အခန်း ၁၄၉၅
Vol. 100 Ch. 1495
Chapter 1495 ညီအစ်ကိုဆိုတာ စကားလုံးသက်သက်ပဲ မဟုတ်ဘူး
“သတ်”
သို့သော် နတ်ဆိုးမျိုးနွယ်များတွင် ဘယ်လိုလုပ် သေရမည်ကို ကြောက်သည့်သူ ရှိပါမည်နည်း။
တစ်ချက်ကြည့်လိုက်ရုံနှင့် ရောက်လာသူက ကောင်းသောလာခြင်းနှင့် လာခြင်း မဟုတ်မှန်း သူတို့ သိလိုက်သည်။ နတ်ဆိုးများအားလုံး ဒေါသထွက်သွားပြီး ညာသံပေး၍ နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းနေသော လက်နက်များဖြင့် တစ်ဖက်လူအား ထိုးခွင်း တိုက်ခိုက်လေသည်။
“ထွက်သွားစမ်း”
ထိုလူ ငေါက်ငမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော စွမ်းအင် ပွင့်ထွက်လာ၏။ ထို့နောက် သူ့ရင်ဘတ်မှ ကြောက်စရာကောင်းပြီး ကြမ်းကြုတ်သော ဝံပုလွေဝိညာဉ် ထွက်လာပြီး ပါးစပ်ဟ၍ ကောင်းကင်ယံသို့ မော့၍ ဟစ်ကြွေးလေသည်။ ထိုအခါ အရှေ့မှ နတ်ဆိုးများအားလုံး လွင့်ထွက်သွားကြသည်။
“ဘုတ် ဘုတ်”
နတ်ဆိုးများ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျကာ သွေးအန်ပြီး ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
ထိုအခိုက်တွင် နတ်ဆိုးနဂါး ဖုရှန်က ထိုနေရာမှ ဖြတ်သွားခြင်းနှင့် ကြုံကြိုက်သွားသည်။ အဆိုပါမြင်ကွင်းကို သူ မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
“ဘာဖြစ်တာလဲ”
“ဖုရှန် ဒီလူက ပြဿနာရှာဖို့ ရောက်လာလို့ပါ”
နတ်ဆိုးနဂါး ဖုရှန်က ထိုလူကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် ထိုလူကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများ ကျဉ်းမြောင်းလာပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်ဟန် ပေါ်လာသည်။
“အရှင်မင်းကြီးကို မြန်မြန်သွားသတင်းပို့လိုက်”
ချက်ချင်းဆိုသလိုပင် သူသည် သူ့လူအား အမိန့်ပေးလိုက်ပြီး အလွန်စိတ်လှုပ်ရှားသော အမူအရာ ဖြစ်ပေါ်လာသည်။ ဤသည်ကိုကြည့်ပြီး လူတိုင်း ပို၍ အံ့အားသင့်သွားရသည်။
*မဟုတ်မှလွဲရော သခင်ဖုရှန်က ဒီလူကို သိနေတာများလား*
“မင်းကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူ မင်းကို လိုက်ရှာနေတာ တော်တော် ကြာပြီ”
နတ်ဆိုးနဂါးဖုရှန်က တစ်ဖက်လူကို စိုက်ကြည့်၍ ပြောလိုက်သည်။ သို့သော် ထိုလူက သူ့စကားကို မကြားသကဲ့သို့ တစ်ခွန်းမှ မပြောချေ။
ဤသည်က နတ်ဆိုးနဂါး ဖုရှန်ကို မျက်မှောင်ကြုတ်သွားစေသည်။ တစ်ခဏကြာသော် ယဲ့ဖန် ရောက်လာပြီး ထိုသူကို မြင်သည်နှင့် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။
ထို့နောက် သူသည် တန်းတန်းမတ်မတ် လျှောက်သွားပြီး တစ်ဖက်လူအား နွေးထွေးစွာ ပွေ့ဖက်လေသည်။
“နောက်ဆုံးတော့ … နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ”
လောဘအိုး ဝံပုလွေ ဖေးချမ်။
ထိုစကားကိုကြားသော် နတ်ဆိုးမျိုးနွယ်များ ထိတ်လန့်သွားသည်။ သူတို့ ဖေးချမ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ယဲ့ဖန် မကြာခဏ ပြောသည်ကို ကြားဖူးသည်။
လောဘအိုး ဝံပုလွေ ဖေးချမ်။ ယဲ့ဘုရင်၏ ညီအစ်ကို။
ယဲ့ဖန်ကို မြင်သောအခါတွင်မှ ဖေးချမ်၏ မျက်နှာက အနည်းငယ် ပြုံးလာသည်။
“အရူးကောင် မတွေ့ရတာ ကြာပြီ”
“သွားမယ်၊ ဒီည ငါတို့နှစ်ယောက် မမူးမချင်း အိမ်မပြန်ရဘူး”
ယဲ့ဖန်က ဖေးချမ်၏ လည်ပင်းကို ဖက်၍ သူနှင့်အတူ ဝမ်ကောဖူထဲသို့ လျှောက်သွားလေသည်။ သို့သော် အနောက်မှ နတ်ဆိုးနဂါး ဖုရှန်က ဖေးချမ်၏ နောက်ကျောကို ဆက်ကြည့်နေပြီး သူ့မျက်နှာက တဖြည်းဖြည်း သုန်မှုန်လာကာ ယခု ဖေးချမ်က အတိတ်အခါက ဖေးချမ်နှင့် မတူကြောင်း ခံစားမိနေသည်။
ထိုညတွင် ယဲ့ဖန်နှင့် ဖေးချမ်တို့သည် ထမင်းစားပွဲ၌ ခွက်ချင်းတိုက်၍ သောက်စားကြပြီး နှစ်ယောက်လုံး ပြန်ဆုံသည့်အတွက် ပျော်ရွှင်စွာ ရယ်မောကြသည်။
သို့သော် ထူးခြားသည်မှာ ဖေးချမ်က ရယ်လိုက်ငိုလိုက် ဖြစ်နေခြင်းပင်။ ယဲ့ဖန်က သူ စိတ်ကြည်နူး၍ ဖြစ်သည်ဟုသာ တွေးပြီး သိပ်မစဉ်းစားချေ။
“အရူးကောင် တကယ်တော့ ငါ အတမ်းတဆုံးက ငါတို့ ကျောင်းတုန်းက အချိန်တွေပဲ၊ အတူတူ ရန်ဖြစ်တာ၊ အတူတူ အတန်းလစ်ပြီး မိန်းကလေးတွေကို အတူတူ ပိုးပမ်းတာ ပြီးတော့ လွတ်လွတ်လပ်လပ် နေရတာကိုပဲ”
ဖေးချမ်က နှာခေါင်းကိုပွတ်၍ မချိပြုံးနှင့်အတူ ပြောလသည်။
“အဲ့အချိန်တုန်းက ငါတို့က ဒီနေ့လို အစွမ်းမျိုး မရှိခဲ့ပင်မယ့် သိပ်ပျော်ခဲ့ရတာ”
“မင်း ဘာဖြစ်တာလဲ၊ ဒီည အရမ်း စိတ်ခံစားချက်တွေ များနေတာလား”
ယဲ့ဖန်က ပြုံး၍ သူ့ကို တွန်းလိုက်သည်။ ဖေးချမ်က ဘာမှမပြောဘဲ မချိပြုံးပြုံးလိုက်ပြီးနောက် ဝိုင်ပုလင်းကို ကမ်းပေးလိုက်သည်။
“ဒါ ငါ အတော်လေး ရှာထားရတဲ့ ကျောက်စိမ်း အဆီအနှစ်ပဲ၊ အရသာက သိပ်ကောင်းတယ်၊ မင်း သောက်ကြည့်ပါလား”
“ကောင်းသားပဲ”
ယဲ့ဖန်က သံသယမဝင်ဘဲ ကျောက်စိမ်း အဆီအနှစ်ကို ချက်ချင်း သောက်လိုက်သည်။
“အရသာက ကောင်းပါတယ်၊ ဒါပေမဲ့ တော်တော်တော့ ပြင်းတယ်ကွ”
ထိုစဉ် ယဲ့ဖန်သည် မျက်ခွံများ လေးသထက် လေးလာပြီး အရှေ့မှ ဖေးချမ်၏ ပုံရိပ်က ပိုဝါးလာသည်ကို ခံစားလိုက်ရသည်။
ဖေးချမ်က ငိုယို၍ နာကျင်နေသော မျက်နှာထားဖြင့် သူ့အား ထမ်းသွားသည်ကိုသာ သူ နောက်ဆုံးအနေဖြင့် မြင်လိုက်ရလေသည်။
“အရူးကောင် ငါ တကယ် အတိတ်ကို ပြန်သွားချင်တယ်၊ မရေတွက်နိုင်တဲ့ သေခြင်းတရားတွေ မပြောနဲ့ လျှို့ဝှက် ကြံစည်မှုတွေ မပါဘဲ သာမန်လူတစ်ယောက် ဖြစ်ချင်တယ်”
“ငါတို့ ဘယ်တော့မှ ပြန်မသွားနိုင်တော့တာက ဆိုးတာပဲ”
နောက်ဆုံးတွင် ဖေးချမ်သည် နာကျင်စွာ ညည်းညူနေပြီး မျက်ရည်များ စီးကျလာသည်။
“ဖေးချမ် …”
ယဲ့ဖန် ခပ်တိုးတိုး ခေါ်ပြီးနောက် တဖြည်းဖြည်း သတိလစ်သွားသည်။
“မင်း ဘာလုပ်လိုက်တာလဲ”
ရုတ်တရက် တံခါးဝမှ နတ်ဆိုးနဂါး ဖုရှန်၏ ဒေါသသံ ထွက်ပေါ်လာသည်။ သူသည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။ ဤသည်ကို သူ အိပ်မက်ထဲမှာတောင်မှ မယုံနိုင်သလိုပင်။
*လတ်စသက်တော့ ဖေးချမ်က သစ္စာဖောက်တာကိုး*
ဖေးချမ်က မျက်ရည်ကို တစ်ဖက်လှည့်သုတ်လိုက်ပြီး ပြန်လှည့်လာသည်နှင့် ယခင် ရက်စက်ကြမ်းကြုတ်သော ဟန်ပန် ပြန်ဖြစ်သွားသည်။
“ငါ့အရှင်မင်းကြီးကို မထိနဲ့”
“ခွေးသူခိုးကောင် မင်း လုပ်ရဲလား”
ထန်မင်လီ၊ ကင်းမြီးကောက် လူသတ်သမား၊ ဟွမ်နူနှင့် အခြားသူများအားလုံး ရောက်လာကြပြီး ဖေးချမ်းက ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
နတ်ဆိုးနဂါး ဖုရှန်က ချက်ချင်း ယဲ့ဖန်အနားသို့ ပြေးသွားပြီး သူ့ဒဏ်ရာဒဏ်ချက်များကို စစ်ဆေးလေသည်။
“ဖေးချမ် ပြောစမ်း၊ မင်း ဘာကိစ္စကြောင့် သစ္စာဖောက်တာလဲ”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။ တစ်ချိန်က သူတို့ ဘေးချင်းယှဉ်၍ သေမထူး နေမထူး တိုက်ခိုက်ခဲ့ပြီး ဖေးချမ်းအား ညီအစ်ကိုတစ်ယောက် အဖြစ် သူ သတ်မှတ်ထားသည်။
သို့သော် ဖေးချမ်က ဘာပြန်လုပ်ခဲ့သနည်း။ သူက သခင်ကြီးကို ပြန်သတ်ခဲ့သည် မဟုတ်ပါတကား။
သူ့ကိုသာ မယုံကြည်လျင် ဘယ်လိုလုပ် ယဲ့ဖန်က ထိုအရာကို အလွယ်တကူ သောက်ပါမည်နည်း။ သို့သော်ငြားလည်း ဖေးချမ်းက ယဲ့ဖန်၏ သူ့အပေါ် ယုံကြည်မှုကို အသုံးချ၍ သတ်ခဲ့သည်။ ဤသည်ကို သတ်ဖြတ်ခြင်း နတ်ဆိုးသခင် လက်မခံနိုင်ပါ။
“အခုအချိန်မှာ အဲ့လိုဟာတွေ ပြောဖို့ လိုသေးလား”
ဖေးချမ်က ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် သရော်လိုက်သည်။
“ဘာ”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင် အံကြိတ်သွားသည်။
“မင်း တကယ် … တကယ်ပဲ သူ့ကို သစ္စာဖောက်လိုက်တာကိုး”
ယဲ့ဖန်၏ သေခြင်းရှင်ခြင်းကို ဖေးချမ်း အရေးမစိုက်မှန်း သိသာနေသည်။
“မင်း … မင်းက သူ့ညီအစ်ကို မဖြစ်ထိုက်ဘူးကွ၊ မင်းက ငါတို့နဲ့အတူ ရှိနေဖို့ မထိုက်တန်ဘူး၊ ဖေးချမ် မင်း သေသင့်တယ်”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ကျယ်လောင်စွာ ကြုံးဝါးပြီး ရုတ်တရက် သူ့လက်ထဲတွင် မရဏ တံစဉ် ပေါ်လာပြီး ဖေးချမ်ထံ ပြေးဝင်လာသည်။
“မင်း ကံတရားကို လက်ခံလိုက်တော့”
ဟွမ်နူနှင့် အခြားသူများကလည်း ခက်ထန်သော အရိပ်အယောင်များ ပြနေပြီး ပြိုင်တူ ပြေးတက်လာသည်။
“သူ့ကို လွှတ်ပေးလိုက်”
သို့သော် ထိုအချိန်တွင် နတ်ဆိုးနဂါး ဖုရှန်က အော်ပြောလာလေသည်။ လူတိုင်း မျက်နှာပျက်သွားပြီး နတ်ဆိုးနဂါး ဖုရှန်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
“မင်း ဘာပြောနေတာလဲ၊ သူ အရှင်မင်းကြီးကို ဘာလုပ်လိုက်လဲ မမြင်ဘူးလား”
ထျဲမူထားက အော်လေသည်။ ဖေးချမ်က ဘယ်သူ ဖြစ်ဖြစ်၊ ယဲ့ဖန်အား ထိခိုက်စေသည့်အတွက် ခွင့်မလွှတ်နိုင်ပါ။
“သူ့ကို လွှတ်လိုက်ဖို့ ငါ ပြောနေတယ်”
နတ်ဆိုးနဂါး ဖုရှန်က သုန်မှုန်နေသော မျက်နှာနှင့် ငေါက်ငမ်းလေသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ဖေးချမ်ကို ဒေါသတကြီး စိုက်ကြည့်ပြီး အံကြိတ်နေသည်။ သူ တစ်စစီ စုတ်ဖြဲချင်နေသော်လည်း ဆက်၍ မတိုက်တော့ချေ။
ဖေးချမ်က ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် လူအုပ်ကို ဖြတ်၍ ဝမ်ကောဖူမှ ထွက်သွားလေသည်။ မည်သူမှ မမြင်နိုင်သော နေရာသို့ ရောက်သောအခါ ဖေးချမ်၏ မျက်နှာတွင် စိတ်အေးသော အပြုံးတစ်ခု ပေါ်လာသည်။
“အရူးကောင် ငါ့ညီအစ်ကိုကောင်းကြီး၊ ဒီဘဝ ငါ မင်းနဲ့ တွေ့ခွင့်ရတဲ့အတွက် ငါ လုံးဝ နောင်တ မရဘူး”
….
“မင်း သူ့ကို ဘာလို့ သွားခိုင်းလိုက်တာလဲ၊ သူ့ကိုယ်ပေါ်မှာ ဖြေဆေး ရှိချင် ရှိနေနိုင်တာပဲ”
ထျဲမူထားက နတ်ဆိုးနဂါး ဖုရှန်ကို စိုက်ကြည့်နေပြီး သူ့ဆုံးဖြတ်ချက်ကို နားမလည်နိုင် ဖြစ်နေ၏။
“ယဲ့ဖန် ဘာမှမဖြစ်ဘူး၊ သူက ဒီအတိုင်း မူးနေတာ”
နတ်ဆိုးနဂါး ဖုရှန်က တစ်ဖက်လှည့်၍ ပြောလိုက်သည်။
“ဘာ … အဲ့ကောင် သူ့ကို အဆိပ်ခတ်လိုက်တာ မဟုတ်ဘူးလား”
လူတိုင်း အံ့အားသင့်သွားသည်။ ဟွမ်နူက အလျင်အမြန် ရှေ့တိုး၍ စစ်ဆေးလိုက်ပြီးနောက် စိတ်အေးကာ သက်ပြင်းချလိုက်သည်။
“ကျောက်စိမ်း အဆီအနှစ်က ဒဏ္ဍာရီလာ အင်မော်တယ်ဝိုင်ပဲ၊ လောကထဲမှာ အရသာ ကောင်းတယ်လို့ ကျော်ကြားပြီး အင်မော်တယ်တွေတောင် မူးနိုင်တယ်လို့ လူသိများတဲ့ ဝိုင်”
“ဒါဆို ဘာလို့ ဖေးချမ်က မရှင်းပြတာလဲ”
လူတိုင်း နားမလည်နိုင်တော့ချေ။ အကယ်၍ ဖေးချမ်က ယဲ့ဖန်ကို သတ်ချင်စိတ် မရှိပါက အစောပိုင်းက သူ အဘယ်ကြောင့် မရှင်းပြရသနည်း။ ထိုအစား သူတို့ကို အထင်လွဲအောင် ပြောသွားသည်။
*သောက်ကျိုးနည်း ဒီကောင် ဘာတွေ တွေးနေတာလဲ*
“ချီးပဲ”
ရုတ်တရက် နတ်ဆိုးနဂါး ဖုရှန်က တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ထအော်လေသည်။
“မြန်မြန်လုပ်၊ ယဲ့ဖန် နိုးလာအောင် လုပ်နိုင်တဲ့ နည်းလမ်းအကုန်သာလုပ်”
“အဲ့သောက်ရူးက တစ်ယောက်တည်း သေဖို့လုပ်နေတာ”
ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါး ဖုရှန်က အသွင်ပြောင်း၍ ဖေးချမ် ထွက်သွားသည့်ဘက်သို့ ပျံသန်းသွားသည်။ သူ့မျက်လုံးတွင် အကောင်အထည် မပေါ်သော ဒေါသရိပ်များ ပေါ်နေ၏။
“အရူး အရူး အရူး”
“ဖေးချမ် အရူးကောင်”
ထိုအခိုက်တွင် ဖေးချမ်သည် တောင်တစ်လုံး၏ တောနက်အတွင်းသို့ ရောက်နေသည်။ ထိုစဉ် ရင်းနှီးနေသော ပုံရိပ်တစ်ခုက တောထဲမှ ထွက်လာသည်။
သူသည် ကောင်းမွန်သော အဝတ်အစားကို ဝတ်ဆင်ထားပြီး ဟန်ပန်အမူအရာ ကောင်းမွန်သည်။ ထိုလူသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များ ရှိကာ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားစွမ်းအင်များ စီးဆင်းနေ၏။
ထိုသူကား အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားပင်တည်း။ လက်ရှိတွင် သူသည် စဉ်းလဲသော အပြုံးမျိုး ပြုံးနေ၏။
“ဘယ်လိုလဲ ယဲ့ဖန် အဆိပ်မိသွားပြီးလား”
ဖေးချမ် ခေါင်းညိတ်ပြလိုက်သည်။
“ဟားဟားဟား အဲ့ဒါ နှစ်တစ်သောင်း သန့်စင်ပြီး နှစ်တစ်သောင်းတိတိ ပွက်ပွက်ဆူအောင် ထားပြီး ဖော်စပ် ထားတဲ့ နတ်ဘုရားသတ် အဆိပ်ပဲ၊ အင်မော်တယ်တောင်မှ အဆိပ်မိရင် သေနိုင်တာ၊ ဒီအရူးကောင် သေပြီပဲ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်နှာတွင် ဝမ်းသာအားရဟန်များ ပေါ်လာသည်။
“သေချာတာပေါ့လေ၊ ယဲ့မိသားစု ဘိုးဘေးက ကျားကွက်ကို မှန်မှန်ကန်ကန် အသုံးချလိုက်နိုင်တာပဲ၊ မင်းတစ်ယောက်တည်းကပဲ ယဲ့ဖန်ကို သံသယကင်းကင်းနဲ့ အဆိပ်သောက်ခိုင်းနိုင်မှာ”
ထို့နောက်တွင်မူ သူက ဖေးချမ်အား အထင်သေးသော မျက်နှာထားဖြင့် ကြည့်လာသည်။
“ဖေးချမ် မင်းက ညီအစ်ကိုကောင်းပဲ၊ ယဲ့ဖန်က သူ့ညီအစ်ကိုလက်ထဲမှာ သေရလိမ့်မယ်လို့ ဘယ်တော့မှ ထင်ထားမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”
*ညီအစ်ကို*
*ဒီလောကမှာ တကယ့် ညီအစ်ကိုဆိုတာ ရှိလို့လား*
*တစ်ချို့က ကိုယ့်ကိုယ်ကျိုးအတွက် အသုံးချတာ*
*တစ်ချို့က တစ်ကိုယ်ကောင်းဆန်တတ်တယ်*
ယဲ့မိသားစု ဘိုးဘေးက ဖေးချမ်အား ယဲ့ဖန်ကို သတ်နိုင်လျင် ကျုံးကျိုး အင်ပါယာ၏ အရှင်သခင် ဖြစ်အောင် လုပ်ပေးမည်ဟု ကတိပေးခဲ့သည်။ ဖေးချမ်တွင် တုနှိုင်းမဲ့သော ခွန်အားကို လိုချင်တပ်မက်သည့်ပုံပင်။
ယဲ့ဖန်က သူ့ညီအစ်ကို၏ လက်ထဲ၌ သေသွားသည်ကို တွေးပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ စိတ်ထဲ၌ အလွန် ကျေနပ်အားရသော ခံစားချက် ဖြစ်ပေါ်လာသည်။
ဤသည်က ယဲ့ဖန်ကို လူရယ်စရာ ဖြစ်စေမှာပင်။
“ဂါး”
ရုတ်တရက် ကြမ်းကြုတ်သော ဟိန်းသံ ထွက်ပေါ်လာပြီး ချွန်ထက်သော လက်သည်းများက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထံ ကျရောက်လာ၏။ လူသတ်ချင်သော အရှိန်အဟုန်က ကြမ်းကြုတ် စီးပိုးလှသည်။
ထိုအခိုက်တွင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် မျက်လုံးမီးတောက်သွားပြီး ဖေးချမ်က သူ့ကို တိုက်ခိုက် လာလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပေ။
သူ နတ်ဓားကို ထုတ်လိုက်ပြီး ဓားအငွေ့အသက်က ကောင်းကင်ယံကို လွှမ်းမိုးသွားသည်။ ၎င်းက ကြောက်စရာ ကောင်းသော သွေးလက်သည်းကို ဖျက်ဆီးသွားလေသည်။
“ချွင်”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ချက်ချင်း လွင့်ထွက်သွားသည်။ ကတိုက်ကရိုက် တိုက်ခိုက်မှုအောက်တွင် သူ လုံးဝ မယှဉ်နိုင်ပေ။ သူ ချက်ချင်း ဒဏ်ရာရသွားပြီး ဆယ်မီတာကျော် လွင့်ထွက်သွားရသည်။ သူ့ပါးစပ်မှ သွေးများပင် အန်လာသေးသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်လုံးတွင် မကျေနပ်ဟန်များ ပေါ်လာ၏။
“ဖေးချမ် မင်း ယဲ့ဖန်ကို မသတ်နိုင်ဘူးဆိုတာ ငါ သိသားပဲ၊ ဒါပေမဲ့ မင်း ယဲ့မိသားစု ဘိုးဘေးကို သစ္စာဖောက်ရဲမှတော့ မင်း သေသင့်တယ်ကွ”
“သေတယ် ဟုတ်လား၊ နတ်ဆိုးတွေက သေတာ ကြောက်လို့လား”
သူသည် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလေသည်။
“မင်း ယဲ့ဖန်ကို သတ်ပြီး အောင်မြင်မှုနဲ့ စည်းစိမ်ကို ခံစားနိုင်မှာ၊ မင်း မိန်းမလှလေးတွေ၊ အာဏာနဲ့ စည်းစိမ် အဲ့ဒါတွေ အားလုံးကို ရနိုင်တယ်လေ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား အော်ဟစ်လိုက်သည်။
*အရူး*
*ဒီကောင်က အရမ်း ရူးမိုက်လွန်းတယ်*
“အခု မင်း သူ့ကြောင့် သေရတော့မှာ”
“ညီအစ်ကိုဆိုတာ ဘာလဲ မင်း သိလား”
ဖေးချမ်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ကရုဏာသက်၍ သနားဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်းလို အတ္တကြီးတဲ့ကောင်က ညီအစ်ကိုဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်တော့မှ နားမလည်နိုင်ပါဘူး”
“တစ်ယောက် ခံစားမိတာကို နောက်တစ်ယောက်က ခံစားမိတယ်၊ တစ်ယောက် မုန်းတာကို လိုက်မုန်းတယ်၊ သူ့အသက်က ငါ့အသက်ပဲ၊ သူ့မှာ ရှိတဲ့အရာအားလုံးက ငါ့မှာ ရှိတဲ့အရာတွေပဲ”
“သူ့ကို သတ်တာက ငါ့ကို သတ်လိုက်တာနဲ့ အတူတူပဲ”
ဖေးချမ် လုံးဝ ရူးမတတ် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ရက်စက်သော ဝံပုလွေတစ်ကောင်သဖွယ် ခုန်လွှားပြီး တစ်ဖက်လူအား တိုက်ခိုက်လေတော့သည်။
“ညီအစ်ကိုဆိုတာ စကားလုံးသက်သက်ပဲ မဟုတ်ဘူးကွ”