အခန်း ၁၄၈၉
Vol. 100 Ch. 1489
Chapter 1489 နတ်ဆိုးတွေ ထကြတော့
ကင်းမြီးကောက် လူသတ်သမားက လူအုပ်ကိုကြည့်၍ ဆာလောင်နေသော ဝံပုလွေတစ်ကောင်သဖွယ် ခက်ထန်သော မျက်လုံးတို့ဖြင့် ကြွေးကြော်လိုက်သည်။
“မင်းတို့ ရန်သူရှေ့မှာ ဒူးထောက်နေတာကို အရှင်မင်းကြီးကို မြင်စေချင်တာလား”
“မြန်မြန် ငါ့ကို မြန်မြန် ကူညီပေးကြပါဦး”
“ရောင်းရင်းကြီး ငါ့ကို ကူညီပါဦး၊ ငါ့ခြေထောက်တွေ အဖြတ်ခံထားရလို့ပါ၊ ငါ ထရပ်ဖို့ လိုနေတယ်”
“နတ်ဆိုးတွေဆိုတာ ဒူးထောက်မယ့်အစား အသေခံမယ့် အမျိုးကွ၊ ထရပ်ကြစမ်း”
ဒဏ်ရာအနာတရ ရနေသောလူများ တစ်ယောက်ပြီး တစ်ယောက် ဒယိမ်းဒယိုင်ဖြင့် ထရပ်ကြသည်။ ဟန်ပန် အရှိန်အဝါ အပြည့်ပင်။
ဤမြင်ကွင်းကိုကြည့်ပြီး ရှုကျိုးသို့ ကျူးကျော်လာသော သိုင်းပညာရှင်များ မယုံနိုင်သလို ခံစားလိုက်ရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဤလူများသည် သူတို့ထံ၌ ရှုံးနိမ့်ပြီးနောက် သူတို့ကြောင့် အလွန်အမင်း နှိပ်စက်ခံခဲ့ရသည်။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြိုလဲနေပြီ ဖြစ်သည်။ ထို့အပြင် သူတို့၏ ခြေလက်များ အဖြတ်ခံထားရသဖြင့် ဒုက္ခိတများ ဖြစ်နေကြလေပြီ။
ယခုအခါတွင် ဤလူများသည် စစ်ရှုံးထားသော စစ်သားများ ဖြစ်နေပြီးလေပြီ။ သို့သော် အဘယ်ကြောင့် လူတစ်ယောက်၏ နာမည်ကို ကြားသည်နှင့် တစ်ဖန်ပြန်၍ ရှင်သန် တက်ကြွလာရသနည်း။
သူတို့၏ မျက်လုံးတွင် ကြောက်စရာကောင်းလောက်သော အလင်းတစ်ခု ဖြတ်ပြေးနေပြီး အလွန် ရူးသွပ်ခြင်းနှင့် ပြည့်နှက်နေကာ ဤလူများက လိုလိုလားလား သေချင်စိတ် ရှိနေကြသည်။
လက်ရှိတွင် သူတို့ စတင်၍ စိတ်မသက်မသာ ဖြစ်လာကြပြီး သူတို့မျက်စိရှေ့မှ ရူးသွပ်နေသူများကို ကြည့်ပြီး စိတ်ထဲ တုန်လှုပ်လာသည်။ သူတို့ အလွန်အမင်း သွေးပျက်နေ၏။
“နတ်ဆိုးဧကရာဇ်က မသေနိုင်ဘူး၊ နတ်ဆိုးမျိုးနွယ် အဓွန့်ရှည်ပါစေ”
ကင်းမြီးကောက် လူသတ်သမားပါ ပါးစပ်ထောင့်မှ သွေးကိုသုတ်လိုက်သည်။ သူသည် လက်မောင်း အဖြတ်ခံထားရသော်လည်း လက်ရှိတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်၍ ဟစ်ကြွေးနေသည်။
“ဒီလိုဆိုမှတော့ ဘယ်လိုလုပ် ငါတို့က နောက်ကောက်ကျကျန်ခဲ့လို့ ဖြစ်မှာလဲ၊ နတ်ဆိုးတွေ သတ်ကြဟေ့”
“နတ်ဆိုးတွေ သတ်ကြ”
ကြမ်းကြုတ်သော အော်သံများက ချက်ချင်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ရှုံးနိမ့်သွားသူများသည် ပြိုင်တူ ဟစ်ကြွေးလာပြီးနောက် ကြောက်လန့်နေသော သိုင်းပညာရှင်များထံ ပြေးဝင်လာကြသည်။ ထိုသိုင်းပညာရှင်များ လိပ်ပြာလွင့်ထွက်သွားသည်ဟု ခံစားနေရသည်။
*ငါတို့ ဘာမြင်လိုက်တာလဲ*
*လက်ကျန် သိုင်းပညာရှင်တွေနဲ့ ရှုံးနိမ့်သွားတဲ့ စစ်သူကြီးတွေက သေမှာမကြောက်ဘဲ ပြေးတက်လာတယ်လား*
တစ်ချို့ဆိုလျင် ဒဏ်ရာ အပြင်းအထန် ရထားပြီး ဖြစ်သော်လည်း မာန်တင်း၍ ပြေးလာကြသည်။ အချို့သည် ခြေထောက်များ အဖြတ်ခံထားရသော်ငြားလည်း ခွန်အားရှိသလောက် သူတို့ကို ဓားဖြင့်ထိုးမည့်ဟန်ဖြင့် ကြိုးစား၍ တွားသွားနေသည်။
ထို့အပြင် ခြေလက်များ အဖြတ်ခံထားရပြီး လှုပ်မရသောသူများသည် သူတို့အား အငြှိုးထားသော အကြည့်များဖြင့် ကြည့်နေကြလေသည်။ ရန်သူက ဘယ်သူဖြစ်ဖြစ် မမှုသည့်ပုံပင်။
ထိုသို့သောအချိန်၌ သိုင်းပညာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထနေပြီး လူတိုင်း၏ မျက်နှာတွင် ကြောက်လန့် တုန်လှုပ်ဟန်များ ပြည့်နှက်နေ၏။
သူတို့ထဲတွင် သူတော်စင်သခင့်အဆင့်များနှင့် ဘုရင်အဆင့်များ ရှိပါသော်လည်း ဤမြင်ကွင်းကို ကြည့်ပြီး အားလုံး သေမတတ် ကြောက်ရွံ့ကာ ချွေးပြန်နေကြသည်။
*ဒါ ကြောက်ဖို့ကောင်းတယ်၊ ဒီလူတွေက လုံးဝ လူမဟုတ်ဘူး*
*စောက်ရူးတစ်သိုက်ပဲ*
“ဒုန်း ဒုန်း ဒုန်း”
ပြင်းထန်သော ခြေသံများက ဤသိုင်းပညာရှင်များကို တုန်လှုပ်သွားစေသည်။ အခြေအနေက ရုတ်ရုတ်သဲသဲ ထွေးလား လုံးလား ဖြစ်လာ၏။
ထိုအခိုက်တွင် ထူးဆန်း၍ ကြောက်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်လာလေသည်။ ယဲ့ဖန်၏ လက်အောက်ငယ်သားများသည် “ရူးသွပ်မှု”ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို အပြည့်အဝ ဖော်ပြနိုင်၏။
လက်ပြတ်သွားပါက ရန်သူအား ခြေထောက်ဖြင့် ကန်ကျောက်သည်။ ခြေထောက် မရှိပါက ရန်သူအား သွားဖြင့် တိုက်ခိုက်သည်။ လည်ပင်းပါ လှုပ်မရပါက ရန်သူအား ပြာကျမတတ် စူးစိုက်ကြည့်ကာ သေဆုံးရန် ကျိန်ဆဲကြသည်။ သူတို့ နုတ်နုတ်စင်းခံရမည် ဆိုလျင်တောင်မှ ရန်သူများကို သတ်မည်ပင်။
“အဲ့ယဲ့ဘုရင်က ဘယ်လိုလူမျိုးလဲ”
ဤသည်ကိုကြည့်ပြီး သူတော်စင်သခင်အဆင့်တစ်ယောက်က တစ်ကိုယ်တည်း ရေရွတ်နေပြီး မျက်နျာ ပြာနှမ်းလာသည်။ သေရမည်ကိုမကြောက်သော ဤလူများထံမှ ယဲ့ဖန်၏ ပုံရိပ်ကို သူ မြင်နေရသလိုပင်။
ထိုလူက ဘယ်လိုလူမျိုးလဲ ဆိုသည်နှင့် ဤလူများက သူ့ကို နတ်ဘုရားသဖွယ် ကိုးကွယ်၍ သူ့အတွက် ပျော်ပျော်ကြီး သေရဲအောင် ဘာလုပ်ခဲ့သလဲ ဆိုသည်ကို သူ သိချင်နေ၏။
သူတို့၏ ခရီးစဉ်အတွင်း ထိုလူ၏ ဦးခေါင်းကို တကယ် ဖြတ်နိုင်ပါ့မလားဟု သူ မတွေးဘဲ မနေနိုင်အောင် ဖြစ်လာရသည်။
ထိုအခိုက်တွင် ယဲ့ဖန်က ဟွာချင်ခန်းမထဲသို့ လျှောက်လာရင်း မော့ခွေအား ရှစ်ပိုင်း ပိုင်းနေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မော့ခွေ၏ အသားတစ်စကို စုတ်ဖြဲပစ်သည်။
“ယဲ့ဘုရင် ငါ့ကို သတ်လိုက်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့”
မော့ခွေ နာကျင်စွာ အော်ဟစ်နေသည်။ မချိမဆံ့သော ဝေဒနာက သူ့တစ်ကိုယ်လုံးကို တုန်ယင်နေစေပြီး ဆဲလ်တိုင်းအား သေမတတ် နာကျင်စေသည်။
“ခွေးမသား မင်းက အစ်ကိုမော့ခွေကို ဒီလိုဖြစ်အောင် လုပ်ရဲတယ်ပေါ့လေ၊ မင်း သေရမယ်ကွ”
ရောက်လာကြသော သိုင်းပညာရှင်များသည် တစ်ယောက်ပြီး တစ်ယောက် ဒေါကန်ကာ သတ်ဖြတ်လိုသော အငွေ့အသက်တို့ဖြင့် ကြုံးဝါး၍ ယဲ့ဖန်အား ဝိုင်းလာသည်။ ချက်ချင်းဆိုသလိုပင် ဓားများကို ဆွဲထုတ်၍ တိုက်ခိုက်လေသည်။
ထိုအခိုက်တွင် ယဲ့ဖန်နှင့် အခြားသူများသည် သူတို့ရှေ့၌ ရာချီသောလူများ ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုလူများအားလုံးက သူမတူသော ခွန်အားများ ရှိပြီး လူအများအား အလွန်အမင်း ဖိအားပေးနေလေသည်။
သူတို့၏မျက်နှာတွင် ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေပြီး ယဲ့ဖန်အား ဆာလောင်နေသော ဝံပုလွေက သိုးပေါက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ဤလူများသည် တစ်လောကလုံးမှ လူများဖြစ်ပြီး သာမန်လူများ မဟုတ်ကြချေ။ လက်ရှိတွင် သူတို့အားလုံးက အတူတူ စုဝေးနေသဖြင့် တစ်ဟုန်ထိုး ထွက်ပေါ်နေသည့် လူသတ်လိုသော အငွေ့အသက်က မုန်တိုင်းလိုပင်။
ယဲ့ဖန်သည် မမြင်ချင်ယောင်ဆောင်ထားပုံရပြီး သူတို့အား ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်။
“ငါ့လက်အောက်ငယ်သားတွေကို သတ်ပြီး ဒဏ်ရာရအောင် လုပ်တာ မင်းတို့လား”
“ဟုတ်တယ် တစ်ချို့ကို သတ်လိုက်တယ်၊ တစ်ချို့ကတော့ ငါတို့ကြောင့် ဒုက္ခိတ ဖြစ်သွားတယ်၊ ပြီးတော့ တစ်ချို့တချို့ကတော့ … ဟဲဟဲ ဘုလိုက်တာပေါ့ကွာ”
ထိုသိုင်းပညာရှင်များအားလုံးက ရယ်မောလိုက်ပြီး ယဲ့ဖန်အား ရန်စသော အကြည့်မျိုးဖြင့် ကြည့်လာကြသည်။ သူတို့ပုံစံက “မင်း ဘာတတ်နိုင်လို့လဲ” ဟူသော ပုံစံမျိုးပင်။
ယဲ့ဖန်က ပြုံး၍ ခေါင်းညိတ်လေသည်။
“ဒီလိုဆိုမှတော့ မင်းတို့ကို သေဒဏ်လေး ဆုချသင့်တာပေါ့”
ထိုစကားကြောင့် သိုင်းပညာရှင်များအားလုံး ဒေါကန်သွားသည်။ တစ်ဖက်လူက တစ်ယောက်တည်း ဖြစ်သော်လည်း အဘယ်ကြောင့် သူတို့ကို ရန်စရဲနေရသနည်း။
“ယဲ့ဖန် မင်းလည်စင်းပြီး အသေခံစမ်း”
ထိုစဉ် လူသတ်လိုသော အငွေ့အသက် ရုတ်တရက် ဝုန်းခနဲ ထွက်ပေါ်လာ၏။ ကြမ်းကြုတ် ပြင်းထန်သော တိုက်ကွက်များ တစ်ခုပြီး တစ်ခု ပေါ်လာ၏။
ဟွာချင်နန်းတော် တစ်ခုလုံး တုန်ခါနေပြီး မသိလျင် လောက ပျက်စီးတော့မည့်ပုံပင်။ ဤမြင်ကွင်းက နလန်ရှောင်ကိုလည်း အလွန် ကြောက်ရွံ့သွားစေသည်။ ဤသည်မှာ ထောင်သောင်းချီသည့် သန်မာသော သိုင်းပညာရှင်များထံမှ စုဝေးထွက်ပေါ်လာသော လူသတ်လိုသည့် အငွေ့အသက်ဖြစ်ပြီး စွမ်းအားက ကြောက်မက်ဖွယ်ရာပင်။
သို့သော် ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာဖြင့် မလှုပ်မယှက် ရပ်နေဆဲပင်။ သူ့မျက်နှာတွင် အထင်သေးသော အပြုံးပင် ရှိနေသေးသည်။ ထိုအပြုံးက ကျောချမ်းစရာ ကောင်းလှသည်။
“သောက်မျိုးမစစ်လေးက မထီမဲ့မြင် လုပ်ရဲတယ်ပေါ့လေ၊ ငါ မင်းနှလုံးနဲ့ အရွတ်ကို ဆွဲထုတ်ပြီးရင် ပြုံးနိုင်ဦးမလား ကြည့်ရသေးတာပေါ့”
“ယဲ့ဖန် ခွေးသူခိုး လာခဲ့စမ်း”
ကျယ်လောင်သော ဒေါသသံက ပဲ့တင်မြည်ဟီး၍ ထွက်ပေါ်နေ၏။ လက်ရှိတွင် လူသတ်လိုသော အငွေ့အသက်က မုန်တိုင်းသဖွယ် ပြင်းထန်နေပြီး အရှိန်အဝါက တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က မျက်မှောင်ကြုတ်၍ ခြေတစ်ဖက် ဆောင့်လိုက်သည်။ ထို့နောက် မြားတစ်စင်းကဲ့သို့ ရှေ့သို့ လှစ်ခနဲ ပြေးသွားလေသည်။
“ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံနှင့်အတူ ယဲ့ဖန်က အမြောက်ဆန်သဖွယ် အရှိန်ဖြင့် ပြေးဝင်၍ လက်သီးတစ်လုံး ပစ်သွင်းကာ အရှေ့မှ လူဆယ်ယောက်ကျော်ကို တစ်ခဏအတွင်း သတ်ဖြတ်လေသည်။
“အား…”
အော်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။ လက်သီးတစ်ချက်၏ အစွမ်းက လောကကိုပင် ကိုင်လှုပ်နိုင်သည်။ လက်သီးချက် ထိမှန်သွားသော သိုင်းပညာရှင်သည် ချက်ချင်း ပေါက်ကွဲကာ သေဆုံးသွားသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အဆိုပါမြင်ကွင်းကြောင့် သိုင်းပညာရှင်များ ကြက်သီးမွေးညင်းထကာ မျက်နှာတွင် ကြောက်ရွံ့စိတ်များ ထင်ဟပ် လာသည်။
အဘယ်ကြောင့်ဆိုသော် အသတ်ခံလိုက်ရသောသူများမှာ သူတော်စင်သခင်အဆင့်များ ဖြစ်နေသောကြောင့်ပင်။
*သူတော်စင်သခင်အဆင့်တောင် ဒီလူရဲ့ လက်သီးကို မခုခံနိုင်ဘူးလား*
*မဖြစ်နိုင်လိုက်တာ*
သို့သော် ပို၍ ကျောချမ်းဖွယ်ကောင်းသော အဖြစ်က ရောက်လာရန် လိုနေသေးသည်။ ယဲ့ဖန်က လူအုပ်ကြားထဲ၌ ဟာကွက်ဖြစ်အောင် ထိုးနှက်လိုက်ပြီးနောက် မရေတွက်နိုင်သော အရိပ်များက အနက်ရောင် လေပွေသဖွယ် ချက်ချင်း တိုးဝင်လာသည်။
မသေမျိုး စစ်တပ် အသည်းအသန် သောင်းကျန်းလေပြီ။ ထောင်သောင်းချီသော သရဲတစ္ဆေများက အစွယ်များကိုဟ၍ လက်သည်းများကိုဝင့်ကာ ညည်းသံများ ပေး၍ ထိုသိုင်းပညာရှင်များထံ ဦးတည် လာနေကြသည်။
သေခြင်းတရား ကျရောက်လာလေပြီ။ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လာကြပြီးနောက် အစားခံလိုက်ရသည်။ ဟွာချင် ခန်းမတစ်ခုလုံးတွင် သွေးပျက်မှုတို့ဖြင့် စိုးမိုးနေ၏။
“ပြေး”
အနောက်မှလူများ အော်ဟစ်လာကြသည်။
“ဆုတ်ကြဟေ့”
အရှေ့မှလူက အော်၍ သတိပေးလာသည်။ အဖြစ်အပျက်များက အလွန် အုတ်အောင်သောင်းနင်းဆန်၍ ကြောက်စရာ ကောင်းပေသည်။ အလောင်းများ တဘုန်းဘုန်း လဲကျလာနေသည်။
မိမိတို့၏ ခွန်အားကို ယုံကြည်မှုရှိသော ဘုရင်အဆင့်များနှင့် သူတော်စင်သခင်အဆင့်များသည် ယခု ဤသရဲတစ္ဆေများကို တွေ့သောအခါ ဆောက်တည်ရာမရ ဖြစ်နေကြသည်။
ဟွာချင်ခန်းမသည် ရုတ်တရက် သားသတ်ကွင်း ဖြစ်လာပြီး ထိုသိုင်းပညာရှင်များသည် ဝက်များ၊ သိုးများသဖွယ် အသတ်ခံနေရပြီး အလောင်းများ တောင်လိုပုံလာသည်။ ဤမြင်ကွင်းက ငါးကန်ထဲသို့ ငါးစာ ပစ်ချလိုက်သဖြင့် ငါးများ စုဝေးလာနေသည်နှင့်ပင် တူနေ၏။
သွေးများက ချောင်းသဖွယ် စီးဆင်းလာ၏။ လူငါးထောင်၊ သုံးထောင်၊ တစ်ထောင်၊ ငါးရာ၊ တစ်ရာ။ အသက်ရှင်နေသော လူများက သိသိသာသာ လျော့နည်းလာသည်။
ထိုသိုင်းပညာရှင်များ ဆိုးရွားစွာ သေဆုံးသွားကြသည်။ မိနစ်အနည်းငယ်အတွင်း တစ်လောကလုံး၌ ကျော်ကြားသော သိုင်းပညာရှင်များ အရိုးများပင် မကျန်ဘဲ သေဆုံးသွားလေသည်။
ဤနေရာသို့ ရောက်လာသော သိုင်းပညာရှင်များသည် ဤမြင်ကွင်းကို မြင်ပြီးနောက် နေရာမှာတင် အသက်ရှူရန်ပင် မေ့သွားကြသည်။
“အဲ့ဒါ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ သရဲတွေ မဟုတ်လား၊ လောကထဲမှာ ဘယ်လိုလုပ် ပြန်ပေါ်လာတာလဲ၊ ငရဲတံခါးက ပွင့်လာတာလား”
သူတို့ ကြောက်လန့်ကာ အာရုံစိုက်မရ ဖြစ်နေသည်။ ဤသရဲတစ္ဆေများ၏ ဝတ်စုံအရ ၎င်းတို့သည် အလွန် ရှေးကျသော ခေတ်အခါက ဖြစ်ကြောင်း သိနိုင်ပေသည်။
*လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မသေမျိုး စစ်တပ်တဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။ လက်ရှိတွင် သူတို့ တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးနေကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရင်အဆင့်တစ်ယောက် ဖြစ်နေလျင်တောင်မှ ဒါဇင်ချီသော သူတော်စင် သခင်အဆင့်များ၊ ရာချီသော ဘုရင်အဆင့်များနှင့် မရေတွက်နိုင်သော သိုင်းပညာရှင်များကို မိနစ်ပိုင်းအတွင်း သတ်ရန် မဖြစ်နိုင်ပေ။
လက်ရှိတွင် လူတိုင်းသည် မြင့်မြတ်၍ ထည်ဝါသော လူကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ မည်သူမှ သူ့ကို မော်မကြည့်ရဲချေ။ သူ့မျက်လုံးများက ဓားသွားသဖွယ် စူးရှနေ၏။ မျက်လုံးကို တည့်တည့်ကြည့်မိလျင် ချွန်ထက်သော ဓားသွားဖြင့် အဖြတ်ခံရလိမ့်မည်ဟု ခံစားမိနေသည်။
*ဘယ်လိုဖြစ်ရတာလဲ၊ တစ်လောကလုံးကို မှောင်မိုက်သွားနိုင်လောက်အောင် များတဲ့ ဒီမသေမျိုးတွေကို ဘယ်လို နည်းလမ်းသုံးပြီး သူ့အမိန့် နာခံအောင် လုပ်တာလဲ*
*ကြောက်စရာကောင်းလိုက်တာ*
*ဒီလို ပုံမှန်မဟုတ်တဲ့ သတ္တဝါတွေ သွားလာနေတာကို ကိုယ်တိုင် မြင်နေရပါလား*
နလန်ရှောင် မျက်ရည်ဝဲနေ၏။ ဤမြင်ကွင်းက သူ့အား အလွန်အမင်း တုန်လှုပ်စေသည်။ မသေမျိုး စစ်တပ်အား အမိန့်ပေးနိုင်သောသူ၊ လောကထဲတွင် အပြီးပြည့်စုံဆုံးသော ဖန်တီးမှုဖြစ်သောသူ၊ သူ့အား နတ်ဘုရားဟုပင် ခေါ်ဆိုသင့်သည်။
“ငါ အနာဂတ်က မဟာအင်ပါယာတစ်ခုကို ကြိုမြင်နေရပြီ”
“အဲ့ဒါက ခင်ဗျားရဲ့ အင်ပါယာပဲ”
ရန်ထျန်းသည် ယဲ့ဖန်၏အနောက်သို့ တွားသွားလာနေပြီး သူ့ကျောကို မော့ကြည့်ကာ တလေးတစား ဦးညွှတ် လေသည်။
“အရှင်မင်းကြီး မြင်ပါပြီလား၊ ကျွန်တော်တို့အားလုံးက အရှင့်ရဲ့ နိမ့်ကျတဲ့ အစေခံတွေပါ”
“ဒုန်း ဒုန်း”
ထိုအခိုက်တွင် ယဲ့ဖန်၏ လက်အောက်ငယ်သားများအားလုံး ဒူးထောက်၍ အရိုအသေ ပေးလာသည်။
“အရှင်မင်းကြီး ကျွန်တော်တို့အားလုံးက အရှင့်ရဲ့ နိမ့်ကျတဲ့ အစေခံတွေပါ”
သူတို့၏ မျက်လုံးတွင် ဝမ်းသာမျက်ရည်တို့ဖြင့် ပြည့်နှက်နေ၏။