အခန်း ၁၄၉၇
Vol. 100 Ch. 1497
Chapter 1497 ဟာသတစ်ပုဒ် ပြောပြမယ်
ယဲ့လုံရှန်း၏ စကားအဆုံးတွင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် အခြားသူ သုံးယောက်တို့ ပြိုင်တူ လှုပ်ရှားလာသည်။
ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံနှင့်အတူ ဖေးချမ်တို့နှစ်ယောက်အား သတ်ရန် တိုက်ခိုက်လေ တော့သည်။
“နေနဂါးဟိန်းသံ”
နတ်ဆိုးနဂါး ဖုရှန်က ခေါင်းကိုမော့၍ ဟစ်ကြွေးလိုက်ပြီးနောက် ပါးစပ်မှ အနက်ရောင် မီးလျှံများ မှုတ်ထုတ်၍ သူတို့ လေးယောက်ကို တိုက်ခိုက်လေသည်။
*ချီးပဲ*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ကြောက်လန့်သွားပြီး ခန္ဓာကိုယ်အား မတူညီသော အရပ်မျက်နှာသို့ ရွှေ့ပြောင်း၍ ရှောင်တိမ်းလိုက်ရသည်။
သူတော်စင်သခင်အဆင့် တစ်ယောက်က စက္ကန့်ပိုင်းမျှ နောက်ကျသွားသည်။ ထိုစက္ကန့်ပိုင်းမျှ နောက်ကျခြင်းကပင် သူ၏ အဆုံးသတ် ဖြစ်သွားစေသည်။
“အား”
တိတ်ဆိတ်နေသော တောအုပ်ထဲ၌ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။ အနက်ရောင် မီးလျှံ ဟပ်သွားသော ထိုသူတော်စင်သခင်အဆင်၏ ခန္ဓာကိုယ်သည် ပြည်တည်သလို ဖြစ်လာသည်။ ထို့နောက် တစ်ခဏအတွင်းမှာပင် အဖြူရောင် အရိုးစုသာ ကျန်ခဲ့လေသည်။ ဆိုးရွားသော သေခြင်းပင်။
“သေချင်နေတာပဲ”
ယဲ့လုံရှန်၏ မျက်လုံးများက မီးပွင့်မတတ် ဖြစ်လာပြီး ရှေ့သို့ ပြေးတက်လာသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော စွမ်းအားက ဒီရေအလား စီးဆင်းလာသည်။
ချက်ချင်းဆိုသလိုပင် သူသည် နတ်ဆိုးနဂါး ဖုရှန်၏ အနောက်ဘက်တွင် ပေါ်လာပြီး လက်ဝါးကို ဖြန့်ကာ ရိုက်ချလိုက်သည်။ ထိုလက်ဝါးချက်တွင် ရာထောင်ချီသော ဓားစွမ်းအားတို့ ပါဝင်နေပြီး အရှိန်ဖြင့် ကျဆင်းလာ၏။
ဤလက်ဝါးချက်သည် အလွန် အားကြီးလှပြီး နတ်ဆိုးနဂါး ဖုရှန်၏ ကြီးမားသော ခန္ဓာကိုယ်က ဆယ်မီတာကျော်မျှ လွင့်ထွက်သွားပြီး သစ်ပင်များကို ဝင်ဆောင့်၍ လဲကျသွားသည်။
“ဝေါ့”
နတ်ဆိုးနဂါး ဖုရှန် သွေးအန်လာပြီး ကျောပြင်တစ်ခုလုံး ပုပ်သိုးလုနီးပါး ဖြစ်သွားရသည်။ သူ၏ နဂါး ခန္ဓာကိုယ်က တောင်မှ ယဲ့လုံရှန်း၏ လက်ဝါးချက်ကို မခုခံနိုင်ချေ။
ချောင်းမြောင်း တိုက်ခိုက်ခြင်းပင်။
ဤလူအိုကြီးက အလွန် ယုတ်မာလိမ့်မည်ဟု နတ်ဆိုးနဂါး ဖုရှန် ထင်မထားမိပေ။ သူ သတိမထားမိလိုက်သည့် အချိန်မှာပင် သူ့နောက်ကျောသို့ ရောက်နေပြီး သူ့ကျောအား ရိုက်နှက်လာခဲ့သည်။
“အရူးနဂါး မြန်မြန်သွားတော့ ယဲ့လုံရှန်းက အင်မော်တယ် ဧကရာဇ်အဆင့်အောက်မှာ နံပါတ်တစ်လို့ ကျော်ကြားတဲ့လူ နတ်ဘုရင်အဆင့်မှာ သူ့နဲ့ ယှဉ်နိုင်သူ မရှိဘူး၊ မင်းက သူ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး”
ဖေးချမ် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ့မျက်နှာတွင် စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။
“မင်းက ငါ့ကို ကိုယ့်ညီအစ်ကိုကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်း ပြေးစေချင်တာလား၊ အဲ့လို ပြန်သွားရင် သခင်ကြီးက ငါ့ကို မရိုက်နှက်ဘူးလို့ ထင်နေတာလား”
နတ်ဆိုးနဂါး ဖုရှန်က ပြန်ထရန် ရုန်းကန်ရင်း ဖေးချမ်ကို စိုက်ကြည့်လေသည်။
“ဖေးချမ် ငါ မင်းကို မေးပါဦးမယ်၊ မင်းဘာသာမင်း အသေခံတာကို သဘောထားကြီးတယ်လို့ ထင်နေတာလား၊ ငါတို့ ဘယ်လို ခံစားရမလဲ မင်း တွေးဖူးလား၊ ငါတို့ ညီအစ်ကိုတွေ ဘယ်လို ခံစားရမယ် ထင်လဲ”
ဖေးချမ် လန့်ဖြန့်သွားပြီး ကြက်သေ သေသွားရသည်။ သူ ထိုသို့ လုံးဝ မတွေးမိပါ။ သူ၏ စိတ်ထဲတွင် ဖြောင့်မတ်သူသာ ဖြစ်ချင်ခဲ့ပြီး သူ သေသွားပြီးလျင် ယဲ့ဖန်နှင့် အခြားသူများ သူ့သေဆုံးခြင်းကို မည်သို့ ခံစားသိမြင်မလဲ သူ မတွေးခဲ့မိပါ။
“မင်း သခင်ကြီးအကြောင်း မသိဘူးလား၊ မင်း သေသွားရင် သူ ဘယ်လို ခံစားရမလဲ၊ သူ ဘယ်လို ဝမ်းနည်းပူဆွေးမှုကို ပိုက်ပြီး တစ်သက်လုံး နေသွားရမလဲ မင်း တွေးကြည့်ဖူးရဲ့လား”
“ဖေးချမ် ပြောစမ်းပါ၊ မင်း တွေးကြည့်ဖူးရဲ့လား”
“ဒုန်း”
ဖေးချမ် ဒူးထောက်ကျသွားပြီး မျက်နှာ ပြာနှမ်းသွားသည်။ တစ်ခဏမျှ သူ စိတ်လွတ်သွားသည်။ ယခု သူ မှားသွားပြီဖြစ်ကြောင်း သူ သိလိုက်လေပြီ။ အမှားကြီး မှားသွားပြီ။
သူ ယနေ့ ယဲ့ဖန်ကို နောက်ဆုံးအကြိမ် တွေ့ခဲ့ပြီး ယဲ့ဖန်အား အရက်မူးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် တားမည်ကို သူ စိုးရိမ်သောကြောင့်ပင်။ သို့သော် ယဲ့ဖန်ဘက်က မည်သို့ ခံစားရမည်နည်း။
ယနေ့ည သူ့ကို မတားခဲ့နိုင်သည့်အတွက် သူ တစ်သက်လုံး နောင်တရနေမည်လော။ သူ ယင်းကို မတွေးခဲ့မိပါ။
“သေခါနီးနေတာတောင် အရေးမပါတာတွေ ပြောနိုင်သေးတယ်ပေါ့၊ သွားသေလိုက်တော့”
ယဲ့လုံရှန်းက ရက်စက်စွာ ပြုံးလိုက်ပြီး ထပ်မံ၍ လှစ်ခနဲ လှုပ်ရှားကာ ဖေးချမ်ထံ ဦးတည်သွားသည်။
“ယီးပဲ”
နတ်ဆိုးနဂါး ဖုရှန် ဒေါသထွက်သွားသည်။ ယဲ့လုံရှန်က သေမတတ် ဒဏ်ရာရနေသော လူကို တန်းတိုက်ခိုက် လောက်သည်အထိ ယုတ်မာလိမ့်မည်ဟု သူ ထင်မထားမိပါ။
ချက်ချင်းဆိုသလိုပင် သူသည် ထရပ်ရန် အပြင်းအထန် ကြိုးစားပြီး တစ်ဖက်လူထံသို့ ဒေါသတကြီး ပြေးဝင်သွားသည်။ သို့သော် ထိုအချိန်မှာပင် ဖေးချမ်ထံသို့ ပြေးဝင်သွားသော ယဲ့လုံရှန်းသည် ရုတ်တရက် တစ်ဖက်လှည့်၍ နတ်ဆိုးနဂါး ဖုရှန်ကို တိုက်ခိုက်လာ၏။ သူ့မျက်နှာတွင် လူမဆန်သော အပြုံးတစ်ခု ရှိနေသည်။
*မကောင်းတော့ဘူး*
နတ်ဆိုးနဂါး ဖုရှန်သည် အရူးလုပ်ခံရကြောင်း ရိပ်စားမိသွားလေသည်။ ယဲ့လုံရှန်းက သူ့ကို လှည့်စားနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ ဖေးချမ်ကို ကယ်ရန် ပြေးလာလိမ့်မည်ကို သိနေသောကြောင့်ပင်တည်း။
ထိုအခိုက်တွင် ယဲ့လုံရှန်းက သူ့အင်္ကျီစကို ဆတ်ခနဲ လှုပ်ခါလိုက်သောအခါ တာအိုစွမ်းအင်တန်းများ ထွက်ပေါ်လာပြီး တောက်ပရွှန်းစိုသော ရောင်ခြည်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးနဂါး ဖုရှန်အား လွှမ်းမိုးသွားလေသည်။
“အရူးကောင် ငါနဲ့ တိုက်ချင်တယ်ဆိုရင် မင်း နှစ်တစ်ရာလောက် ထပ်ကျင့်ကြံလိုက်ဦးကွ”
ယဲ့လုံရှန်းက အားပါးတရ ရယ်မောနေပြီး သူ့မျက်နှာတွင် ရက်စက်ယုတ်မာမှုတို့ဖြင့် ပြည့်နှက်နေသည်။ နတ်ဆိုးနဂါး ဖုရှန်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပုံက အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်မျှ ပေါက်ကွဲသွားပြီး နဂါးကြေးခွံများ ပျက်စီးကုန်၏။
ထို့နောက်တွင်မူ နတ်ဆိုးနဂါး ဖုရှန် သတိမမူမိခင်မှာပင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတို့ သုံးယောက် သွေးလှံများကို ကိုင်ဆောင်၍ သူ့နောက်ကျောကို ထိုးစိုက်လာ၏။
သွေးလှံသုံးချောင်းက နတ်ဆိုးနဂါး ဖုရှန်ကို ထိုးဖောက်သွားပြီး သူ့ခန္ဓာကိုယ်အား မြေကြီးနှင့် စွဲအောင် ရိုက်ထားသလို ဖြစ်သွားသည်။
“ဂါး”
နာကျင်စွာ အော်ဟစ်လိုက်သံက ကောင်းကင်ယံအနှံ့ ပျံ့လွင့်သွားသည်။
“ယဲ့လုံရှန်း ခင်ဗျားပစ်မှတ်က ကျုပ်လေ၊ ကျုပ်ညီအစ်ကိုကို လွှတ်လိုက်”
ဤသည်ကိုမြင်သော် ဖေးချမ် အမုန်းမီးများ တောက်လောက်နေသော်လည်း ဘာမှမတတ်နိုင်ချေ။
“ဟဲဟဲ မင်းညီအစ်ကိုကို မင်း ဂရုစိုက်တာလား၊ ဒါဆို မင်းညီအစ်ကိုကို မင်းရှေ့မှာတင် ငါ ရှစ်ပိုင်းပိုင်းပြမယ်”
ယဲ့လုံရှန်း၏ မျက်လုံးများက အေးစက်နေပြီး တစ်လုံးချင်း ပြောလာသည်။ ဖေးချမ်၏ မျက်နှာတွင် အလွန်အမင်း ဒေါသထွက်ဟန်များ ပေါ်လာလေသည်။
ထိုအခိုက်တွင် ယဲ့လုံရှန်းသည် ဓားကိုမြှောက်၍ နတ်ဆိုးနဂါး ဖုရှန်၏ နဂါးလက်သည်းတစ်ခုကို ခုတ်ဖြတ် လိုက်သည်။ သွေးများက ရေတံခွန်အလား ပန်းထွက်လာသည်။
“ရပ်လိုက် ယဲ့လုံရှန်း ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”
ဖေးချမ်၏ ကယောင်ချောက်ချား အော်ဟစ်သံ ထွက်ပေါ်နေပြီး ဤလူများကို သူ နုတ်နုတ်စင်းချင်နေ၏။
“ဒေါသထွက်စမ်း၊ မင်း ဒေါသထွက်လေ ငါ ပိုပျော်လေပဲ ဟားဟားဟား”
ယဲလုံရှန်းက အားရစွာ ရယ်မော၍ ထပ်ခုတ်လေသည်။
ယခုတစ်ခါတွင်လည်း နောက်ထပ် နဂါးလက်သည်းတစ်ခု ပြတ်သွားပြန်သည်။
“ခွေးမသား ယဲ့လုံရှန်း ခင်ဗျား သေရမယ်”
ဖေးချမ် တစ်ကိုယ်လုံး တုန်နေပြီး ရှေ့တိုးလာကာ အသည်းအသန် တိုက်ခိုက်ချင်နေ၏။ သို့သော် သူ ခြေတစ်လှမ်း တိုးလိုက်ချိန်တွင် အရှေ့သို့ လဲကျသွားပြီး အဆက်မပြတ် သွေးအန်လာသည်။
“မင်းက ငါ့ကို သတ်ချင်တာလား၊ မင်း ငါ့ကို ဘယ်လို သတ်မှာလဲ၊ ငါက မင်းရဲ့ အသက်သခင် ကျေးဇူးရှင် ဆိုတာကို မေ့သွားတာလား၊ ငါ မင်းအသက်ကို ကယ်ထားတာ၊ အဲ့တော့ ငါ့ကို စော်ကားရင် မင်းလည်း နာကျင်ရမယ်ကွ”
ယဲ့လုံရှန်းက ကျယ်လောင်သထက် ကျယ်လောင်စွာ ရယ်မောပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် အခြားသူများကို ပြောလိုက်သည်.
“သူ့နဂါးအရေခွံကို ခွာထားလိုက်”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် အခြားသူများ၏ မျက်နှာတွင် အငြှိုးထားဟန်များ ပေါ်လွင်နေသည်။ သူတို့ ရှေ့ကို ပြေးတက်သွားပြီး နတ်ဆိုးနဂါး ဖုရှန်၏ ဒဏ်ရာမှနေ၍ နဂါးကြေးခွံကို စခွာလေသည်။
နတ်ဆိုးနဂါး ဖုရှန်၏ ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် ပန်းထွက်လာနေသည်။ ဤမြင်ကွင်းက ချောက်ချားစရာ ကောင်းလွန်းလှသည်။
နတ်ဆိုးနဂါး ဖုရှန် သေလုမျောပါး ဖြစ်နေပြီး နာကျင်စွာ ညည်းတွားကာ အမြီးအား မြေကြီးဖြင့် တဘုန်းဘုန်း ရိုက်နေ၏။
“ခဏရပ်ပါဦး”
ရုတ်တရက် နတ်ဆိုးနဂါး ဖုရှန်က သတ္တိမရှိသော ဟန်ပန်ဖြင့် ပြောလာသည်။
“ဘာလဲ မင်းက အသနားခံချင်နေတာလား၊ စိတ်မကောင်းစရာပဲ၊ ဒီနေ့ ဘာဖြစ်ဖြစ် မင်း ဒီမှာ သေကိုသေရမှာ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အပြုံးကြီး ပြုံးနေ၏။ နတ်ဆိုးနဂါး ဖုရှန်ကို သူ မသတ်နိုင်သည့် အဖြစ်က သူ့စိတ်ထဲ စွဲနေခဲ့သည်။ ယနေ့ ဘာဖြစ်ဖြစ် နတ်ဆိုးနဂါး ဖုရှန်ကို အရေခွံစုတ်၍ နင်းချေပစ်မည်ပင်။
“ကျုပ် မသေခင် ဟာသတစ်ပုဒ် ပြောချင်လို့”
*ဟာသ*
အားလုံး အံ့ဩသွားသည်။
*ဒီကောင် ဘာဖြစ်သွားတာလဲ၊ ဒီလို အခြေအနေ ဖြစ်နေတာတောင် ဘာဟာသကို ပြောချင်နေတာလဲဟ*
*ပြီးတော့ ငါတို့ သူ့ကို ဒီလို နှိပ်စက်နေတာကို သူ လုံးဝ အရှက်မရဘူးလား*
“မင်းက အချိန်ဆွဲချင်တာလား၊ ငါတို့က မင်းလို တုံးမယ် ထင်နေလား”
ယဲ့လုံရှန်းက အပြုံးကြီး ပြုံးနေပြီး သူ့မျက်လုံးထဲမှ လူသတ်ချင်သော အရိပ်အယောင်က ပီပြင်သထက် ပီပြင်လာ၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး၊ စကားလေး တစ်ခွန်းပါပဲ”
နတ်ဆိုးနဂါး ဖုရှန်က လှောင်ပြောင်သရော်လိုမှုများ ပြည့်နှက်နေသည့် အပြုံးတစ်ခုကို ပြုံးလာသည်။
“ဟာသကတော့ အရူးလေးကောင် မကြာခင် သေတော့မယ်တဲ့၊ ဟားဟားဟား မင်းတို့ ပြောကြည့် အဲ့ဒါ မရယ်ရဘူးလား”
ဟာသက ရယ်ရသည်ဟု မည်သူမှ မထင်သောကြောင့် ဘယ်သူမှ မရယ်ကြချေ။
“သူ့ကိုသတ်လိုက်”
ယဲ့လုံရှန်း ဒေါသထွက်ကာ စိတ်ရှည်မှု ကုန်ခမ်းသွားပြီး အော်ငေါက်လိုက်သည်။
“ဟားဟားဟား”
ထိုအခိုက်တွင် ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုရယ်သံကို ကြားသော် ယဲ့လုံရှန်းနှင့် အခြားသူများ ကြက်သီးထသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုရယ်သံက သူတို့ထဲမှလူများ၏ ရယ်သံ မဟုတ်သောကြောင့်ပင်။
ထိုအတွက် အဖြေက တစ်ခုတည်းသာ ရှိသည်။ သူတို့ အင်တင်တင်ဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော အရိပ်တစ်ခုက မြင့်မားလှသော ရှေးသစ်ပင်ကြီးတစ်ပင်၏ အကိုင်း၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူက ပြုံးနေပြီး နတ်ဆိုးနဂါး ဖုရှန်အား လှမ်းပြောလေသည်။
“အရူး မင်းက အေးစက်စက် ဟာသကြီးက ရယ်ဖို့ခက်တယ်ကွ”
“ခုနက မင်း ရယ်လိုက်တာ မဟုတ်ဘူးလား”
“မင်း ရှက်မှာစိုးလို့ ငါ ရယ်ပေးလိုက်တာလေ”
“ယဲ့ဖန်”
ထိုလူကိုမြင်သောအခါ အားလုံး နဖူးကြောတွန့်သွားပြီး တစ်ကိုယ်လုံး တုန်လာသည်။
*ထွက်ပြေးရမယ်*
တုံ့ဆိုင်းခြင်းမရှိဘဲ သူတော်စင်သခင်အဆင့် သုံးယောက်သည် အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ထွက်ပြေး သွားကြသည်။
နတ်ဆိုး ရောက်လာလေပြီ။ သူတို့က သူ၏ ပြိုင်ဘက်များ မဟုတ်ပါ။ တစ်ဖက်လူသည် ယဲ့ဖန် ဖြစ်ပြီး နတ်ဆိုးဧကရာဇ် ဖြစ်လေသည်။ သူ့အသံကို ကြားလိုက်ရုံနှင့်တင် ရန်သူအား ကြက်သေသေအောင် လုပ်နိုင်ပေသည်။
“ငါ့ညီအစ်ကိုကို ထိခိုက်အောင် လုပ်ပြီးမှ ထွက်ပြေးချင်တယ်ပေါ့လေ၊ မင်းတို့တွေက တုံးလွန်းတယ်လို့ ပြောရမှာပဲ”
စကားအဆုံး၌ ယဲ့ဖန်၏ ပုံရိပ်က အနက်ရောင် လျှပ်စီးအသွင် ပြောင်းသွားပြီး သူတော်စင်သခင်အဆင့် တစ်ယောက်ထံ ဦးတည်သွားလေသည်။
“အား…”
ခပ်လှမ်းလှမ်းမှ အော်သံတစ်သံ ထွက်ပေါ်လာ၏။ တစ်ခဏကြာသော် ယဲ့ဖန်က သွေးစွန်းနေသော ခေါင်းပြတ် တစ်လုံး နှင့်အတူ ပြန်ရောက်လာသည်။ ထိုခေါင်းပြတ်၏ မျက်နှာတွင် အလွန်တရာ ကြောက်လန့်ဟန်များ ပေါ်နေပြီး မျက်လုံးပင် မပိတ်နိုင်ချေ။
ယဲ့ဖန်က ခေါင်းပြတ်ကို မြေကြီးပေါ် အေးအေးဆေးဆေး ပစ်ချလိုက်ပြီး နောက်တစ်နေရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် တောင့်တင်းနေသော မျက်နှာထား ဖြစ်နေသည့် ယဲ့လုံရှန်းအား လက်ညှိုးထိုး၍ ပြုံးကာ ပြောလိုက်သည်။
“ဒီက စောင့်နေ”
ခြိမ်းခြောက်ခြင်း၊ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခြင်းပင်။ ယဲ့လုံရှန်း အံကြိတ်မိလိုက်သည်။
“ရွှစ်”
အသက်တစ်ကြိမ် ရှူစာအတွင်း ယဲ့ဖန်က နောက်ထပ် သူတော်စင်သခင်အဆင့် တစ်ယောက်၏ ခေါင်းပြတ်ကို သယ်၍ ပြန်လာကာ ယဲ့လုံရှန်းရှေ့သို့ ပစ်ချလိုက်သည်။
အထက်စီးဆန်၍ ရက်စက်လွန်းသည်။ သူတော်စင်သခင်အဆင့်အား ခွေးကိုသတ်သလို သတ်နေပါတကား။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား အံကြိတ်နေပြီး အားကုန် ထွက်ပြေးနေသည်။ လက်ရှိတွင် သူသည် ခြေနှစ်ဖက်သာ ပေးထားသည့် သူ့မိဘများကို မုန်းတီးမိနေ၏။
အစောပိုင်းက ငယ်သံပါအောင် အော်ဟစ်ခဲ့သည့် အသံနှစ်သံက သူ့ကို ကြက်သီးထသွားစေသည်။
*စက္ကန့်ပိုင်း အတွင်း သူတော်စင်သခင်အဆင့် နှစ်ယောက် အသတ်ခံခဲ့ရတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လက်ရှိတွင် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထနေသည်။ သူ ကြောက်နေသည်။ လက်ရှိတွင် သူ့အား ကြောက်စိတ်သာ စိုးမိုးနေ၏။
“အရူး ရူးမိုက်လိုက်တာ”
သူ့စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲနေမိသည်။ သူ အဘယ်ကြောင့် ဤနေရာသို့ လာခဲ့မိသနည်း။ သူ့တွင် ဤသောက်နတ်ဆိုးကို ခုခံနိုင်သည့် သတ္တိပင် မရှိပါ။ ယခု သူ့တွင် ထွက်ပြေးချင်စိတ်သာ အသည်းအသန် ဖြစ်ပေါ်နေ၏။
ရုတ်တရက် သူ တောင့်ခနဲ ဖြစ်သွားပြီး သူ့ကျောကို ဆူးစူးမိသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပြောမပြတတ်အောင် အေးစိမ့်လာ၏။
မသိလျင် နတ်ဆိုး၏ ပစ်မှတ်ထားခြင်း ခံလိုက်ရသလိုပင်။ အရှိန်က တဖြည်းဖြည်း နှေးလာပြီး နောက်ဆုံးတွင် တိခနဲ ရပ်သွားသည်။ ထို့နောက် သူ့မျက်နှာတွင် မချိပြုံးတစ်ခု ပေါ်လာသည်။
“လတ်စသက်တော့ စစ်နတ်ဘုရားလည်း သေခြင်းတရားကို ကြောက်တာပဲ”
“ရွှစ်”
လရောင်အောက်၌ သွေးရောင်များ ဖြန့်ကျက်လာသည်။ အမှောင်ထုလဲမှ လက်တစ်စုံ ထွက်လာပြီး သူ့လည်ပင်းအား ရစ်ပတ်လာသည်ကို သူ ရှင်းလင်းစွာ မြင်နေရသည်။ ထို့နောက် သူ့လည်ပင်အား လိမ်ချိုးလာ၏။