အခန်း ၁၄၉၈
Vol. 100 Ch. 1498
Chapter 1498 ယဲ့ဖန် မျက်နှာပျက်ရပြီ
“ဒေါက် ဒေါက် ဒေါက်”
ခြေသံတစ်စုံ ထွက်ပေါ်လာပြီး ဤနေရာသို့ သူ ပြန်ရောက်လာသည်။ ယဲ့လုံရှန်း၏ မျက်နှာ ပြာနှမ်းသွားလေသည်။
“ဘုတ်”
သူ့ခြေထောက်ရှေ့သို့ ခေါင်းပြတ်တစ်လုံး ကျလာသည်။ သူတော်စင်သခင်အဆင့် သုံးယောက်လုံးတွင် မည်သူမှ အသက်မရှင်ချေ။
“ငါ့ညီအစ်ကိုကို အသုံးချပြီး ငါ့ကို ရင်ဆိုင်ချင်တယ်ပေါ့၊ သိပ်ကောင်းတယ်”
ယဲ့ဖန်၏ သွေးဆာနေသော မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီနေပြီး ယဲ့လုံရှန်းအား မာကြောစွာ ကြည့်နေသည်။
“ငါ မင်းကို အထင်သေးခဲ့မိနေသေးတာပဲ”
ယဲ့လုံရှန်းက ဒေါသတကြီး ပြောလာသည်။ သူ အမှားကြီး လုပ်ခဲ့မိပြီ။ ဤလူ၏ မယုံနိုင်စရာကောင်းသော စွမ်းဆောင်ရည်ကို သူ လျစ်လျူရှုခဲ့မိသည်။ သူ့ညီအစ်ကိုကို အသုံးချ၍ သူ့ကို သတ်ခြင်းက အလုပ် မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဤလူအတွက် သေပေးလိုကြသောကြောင့်ပင်။
“အခုတော့ ဒီလောက်ပဲပေါ့ကွာ၊ သုံးရက်နေရင် ငါကိုယ်တိုင် ရှုကျိုးကို လာပြီး မင်းကို သတ်ပစ်မယ်”
ယဲ့လုံရှန်းက မောက်မာ၍ သွေးနားထင်ကြီးသော အကြည့်ဖြင့် ကြည့်နေသည်။
“ယဲ့ဖန် မင်းလည်ပင်းကို ဆေးကြောပြီး ငါ့ကို စောင့်နေလိုက်”
လူသတ်ချင်စိတ်က တဟုန်းဟုန်း ထွက်ပေါ်နေသည်။
“ငါ စောင့်နေပါတယ်”
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက တစ်ဖက်လူနည်းတူ ရက်စက်ကြမ်းကြုတ်နေသည်။
“အဲ့နေ့အထိ ခင်ဗျား မလာရင် ကျုပ်ကိုယ်တိုင် နန်းတော်ကို လာပြီး ခင်ဗျားကို သတ်မယ်”
နှစ်ယောက်လုံး စကားသာပြောနေပြီး တစ်ယောက်ကိုတစ်ယောက် နှိုင်းယှဉ်မရသော မုန်းတီးစိတ်နှင့် လူသတ်ချင်စိတ်တို့ ပြည့်နှက်နေသည်။
ယဲ့ဖန်သည် ထိုသို့ပြောပြီးသည်နှင့် ယဲ့လုံရှန်း၏ ကိုယ်ပွားခန္ဓာကိုယ်ကို တိုက်ခိုက် ဖျက်ဆီးလိုက်သည်။
“ငယဲ့ ငါ …”
ဖေးချမ်သည် ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုက်၍ ယဲ့ဖန်အား ကြည့်ရဆိုးသော အမူအရာဖြင့် ကြည့်နေသည်။ သူ့မျက်နှာတွင် လိပ်ပြာမလုံစိတ်တို့ဖြင့် ပြည့်နှက်နေ၏။
“မင်းနဲ့ငါက ညီအစ်ကိုတွေပဲ၊ မင်း ထပ်ပြောဖို့ လိုသေးလို့လား”
သို့သော် ယဲ့ဖန်က သူ့ကိုသာ ပြုံးကြည့်၍ ခေါင်းခါလိုက်သည်။
“ငါ မင်း လာနိုင်လို့ သိပ်ပျော်တယ်၊ မင်းသာ သေသွားခဲ့ရင် ငါ ဝမ်းနည်းရလိမ့်မယ်”
ဖေးချမ် ရယ်လိုက်သည်။ ဤသည်မှာ နှစ်များစွာအတွင်း သူ အလွန်ပျော်ရွှင်စွာ ရယ်မမောမိသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
*ဟုတ်တယ်၊ ညီအစ်ကိုတွေပဲကို၊ ဘာလို့ ထပ်ပြောစရာ လိုမှာလဲ*
*မင်း အန္တရာယ် ဖြစ်နေရင်တောင်မှ ငါ နောင်တမရဘဲ ကယ်ဦးမှာပဲ*
“ဆက်သောက်နိုင်သေးလား”
ယဲ့ဖန် ပြုံး၍ မေးလိုက်သည်။
“သွားကြမယ်၊ ငါ ခုနက သောက်တာ မဝသေးဘူး”
ဖေးချမ်က ရယ်မော၍ ပြန်အော်ပြောလိုက်သည်။ လက်ရှိတွင် သူ စိတ်အခြေအနေ ကောင်းနေ၏။
“မင်းပေးတဲ့ ကျောက်စိမ်း အဆီအနှစ်က ကောင်းသားပဲ၊ ထပ်ရှိသေးလား”
ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။
“မရှိတော့ဘူး၊ အဲ့ဒါ ကျောက်စိမ်း အဆီအနှစ်ကွ၊ လမ်းဘေးက တရုတ်ဂေါ်ဖီထုပ်များ မှတ်နေလား၊ အဲ့ပုလင်းရဖို့ ငါ သေတောင်သေတော့မလို့ကွ”
သို့သော် ယဲ့ဖန်က သူ့အား အပြုံးတစ်ဝက်နှင့် ကြည့်နေသည်။
“တကယ် ထပ်မရှိတော့ဘူးလား”
ထိုအကြည့်ကြောင့် ဖေးချမ်က ရှက်ရွံ့ဟန်ဖြင့် ချောင်းဟန့်လိုက်သည်။
“နောက်တစ်ပုလင်းတော့ ရှိသေးတယ်၊ တကယ်ကို တစ်ပုလင်းပဲ ရှိတော့တာ၊ ထပ်မရှိတော့ဘူး”
“ဪ တကယ်လား”
ယဲ့ဖန်က ပြီတီတီ မျက်နှာပေးနှင့် ကြည့်နေ၏။
“အေးကွာ တကယ်က နှစ်ပုလင်းရှိတာ၊ ဒီတစ်ခါတော့ ငါ မင်းကို မလိမ်ဘူး”
ယဲ့ဖန်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး ပစ္စည်းထုပ်ကို ကောက်ယူ၍ ခါလိုက်သောအခါ ကျောက်စိမ်း အဆီအနှစ် ငါးပုလင်း၊ ခြောက်ပုလင်းခန့် ထွက်လာသည်။ ဖေးချမ် မျက်ရည်လည်ရွဲ ဖြစ်သွားလေသည်။
“ငါ့အင်မော်တယ်ဝိုင်လေး၊ ငါ့အင်မော်တယ်ဝိုင်လေး …”
သူ့နှလုံးသား နာကျင်လွန်းသဖြင့် အသက်ပင် မရှူနိုင်ချေ။
“သွားကြမယ်၊ မင်း ဒီည မမူးမချင်း မပြန်ရဘူး”
ယဲ့ဖန်က ရယ်၍ အင်တင်တင် ဖြစ်နေသော ဖေးချမ်အား ဝမ်ကောဖူထံ ဆွဲခေါ်သွားသည်။
“ခွေးမသား နှစ်ကောင်ရ ငါ ဒီမှာ မြေကြီးနဲ့ စိုက်နေတုန်းပဲကွ၊ မင်းတို့ ဦးလေးကို လာခေါ်ကြဦး”
နတ်ဆိုးနဂါး ဖုရှန် ဝမ်းနည်းစွာ လှမ်းအော်လေသည်။
….
ထိုအခိုက်တွင် လင်းမိသားစုတွင်း၌။ လင်းဝူယာသည် တံခါးဝ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး သူ့မျက်နှာပေါ်မှ ကြောက်စိတ်က ပိုမို ထင်ရှားလာသည်။
အကြောင်းမှာ ယခင်က သူ့ရန်သူ ပို့လိုက်သော စိန်ခေါ်စာအရ ထိုရန်သူသည် ယနေ့ ရောက်လာမည် ဖြစ်သဖြင့် ယဲ့ဖန် ရောက်လာသည်ကို သူ စောင့်နေခြင်း ဖြစ်လေသည်။ ယဲ့ဖန် တစ်ဦးတည်းသာလျင် သူတို့ကို ကယ်နိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် လင်းဝူယာ ကြာကြာ မစောင့်လိုက်ရချေ။ ညာဘက် လမ်းထောင့်မှနေ၍ သူ့ဘက်သို့ လျှောက်လာနေသော လူတစ်ယောက်ကို သူ တွေ့လိုက်ရသည်။
“အရှင်မင်းကြီး ရောက်လာပါပြီလား”
လင်းဝူယာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။ သူ့မျက်နှာပေါ်မှ ကြောက်စိတ်က တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် သူ့စိတ်ထဲမှ ကျောက်တုံးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
“အခြေအနေ ဘယ်လိုရှိလဲ”
ယဲ့ဖန် မေးလိုက်သည်။
“တစ်ဖက်လူရဲ့ အပြုအမူက အရမ်း ရိုင်းပါတယ်၊ သူ လျော်ကြေးနဲ့ ညှိနှိုင်းတာတွေကို ဘယ်လိုမှ လက်မခံဘူးလို့ ပြောထားပါတယ်၊ သူ့ရည်ရွယ်ချက်က အရမ်း ရှင်းပါတယ်၊ သူက ကျွန်တော့် မိသားစု တစ်ခုလုံးကို သတ်ချင်နေတာပါ”
လင်းဝူယာ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာထားက အလွန် ကြည့်ရဆိုးနေသည်။ တစ်ဖက်လူက သူ့ညီမကို အရင်သတ်ခဲ့သော်လည်း သူတို့အမှားသာ ဖြစ်သည့်ဟန်ဖြင့် မောက်မာနေလေသည်။
ယဲ့ဖန်က သူ့ပခုံးကိုပုတ်၍ ပြောလိုက်သည်။
“ဒါ ဇာတ်တူသားချင်း စားတဲ့ လောကပဲ၊ ဘယ်သူက ဘယ်သူ့ထက် ပိုရက်စက်လဲ၊ ပိုသန်မာလဲကပဲ ဆုံးဖြတ်ပေးမှာ၊ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာ မင်း တစ်မိသားစုလုံးကို ဘယ်လို ကာကွယ်နိုင်မှာလဲ”
“ဟုတ်ပါတယ်”
လင်းဝူယာ ရိုကျိုးစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး လင်းအိမ်တော်ထဲသို့ အတူတူ ဝင်သွားသည်။ ထိုအခိုက်တွင် လူတစ်စုက သူတို့ရှေ့သို့ ဖြတ်လျှောက်လာသည်နှင့် ကြုံလေသည်။
“အဘိုး”
လင်းဝူယာက ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ကို ချက်ချင်း အရိုအသေပေးလိုက်သည်။ ထိုအဘိုးအိုက လင်းဝူယာကို မာကြောသော အမူအရာနှင့် စူးစိုက်ကြည့်လေသည်။
“အခု လင်းမိသားစုက အန္တရာယ်ထဲ ရောက်နေတာတောင် မင်းက လျှောက်သွားနေနိုင်သေးတယ်ပေါ့၊ လင်းမိသားစုက မင်းအတွက် အရေးမပါတာလား”
လူတိုင်းရှေ့တွင် လင်းဝူယာကို ဤသို့ ငေါက်ငမ်းခြင်းက လင်းဝူဘာကို မည်သို့မျှ မျက်နှာသာ မပေးလိုကြောင်း သိသာလှသည်။
လင်းဝူယာက အောင့်သက်သက် ပြုံး၍ ရှင်းပြလိုက်သည်။
“အဘိုး ကျွန်တော် လျှောက်သွားနေတာ မဟုတ်ပါဘူး၊ ကျွန်တော်လည်း အကူအညီ သွားတောင်းနေတာပါ”
သူ့အဘိုးက အဘယ်ကြောင့် ဤသို့ ပြုမူနေသလဲ သူ သိပါသည်။ ယဲ့ဖန်က သူ့အဖေကို သတ်လိုက်သော်လည်း သူက ယဲ့ဖန်ဘက်၌သာ နေနေသောကြောင့် လင်းတုန်လိုင်၏ မျက်လုံးထဲတွင် သစ္စာဖောက် ဖြစ်နေပြီး တိရစ္ဆာန်သဖွယ် မြင်နေ၏။
ထို့ကြောင့် သူ့အဘိုး၏ ဒေါသကို သူ မဆန့်ကျင်ဘဲ နေလိုက်ခြင်း ဖြစ်ပေသည်။
“အကူအညီ ဟုတ်လား၊ သူ့ကို ခေါ်လာစမ်းပါ၊ ငါ ကြည့်ကြည့်တာပေါ့”
လင်းတုန်လိုင်က အထက်စီးဖြင့် အမိန့်ပေးလေသည်။ ဤအပြုအမူက ယဲ့ဖန်ကို အေးစက်သွားစေ၏။ သူက စေတနာဖြင့် ကူညီရန် ရောက်လာခြင်း ဖြစ်သော်လည်း လင်းတုန်လိုင်က ကျေးဇူးမသိတတ်သည့်အပြင် မောက်မာသော အပြုအမူဖြင့် ဆက်ဆံနေသေးသည်။
“အဘိုး ဒါ ကျွန်တော် ဖိတ်ထားတဲ့ ကူညီမယ့်သူပါ၊ သူက သာမန်လူနဲ့ ယှဉ်လို့မရတဲ့လူပါ၊ သူနဲ့သာဆိုရင် ကျွန်တော်တို့ လင်းမိသားစု အန္တရာယ်ထဲကနေ လွတ်နိုင်မှာ သေချာပါတယ်”
လင်းဝူယာ စိတ်လှုပ်ရှားစွာ ပြောလာသည်။
သို့သော် သူ ပြောလိုက်သောစကားက လူတစ်စုကို ရန်စလိုက်သလို ဖြစ်သွားလိမ့်မည်ဟု သူ မသိပေ။
“ဟမ့်”
ထိုစဉ် အေးစက်စက် သရော်သံ ထွက်ပေါ်လာသည်။ လင်းတုန်လိုင် ဘေးနားမှ သိုင်းပညာရှင်များက အေးစက်၍ မကြည်ဖြူသော အကြည့်များဖြင့် ကြည့်လာ၏။
ဤလူများအားလုံးသည် သူတော်စင်သခင်အဆင့်များ ဖြစ်လေသည်။ ထို့အပြင် သူတို့သည် လင်းမိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြပြီး လင်းမိသားစု၏ အကူအညီကို ရထားဖူးသူများ ဖြစ်ကြသည်။ ယခု လင်းမိသားစု ဒုက္ခရောက်ချိန်၌ သူတို့က ကယ်ရန် ရောက်လာကြခြင်း ဖြစ်လေသည်။
သို့ရာတွင် သူတို့သည် သူတော်စင်သခင်အဆင့်များ ဖြစ်သောကြောင့် မောက်မာကာ ဘဝင်မြင့်ကြသည်။ သူတို့က ယဲ့ဖန်လောက် မတော်ဟု လင်းဝူယာ ပြောသည်ကို ကြားလိုက်ရသောအခါ ချက်ချင်း အလွန် မပျော်မရွှင် ဖြစ်သွားကြသည်။
“သောက်ရေးမပါတာ”
လင်းတုန်လိုင်ကလည်း ကျယ်လောင်စွာ အော်ဟစ်၍ ငေါက်ငမ်းလေသည်။
“ဆန်ကုန်မြေလေးကို ဖိတ်ပြီး မိစ္ဆာသွေးမိကျောင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားချင်တာလား၊ သူ့ကို ကြောင်လေး၊ ခွေးလေးလို အသာလေး ရင်ဆိုင်နိုင်မယ်လို့ ထင်နေလား”
လက်ရှိတွင် လင်းတုန်လိုင်သည် သူ့မြေးအား အလွန်အမင်း စိတ်ပျက်နေ၏။ လင်းဝူယာထံမှ သူ ဘာကိုမှ မမျှော်လင့်ထားသော်လည်း ဆန်ကုန်မြေလေး တစ်ယောက်ကို သူ့ထံ ခေါ်လာရအောင်အထိ တုံးအလိမ့်မည်ဟု ထင်မထားမိပေ။ ထို့အပြင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင် စီးဆင်းမှုအား သူ နည်းနည်းလေးမျှ မခံစားမိပါ။
*ဒီလို အမှိုက်ကောင်မျိုးမှာ ဘာအရည်အချင်းများ ရှိမှာမို့လို့လဲ”
ထိုစကားကိုကြားသော် အခြားသော သူတော်စင်သခင်အဆင့်များကလည်း ကသိကအောက်ဖြစ်အောင် ရယ်လာပြီး တစ်ယောက်ဆိုလျင် ယဲ့ဖန်အား ခနဲ့လာ၏။
“လူငယ်လေး မင်း နေရာမှားလာတာလား၊ မင်း ရင်ဆိုင်ရမှာက မိစ္ဆာသွေးမိကျောင်းပဲ၊ သူက ကြောက်စရာ ကောင်းတဲ့ သူတော်စင်သခင်အဆင့်၊ မင်းလို ခန္ဓာကိုယ်လေးက သူ့အတွက် သွားကြားညပ်ရုံ လောက်ပဲ ရှိတယ်၊ သိရဲ့လား”
“ကောင်လေး မင်း ထွက်ပြေးချင်ရင် အခု ပြေးတော့ မဟုတ်ရင် မိစ္ဆာသွေးမိကျောင်း ရောက်လာရင် မင်း ဘယ်လို သေသွားလဲမသိဘဲ ဖြစ်သွားလိမ့်မယ်”
“ဒီနေ့ခေတ်လူငယ်တွေက တော်တော် သတ္တိကောင်းတာပဲ၊ သူတို့အစွမ်းအစကို မတွေးဘဲ သူများကိစ္စကို ဝင်ပါတတ်ကြတယ်”
ထိုစကားများကြောင်း လင်းတုန်လိုင်သည်လည်း မျက်နှာ သုန်မှုန်နေသည်။ သူဆိုလျင် နဂါးတစ်ကောင်ကဲ့သို့ ကြီးမြတ်သော သူတော်စင်သခင်အဆင့်များစွာကို ဖိတ်ကြားခဲ့သည်။
ယဲ့ဖန်ကို ကြည့်လိုက်လျင် ရိုးရှင်း၍ မထင်မရှားပင်။ သူသည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး မည်သို့သော ထူးခြားမှုကိုမှ မမြင်တွေ့ရချေ။ ထို့အပြင် ဆန်ကုန်မြေလေးတစ်ယောက်က ဘာများ လုပ်နိုင်မည်နည်း။
“လင်းဝူယာ သူ့ကို အခုချက်ချင်း ထွက်သွားခိုင်းလိုက်၊ ငါတို့ လင်းမိသားစုကို အရှက်ရအောင် မလုပ်နဲ့၊ သူ့ကိုသာ မိစ္ဆာသွေးမိကျောင်းနဲ့ ရင်ဆိုင်ခိုင်းရင် လူတွေက ငါတို့ လင်းမိသားစုမှာ ဘယ်သူမှ မရှိဘူးလို့ ထင်ကြလိမ့်မယ်”
လင်းတုန်လိုင်၏ လေသံက သိပ်မကောင်းချေ။ သူတို့အားလုံး ရှက်သလို ခံစားနေရသည်။ မိစ္ဆာသွေးမိကျောင်းသာ မြင်လျင် သူတို့ လှောင်ရယ်ခံရလောက်သည် မဟုတ်ပါလော။
“အဘိုး ဘယ်လိုပြောလိုက်တာလဲ”
လင်းဝူယာ၏ မျက်နှာ ပျက်ယွင်းနေသည်။ တစ်ဖက်လူက သူ့ကို စော်ကားပါက အရေးမကြီးချေ။ သို့သော် ယဲ့ဖန်အား စော်ကားလာသည်ကိုတော့ သူ လက်မခံနိုင်ပါ။
သူ ယဲ့ဖန်၏ အကြောင်းကို ပြောပြချင်သွားသည်။ သို့သော် ယဲ့ဖန်က သူ့ကို တားဆီးလာသည်။ လင်းဝူယာက သူ့အကြောင်းကို လင်းတုန်လိုင်အား ပြောလိုက်လျင်တောင်မှ သူ့အကူအညီကို လက်ခံရန် ပို၍ အင်တင်တင် ဖြစ်သွားလောက်သည်။
မိမိကလေးကို သတ်လိုက်သူအား ဘယ်သောအခါမှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
“ဝူယာ ပြဿနာမရှာနဲ့၊ အခု ငါတို့ ဗျာများနေတာကို မမြင်ဘူးလား၊ အဘိုးကို စိတ်မပျော်အော် မလုပ်နဲ့လေ”
လင်းဝူယာ၏ အစ်ကိုနှစ်ယောက်က ပြေးလာပြီး ပြောလေသည်။
“အစ်ကိုကြီး အစ်ကိုလေး ကျွန်တော့်ကို မယုံဘူးလား”
လင်းဝူယာက သူ့အစ်ကိုတွေကို ကြည့်လိုက်သည်။
“ဒါက …”
အစ်ကိုနှစ်ယောက်လုံး ဘာဖြေရမှန်း မသိတော့ချေ။ မယုံဘူးဟု ပြောလျင် လင်းဝူယာကို ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။ သူတို့ထဲက မည်သူမှ ဆေးဆိုင်နှင့် ဆေးဘုရင်၏ တပည့် ဖြစ်လာခြင်းကို မစွန့်လွှတ်ချင်ပါ။
သို့သော် ယုံသည်ဟု ပြောရန်လည်း သူတို့ရှေ့မှလူက အလွန့်ကို မထင်ရှားချေ။ လင်းဝူယာ၏ အတန်းဖော် ဖြစ်နိုင်လောက်သည်။
သူ မည်မျှ သန်မာနေပါစေ ဘယ်လိုလုပ် မိစ္ဆာသွေးမိကျောင်း၏ ရန်သူ ဖြစ်နိုင်ပါမည်နည်း။ မိစ္ဆာသွေးမိကျောင်းသည် ယခု သူမတူသော ခွန်အား ရှိနေသည့် မိစ္ဆာ စစ်သူကြီး တစ်ယောက်ဖြစ်ပြီး သူ့လက်အောက်တွင် မှင်စာများနှင့် တစ္ဆေများပင် ရှိသေးသည်။
ယခု သူတို့ စုစည်းထားသော သူတော်စင်သခင်အချို့နှင့်ပင် ပြိုင်ဘက်ကို နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိသေးချေ။
“ကောင်းပြီလေ မစ္စတာလင်း၊ ခင်ဗျားမြေးက ကူညီမယ့်သူ ရှာလာပြီး ကျုပ်တို့က အဲ့လူလောက် မတော်ဘူးလို့ တွေးနေမှတော့ အဲ့လူကိုပဲ ခင်ဗျားရဲ့ လင်းမိသားစုကို ကယ်ခိုင်းလိုက်ပါ”
ထိုစဉ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင် ကိုင်ထားကာ နတ်ဓားတစ်လက်ကို ကိုင်ထားသည့် အဘိုးအိုတစ်ယောက်က အေးစက်စွာ ပြောလာသည်။ သူ့ဆံပင်ကို စုစည်းထားခြင်း မရှိသဖြင့် လေနှင့်အတူ လွင့်ပါနေကာ အလွန် တည်ငြိမ်လှသည်။
ချင်ယန်ကျွင်း၊ ထိပ်သီးဂိုဏ်းတစ်ခု၌ မြင့်မားသော အဆင့်အတန်းရှိသော သူတော်စင်သခင်အဆင့် ဖြစ်လေသည်။ သူ့မျက်နှာတွင် မောက်မာမှုနှင့် အထင်သေးမှုတို့ ကြီးစိုးနေပြီး လက်ခါပြလာသည်။
“သွားကြစို့”
သူ ပြောလိုက်သည်နှင့် ကျန်သူတော်စင်သခင်အဆင့်များကလည်း သူ့နောက်လိုက်ကာ တံခါးဝမှ ထွက်သွား ကြသည်။
“မလုပ်ပါနဲ့ မသွားပါနဲ့ အရှင်ချင်ယန် စိတ်လျှော့ပါ၊ ဒီသုံးစားမရတဲ့လူကို ကျုပ် ချက်ချင်း နှင်ထုတ်ပါ့မယ်”
လင်းတုန်လိုင် ချက်ချင်း သွေးပျက်သွားသည်။ ဤလူစုထဲတွင် ချင်ယန်ကျွင်းက အသန်မာဆုံးပင်။ သူ ထွက်သွားသည်နှင့် သူတို့အားလုံး ပွဲသိမ်းပေလိမ့်မည်။
“မင်း အခုထိ ဘာလုပ်နေတာလဲ၊ သူ့ကို မောင်းမထုတ်သေးဘူးလား”
ထိုစဉ် လင်းတုန်လိုင်က လင်းဝူယာကို လှည့်ကြည့်၍ စိတ်မရှည်သော အမူအရာနှင့် ပြောလာသည်။
“ဝူယာ ခေါင်းမမမာနဲ့၊ သူ့ကို သွားခိုင်းလိုက်ပါ၊ မင်း လင်းမိသားစုကို ရှင်းလင်းခံရစေချင်တာလား”
လင်းဝူယာ၏ အစ်ကိုက ဒေါသတကြီး အော်လေသည်။ ယခု သူ အလျင်လိုနေ၏။ သူတော်စင်သခင် အဆင့်များသာ သူတို့ကို အရေးမစိုက်လျင် သူတို့ သေရပေလိမ့်မည်။
“ဟိုကောင်လေး မင်း ထွက်သွားလိုက်တော့၊ ငါတို့ လင်းမိသားစုက မင်းကို မလိုအပ်ဘူး”
ဒုတိယအစ်ကိုကလည်း ယဲ့ဖန်ကို တန်း၍ နှင်ထုတ်လာသည်။ ယဲ့ဖန်က ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီလေ၊ အခုကစပြီး မင်းတို့ လင်းမိသားစုရဲ့ သေရေးရှင်ရေးကို ငါ ဝင်မပါဘူး၊ မင်းတို့ ဒူးထောက်ပြီး တောင်းပန်ရင်တောင်မှ ငါ ဝင်မပါတော့ဘူး”