အခန်း ၁၄၈၇
Vol. 100 Ch. 1487
Chapter 1487 မြေကမ္ဘာ၏ သားတော်
*သတ်လိုက် ဟုတ်လား*
ထိုစကားကိုကြားသော် ချွီမိသားစုဝင်များအားလုံး အံ့ဩသွားပြီးနောက် ချက်ချင်း ဝါးလုံးကွဲမတတ် ထရယ်လေသည်။
“သွားပြီး နောက်ထပ် အရူးတစ်ယောက်ပါလားကွ”
“အာ … အရူးကိုး၊ မင်းက ဒီည ငါတို့ သတ်တာခံရမယ့် ရှစ်ဆယ့်တစ်ယောက်မြောက်လူဆိုတာ မင်း သိလား၊ သူတို့အားလုံး မင်းလို ယုံကြည်မှုရှိနေတာပဲ၊ နောက်တော့ သူတို့အားလုံး သေသွားတာပါပဲ”
“မင်းက သေချင်နေမှတော့ ငါတို့က မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ထိုသို့ပြောပြီးနောက် သူတို့သည် လက်နက်များကို ဆွဲထုတ်၍ ယဲ့ဖန်ထံ လှမ်းလာကြသည်။ သို့သော် ထိုအခိုက်တွင် ကြောက်စရာကောင်းသော လေဆင်နှာမောင်း တိုက်ခတ်လာ၏။
ကောင်းကင်ယံမှ လေပြင်းတိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လူတိုင်း တအံ့တဩ ခေါင်းမော့ကြည့် လိုက်သောအခါ သေမတတ် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ထောင်သောင်းချီသော သရဲတစ္ဆေများက စဉ်းလဲစွာ ပြုံး၍ ကြောက်စရာကောင်းလောက်အောင် ရယ်နေကြသည်။
“အား…”
ရုတ်တရက် အော်သံတစ်သံ ထွက်ပေါ်လာ၏။ သရဲတစ်ကောင်က လူတစ်ယောက်ထံ ပြေးဝင်သွားပြီး သူ့မျက်နှာကို စုတ်ဖြဲလာသည်။ ထို့နောက်တွင်မူ ချွန်ထက်သော သွားစွယ်များဖြင့် သူ့လည်ပင်းကို ကိုက်ဖြတ် လိုက်သည်။
သွေးများက ရေပန်းသဖွယ် ငေါက်ခနဲ ပန်းထွက်လာ၏။ အဆိုပါ မြင်ကွင်းက ကြောက်စရာ ကောင်းလှသည်။
“ဘာ…”
ထိုလူများအားလုံး ရုတ်တရက် မျက်နှာပျက်သွားပြီး ကြောက်လန့်ဟန်များ ပေါ်လာသည်။ လက်ရှိတွင် သူတို့အားလုံး ပြေးရန်ပင် မတွေးရသေးဘဲ ထောင်ချီသော သရဲတစ္ဆေများက တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။
ညကောင်းကင်ယံတွင် အော်သံများ ချက်ချင်း ပဲ့တင်ထပ်သွားသည်။
“အား … အား … အား … ငါ့လက်၊ ဒါ ဘာတွေလဲ၊ လာကြပါဦး၊ လုပ်ကြပါဦး”
“ရန်သူ တိုက်ခိုက်တယ်၊ ကယ်ကြပါ၊ ကယ်ကြပါဦးဗျို့”
“ငါ အစားမခံချင်ဘူး၊ ငါ့ကို လွှတ်ပါ”
ကြောက်လန့်၍ ဒေါသတကြီး ပြောဆိုသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ ဤလူများသည် သူတို့၏ ရက်စက်သော လုပ်ရပ်များအတွက် ထိုက်ထိုက်တန်တန် ပေးဆပ်နေရလေပြီ။ အမြဲ သူတစ်ပါးကိုသာ သတ်ခဲ့သော လူသတ်သမားများ ပြန်အသတ်ခံနေရသည်။
ယဲ့ဖန်သည် လက်ပိုက်၍ ဤမြင်ကွင်းအား ခံစားချက်ကင်းမဲ့စွာ သွေးအေးအေးဖြင့် ကြည့်နေသည်။
“နောင်တရလား၊ နာကျင်လား၊ ဒါ မင်းတို့ ငါ့ညီအစ်ကိုတွေကို ခံစားရအောင် လုပ်ခဲ့တဲ့အရာတွေပဲ၊ အခု ငါတို့ မင်းတို့ကို ပြန်ခံစားခိုင်းတာ”
ယဲ့ဖန်၏ အနောက်မှ နလန်ရှောင်၏ မျက်လုံးတွင် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
*မိုက်တယ်*
*အရမ်း မိုက်တယ်*
သူတို့ကို ပုရွက်ဆိတ်များသဖွယ် သတ်မှတ်၍ နင်းချေခဲ့သောလူများသည် ယခု တူညီသော ခံစားချက်ကို ခံစားရကာ မသေမချင်း နှိပ်စက်ခံနေရသည်။
“ဘယ်လို အမှိုက်ကောင်က အသေခံဖို့ ရောက်လာတာလဲ”
ထိုအခိုက်တွင် ဟွာချင်းခန်းမထဲမှ လှောင်ပြောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ခန်းမထဲမှ သန်မာသော လူများစွာ ထွက်လာသည်။ လှုပ်ရှားမှုက အလျင်းကဲ့သို့ လျင်မြန်လှပြီး တံခါးဝ၌ တစ်စုတစ်ဝေးတည်း ရပ်နေကာ လူဦးရေ စုစုပေါင်း ရာချီလေသည်။
ထိုအခိုက်တွင် လေးမီတာ မြင့်မားသော ထွားကြိုင်းသည့် လူတစ်ယောက်က သွေးအလိမ်းလိမ်း ဖြစ်နေသော လူတစ်ယောက်ကို ဆွဲ၍ တံခါးဝသို့ လျှောက်လာနေသည်။
ထိုလူသည် သေဆုံးနေသကဲ့သို့ မလှုပ်မယှက် ဖြစ်နေပြီး ဤသို့ တရွတ်တိုက် အဆွဲခံလာရသောကြောင့် ကြမ်းပြင်တွင် သွေးစွတ်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ရန်ထျန်း”
ထိုလူကိုမြင်သော် နလန်ရှောင် တစ်ချက်တည်းဖြင့် မှတ်မိသွားပြီး မျက်လုံးတွင် အမုန်းတရားများ မီးပွင့်မတတ် ထွက်ပေါ်လာသည်။
ထိုခေါ်သံကို ကြားသောအခါ သေလုမျောပါး ဖြစ်နေသော လူက ဖြည်းဖြည်းချင်း ခေါင်းထောင်၍ အသံလာရာသို့ လှမ်းကြည့်လေသည်။ ယဲ့ဖန်ကို မြင်သောအခါ ချက်ချင်း အရှက်ရဟန်ဖြင့် ခေါင်းငုံ့သွားသည်။
“အရှင်မင်းကြီး ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် … အားနည်းလွန်းလို့ပါ …”
ထိုစကားသံနှင့်အတူ သူ့မျက်လုံးများ စွတ်စိုလာ၏။ သူ အရှက်ရသည်။ သူ အလွန်အမင်း အရှက်ရသည်။ လက်ရှိ သူ့အခြေအနေအား ယဲ့ဖန်ကို မြင်တွေ့စေခြင်းက သူ့အား သေချင်စိတ် ပေါက်သွားစေသည်။
ယဲ့ဖန်က သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားမှန်း သူ သိသော်လည်း သူ ယဲ့ဖန်ကို စိတ်ပျက်စေမိပြီ။ သို့သော် ယဲ့ဖန်က ငေါက်လေသည်။
“အရူး ညီအစ်ကိုအချင်းချင်း တောင်းပန်စကား ပြောရသလား၊ မင်း နောက်တစ်ခွန်း ထပ်ပြောလို့ကတော့ ငါ မင်းခေါင်းကို ခွဲပစ်မယ်”
ရန်ထျန်း တစ်ခဏမျှ ကြက်သေ သေသွားသည်။ ထို့နောက် အရူးသဖွယ် မျက်ရည်များ စီးကျကာ ငိုလေ တော့သည်။
ဤအချိန်ကာလအတောအတွင်း သူတို့ ကျင့်ကြံမှုအတွက် သူတို့ မည်မျှ ပေးဆပ်ထားကြောင်း ယဲ့ဖန် သိပါသည်။
ရန်ထျန်းသည် ကျီရှာကန္တာရသို့ တစ်ကိုယ်တည်း သွားကျင့်ကြံပြီး မိစ္ဆာများကို တိုက်ခိုက်ကာ တစ်ရာ့နှစ်ကြိမ် ဒဏ်ရာရကာ ဆယ့်ငါးကြိမ် ဒဏ်ရာ အပြင်းအထန် ရပြီး သေမလို သုံးကြိမ် ဖြစ်ခဲ့သည်။
ကင်းမြီးကောက် လူသတ်သမားသည် သူ့နယ်မြေနှင့် ဩဇာကို ချဲ့ထွင်ရန်အတွက် လူအများကို ဦးဆောင်၍ ရှုကျိုးနှင့် ဟွိုင်နန် တစ်လျှောက် ခရီးဆန့်ခဲ့ပြီး အကြိမ်ပေါင်း တစ်ရာ့တစ်ဆယ်တိတိ လုပ်ကြံခံရပြီး ဒဏ်ရာ အပြင်းအထန် ခြောက်ကြိမ်ရကာ နှလုံးကို ထိုးဖောက်သွားသဖြင့် ဆေးရုံတင်ရပြီး ခွဲခန်းထဲ၌ သေမလို ဖြစ်ခဲ့ရသည်။
နလန်ရှောင်မှာမူ သူ့အတွက် သူတော်စင်သခင်အဆင့်များ စုစည်းပေးပြီး စီးပွားရေး လုပ်ငန်းကို စီမံသည်။ အင်ပါယာနှင့် တင်းမာသော ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဧကရာဇ်ကြောင့် သူ့မိဘနှစ်ပါး အသတ်ခံခဲ့ရသည်။ သို့သော် သူ ယဲ့ဖန်ကို မပြောပြခဲ့ပေ။
ဤလူများသည် ယဲ့ဖန်၏ အကျိုးအတွက် သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သည်။ သူတို့က အားနည်းသော်လည်း ယဲ့ဖန်၏ ညီအစ်ကိုများသာ ဖြစ်ပေသည်။ သူတို့ ယဲ့ဖန်အတွက် အရာအားလုံး ပေးဆပ်ခဲ့သည်။ ထို့ကြောင့် ယဲ့ဖန်ကလည်း ပြန်ပေးဆပ်ပေမည်။
“အမိန့်ပေး”
ယဲ့ဖန်က ပြုံး၍ ပြောလာသည်။
“ဒီနေ့ မင်းက ဘုရင်၊ ငါက မင်းအမတ်ပဲ၊ ငါ့ကို အမိန့်ပေးပိုင်ခွင့် မင်းကို ငါ ပေးမယ်၊ မင်း ခိုင်းချင်တာခိုင်း”
နလန်ရှောင်နှင့် ရန်ထျန်းတို့ ထိတ်လန့်သွားပြီးနောက် စိတ်လှုပ်ရှားကာ မျက်နှာများ နီမြဲလာ၏။ ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံးများက အရောင်လက်လာပြီး ပြိုင်တူ အော်ဟစ်လာသည်။
“ယဲ့ဖန် သူတို့အားလုံးကို သတ်လိုက်ဖို့ မင်းကို အမိန့်ပေးတယ်”
ရုတ်တရက် ဘေးလူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိတ်လန့်သော မျက်လုံးများစွာက ယဲ့ဖန်ပေါ်သို့ ကျရောက်လာလေသည်။
*ဒီလူက ယဲ့ဖန်လား*
*ယဲ့ဘုရင် ရောက်လာတာပေါ့*
ဤသတင်းက လူအုပ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
*နတ်ဆိုးက ဒီရောက်လာပြီပေါ့*
ချက်ချင်းဆိုသလိုပင် ကြမ်းကြုတ်သော လူသတ်လိုသည့် အငွေ့အသက်က မုန်တိုင်းသဖွယ် ပျံ့လွင့်လာ၏။ ယဲ့ဖန်၏ မျက်နှာက တင်းမာနေပြီး ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးနေသည်။
“အမိန့်အတိုင်းပါ”
ထောင်ချီသော သရဲတစ္ဆေများက အနက်ရောင် လေဆင်နှာမောင်းသဖွယ် ရောက်လာသော လူအုပ်ကြီးထံ ပြေးဝင်၍ အရူးအမူး တိုက်ခိုက်၍ သတ်ဖြတ်လေသည်.
“ယဲ့ဘုရင် နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ၊ မင်း သေချာနားထောင်ထား၊ ငါ့နာမည်က မော့ခွေ၊ မြေကမ္ဘာရဲ့ သားတော် ပြီးတော့ မင်းရဲ့ သေမင်းပေါ့”
မြေကမ္ဘာ၏ သားတော် မော့ခွေသည် ချွီကျီချန်၏ တပည့်ရင်း ဖြစ်ပြီး ရှုကျိုးကို ရှင်းလင်းသည့် အင်အားစုများကို ဦးဆောင်သူလည်း ဖြစ်သည်။ သူသည် ရပ်တန့်၍ မရနိုင်သူ ဖြစ်သည်။ သူ၏ လက်သီးဖြင့် တားဆီးလာသော သူတော်စင်သခင်အဆင့် သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။
လက်ရှိတွင် သူသည် အားပါးတရ ရယ်မော၍ ရန်ထျန်းအား နင်းကာ သရော်လေသည်။
“မင်းလက်အောက်က ဒီအမှိုက်ကကောင်တွေက တော်တော် အသုံးမကျတာ၊ မင်းကတော့ ငါ့အတွက် ပျော်စရာ ပေးနိုင်မယ်လို့ ထင်တာပဲ၊ မြန်မြန် မသေနဲ့ပေါ့ကွာ”
သူသည် တစ်ခွန်း ပြောလိုက်တိုင်း ရန်ထျန်းကို အားဖြင့် နင်းသောကြောင့် ရန်ထျန်း၏ ကျောရိုးများ ကြေမွကုန်သည်။ ရန်ထျန်း ဆက်တိုက် သွေးအန်နေမိပြီး ဝေဒနာက မချိမဆံ့ပင်။ ဤမြင်ကွင်းက ယဲ့ဖန်၏ မျက်လုံးကို ပို၍ တင်းမာခက်ထန်သွားစေသည်။
“ငါ မင်းကို ဖြည်းဖြည်းချင်းစီ စုတ်ဖြဲပစ်မယ်”
“မင်းရဲ့ ခြေထောက်နဲ့ စတာပေါ့”
ထိုစကားကိုကြားသော် မော့ခွေက ဟားတိုက်ရယ်မောပြီး အထင်သေးသော အရိပ်အယောင်ပါသည့် မျက်လုံးတို့ဖြင့် ပြောလေသည်။
“ဟားဟားဟား ကြည့်ရသေးတာပေါ့”
ချက်ချင်းဆိုသလိုပင် သူသည် ခေါင်းလောင်းတစ်ခုကို ထုတ်လိုက်ပြီး ၎င်းက သူ့ဦးခေါင်းထက်၌ ဝဲနေပြီး ထောင်ချီသော နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာကာ မျက်စိကျိန်းစရာ ကောင်းလှသည်။
သူ ခေါင်းလောင်းကို အားမာန်ဖြင့် ရိုက်ထုတ်လိုက်သောအခါ နှိုင်းယှဉ်မရနိုင်သော နတ်ဘုရားစွမ်းအင်တို့ တိုးမြင့်လာပြီး ဘေးဘီသို့ ပျံ့လွင့်သွားသည်။
ရာချီသော သရဲတစ္ဆေများ ချက်ချင်း ကြေမွကာ အမှုန့်ဖြစ်သွားလေသည်။
“ဟားဟားဟား မင်း မြင်လား၊ ခွေးမသားလေး မင်း အစွမ်းလေးနဲ့ ငါတို့ စခန်းကို ဖောက်ချင်တယ်ပေါ့လေ၊ မင်း သေချင်နေတာပဲ”
မော့ခွေက ဟားတိုက်ရယ်မော၍ အလွန် သွေးနားထင် ရောက်နေပြီး သူ့အရှေ့မှ ယဲ့ဖန်နှင့် အခြားသူများကို ပုရွက်ဆိတ်များဟု သတ်မှတ်ထားသယောင်ပင်။
ဤခေါင်းလောင်းကြီးအား မဟာငလျင်ခေါင်းလောင်းဟု ခေါ်တွင်ပြီး မြေကမ္ဘာမိသားစု၏ ဘိုးဘွားအမွေ ဖြစ်သည်။
အသံလှိုင်းက မိုးကြိုးသဖွယ် မိုင်ကိုးထောင်အထိ ပျံ့လွင့်သည်။ ခေါင်းလောင်းအသံလှိုင်းအောက်၌ အရာအားလုံး ပြာဖြစ်သွားနိုင်ပြီး တောတောင်နှင့် မြစ်ချောင်းတို့ ပျက်စီးရသည်။
“လတ်စသက်တော့ ယဲ့ဘုရင်က ဒီ့ထက်လည်း မပိုပါလား”
ချွီမိသားစု၏ ဂိုဏ်းသားများကလည်း ဤသည်ကိုကြည့်ပြီး လှောင်ရယ်ကြကာ မျက်နှာတွင် အထင်သေးမှုတို့ ဖုံးလွှမ်းနေသည်
“သူက လေလုံးထွားနေတာပါလို့ ငါ ပြောခဲ့သားပဲ၊ မင်းတို့ မယုံသေးဘူးလား၊ ကျုံးကျိုး အင်ပါယာလို နိုင်ငံငယ်လေးက အမှိုက်တွေနဲ့ ပြည့်နေတာ၊ ဘယ်လိုလုပ် ငါတို့ရဲ့ မြင့်မားတဲ့ အဆင့်အတန်းကို ယှဉ်နိုင်သူ ရှိမှာလဲ”
“ဟားဟား ဘယ်လောက် သန်မာနေတဲ့လူ ဖြစ်ပါစေ အစ်ကို မော့ခွေရဲ့ မြေငလျင် ခေါင်းလောင်းနဲ့ တွေ့ရင် သေရမှာပဲလေ”
သို့သော် တစ်ခဏကြာသော် သူတို့၏ အပြုံးများ အေးခဲသွားသည်။ အကြောင်းမှာ ပျက်စီးသွားသော သရဲတစ္ဆေများက ချက်ချင်း ပြန်စုဝေးဖြစ်တည်လာပြီး ပိုမို၍ ရူးသွပ်ကြမ်းကြုတ်လာသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။
ယဲ့ဖန်၏ မျက်နှာထက်တွင် အားရသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
“ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ မင်း သူတို့ကို ဒေါပွအောင် ဆွလိုက်မိပြီ”
*ဘာ*
မော့ခွေနှင့် အခြားသူများ ချက်ချင်း မျက်နှာပျက်သွားပြီး ကောင်းကင်ထက်သို့ တအံ့တဩ မော့ကြည့်လိုက် ကြသည်။
တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ အရေအတွက်က တိုးလာနေဆဲပင်။
“ချီးပဲ”
မော့ခွေ ရုတ်တရက် ချောက်ချားလာသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီသောက်ကောင်တွေက ဘယ်ကလာတာလဲ*
ထိုအခိုက်တွင် သူတို့အားလုံး အိပ်မွေ့ချခံရသကဲ့သို့ မိန်းမောနေသည်။
*ဒါ သက်ရှိလောကလား ငရဲလား*
“ဒေါင် ဒေါင် ဒေါင်”
မော့ခွေက ခေါင်းလောင်းကို အားဖြင့် တီးခတ်သောကြောင့် ကြောက်မက်ဖွယ် အသံလှိုင်းက ဘေးလူများထံ ပျံ့လွင့်လာ၏။ သို့သော် အချည်းနှီးပင်။ တစ်ကောင် သတ်လိုက်တိုင်း ဆယ်ကောင် ပြန်တိုးလာသဖြင့် သတ်၍ပင် မနိုင်တော့ချေ။
ရုတ်တရက် ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ သရဲတစ္ဆေများက ခေါင်းလောင်းကြီးပေါ်သို့ ကုပ်တွယ်၍ တက်လာ၏။ ထို့နောက် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာ၏။
မော့ခွေ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့မျက်နှာတွင် ကြောက်စိတ်များ တိုးလာပြီး မယုံနိုင် ဖြစ်သွားရသည်။
*ဒီသရဲတွေက ငါ့ခေါင်းလောင်းကို စားနေတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူ၏ ခေါင်းလောင်းကြီးသည် နတ်သံမဏိဖြင့် ပြုလုပ်ထားပြီး ဖျက်ဆီးမရနိုင်ပါ။ သို့သော် ဤသရဲများ၏ ဝါးမျိုမှုအောက်၌ ချက်ချင်း အပေါက်ရာ ဗလပွ ဖြစ်လာနေသည်။ ဤသည်ကိုမြင်သော် မော့ခွေ ရူးမတတ် ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”
သူ လုံးဝ မယုံနိုင်ပါ။ ထို့ထက် ပိုလက်မခံနိုင်ခြင်း ဖြစ်သည်။ လက်ရှိတွင် ယုံကြည်မှု ရိုက်ချိုးခံလိုက်ရသည့်အပြင် ကြက်သီးထ နေသည်။
“ကြောက်တယ်မလား၊ တုန်နေတယ် မလား၊ ဒါဆို … သေလိုက်တော့”
သူ့ခြေထောက်အောက်မှ ရန်ထျန်းက သူ့ထံတွင် ဘာဖြစ်လာမလဲ ခန့်မှန်းမိထားဟန်ဖြင့် အားပါးတရ ရယ်နေသည်။
ထိုသရဲတစ္ဆေများသည် ရုတ်တရက် ပြေးလာပြီး ဂိုဏ်းသားများကို ဝိုင်းလာကာ သွေးစွန်းနေသော ပါးစပ်ကြီးများကို ဖြဲ၍ အားပါးတရ ကိုက်ဖြတ် စားသောက်လေတော့သည်။
သွေးများ အဆက်မပြတ် ပန်းထွက်လာနေပြီး တစ်ယောက်ပြီး တစ်ယောက် တစ်စစီ စုတ်ဖြဲခံလိုက်ရသည်။ ဤမြင်ကွင်းက ကြောက်စရာ ကောင်းလှသည်။
ချွီမိသားစု ဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် ဆိုးရွားစွာ သေဆုံးသွားကြသည်။ ချင်းချင်းနီသော သွေးတို့ကြောင့် ဟွာချင်ခန်းမတံခါး စိုရွဲနေပြီး ကြောက်စရာကောင်းသော သွေးနံ့က ဘာမဟုတ်သကဲ့သို့ လေနှင့်အတူ မျောလွင့်နေသည်။ ယခုပုံစံက လောကထဲသို့ ငရဲခန်း ရောက်နေသလိုပင်။