် ရူးသွပ်နေပြီး ချွီကျီချန်အား တိုက်ခိုက်၍ သတ်ဖြတ်ရန် ကြိုးစားလေသည်။

“ရူးနေပြီ၊ သူ့အသက်စွမ်းအင်ကို သူ တကယ်ကြီး လောင်ကျွမ်းစေတာလား”

အသက်စွမ်းအင်ကို လောင်ကျွမ်းစေခြင်းကြောင့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ ထန်မင်လီ အသက်ဆုံးရှုံး ရပေလိမ့်မည်။

လူတိုင်း အံ့အားသင့်နေကြသည်။ ချွီကျီချန်က ယဲ့ဖန်ကို စော်ကားလိုက်သောကြောင့် ထန်မင်လီက တုံ့ဆိုင်းခြင်းမရှိ မိမိ အသက်စွမ်းအင်ကို လောင်ကျွမ်းစေ၍ ချွီကျီချန်ကို သတ်ချင်နေသည်တဲ့လား။

*ရူးလွန်းနေပြီ*

သူ့ပုံစံက ချွီကျီချန်ကို နုတ်နုတ်စင်းချင်နေသည့်ပုံပင်။ သူ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါက ချက်ချင်း ထိုးတက် လာသည်။

သူ့လက်ထဲမှ နတ်ဓားကို ဒေါသတကြီး ဝှေ့ယမ်း၍ ချွီကျီချန်အား တိုက်ခိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူတော်စင်သခင်အဆင့်များ အော်ဟစ်လာပြီး အပြင်းအထန် ဒဏ်ရာရကာ နောက်ဆုတ်သွားကြသည်။

သူတို့၏ မျက်လုံးထဲတွင် အလွန် ကြောက်ရွံ့ဟန်များ ပေါ်လွင်နေ၏။ ယခုလေးတင် သူတို့အားလုံး ပြိုင်တူ တိုက်ခိုက်သော်လည်း ထန်မင်လီကို သူတို့ မတားနိုင်ခဲ့ချေ။ သူတို့သာ ခပ်မြန်မြန် ထွက်မပြေးနိုင်ခဲ့ပါက ဒဏ်ရာ အပြင်းအထန် ရရုံမျှနှင့် ပြီးမသွားနိုင်ပါ။

အစောပိုင်းက သူတို့၏ ဖိနှိပ်ခြင်းခံနေရသော ထန်မင်လီထံမှ ဤသို့‌ ကြောက်စရာကောင်းသော စွမ်းအင် ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မယုံနိုင်ပေ။

*ဒါတွေအားလုံးက ချွီကျီချန်က ယဲ့ဖန်ကို စော်ကားလိုက်မိလို့တဲ့လား*

*စကားလေးတစ်ခွန်းတည်းနဲ့ ထန်မင်လီက ရူးသွပ်သွားတယ်ပေါ့*

လက်ရှိတွင် ထန်မင်လီအား သားရဲတစ်ကောင်ဟု ထင်မှတ်မှားနေရသည်။ ထန်မင်လီရှေ့၌ ရပ်မိသည့် မည်သူမဆို မမျှော်လင့်ဘဲ သေသွားမည့်ပုံပင်။ သူ၏ ဓားချက်က အလွန်အမင်း ကြမ်းကြုတ်လှပြီး ချွီကျီချန်ထံ တန်းတန်းမတ်မတ် လာနေ၏။

ထိုအခါ ချွီကျီချန်က အပြုံးကြီး ပြုံးလေသည်။

“ဘာလဲ၊ မင်းက ကြိုးစားချင်နေသေးတာလား၊ မင်းတစ်ယောက်တည်းနဲ့လေ”

ရုတ်တရက် ကြီးမားသော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး မျက်စိကျိန်းလောက်သည့် လက်ဝါးတစ်ခုက ကောင်းကင်ထက်မှနေ၍ ထန်မင်လီထံ ကျရောက်လာသည်။

ဝုန်းခနဲ အသံနှင့်အတူ ထန်မင်လီ မြေကြီးပေါ် ရိုက်ကျသွားပြီး တစ်ကိုယ်လုံး ကျိုးကြေသွားသည်။ သူ၏ ခန္ဓာကိုယ် အပေါက်တိုင်းမှ သွေးများ စိမ့်ထွက်လာပြီး မြေပြင်တစ်ခုလုံး စိုရွဲကာ ဆိုးရွားသော ပုံစံနှင့် လဲနေ၏။

သူ၏ အသက်စွမ်းအင်ကို လောင်ကျွမ်းစေသော်လည်း နတ်ဘုရင်အဆင့်နှင့် ရင်ဆိုင်ရသောအခါ အချည်းနှီး ဖြစ်သွားရသည်။ ထို့နောက်တွင်မူ ချွီကျီချန်က ထန်မင်လီ၏ ခေါင်းကိုနင်း၍ သရော်လေသည်။

“မင်း ယဲ့ဘုရင်ကို ယုံကြည်တယ် မဟုတ်လား၊ အခု မင်း သေရတော့မယ်၊ မင်းရဲ့ ယဲ့ဘုရင်က ဘယ်မှာလဲကွ”

ထိုစကားကိုကြားသော် ထန်မင်လီက အားပါးတရ ရယ်မောလေသည်။

“သူ မင်းကို လာရှာမှာပါ၊ အဲ့နတ်ဆိုး ရောက်လာတဲ့အခါကျရင် မင်းရဲ့ ကံကြမ္မာက ထာဝရ အဆုံးသတ် သွားလိမ့်မယ်”

“မင်းရဲ့ ငိုကြွေးသံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်လာလိမ့်မယ်”

“မင်းရဲ့ အသွေးအသားတွေက မြေကြီးထဲ စိမ့်ဝင်ပြီး ပုပ်သိုးသွားမှာ”

“မင်းရဲ့ အရိုးက လေဒဏ်မိုးဒဏ်ကို ထာဝရ ခံရမှာကွ”

“မင်း မြေမြှုပ်စရာ အလောင်းတောင် မရှိတော့ဘဲ သေရလိမ့်မယ်”

သူ့စကားကြောင့် ချွီကျီချန်၏ အမူအရာ အကြီးအကျယ် ပျက်သွားပြီး ခက်ထန်သော မျက်နှာထား ဖြစ်သွားလေသည်။

“မင်းက‌ သေချင်နေတာပဲ”

ထို့နောက် သူသည် ဒေါသတကြီးဖြင့် ထန်မင်လီ၏ လက်မောင်းတစ်ဖက်ကို နင်းချေလိုက်သည်။

“ယဲ့ဘုရင်က အလကားကောင်၊ ယဲ့ဘုရင်ရဲ့ မိန်းမတွေအားလုံးက ခွေးမတွေလို့ ပြောစမ်း”

ချွီကျီချန်က ထန်မင်လီ၏ဦးခေါင်းအား ခွေးသေတစ်ကောင်ကို နင်းသကဲ့သို့ နင်း၍ တင်းမာသော မျက်နှာ အမူအရာနှင့် ပြောလာသည်။

“ယဲ့ဘုရင်က မင်းတို့အားလုံးကို သတ်မှာ၊ ယဲ့ဘုရင်က မင်းတို့အားလုံးကို သတ်မှာ”

သို့သော် ထန်မင်လီက အရူးသဖွယ် ရယ်မောနေပြီး နတ်ဆိုးဝင်ပူးခံထားရသကဲ့သို့ ထင်မှတ်မှားရပြီး မျက်လုံးများက သွေးဆာ၍ ခက်ထန်နေ၏။

“ပြောစမ်း ပြောစမ်း ပြောစမ်း”

ချွီကျီချန် ရူးမတတ် ဖြစ်နေသည်။ ဤပုရွက်ဆိတ်ကောင်က သူ့ကို မနာခံဘဲ နေရဲနေသည် မဟုတ်ပါတကား။ သူသည် ထန်မင်လီ၏ ကျောအား ဆက်တိုက် ကန်ကျောက်နေသဖြင့် သွေးများ ဒလဟော စိမ့်ထွက်နေပုံက ထိတ်လန့်ဖွယ် အတိပင်။

ထန်မင်လီ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လိမ်ပိန်လာပြီး အရိုးများ ကျိုးကြေနေ၏။ သူ အရှက်ကွဲသလို ခံစားရသောကြောင့် ဒေါသထွက်နေရသည်။ အဘယ်ကြောင့်ဆိုသော် ထန်မင်လီက နတ်ဘုရင်အဆင့် ဖြစ်သော သူ့အား တုန်လှုပ်အောင် လုပ်နိုင်သောကြောင့်ပင်။

ဤအဘိုးကြီး၏ ရူးသွပ်သော အပြုအမူက သူ့အား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေ၏။

နတ်ဆိုးတစ်ကောင်ပင် ဤသို့ ဖြစ်နေသဖြင့် အခြားနတ်ဆိုးများအားလုံးကလည်း ဤသို့ပင်လော။ ထိုသို့ဆိုလျင် မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။

သို့သော် ထန်မင်လီက စကားတစ်ခွန်းကိုသာ ထပ်တလဲလဲ ပြောနေသည်။

“ယဲ့ဘုရင်က မင်းတို့အားလုံးကို သတ်မှာ၊ ယဲ့ဘုရင်က မင်းတို့အားလုံးကို သတ်မှာ”

ထိုစကားမှတစ်ပါး အခြားစကားများကို သူ ပြောမည့်ပုံ မပေါ်ချေ။ သို့သော် အသံက တဖြည်းဖြည်း အားလျော့လာ၏။ သူ၏ အသက်စွမ်းအင်က သိသိသာသာ လျော့နည်းလာသည်။

*အရှင်မင်းကြီး ဒီလူအိုကြီး အရင်သွားနှင့်ပါတော့မယ်*

ထိုစဉ် ချွီကျီချန်အား သူ့လူတစ်ယောက်က သတိပေးလာသည်။

“မိသားစုခေါင်းဆောင် ဒီမှာ ထပ်အချိန်ကုန်နေလို့ မဖြစ်ပါဘူး၊ မဟုတ်ရင် ဟိုနှစ်ယောက် လွတ်သွားပါလိမ့်မယ်”

ချွီကျီချန်က ထန်မင်လီ၏ မျက်နှာကို ရွံသလို တံတွေးဖြင့် ထွေး၍ အေးစက်စက် ပြောလိုက်သည်။

“သူ့ကို ခေါ်လာခဲ့၊ သူ့ကို မသေစေနဲ့၊ သူ အသက်ရှင်နေရင် ငါ့အတွက် အသုံးဝင်နိုင်သေးတယ်”

….

ထိုသို့သောအချိန်၌ ထျဲမူထားက လင်းလန်ကို ပွေ့ချီ၍ ယွဲ့မိသားစု၏ အိမ်တော်ဘက်သို့ အသည်းအသန် ထွက်ပြေးနေသည်။

“အဘိုးထန် တစ်ယောက်တည်း အဲ့ဒီမှာ ဖြစ်ပါ့မလား”

လင်းလန်က စိုးရိမ်တကြီး‌ မေးလာသည်။

“သူ ဘာဖြစ်သွားမှာလဲဟင်”

“သူ သေလိမ့်မယ်”

ထျဲမူထားက ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် ပေါ့ပေါ့ပါးပါး ပြောလာ၏။ ထိုစကားကြောင့် လင်းလန်၏ မျက်နှာ ဖြူရော်သွားပြီး မယုံနိုင်သလို ပြောလိုက်သည်။

“သူ သေချာပေါက် သေမယ်ဆိုရင် ဘာလို့ သူက ကျန်နေခဲ့တာလဲ”

“ဘာလို့လဲဆိုတော့ အဲ့လူအတွက် သူ အသက်ပေးချင်စိတ် ရှိလို့ပေါ့၊ ကျုပ်တို့အားလုံး အဲ့လူအတွက် သေရဲတယ်”

ထျဲမူထားက တည်ငြိမ်စွာ ရှင်းပြလေသည်။ လင်းလန် ထိတ်လန့်သွားပြီး ကြောက်ရွံ့သော အမူအရာ ဖြစ်သွားသည်။

*ယဲ့ဖန်က ဘယ်လိုလူမို့လို့ ဒီလို ထူးချွန်တဲ့လူတွေကို သူ့အတွက် အသေခံရဲအောင် လုပ်နိုင်ရတာလဲ*

*အဲ့လူမှာ ဘယ်လို ဩဇာမျိုး ရှိနေတာလဲ*

ထိုအခိုက်တွင် ထျဲမူထားက တစ်ခုခုကို သတိထားမိသွားပုံရပြီး ပြေးနေရာမှရပ်ကာ လင်းလန်ကို အောက်သို့ ချလိုက်သည်။ လင်းလန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

ထျဲမူထားက မရှင်းပြဘဲ အရပ်မျက်နှာတစ်ခုကို ညွှန်ပြ၍ ပြောလာသည်။

“အဲ့ဘက်ကို ပြေးသွား၊ လမ်းပေါ်က ကားတစ်စီးကို ရှာပြီး သူ့ကို လိုက်ရှာပါ”

လင်းလန်သည် ထက်မြက်သူ ဖြစ်သောကြောင့် ထျဲမူထား၏ စကားကို ချက်ချင်း နားလည်သွားပြီး မျက်နှာပျက် သွားသည်။

*အဲ့လူတွေ မီလာပြီပဲ*

*ဒါဆို ထန်မင်လီ သေသွားပြီလို့ ဆိုလိုတာပေါ့*

အစောပိုင်းလေးတင် သူမနှင့် စကားပြောနေသော အဘိုးအိုကို ပြန်စဉ်းစားမိပြီးနောက် လင်းလန် မယုံနိုင်စရာ ကောင်းသည်ဟု တွေးနေမိသည်။

သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း ထန်မင်လီက သူမကို ကာကွယ်ရန် အသေခံသွားခဲ့သဖြင့် မယုံနိုင်စရာ ကောင်းလှသည်။ ယခု ထျဲမူထားကလည်း သူ့နည်းတူ လုပ်ရန် စဉ်းစားနေသလော။

“ကျွန်မ မသွားချင်ဘူး အတူတူ သွားရအောင်”

လင်းလန် ခေါင်းမာမာဖြင့် ပြောလိုက်သည်။ သူမကြောင့် တစ်ယောက် သေသွားခဲ့ပြီ ဖြစ်သဖြင့် သူမ ဘယ်လိုလုပ် ထျဲမူထားကို ထန်မင်လီကဲ့သို့ အဖြစ်ခံနိုင်ပါမည်နည်း။ သူမ၏ အသိစိတ်က ၎င်းကို တောင့်မခံနိုင်ပါ။

“မိဖုရားကြီး ကျွန်တော်တို့ အတူတူသွားရင် ဘယ်သူမှ မလွတ်နိုင်ဘူး”

ထျဲမူထားက မချိပြုံးပြုံး၍ ပြောလေသည်။

“ခင်ဗျားကို ကာကွယ်တာက အရှင်မင်းကြီး ကျွန်တော်တို့ကို ယုံကြည်လို့ ပေးအပ်ထားတဲ့ တာဝန်ပါ၊ ခင်ဗျားမှာသာ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ အပြစ်တင်ခံရလိမ့်မယ်”

လင်းလန် အံ့အားသင့်သွားသည်။

“ရှင်တို့ သေမှာကို မကြောက်ဖူးလား”

“သေတာကိုလား”

ထျဲမူထားက ရယ်၍ ပြောပြသည်။

“ကျွန်တော် သေမှာထက် အဲ့လူ ကျွန်တော့်ကို ပြောဆိုမှာကို ပိုကြောက်တယ်”

ထို့နောက် သူ့မျက်နှာက တင်းမာလာပြီး အစောက နေရာကိုသာ ညွှန်ပြ၍ ခပ်မာမာ ပြောလိုက်သည်။

“အချိန်ဖြုန်းမနေနဲ့၊ သူ့ဆီသွား၊ ဒီမှာ ဘာဖြစ်ခဲ့သလဲ သူ့ကိုပြောပြလိုက်ပါ”

“ကျွန်တော်နဲ့ အဘိုးကြီးတို့ သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးလို့ ပြောပြလိုက်ပါ”

“သူ ကျွန်တော်တို့အတွက် လက်စားချေလိမ့်မယ်၊ မိဖုရားကြီး ထန်မင်လီနဲ့ ကျွန်တော်တို့ စတေးခံတာကို အလကား မဖြစ်ပါစေနဲ့”

လင်းလန် မျက်ရည်လည်ရွဲ ဖြစ်လာပြီး တစ်ခဏမျှ တွေဝေနေပြီးနောက် တစ်ဖက်လှည့်ကာ ထျဲမူထား ညွှန်ပြသော ဘက်သို့ ပြေးသွားတော့သည်။

ထိုအခါတွင်မှ ထျဲမူထားက နောက်လှည့်၍ တစ်နေရာသို့ ဦးတည်၍ လျှောက်သွားသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု တွဲခိုနေ၏။

“အသိဉာဏ်ရှိတဲ့သူက ရေပန်းစားမှုကို ဘယ်လို ခိုးယူရမလဲ သိတာပဲလေ၊ စိတ်ရင်းကောင်းပြီး အသေခံတဲ့လူက ငါ့လိုလူပဲ ဖြစ်သင့်တာ၊ တမလွန်လမ်းမှာ ဖြည်းဖြည်းချင်း လျှောက်နေရင်တော့ ကျုပ်တို့တွေ အချင်းချင်း မီပြီး အဖော်ရတာပေါ့”

ထိုစဉ် ချွီကျီချန်နှင့် အခြားသူများကလည်း ပြုံးဖြဲဖြဲဖြင့် ထျဲမူထားထံ လှမ်းလာနေ၏။ ထျဲမူထား၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။

“အဘိုးကြီး ခင်ဗျား ခုနက ပြောတဲ့စကားကို ကျုပ် သဘောကျတယ်၊ သေမျိုးတစ်ယောက်ရဲ့ ဘဝမှာ သေခြင်းတရားဆိုတာ ရှိတာပဲလို့ ပြောခဲ့တယ်မလား၊ မသေဘူးဆိုရင် ဘာအတွက် အသက်ရှင်နေတာလဲ”

“အဲ့ဒါကြောင့် ကျုပ် ပြောတာ သေမျိုးက သေမျိုးပါပဲလို့”

All Chapters