← Chapters

အခန်း ၁၄၈၅

Vol. 99 Ch. 1485

အခန်း ၁၄၈၅

Vol. 99 Ch. 1485

Chapter 1485 ရှုကျိုးကို လာတဲ့လူတိုင်း သေရမယ်

“ကျုပ်တို့ ကောင်းကောင်း သရုပ်မဆောင်ရင်လည်း ဘယ်ဖြစ်မလဲ၊ ကျုပ်တို့သာ အရမ်း ဒေါသထွက်မနေရင် ဒီအရူးက ဘယ်လိုလုပ် အလွယ်တကူ အရူးလုပ်ခံမလဲ”

ထိုလက်အောက်ငယ်သားများက ညစ်ကျယ်ကျယ် ရယ်ကြသည်။ ထိုစကားကိုကြားသော် နလန်ရှောင်က ရယ်၍ ငေါက်လိုက်သည်။

“ခွေးသားလေးတွေ မင်းတို့တွေက ဘော့စ်ဆီကနေ ရေပန်းစားတာကို ခိုးယူချင်တယ်ပေါ့လေ”

ဤမြင်ကွင်းက နာမည်ကျော် ဓားစံအိမ်မှ လူများကို ကြက်သီးထသွားစေပြီး သူတို့အားလုံး၏ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။

*ဒါ ဘာလဲ*

*ဒီလူတွေက သူတို့ သေမှာကို သိနေတာတောင် နောက်နေနိုင်သေးတာလား*

“သေစမ်း၊ ခွေးမသားတွေ သေလိုက်တော့”

အဖြူရောင်ဝတ်စုံနှင့်လူသည် ဒေါကန်သွားပြီး အံကြိတ်၍ နလန်ရှောင်၏ လက်အောက်ငယ်သားတစ်ယောက်အား တစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သည်။

“ရွှစ်”

သွေးများပန်းထွက်လာပြီး ထိုလူ ချက်ချင်း သေဆုံးသွားလေသည်။ ထို့နောက်တွင်မူ အဖြူရောင်ဝတ်စုံနှင့်လူက အခြားသူများထံ လျှောက်သွားပြီး လက်ထဲမှ ဓားရှည်ဖြင့် လိုက်သတ်လေတော့သည်။ သူက အပြုံးကြီး ပြုံးနေလိုက်သေးသည်။

“ရယ်လေ ငါ့ကို ထပ်ရယ်ကြဦးလေ၊ အမှိုက်ကောင်တွေ သေပေတော့”

နလန်ရှောင်သည် သူ့လူ တစ်ယောက်ပြီး တစ်ယောက်အား အဖြူရောင်ဝတ်စုံနှင့်လူက သတ်နေသည်ကို မတတ်သာစွာ ကြည့်နေရသည်။

“ဘော့စ် ကျုပ် တမလွန်ကို အရင် သွားလိုက်ဦးမယ်၊ နောက်လည်း ညီအစ်ကိုတွေ ထပ်ဖြစ်ကြတာပေါ့”

သွေးအိုင်ထဲ လဲကျသွားသော လက်အောက်ငယ်သား တစ်ယောက်က နလန်ရှောင်ကို ပြုံးပြလေသည်။ နလန်ရှောင်၏ မျက်လုံးတွင် မျက်ရည်တို့ဖြင့် စိုစွတ်လာပြီး ဝမ်းနည်းနေသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ မင်း အရင်သွားနှင့်၊ ငါ မကြာခင် လိုက်လာခဲ့မယ်”

“ရွစ်”

ထိုလူသည်လည်း အဖြူရောင်ဝတ်စုံနှင့်လူထံ၌ ခေါင်းဖြတ်ခံလိုက်ရသည်။ ထို့နောက်တွင်မူ အဖြူရောင်ဝတ်စုံနှင့်လူက နလန်ရှောင်၏ ဦးခေါင်းကို ပြန်နင်းလာပြီး လည်ပင်းကို ဓားဖြင့်ရွယ်၍ ခြိမ်းခြောက်လေသည်။

“ငါ မင်းကို‌ နောက်ဆုံး အခွင့်အ‌ရေး ပေးမယ်၊ ယဲ့ဘုရင် ဘယ်မှာလဲဆိုတာ ငါ့ကို‌ ပြောမလား၊ အသေခံမလား”

နလန်ရှောင်က လှောင်ရယ်လိုက်သည်။

“မင်း ရူးမိုက်တဲ့ အမှားသုံးခု လုပ်ခဲ့တာပဲ”

“တစ် မင်း နတ်ဆိုးတွေကို သေခြင်းတရားနဲ့ ခြိမ်းခြောက်တာ”

“နှစ် မင်း နတ်ဆိုးတွေကို အညံ့ခံလာအောင် ပြောဖို့ ကြိုးစားတာ”

“သုံး မင်း နတ်ဆိုးတွေကို သတ်ရဲတာပဲ”

နတ်ဆိုးတွေက သေရမည်ကို မကြောက်ပါ၊ နတ်ဆိုးတွေက အညံ့မခံပါ။ နတ်ဆိုးတွေက လက်စားချေတတ်၏။

ထိုစကားက အဖြူရောင်ဝတ်စုံနှင့်လူအား မျက်လုံးမီးတောက်သွားစေပြီး လူသတ်ချင်စိတ်ကို ပိုတိုးလားစေသည်။

“ကောင်းပြီလေ မင်းက သေချင်နေမှတော့ … ငါ ဖြည့်ဆည်းပေးရမှာပေါ့၊ ငါ မင်းကို သတ်ပြီးရင် မင်းရဲ့ နတ်ဆိုးတွေ ဘာလုပ်နိုင်မလဲ ကြည့်ရတာပေါ့”

ထို့နောက် ဓားသွားအား နလန်ရှောင်၏ လည်ပင်းနား တိုးကပ်၍ လှီးဖြတ်လိုက်သည်။

“နတ်ဆိုးဧကရာဇ်က မသေနိုင်ဘူး၊ နတ်ဆိုးမျိုးနွယ် အဓွန့်ရှည်ပါစေ”

နလန်ရှောင် မာန်ပါပါ ကြွေးကြော်ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ သူ အေးအေးလူလူ အသေခံပေတော့မည်။ အကြောင်းမှာ ယဲ့ဖန်က သူ့အတွက် လက်စားချေမည်ကို သူ သိနေသောကြောင့်ပင်။ သူ့ကို သတ်လိုက်ပါက နာမည်ကျော် ဓားစံအိမ်တစ်ခုလုံး သူနှင့်အတူ မြေမြှုပ်ခံရပေတော့မည်။ သူ

“ရွှစ်”

အေးစက်စက် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး လေနှင့်အတူ သွေးစက်များ လွင့်စဉ်လာ၏။ နလန်ရှောင်သည် သူ့မျက်နှာအား ခပ်နွေးနွေး အရည်တစ်ခု စဉ်လာသည်ကို ခံစားမိပြီး သူ ရင်းနှီးနေသော သွေးစက်ဖြစ်ကြောင်း သိလိုက်သည်။

နလန်ရှောင်သည် သေရလိမ့်မည်ဟု တွက်ထားကာ အချိန်အတော်ကြာ စောင့်ပါသော်ငြားလည်း ရောက်လာသင့်သော သေခြင်းတရားက ရောက်မလာချေ။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အဖြူရောင်ဝတ်စုံနှင့်လူက သူ့လည်ပင်းကိုအုပ်၍ ခြောက်ခြားနေသော မျက်လုံးများနှင့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။ သူ့လက်များ ကြားထဲမှ သွေးများ စီးကျလာ၏။

ဓားချက်က လည်မျိုကို ဖြတ်သွားသော်လည်း အဖြူရောင်ဝတ်စုံနှင့်လူ၏ လည်ပင်းကိုသာ ဓားချက်က ဖြတ်သွားလေသည်။

*ဒါက*

နလန်ရှောင် အံ့ဩသွားသည်။

*ဘာဖြစ်သွားတာလဲ*

“အစ်ကိုကြီး”

နာမည်ကျော် ဓားစံအိမ်မှ ဂိုဏ်းသားများ မျက်လုံးပြူးကာ မယုံနိုင်ဟန်များ ဖြစ်ပေါ်လာသည်။ သူတို့ ဘာဖြစ်သွားသလဲ လုံးဝ မမြင်လိုက်ပေ။ အဘယ်ကြောင့် သူတို့၏ စီနီယာအစ်ကိုက ဤသို့ ဖြစ်သွားရသနည်း။

ဤအဖြစ်ကြောင့် ကျောချမ်းဖွယ်ကောင်းသော ထူးဆန်းမှုတစ်ခု ဖြစ်လာရသည်။

“ဒုန်း”

ထိုသို့သောအချိန်၌ အဖြူရောင်ဝတ်စုံနှင့်လူသည် ရှေ့သို့ ဒူးထောက်ကျသွားပြီးနောက် သူ့ကိုယ်က မြေကြီးပေါ် ဘုန်းခနဲ လဲကျကာ အချိန်တိုအတွင်း သေဆုံးသွားလေသည်။

သူသည် သူတော်စင်သခင်အဆင့် ဖြစ်သည်။ သို့ရာတွင် သူသည် တစ်စုံတစ်ယောက်ကြောင့် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။ အစမှအဆုံးတိုင် တိုက်ခိုက်လာသူက မည်သူမှန်း သူ မမြင်လိုက်ပေ။ သူ စိတ်ပင် မဖြောင့်သွားချေ။

ဤသည်ကိုကြည့်ပြီး ဂိုဏ်းသားများ အံ့ဩမှင်တက်သွားကာ မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များ ပြည့်နှက် လာ၏။

*ဒီမှာ အခြားသူတွေ ရှိကိုရှိရမယ်*

“ဒေါက် ဒေါက် ဒေါက် ...”

ထိုသို့သောအချိန်၌ ထည်ဝါ၍ အရပ်ရှည်သော လူတစ်ယောက်က ဘားထဲသို့ ဝင်လာသည်။ သူ့မျက်လုံးများက အေးစက် မာကြောနေပြီး နတ်ဘုရားများပင် ကြောက်လန့်သွားအောင် လုပ်နိုင်ပေသည်။

သူ့ကိုမြင်လိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။ တစ်ဖက်လူက တစ်ယောက်တည်း ဖြစ်သော်လည်း စစ်တပ်တစ်တပ် ချီတက်လာသော ခံစားချက်မျိုး ပေးစွမ်းနေသည်။

လက်ရှိတွင် သူတို့အားလုံး အကြောသေသလို ဖြစ်နေပြီး မလှုပ်ရဲကြချေ။ ရှေ့၌ ချောက်နက်ကြီး ရှိနေသည်ဟုပင် ထင်မှတ်မှားရသည်။ နောက်ဆုတ်လျင် ငရဲသို့ ကျမည်ဟု ခံစားနေရသည်။

“မင်းက ငါတို့ နာမည်ကျော် ဓားစံအိမ်ရဲ့ ပါရမီရှင်ကို သတ်ရဲတယ်ပေါ့လေ၊ မင်း တော်တော် အတင့်ရဲပါလား”

“ဟေ့ကောင် မင်းနာမည် ပြောစမ်း၊ နာမည်မသိတဲ့ကောင်တွေကို ငါ့ဓားနဲ့ မခုတ်နိုင်ဘူး”

ရုတ်တရက် ဒေါသတကြီး ပြောဆိုသံနှစ်သံ ထွက်ပေါ်လာ၏။ နာမည်ကျော် ဓားစံအိမ်မှ ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်တို့က သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် ပြိုင်တူ ထွက်လာသည်။

သူတို့ ဒေါသထွက်နေကြသည်။ သူတို့ ရင်မိသားစုထံ ခစားပြီးကတည်းက အခြားသူများကို သတ်သည့်သူက သူတို့သာ ဖြစ်ခဲ့ပြီး မည်သူမှ သူတို့ကို မတိုက်ခိုက်ရဲပေ။ သို့ရာတွင် ဤမျိုးမစစ်ကောင်က သူတို့ တပည့်ကို သတ်ချင်နေသည်တဲ့လား။

အသတ်ခံလိုက်ရသည့်သူက သူတို့၏ ဆက်ခံသူအဖြစ် လေ့ကျင့်ပေးခဲ့သော အသန်မာဆုံး ပါရမီရှင် ဖြစ်သည်။ ဤအတွက် လုံးဝ ခွင့်မလွှတ်နိုင်ပါ။

ကျောင်းအုပ်နှစ်ယောက်ကို မြင်လိုက်ပြီးနောက် ဂိုဏ်းသားများသည် ကျောထောက်နောက်ခံကို ရှာတွေ့ သွားပုံရပြီး သူတို့၏ မျက်နှာတွင် ရက်စက်ဟန်များ ပြန်ပေါ်လာကာ ယဲ့ဖန်အား စူးစိုက်ကြည့်လာ၏။

ထိုအခိုက်တွင် နလန်ရှောင် မှင်တက်နေလေသည်။ ယဲ့ဖန် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။

ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နှက်လာပြီး သူ့ပုံစံက အမှားလုပ်မိသော ကလေး တစ်ယောက်နှင့် တူနေသည်။

“အရှင်မင်းကြီး ကျုပ်ညီအစ်ကိုတွေ … သူတို့အားလုံး …”

*အားလုံး သေကုန်ပြီ*

ထိုစကားလုံးအား သူ ဆက်ပြောနိုင်သည့် သတ္တိမရှိတော့ဘဲ ငိုကြွေးလိုက်မိသည်။

“အရှင်မင်းကြီးလား”

ထိုစကားကိုကြားသော် နာမည်ကျော် ဓားစံအိမ်သည် တစ်ခဏမျှ အံ့ဩနေပြီးမှ သဘောပေါက်သွားကာ ဘားတစ်ခုလုံး တိတ်ဆတ်သွားသည်။ သိချင်စိတ်နှင့် ထိတ်လန့်စိတ်တို့ ရောပြွမ်းနေသော မျက်လုံးများက ယဲ့ဖန်အပေါ် ကျရောက်လာ၏။

*ဒီလူက ယဲ့ဘုရင်လား*

*ဒီလူက ဒီအရူးတွေ အကြိမ်ထောင်သောင်းမက အသတ်ပေးချင်နေတဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ ခေါင်းဆောင်လား*

ထို့နောက်တွင်မူ ကျောင်းအုပ်နှစ်ယောက်က စဉ်းလဲသော အပြုံးမျိုး ပြုံးလာသည်။

“ဒီတော့ မင်းက ယဲ့ဘုရင်ပေါ့၊ မင်းက ရဲရင့်ပြီး အတိုက်အခိုက်ကောင်းတယ် ပြီးတော့ မင်းက ပြိုင်ဘက်ကင်းတယ်လို့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာ၊ ဒါပေမဲ့ ငါ့နာမည်ကျော် ဓားစံအိမ်က အဲ့တာတွေကို မယုံဘူးကွ”

“မင်းခေါင်းကို ငါတို့ နာမည်ကျော် ဓားစံအိမ်က ဖြတ်ယူမယ်ကွ”

ရုတ်တရက် ကျောင်းအုပ်နှစ်ယောက်က ပြိုင်တူ တိုက်ခိုက်လာသဖြင့် ပြင်းထန်သော ဓားချီစွမ်းအင်က မုန်တိုင်းသဖွယ် ပျံ့လွင့်လာကာ အရှေ့မှ ယဲ့ဖန်အား ချက်ချင်း ဖုံးလွှမ်းသွားသည်။

ဘားတစ်ခုလုံး နှစ်ပိုင်းပြတ်တော့မယောင် အပြင်းအထန် တုန်ခါလာ၏။ ဤသည်ကိုမြင်သော် ဂိုဏ်းသားများ အားလုံး စိတ်လှုပ်ရှားလာပြီး ကောက်ကျစ်သော အမူအရာများ ဖြစ်လာကြသည်။

“ကျောင်းအုပ်နှစ်ယောက်လုံး လှုပ်ရှားတော့မယ်၊ ဒီယဲ့ဘုရင်တော့ သေချာပေါက် သေမှာပဲ၊ ဒီနေ့တော့ ယဲ့ဘုရင်ရဲ့ ပြိုင်ဘက်ကင်းဆိုတဲ့ ဒဏ္ဍာရီက ငါတို့ နာမည်ကျော် ဓားစံအိမ်ရဲ့ လက်ထဲမှာ တစ်စစီ ပျက်စီးတော့မယ်”

“ဟေ့ ဒါ ကိုယ့်ကိုယ်ကိုယ် နာမည်တွင်အောင် လုပ်နိုင်မယ့် အခွင့်အရေးပဲ၊ အားလုံး အံ့ဩနေတာကိုရပ်ပြီး ကျောင်းအုပ် နှစ်ယောက်နဲ့အတူ သွားတိုက်သင့်တယ်ကွ”

“သတ်ကြ၊ အဲ့ကောင်ကို သတ်နိုင်တာနဲ့ ငါတို့ နာမည်ကျော် ဓားစံအိမ်က နောက်ဆို ရင်မိသားစုရဲ့ လူယုံ ဖြစ်လာမှာ”

ထိုအခိုက်တွင် ဂိုဏ်းသားများအားလုံးက ဓားများကို ဆွဲထုတ်ကာ ထောင်ချီသော မြားများသဖွယ် ယဲ့ဖန်အား အတူတူ တိုက်ခိုက်ကြလေသည်။

“ငါ့ညီအစ်ကိုကို သတ်တယ်၊ ငါ့နောက်လိုက်တွေကို သတ်တယ်၊ မင်းတို့က ဟုတ်လှချည်လား”

ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။

“ဒီနေ့ ရှုကျိုးကို ဝင်လာတဲ့သူတိုင်း သေရမယ်”

ချက်ချင်းဆိုသလိုပင် သူ ခြေတစ်ဖက်ကို ဆောင့်လိုက်သည်။ ထိုအခါ အနက်ရောင် မြူခိုးများက ကောင်းကင်ယံအထိ ထိုးတက်သွားပြီး ငရဲခန်း ပေါ်လာသည်ဟုပင် ထင်မှတ်ရသည်။

“ဝုန်း”

အသံနှင့်အတူ ဘားတစ်ခုလုံး၏ တံခါး ပွင့်ထွက်သွားသည်။ အမျိုးအမည်မသိသော တိမ်စိုင်သဖွယ် ဖြစ်နေသော အရာဝတ္ထုက ဘားထဲသို့‌ တိုးဝင်လာသည်။

၎င်းတို့သည် ပုလ္လင်အောက်၌ ဖိနှိပ်ခံထားရသည့် ထောင်သောင်းချီသော သရဲတစ္ဆေများ ဖြစ်လေသည်။ လက်ရှိတွင် အရေအတွက်က များပြားလွန်းသဖြင့် ကြက်သီးတဖြန်းဖြန်း ထစရာ ကောင်းလှသည်။

*ဒါကြီးက*

ဤသည်ကိုမြင်သော် နာမည်ကျော် ဓားစံအိမ်မှလူတိုင်း မျက်နှာပျက်သွားကြသည်။ ဆယ်ကောင်၊ အကောင် တစ်ရာ၊ တစ်ထောင်။

တစ်ခဏအတွင်း ထောင်ချီသော သရဲများ ဘားထဲသို့ တိုးဝင်လာကြသဖြင့် မူလကတည်းက ကြီးမားသော ဘားသည် ချက်ချင်း ပြည့်ကျပ်သွားလေသည်။

“အရူး သရဲတစ်သိုက်ကို အားကိုးရုံနဲ့ ငါတို့ကို တားနိုင်မယ်လို့ ထင်နေတာလား၊ ဟာသပဲ”

ကျောင်းအုပ်နှစ်ယောက်က ထရပ်လိုက်ပြီး ဓားကိုဝင့်၍ အရှေ့ကို ထိုးခွင်းလေသည်။ ချက်ချင်းဆိုသလိုပင် ဒါဇင်ချီသော သရဲများ ပြာဖြစ်သွားတော့သည်။

“ကျောင်းအုပ်က မိုက်တယ်ဗျို့”

ဤသည်ကိုမြင်သော် ဂိုဏ်းသားများ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာသည်။ ထိုဓားချက်က ပြင်းထန်လွန်းပြီး တိုက်ခိုက်လိုက်သည်နှင့် တစ်ဖက်လူအား အပြင်းအထန် ထိခိုက်စေသည်။

သို့သော် မကြာခင်မှာပင် သူတို့၏ အပြုံးများ အေးခဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော် သရဲများက ဘားထဲသို့ တိုးဝင်လာနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ဆယ်ကောင်ကျော် သတ်လိုက်သော် အကောင်တစ်ရာ ဝင်လာ၏။ အရေတွက်က တိုးမြင့်နေဆဲပင်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

သူတို့ သွေးပျက်နေ၏။ အကောင်ထောင်ချီကို သူတို့ ရင်ဆိုင်နိုင်ပါ၏။ သို့သော် တစ်ဖက်လူက သရဲအကောင် မည်မျှ များများကို သယ်လာသနည်း။

ထိုအခိုက်တွင် ဘား၏ ခေါင်မိုး ပွင့်ထွက်သွားသည်။ ဆက်လိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နာမည်ကျော် ဓားစံအိမ်မှ လူများအားလုံး ဆောက်တည်ရာမရ ဖြစ်သွားကြသည်။

သူတို့၏ ဦးခေါင်းထက်တွင် လက်ငါးချောင်းကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်နေသည့် အမှောင်ထုကို တွေ့မြင်လိုက်ရသည်။ မည်သည့် ကြယ်ရောင်၊ လရောင်ကိုမျှ သူတို့ မမြင်ရပါ။

အဘယ်ကြောင့်ဆိုသော် လေထဲတွင် မရေတွက်နိုင်သော သရဲများ ဝဲနေပြီး ကောင်းကင်ယံကို ဖုံးအုပ်နေ သောကြောင့်ပင်။

ထောင်သောင်းချီသော မျက်လုံးများက အောက်သို့ ပြိုင်တူငုံ့ကြည့်နေပုံက အလွန် တင်းမာခက်ထန်နေပြီး ကြောက်စရာ ကောင်းလှသည်။

“ဒါ ဘာကြီးလဲ”

ကျောင်းအုပ်သည် ရုတ်တရက် ထအော်လာပြီး မျက်နှာတွင် အတောမသတ်နိုင်သော သွေးပျက်မှုများ ပေါ်လွင် လာသည်။

“ဝူး…ဟူး…”

ထိုအခိုက်တွင် သရဲတစ္ဆေတစ်ကောင်ချင်းဆီက အောက်သို့ ငုံ့ဆင်းလာပြီး သူတို့အား သည်းကြီးမည်းကြီး သတ်ဖြတ် လေတော့သည်။

“ဒီနေရာက ထွက်သွားစမ်း”

ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်တို့ ချက်ချင်း ခြောက်ခြားသွားပြီး ဓားများကို ဝှေ့ယမ်း၍ ထိုသရဲများထံ ပြေးတက်သွားကြသည်။ သို့ရာတွင် ထိုအခြင်းအရာက အချည်းနှီးပင်။

ရာချီသော သရဲများကို သတ်ပြီးနောက် ဤမိစ္ဆာဝိညာဉ်များသည် သူတို့ထံ ဆင်းသက်လာပြီး ချက်ချင်း ဝိုင်းလာလေသည်။

“ရွှစ်”

သွေးများ ငေါခနဲ ပန်းထွက်လာ၏။ ဒုကျောင်းအုပ်၏ လက်မောင်းကို သရဲတစ်ချို့က ချက်ချင်း ကိုက်ဖြတ်၍ စားသောက်လေသည်။

“အား…. ခွေးမသားတွေ မင်းတို့က ငါ့ကို နာအောင် လုပ်ရဲတယ်လား၊ သေကြစမ်းကွာ”

ဒုကျောင်းအုပ် ဒေါသထွက်သွားပြီး နောက်လက်တစ်ဖက်ဖြင့် ထိုသရဲများကို ရိုက်ထုတ်လေသည်။ ထိုသရဲများ ချက်ချင်း အမှုန့်ဖြစ်သွားသည်။ သို့သော် ဒုကျောင်းအုပ်၏ လက်က လုံးဝ အစားခံလိုက်ရပြီး အသားများ ဖွာလန်၍ အရိုးများ ပေါ်နေသည်။

စာစဉ် ၉၉ ဤတွင် ပြီးပါပြီ။

All Chapters