← Chapters

အခန်း ၁၄၉၀

Vol. 100 Ch. 1490

အခန်း ၁၄၉၀

Vol. 100 Ch. 1490

Chapter 1490 အစေခံဆိုတာ မရှိဘူး ညီအစ်ကိုတွေပဲ ရှိတယ်

လက်ရှိတွင် နှစ်ဖက်လုံး အလွန်အမင်း ရူးမတတ် ဖြစ်နေသည်။ ဟွာချင်ခန်းမ တစ်ခုလုံး၌ မွန်းကြပ်ဖွယ် ကောင်းသော သွေးနံ့တို့ လှိုင်လှိုင်ထနေ၏။

ထောင်ချီသောလူများက ဤမသေမျိုး စစ်တပ်၏ ဖျက်ဆီးခြင်း ခံနေရသည်ကိုကြည့်ပြီး လူတိုင်း မယုံနိုင်သလို ခံစားနေရသည်။ သူတို့၏ နှလုံးသားထဲ၌ ကြောက်စိတ်က စိုးမိုးလာသည်။

သူတို့သည် ကယူးရှူ ကိုးပြည်နယ်တွင်း၌ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သော်လည်း ဤသို့သော တိုက်ပွဲမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါ။ ဤသည်မှာ ဘယ်သောအခါမှ မနိုင်နိုင်သည့် တိုက်ပွဲ ဖြစ်လေသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုစဉ် ယဲ့ဖန်က တစ်လှမ်းချင်း လှမ်းလာ၏။ သူ့ပုံစံက လောထဲ လျှောက်လှမ်းလာသော ရှေးနတ်ဆိုး တစ်ကောင်နှင့် တူနေပြီး ခြေလှမ်းတိုင်းတွင် မိစ္ဆာအငွေ့အသက် ထွက်ပေါ်နေပြီး လောကထဲသို့ သေခြင်းတရား၊ ဝေဒနာနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့အား ပျံ့နှံ့စေသလိုပင်။

မသေမျိုး စစ်တပ်က သူ့ဘေး၌ ကြမ်းကြုတ်စွာ ရွေ့လျားနေပြီး စူးရှစွာ အော်ဟစ်နေပုံက သေခြင်းတရား ရောက်ရှိလာပြီဟု ကြေညာနေသလိုပင်။

“အရှင်မင်းကြီး သတ်လိုက်ပါ”

နလန်ရှောင်နှင့် အခြားသူများ ဒေါသတကြီး အော်သုံးကြသည်။ ဤသည်မှာ သူတို့၏ ဘုရင်၊ သူတို့၏ နတ်ဘုရား ဖြစ်ပြီး သူမတူပြီး ပြိုင်ဘက်ကင်းပေသည်။

“အရှင်မင်းကြီး သတ်လိုက်ပါ”

“အရှင်မင်းကြီး သတ်လိုက်ပါ”

“အရှင်မင်းကြီး သတ်လိုက်ပါ”

ထိုကြွေးကြော်သံက မိုးခြိမ်းသံကဲ့သို့ မိုးမြေအနှံ့ ပျံ့နှံ့သွားသည်။

“သတ်”

ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြာထွက်လာပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ မသေမျိုး စစ်တပ်က အနက်ရောင် လေပွေသဖွယ် အရှေ့သို့ ပြေးဝင်သွားသည်။

….

ထိုအချိန်မှာပင် ချွီကျီချန်နှင့် အခြားနတ်ဘုရင် နှစ်ယောက်သည် ဟွာချင်ခန်းမ၏ ပင်မခန်းမတွင် မောက်မာသော ဟန်ပန်နှင့် အေးစက်သော မျက်လုံးတို့နှင့်အတူ ထိုင်နေသည်။

သူတို့အနားတွင် သူတော်စင်သခင်အဆင့် ရှစ်ယောက် ရှိသည်။ သူတို့သည် ရှုကျိုးသို့ ကျူးကျော် လာသော အင်အားစုများထဲ၌ အသန်မာဆုံး တိုက်ပွဲဝင်ခွန်အား ရှိသူများ ဖြစ်လေသည်။

လက်ရှိတွင် ချွီကျီချန်သည် ထျဲမူထားနှင့် ထန်မင်လီအား ခက်ထန်သော အမူအရာနှင့်ကြည့်၍ ဆိုးယုတ်စွာ ပြုံးနေသည်။

“မင်းတို့ ခွေးကောင် နှစ်ကောင်က သူ့မျက်လုံးထဲမှ နည်းနည်း တန်ဖိုးရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ မင်းတို့အတွက် သူတို့က ဒီလာပြီး အသေခံရလောက်အောင် ရူးမိုက်တာပဲ”

ထိုစကားကိုကြားသော် ကျန်နတ်ဘုရင်အဆင့် နှစ်ယောက်ကလည်း လှောင်ရယ်လေသည်။

*ခွေးနှစ်ကောင်အတွက် အသေခံမယ်ပေါ့၊ အဲ့ယဲ့ဘုရင်က တော်ရုံ ရူးမိုက်တာတော့ မဟုတ်ဘူးပဲ*

ယခုအခါတွင် ထျဲမူထားတို့ နှစ်ယောက်သည် ဒဏ်ရာ အပြင်းအထန် ရထားပြီး‌ ခြေထောက်များ အဖြတ်ခံထားရကာ သူတို့၏ လည်ပင်းတွင် ခွေးလည်ပတ် အပတ်ခံထားရသည်။ သူတို့ အလွန်အမင်း လှောင်ပြောင် အရှက်ခွဲခံနေရသည်။

သူတို့စကားကိုကြားသော် နှစ်ယောက်လုံး၏ မျက်နှာတွင် နာကျင်မှုတို့နှင့် ပြည့်နှက်လာသည်။ သူတို့ အစိုးရိမ်ဆုံးအရာ ဖြစ်လာလေပြီ။

ထိုလူက သူတို့ကို ကယ်ရန် ဤသို့ လိုက်လာသည် မဟုတ်ပါတကား။ ရန်သူများက ဤနေရာ၌ အသိုက်သဖွယ် အခြေချထားပြီး ယဲ့ဘုရင် ရောက်လာလျင်တောင်မှ ဆန်းကြယ်မှုတစ်ခုကို ဖန်တီးနိုင်စွမ်း မရှိမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် သူတို့ ယဲ့ဖန်အား ရောက်မလာစေချင်ပါ။

“မင်းတို့ဘုရင် ဒီကိုလာမယ်လို့ ထင်လား”

ချွီကျီချန်က အပြုံးကြီးပြုံး၍ မေးလာသည်။

“ဒါမှမဟုတ် သူ ဒီရောက်လာရင် လက်တစ်ဖက် ဒါမှမဟုတ် ခြေတစ်ဖက် ပြတ်နေမလား”

“အရှက်မရှိတဲ့ အယုတ်တမာတွေ၊ သတ္တိရှိရင် အရှက်မရှိ သူရဲဘောကြောင်တဲ့ နည်းတွေ မသုံးဘဲ တစ်ယောက်ချင်း တိုက်ကြည့်လေ”

ထျဲမူထားက အထင်သေးသော မျက်နှာထားနှင့် ဒေါသတကြီး‌ ငေါက်ငမ်းလေသည်။ တစ်ဖက်လူက အလွန် စက်ဆုပ်ဖွယ်ကောင်းလှသည်။

သို့သော် ချွီကျီချန်က အရေးမစိုက်ဘဲ စဉ်းလဲစွာ ပြုံးလေသည်။

“စိတ်ဆွပေးတဲ့ နည်းလမ်းက ငါ့အတွက် အသုံးမဝင်ဘူး၊ အဲ့ကောင်က အရမ်း သန်မာမှန်း ငါသိပြီးသား၊ ပြီးတော့ သူ့ကို ငါ တစ်ယောက်တည်း တိုက်မှာ မဟုတ်ဘူး၊ မဟုတ်ရင် ငါ ဒီလောက် လူအများကြီး ဘယ်အသေခံမလဲ ဟုတ်တယ်မလား”

*လတ်စသက်တော့ ဒီကောင်က အစကတည်းက ဖုံးကွယ်ထားတဲ့ ယဲ့ဖန်ရဲ့ အခြေအနေအစစ်ကို တမင် ဖော်နေတာပဲ၊ သူ့အောက်က လူတွေနဲ့ ယဲ့ဖန် အားကုန်လာအောင် လုပ်တာပဲ”

ထိုသိုင်းပညာရှင်များသည် ဆုကြေးလိုချင်သော အတွေးဖြင့် ဤသို့ လာခြင်းဖြစ်သော်လည်း ချွီကျီချန်တို့ နတ်ဘုရင်အဆင့် သုံးယောက်အတွက် အသုံးချခံများ ဖြစ်သွားလိမ့်မည်ဟု ထင်ထားမိမည် မဟုတ်ပါ။

ယဲ့ဖန် အားကုန်လုနီးပါး ဖြစ်သောအခါတွင်မှ သူတို့သုံးယောက် ပြိုင်တူ လှုပ်ရှား၍ ယဲ့ဖန်ကို သတ်ပေမည်။ အခြားသူများက သေကြေပျက်စီးမည် ဖြစ်သော်လည်း အောင်မြင်မှုက သူတို့အပိုင် ဖြစ်သွားမှာပင်။

သူ၏ ရည်မှန်းချက်ကို ရရှိရန်အတွက် သူသည် သူ့တပည့်များနှင့် မျိုးနွယ်ဝင်များကိုပင် လှည့်စားခဲ့ပြီး ကြားထဲမှ အမြောက်ဆံ ဖြစ်စေခဲ့သည်။ ထိုအကြံက ယုတ်မာလွန်းသည် မဟုတ်ပါလော။

“ယုတ်မာတယ်”

ထန်မင်လီက အံကြိတ်၍ အော်လိုက်ပြီး ချွီကျီချန်၏ ခန္ဓာကိုယ်အား တစ်စစီ စုတ်ဖြဲချင်နေ၏။

“ဟား … ဟုတ်တယ် ဟုတ်တယ်၊ ငါက ယုတ်မာပြီး အရှက်မရှိဘူး၊ အဲ့တော့ ဘာဖြစ်လဲ၊ ယဲ့ဘုရင်လည်း သေမယ်၊ မင်းတို့လည်း‌ သေမယ်၊ ငါကတော့ ရင်မိသားစုက ပေးတဲ့ ဆုကြေးနဲ့ ဂုဏ်ပုဒ်နဲ့ ပျော်ပျော်ကြီး ဆက်နေမှာလေ၊ ဟားဟားဟား”

“ငါ့အထင်တော့ ယဲ့ဘုရင်က ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး၊ သူ သေရမှာပဲ၊ ထောင်ချီတဲ့လူတွေက ပြိုင်တူ တိုက်မှာလေ၊ ဖောက်ဝင်လာနိုင်တယ်ဆိုရင်တောင်မှ ဆိုးဆိုးရွားရွား အထိနာလောက်တယ်၊ အဲ့ယဲ့ဘုရင် သေမှာ သေချာတယ်”

စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အေးစက်စွာ ပြောလာသည်။ ထိုလူသည် ရွှယ်ကွမ် နယ်စပ်မြို့၏ မြို့တော်သခင်ဖြစ်ပြီး မိုင်ထောင်ချီ၍ ဩဇာညောင်းသည်။

သူ့အား ချမ်လီပါဟု ခေါ်တွင်ပြီး ပြတ်သား၍ ခိုင်မာသော ကိုယ်ရည်ကိုယ်သွေး ရှိပြီး သန်မာ၍ အလွယ်တကူ လူသတ်နိုင်ကာ တစ်ကိုယ်လုံး လူသတ်ချင်သည့် အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။

“သူ အဆုံးထိ လာနိုင်တယ်ဆိုရင်တောင်မှ နောက်ဆုံးနေရာ ဖြစ်နေပြီ မဟုတ်လား၊ ငါတို သုံးယောက် ပေါင်းတိုက်ရင် သူ မသေဘဲ နေနိုင်ရိုးလား”

မာကြောသော အသွင်အပြင်နှင့် တုတ်ခိုင်သော ခန္ဓာကိုယ်ရှိသည့် နောက်အဘိုးအိုတစ်ယောက်ကလည်း ဆိုးယုတ်စွာ ရယ်မော၍ ပြောလာသည်။ သူ့တစ်ကိုယ်လုံး နဂါးတစ်ကောင်ကဲ့သို့သော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။

သူသည် ပင်လယ်နက် အရှင်သခင် ဖြစ်ပြီး ထူးဆန်းသော မူလဇစ်မြစ် ရှိသော ကြောက်စရာကောင်းသည့် သက်ရှိ ဖြစ်ကာ မြွေနဂါးတစ်ကောင် ဖြစ်လေသည်။

ပင်လယ်တို့၏ အရှင်သခင်ဟု ပြောဆိုသော တစ္ဆေဖန့်ချီတောင်မှ ပင်လယ်နက်သခင်နှင့် ရင်ဆိုင်ရသောအခါ နောက်ဆုတ်ခဲ့ရသည်။

ဤနတ်ဘုရင်အဆင့် သုံးယောက်လုံးက သန်မာပြီး သူတော်စင်သခင်အဆင့် အယောက် ရှစ်ဆယ်ကိုပါ ပေါင်းလိုက်သောအခါ ယဲ့ဖန် ရောက်လာမည်ကို သူတို့ မကြောက်တော့ချေ။

ဤသည်ကပင် ထန်မင်လီတို့ သွေးပျက်နေရသည့် အကြောင်းရင်း ဖြစ်လေသည်။

“မလာပါနဲ့၊ မလာပါစေနဲ့”

ထျဲမူထားက တုန်တုန်လှုပ်လှုပ်နှင့် စိတ်ထဲမှ ကျိတ်၍ ဆုတောင်းနေမိသည်။

“ဒီကျေးကျွန်တွေက သခင်ကြီးအတွက် သေရဲပါတယ်၊ ဒါ မှန်ကန်တဲ့လုပ်ရပ်ပါ၊ ကျွန်တွေအတွက်နဲ့ သခင်က အသေခံတာကတော့ ယုတ္တိမရှိပါဘူး”

ထန်မင်လီ၏ မျက်နှာက ပြာနှမ်းနေပြီး သူ့မျက်လုံးတွင် နာကျင်ရိပ်တို့ ထင်ဟပ်နေသည်။

“ဒါပေမဲ့ မင်းရဲ့ အကြောင်းပြချက်က ငါ့အကြောင်းပြချက် မဟုတ်ဘူး”

ရုတ်တရက် ဆောင်းရာသီတမျှ အေးစက်သော အသံတစ်သံက ခန်းမတစ်ခုလုံးသို့ ပျံ့လွင့်လာသည်။

*ဟမ်*

နတ်ဘုရင်အဆင့် သုံးယောက်လုံး ထိတ်လန့်ကာ မျက်လုံးပြူးသွားသည်။ ထို့နောက်တွင် ယဲ့ဖန်၏ ဆိုးဝါးသော အခြေအနေကို မြင်ယောင်သွားပြီး သုံးယောက်လုံး၏ မျက်နှာတွင် ဆိုးယုတ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“သူ ဒီနေရာကို လာနိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ချမ်လီပါက တံခါးဝကို ခက်ထန်စွာ စူးစိုက်ကြည့်လာ၏။

“အဲ့ဒါ ပိုမကောင်းဘူးလား၊ ဒီလာပြီး ငါတို့လက်ထဲမှာ သေတာက ပိုပြည့်စုံတယ်”

ပင်လယ်နက်သခင်က ရယ်မော၍ စမ်းသပ်ကြည့်ချင်စိတ် တိုးပွားနေ၏။

“သား ဒီအဖေက မင်းအတွက် ချက်ချင်း လက်စားချေပေးမယ်”

ချွီကျီချန်၏ မျက်နှာက တင်းမာနေပြီး မျက်လုံးတွင် ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူတော်စင်သခင်အဆင့် ရှစ်ယောက်ကလည်း တံခါးဝသို့ မချိုမချဉ် အပြုံးနှင့် ကြည့်နေကြပြီး သေလုမျောပါး လူကို တွေ့ရလိမ့်မည်ဟု ထင်နေကြသည်။

*မဖြစ်ရဘူးလေ*

ထိုအခိုက်တွင် ထျဲမူထားတို့ နှစ်ယောက်လုံး စိတ်ထဲ၌ ကြံရာမရ ဖြစ်လာသည်။ သူတို့သည် နာကျင်၍ မလိုလားသော မျက်လုံးတို့ဖြင့် တံခါးဝကို ကြည့်နေသည်။ မသိလျင် ယဲ့ဖန်၏ ရောက်ရှိလာမှုက သူတို့အတွက် နှိပ်စက်မှုတစ်မျိုးဟုပင် ထင်မှတ်မှားရသည်။

ထိုစည် ခန်းမထဲသို့ ခြေတစ်ဖက် လှမ်းလာ၏။ အားလုံး၏ အံ့ဩနေသော အကြည့်အောက်တွင် ယဲ့ဖန်က အေးအေးလူလူ လျှောက်လာနေသည်။

“ဒီကျွန်အိုကြီး‌ သေသင့်ပါတယ်၊ ဒီသောက်ကျွန်အိုကြီး သေသင့်တာပါ”

ယဲ့ဖန်ကိုမြင်သည်နှင့် ထန်မင်လီ လုံးဝ ပြိုလဲသွားပြီး ကြမ်းပြင်နှင့် နဖူးကို ဆောင့်လေတော့သည်။ သူတို့သာ အသက်ရှင်လျင် အဖမ်းမခံရပါက အဘယ်ကြောင့် ယဲ့ဖန် ဤသို့ လာစရာ လိုပါမည်နည်း။ ယဲ့ဖန်ကို ဆွဲချခဲ့သူက သူတို့ပင်။ သူတို့ အသက်ရှင်လျက် အဖမ်းခံရကတည်းက လျှာကိုက် သတ်သေခဲ့သင့်သည်။

“အရှင်မင်းကြီး မလာသင့်ပါဘူး၊ ကျွန်တော်တို့က သာမန် ကျွန်နှစ်ယောက်ပါ၊ ကျွန်တော်တို့ အရှင့်အတွက် သေနိုင်ပါတယ်၊ အရှင်ကတော့ ကျွန်တော်တို့အတွက် သေလို့ မဖြစ်ပါဘူး”

ထျဲမူထားက မျက်ရည်တို့ဖြင့် ကျယ်လောင်စွာ အော်ပြောလေသည်။

“ပါးစပ်ပိတ်ထား”

ထိုသို့သောအချိန်တွင် ယဲ့ဖန်က လေသံမာမာဖြင့် ပြန်ငေါက်လိုက်ပြီး အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် လှသည်။

“ငါ့စိတ်ထဲမှာ ကျွန်ဆိုတာ မရှိဘူး၊ ညီအစ်ကိုတွေပဲ ရှိတယ်”

ထိုစကားက သူတို့နှစ်ယောက်၏ စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားသွားရစေသည်။ နှစ်ယောက်လုံး အံ့ဩနေကြသည်။ တစ်ခဏကြာသော် နှစ်ယောက်လုံး မျက်ရည်ဝဲလာ၏။

*ငါတို့က ကျွန်မဟုတ်ဘူး၊ ညီအစ်ကိုတဲ့*

*ဧကရာဇ် ကျူးလုံရဲ့ ညီအစ်ကိုတဲ့*

ယဲ့ဖန်က နှုတ်ခမ်းကိုတွ့န်၍ ပြုံးလိုက်သည်။

“ညီအစ်ကိုတို့ ငါ မင်းတို့ကို အိမ်ပြန်ခေါ်သွားမယ်”

သူ့စကားကြောင့် နှစ်ယောက်လုံး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည်။ လက်ရှိတွင် မည်သည့်စကားမဆိုက အချည်းနှိး မဟုတ်သလိုပင်။

ထိုအခိုက်တွင် ချွီကျီချန်နှင့် အခြားသူများ အံ့ဩနေ၏။ သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ပေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ကိုယ်၌ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရှိသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။

*ဒါက ယုတ္တိမရှိဘူး*

ထိုစဉ် သူတို့ လှုပ်နှိုးခံလိုက်ရသလို ဖြစ်သွားသည်။

*ယဲ့ဖန်လာတာ မြန်လွန်းမနေဘူးလား*

*ယဲ့ဖန် ဒီကို ရောက်လာဖို့ မိနစ်ပိုင်းပဲ လိုတာပါလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အပြင်မှာက ထောင်ချီတဲ့ စစ်တပ်လေ*

*တစ်လောကလုံးက အသန်မာဆုံး လူတွေ စုစည်းထားတာ၊ အဲ့လူတွေနဲ့ လူတစ်သန်းကိုတောင် တားနိုင်တာကို*

*ဒါတောင် ဒီလူ့ကိုယ်မှာ ဘာဒဏ်ရာမှ ရအောင် မလုပ်နိုင်ဘူးလား*

သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။

“မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ”

ချွီကျီချန် မယုံနိုင်သလို အော်ဟစ်လိုက်ပြီး မျက်နှာတစ်ခုလုံး သုန်မှုန်နေ၏။ သူ ကြောက်လန့်နေသည်။

“ဒေါက် ဒေါက် ဒေါက်”

ယဲ့ဖန်က တစ်လှမ်းချင်း လျှောက်လာနေပြီး ဓားသဖွယ် စူးရှချွန်ထက်သော အကြည့်များဖြင့် ပြောလိုက်သည်။

“ငါ လုပ်ချင်တာကို ငါ သေချာပေါက် လုပ်လိုက်နိုင်တာလေ”

“ငါ သတ်ချင်တဲ့ ဘယ်သူမဆို သေကိုသေရမယ်*

ထိုစကားတွင် ပြင်းထန်သော လူသတ်လိုစိတ်များ ပါဝင်နေသည်။ နတ်ဆိုးဧကရာဇ် ဒေါသထွက်နေလေပြီ။

ချွီကျီချန် မျက်နှာပျက်သွားပြီး ကျန်နတ်ဘုရင်အဆင့် နှစ်ယောက်ကို‌ အော်ပြောလိုက်သည်။

“ဒီကောင့်ကို အတူတူ သတ်ရအောင်”

သူ့အော်သံအဆုံး၌ ကျန်နတ်ဘုရင်အဆင့် နှစ်ယောက်က ဓားများဆွဲထုတ်ကာ တိုက်ခိုက်ချင်စိတ်များ တိုးပွားလာ၏။ ပြင်းထန်သော ဖိအားတစ်ခုက ဤနေရာကို စိုးမိုးလာသည်။ ဟွာချင်ခန်းမတစ်ခုလုံး မွန်းကျပ်လာပြီး မိုးပြိုတော့မတတ် ကြောက်စရာ ကောင်းလာလေသည်။

ထိုစဉ် ချမ်လီပါက ထူးဆန်းသော တာအိုသင်္ကေတများ ထွင်းထုထားသည့် မည်းနက်နေသော နတ်တူကို ထုတ်လိုက်သည်။

ကောင်းကင်ခွင်းတူ။ ဤကောင်းကင်ခွင်းတူကိုမြင်သော် လူတိုင်း ကြက်သေ သေသွားသည်။ ၎င်းသည် နတ်သံဖြင့် ပြုလုပ်ထားသော နတ်တူဖြစ်ပြီး သူမတူသော စွမ်းအင် ရှိသည်။ နတ်တူသည် အလွန် ကြီးမား၍ လေးလံကာ တစ်ချက်တည်းဖြင့် စွမ်းအားကြီးလှသည်။

တစ်ချိန်က ချမ်လီပါသည် ဤတူဖြင့် ထိပ်တန်း စစ်သည်တော် တစ်သိန်းကို တားဆီးဖူးသည်။ တစ်ချက်တည်းဖြင့် တောင်ပြို၍ မြစ်ချောင်းများ ပျက်စီးလေသည်။

“ဟဲဟဲ မင်း ကံကောင်းလို့ ဒီရောက်လာရင်တောင်မှ ငါတို့သုံးယောက်ကို ပြိုင်တူ ရင်ဆိုင်ရမှာပဲ၊ ဟေ့ကောင် မင်း ဟိုဘာမဟုတ်တဲ့ကောင်တွေ လက်ထဲမှာ မသေခဲ့လို့ နောင်တရလာလိမ့်မယ်လို့ ငါ ပြောရဲတယ်”

ပင်လယ်နက်သခင်က ပြုံး၍ လက်ကိုခါလိုက်သောအခါ ရွှေအိုရောင် သံတုတ်တစ်ခု ပေါ်လာသည်။ ၎င်းတွင်လည်း ဆန်းကြယ်သော ဇစ်မြစ် ရှိသည်။ ၎င်းကို တစ်ခါက အင်မော်တယ် ဧကရာဇ်တစ်ပါး ကိုင်ဆောင်ဖူးပြီး မိုးမြေခွင်းဟု ခေါ်တွင်ခဲ့သည်။

တုတ်သည် မြင့်မားရှည်လျားပြီး လွှဲယမ်းလိုက်လျင် တောင်ပြို၍ မြေဆီလွှာ အက်ကွဲသွားသည်။ ၎င်းသည်လည်း မှော်လက်နက်တစ်ခု ဖြစ်ပေသည်။ ယင်းက နတ်ဘုရင်ကိုပင် သတ်နိုင်၏။

သူတို့နှစ်ယောက်သည် ယင်းမှော်လက်နက် နှစ်ခုကို မှီခို၍ မရေတွက်နိုင်သော ပြိုင်ဘက်များကို အနိုင်ယူ သတ်ဖြတ်ခဲ့သည်။

တစ်ချက်တည်းဖြင့် တောတောင်ကို ပြိုကျစေပြီး မြစ်ချောင်းအား ပျက်စီးစေနိုင်သောကြောင့် ကြောက်စရာ ကောင်းလှပေသည်။

ထိုစဉ် နတ်ဘုရင်အဆင့် နှစ်ယောက်က ပြိုင်တူ ပြေးတက်လာပြီး လက်ထဲမှ လက်နက်များကို သေချာ ကိုင်ဆောင်ထားကာ မျက်နှာတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။

“ယဲ့ဖန် ဒီနေရာက မင်းရဲ့ သင်္ချိုင်းမြေပဲ”

All Chapters