← Chapters

အခန်း ၁၄၉၉

Vol. 100 Ch. 1499

အခန်း ၁၄၉၉

Vol. 100 Ch. 1499

Chapter 1499 မိစ္ဆာသွေးမိကျောင်း တိုက်ခိုက်ခြင်း

*ဘာ*

သူ့စကားကိုကြားသော် ချင်ယန်ကျွင်း၊ လင်းတုန်လိုင်နှင့် အခြားသူများသည် တစ်ဒင်္ဂမျှ မှင်တက်သွားပြီးမှ ဟားတိုက် ရယ်မောကြသည်။

“ဟားဟားဟား မင်းတို့ ဒီကောင်လေး ပြောတာကို ကြားလိုက်လား”

ချွင်ယန်ကျွင်းက အလွန် သရော်လှောင်ပြောင်သော မျက်နှာထားနှင့် ယဲ့ဖန်အား လက်ညှိုးထိုးလေသည်။

“ငါ ကြားလိုက်တယ်၊ ဒီကောင်က သူမရှိရင် ငါတို့ မိစ္ဆာသွေးမိကျောင်းကို မသတ်နိုင်ဘူးတဲ့၊ နောက်ဆုံးကျရင် ငါတို့ သူ့ကို တိုက်ခိုက်ပေးဖို့ အကူအညီ တောင်းရလိမ့်မယ်တဲ့လေ”

“ဟေ့ကောင် ငါတို့က မိစ္ဆာသွေးမိကျောင်းရဲ့ ပြိုင်ဘက် မဟုတ်ရင်တောင်မှ မင်းလို အမှိုက်ကောင်က သူ့ကို ဘာများ လုပ်နိုင်မယ် ထင်နေတာလဲ”

*ရယ်ရလိုက်တာ*

*အဓိပ္ပာယ်မရှိလိုက်တာ*

သူတို့၏အမြင်တွင် ယဲ့ဖန်သည် စိတ်လွတ်နေသူ ဖြစ်သည်။ သို့မဟုတ်ပါက ဤသို့ အဓိပ္ပာယ်မရှိသော စကားကို ဘယ်လိုလုပ် ပြောနိုင်မည်နည်း။ ပုံစံက ယဲ့ဖန်မရှိလျင် သူတို့ သေတော့မည့်အတိုင်းပင်။

လင်းတုန်လိုင်ကလည်း အေးစက်စက် ခနဲ့သံပေး၍ အထင်သေးစွာ ပြောလိုက်သည်။

“စိတ်မပူနဲ့ ငါတို့ သေရမယ်ဆိုရင်တောင်မှ မင်းကို အကူအညီ မတောင်းဘူး”

လင်းတုန်လိုင်၏ အမြင်တွင် ချင်းယန်ကျွင်းတို့ ရှုံးမည်ဆိုလျင်တောင်မှ ယဲ့ဖန်သည် သုံးစားမရသူသာ ဖြစ်သည်။ သူ့လိုလူက အသုံးလိုပါမည်လော။

လင်းဝူယာသာ တစ်ယောက်တည်းသာ မရယ်နိုင် ဖြစ်နေ၏။ သူ ငိုချင်နေလေသည်။ ယဲ့ဖန် ကူညီပေးရန်အလို့ငှာ သူ အတော်လေး ကြိုးစား အားထုတ်ခဲ့ရပြီး ဦးညွှတ်၍ပင် တောင်းပန်ခဲ့ရသည်။ သို့သော် ဤလူများက ယဲ့ဖန်ကို ထွက်သွားရန် ဖိအားပေးချင်နေသည်တဲ့လား။

လက်ရှိတွင် တစ်ကိုယ်လုံး အေးစိမ့်သလို ခံစားနေရပြီး မျက်နှာ ပြာနှမ်းနေ၏။

*သွားပြီ*

*အားလုံး ပြီးသွားပြီ*

ယဲ့ဖန်က သူတို့ လင်းမိသားစုကို လက်လျှော့ရန် ဆုံးဖြတ်လိုက်လေပြီ။ လင်းဝူယာ၏ မျက်နှာတွင် ခါးသီးဟန် ပေါ်နေ၏။ လင်းမိသားစု အရေးကို သူ ကာကွယ်ချင်သည်က လုပ်သင့်သော အရာဟု သူ ထင်ခဲ့သော်လည်း လင်းမိသားစုက မောက်မာလွန်းနေ၏။

“ဝူယာ ငါတို့ မင်းကို မယုံတာ မဟုတ်ဘူး၊ မင်း ယဲ့ဘုရင်ကို ခေါ်လာခဲ့ရင် ငါတို့ ဘာမှပြောစရာ မရှိဘူး၊ ဒါပေမဲ့ သူဆိုရင်တောင်မှ …”

လင်းဝူယာ၏ အစ်ကိုနှစ်ယောက်က နောင်တရစွာ ပြောလာသည်။

“စောက်ရေးမပါတာ၊ စောက်ယဲ့ဘုရင် မရှိလည်း ငါတို့ မိစ္ဆာသွေးမိကျောင်းကို တားနိုင်သေးတယ်ကွ”

လင်းတုန်လိုင်က အေးစက်စွာ ပြောလေသည်။ သူ့ရင်ထဲနှလုံးသားထဲမှနေ၍ ယဲ့ဖန်အား မုန်းတီးနေ၏။

လင်းဝူယာ အောင့်သက်သက် ပြုံးနေပြီး ဘာမှမပြောတော့ချေ။

“ဟေ့ကောင် ငါ ပြောတာ ကြားလား၊ မင်း ထွက်သွားလိုက်တော့”

ချင်ယန်ကျွင်းက ယဲ့ဖန်အား မာကျောသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ခင်ဗျား ကျုပ်ကို ပြောနေတာလား”

ယဲ့ဖန်က သူ့ကို အပြုံးတစ်ဝက်နှင့် ပြောလေသည်။ သူ့မျက်လုံးများက ရေခဲတမျှ အေးစက်နေ၏။ ဤသည်ကိုမြင်သော် ချင်ယန်ကျွင်းက မျက်မှောင်ကြုတ်၍ အေးတိအေးစက် ပြောလိုက်သည်။

“ဟုတ်တယ် ငါ မင်းကို ပြောနေတာ၊ ငါ နှစ်ခါမပြောဘူး၊ ထွက်သွားမလား အသေခံမလား”

ထိုသို့ပြောလိုက်ပြီးနောက် ဘေးလူများထံမှ လူသတ်လိုသော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။

“လင်းဝူယာ မင်း ဘယ်လိုအရူးမျိုး ခေါ်လာလဲ မြင်ပြီလား၊ မင်း သူ့ကို မသွားခိုင်းသေးလား”

လင်းတုန်လိုင်ကလည်း ရွံသလို ငေါက်ငမ်းလေသည်။ သုံးစားမရသော အမှိုက်ကောင်က သူ ခေါ်လာသော ကူညီမည့်သူများကို ဆက်တိုက် ဒေါသထွက်အောင် လုပ်နေသည် မဟုတ်ပါလော။

“ဘယ်သူမှ ငါ့ကို မခြိမ်းခြောက်နိုင်ဘူး၊ ကိုယ့်လက်မောင်း ကိုယ်ဖြတ်မလား၊ ဒါမှမဟုတ် ဒီနေရာကို ခင်ဗျားရဲ့ သင်္ချိုင်းမြေ ဖြစ်သွားစေချင်လား”

ယဲ့ဖန်က ချင်ယန်ကျွင်းကို အေးစက်စွာ ကြည့်လိုက်သည်။ ချင်းယန်ကျွန်းနှင့် အခြားသူများ အံ့ဩကာ ထိတ်လန့် သွားကြသည်။ သူတို့ နားကြားမှားလေသလားဟုပင် တွေးမိသွားကြလေသည်။

*ဒီကောင် ဘာပြောလိုက်တာလဲ၊ ချင်ယန်ကျွင်းကို ကိုယ့်လက်မောင်းကိုယ် ပြန်ဖြတ်ခိုင်းနေတာလား၊ သူ ရူးသွားပြီလား*

*လူတိုင်းရှေ့မှာ သူတော်စင်သခင်အဆင့်ကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ*

ချင်ယန်ကျွင်းသည် လူကောင်းမဟုတ်သလို စိတ်သဘောထား ကောင်းသူလည်း မဟုတ်ချေ။ တစ်ခါက သူ့အတန်းဖော်တစ်ယောက်က သူ့မကောင်းကြောင်း ပြောခဲ့ဖူးသည်။ ထို့နောက် ထိုအကြောင်းက သူ့နားထဲ ပြန်ရောက်သွားသည်။ နောက်တစ်နေ့တွင် ထိုအတန်းဖော်သည် ပြင်းထန်စွာ ရိုက်နှက်ခံထားရပြီး သူ့အလောင်းအား ချုံတောထဲ၌ စွန့်ပစ်ထားသည်ကို တွေ့ခဲ့ရသည်။

လက်ရှိအချိန်တွင်လည်း ချင်ယန်ကျွင်း၏ မျက်နှာတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။ ယဲ့ဖန်ကဲ့သို့ ဘာမှမဟုတ်သော လူငယ်လေးက သူ့ကို ခြိမ်းခြောက်လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။

“ကောင်းပြီလေ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”

ချင်ယန်ကျွင်း၏ မျက်လုံးများ မီးဝင်းဝင်းတောက်သွားပြီး ယဲ့ဖန်ထံ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။ ဤသည်ကိုမြင်သော် လင်းတုန်လိုင်နှင့် လင်းမိသားစုဝင်များက ပျက်ရယ်ပြုသံသာ ပေး၍ ဘယ်သူမှ တားရန် မကြိုးစားကြပေ။

သူတို့၏ အမြင်တွင် ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်း ဖြစ်ပြီး ယခုအဖြစ်နှင့် ထိုက်တန်သည်ဟု တွေးထင်ထားကြသည်။

ထိုအခိုက်တွင် လင်းမိသားစု အိမ်တော်၏ အပြင်ဘက်မှ အေးစက်သော မိစ္ဆာအငွေ့အသက်တစ်ခုက ဒီရေအလား ပျံ့လွင့်လာပြီး မိစ္ဆာဝိညာဉ်တစ်ကောင် ရောက်လာသည်ဟု ထင်မှတ်မှားရသည်။

ထို့နောက် လင်းမိသားစုအိမ်တော်၏ မှန်များတွင် ရေခဲလွှာများ ဖုံးလွှမ်းလာပြီး ကြမ်းပြင်တစ်ခုလုံး ဖြူဖွေးလာကာ လူတိုင်း အသက်ရှူထုတ်လိုက်ချိန်တွင် အအေးငွေ့ပင် ထွက်လာရသည်။

ချက်ချင်းဆိုသလိုပင် ချင်ယန်ကျွင်း၊ လင်းတုန်လိုင်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားပြီး တစ်စုံတစ်ရာကို သတိထားမိသွားကြသည်။ ချင်ယန်ကျွင်းက ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်လေသည်။

“ဟေ့ကောင် ငါ မင်းကို‌ နောက်မှ စာရင်းရှင်းမယ်”

ထို့နောက်တွင်မူ ချင်ယန်ကျွင်းနှင့် အခြားသူများသည် အနက်ရောင် အရိပ်တစ်ခုက ရှေ့သို့ လှစ်ခနဲ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြေးခွံများနှင့် သံချပ်ကာ ဝတ်ထားသလို မျက်လုံးများက အေးစက်၍ သွေးဆာဟန် ပေါ်နေသည်။

ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာသွေးမိကျောင်းပင်။ သူ့ကို မြင်လိုက်သောအခိုက်မှာပင် လူတိုင်း၏ မျက်နှာတွင် ကြောက်လန့်သွေးပျက်ဟန်များ ပြည့်နှက်လာ၏။

သူ့ပေါ်မှ မိစ္ဆာအငွေ့အသက်က မမြင်ရသော လက်ကြီးတစ်ဖက်သဖွယ် လူတိုင်း၏ လည်မျိုကို ညှစ်လာသည်ကို ခံစားရကာ အသက်ရှူမဝ ဖြစ်လာကြသည်။

လင်းတုန်လိုင်နှင့် လင်းဝူယာတို့ နှစ်ယောက်လုံး ကြက်သေ သေနေ၏။ သူတို့ လိုက်ဖမ်းခဲ့ကြစဉ်က မိစ္ဆာသွေးမိကျောင်းသည် ဤပုံစံအဖြစ်သို့ မပြောင်းလဲသေးပေ။ သို့သော် ယခုအခါတွင် သူသည် မကောင်းဆိုးဝါး တစ်ကောင် အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲနေ၏။

ကိုယ်ပေါ်မှ မညီညာသော မိကျောင်း အရေပြားက ရွံစရာကောင်းသလို ကြောက်စရာလည်း ကောင်းပေသည်။

“ငါ့ကို နိုင်ငံထဲက နှင်ထုတ်လိုက်တဲ့ လင်းမိသားစုရဲ့ ခွေးသူခိုးကောင်၊ ဒီနေ့ ငါ ပြန်လာပြီး မင်းတို့ လင်းမိသားစုကို ဖျက်ဆီးပြီကွ”

မိစ္ဆာသွေးမိကျောင်းက အားပါးတရ ရယ်မောနေပြီး သူ့မျက်နှာတွင် ရက်စက်ခက်ထန်မှုများနှင့် ပြည့်နှက်နေကာ လင်းမိသားစုဝင်များကို စူးစိုက်ကြည့်နေ၏။

“မိစ္ဆာသွေးမိကျောင်း ငါ့မြေးမလေးကို ဖျက်ဆီးပြီး သတ်ပစ်တာ မင်းပဲ၊ ငါတို့က ငါတို့ လုပ်သင့်တာကို လုပ်တာ၊ ဒီကိစ္စကို သင်ပုန်းချေလိုက်သင့်ပြီ”

လင်းတုန်လိုင်က အလေးအနက်ထားသော အသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးတွင် အလွန် ကြောက်ရွံ့ဟန် ပေါ်နေ၏။

“အဘိုး လက်စားချေမယ့် အခွင့်အရေးကို တကယ် လက်လျှော့လိုက်မလို့လား၊ သေသွားတဲ့ ညီမလေး ဘယ်လိုလုပ် အေးချမ်းတော့မှာလဲ”

လင်းဝူယာက လင်းတုန်လိုင်ကို မယုံနိုင်သော အကြည့်ဖြင့် ကြည့်နေပြီး သူ့မျက်နှာ သုန်မှုန်လာ၏။

“မင်း ဘာသိလို့လဲ၊ ဒါ ငါ လင်းမိသားစုအတွက် လုပ်နေတာ”

လင်းတုန်လိုင်က အေးစက်စက် ငေါက်ငမ်းလိုက်သည်။

“သေတဲ့လူက သေပြီ၊ ငါတို့ ဘယ်လောက်ပဲ စိတ်တိုစိတ်တို အသုံးမဝင်ဘူး၊ ငါ အသက်ရှင်နေတဲ့လူတွေကို နာကျင်ခွင့် မပေးနိုင်ဘူး၊ နှစ်ပေါင်းများစွာ တည်ထောင်ထားတဲ့ လင်းမိသားစုကို ငါ့လက်ထဲမှာ ပျက်စီးခွင့် မပေးနိုင်ဘူး”

ပြီးခဲ့သော နှစ်များစွာအတွင်း မိစ္ဆာသွေးမိကျောင်းသည် လောကအနှံ့ လျှောက်သွားခဲ့ပြီး ရက်စက်သော နာမည်သတင်းနှင့် ကျော်ကြားပြီး သက်ရှိအားလုံး သူ့ကို ရှောင်ရှားကြသည်။

ဤသို့သော မကောင်းဆိုးဝါးမျိုးကို သူတို့ လင်းမိသားစုက ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ ချင်ယန်ကျွင်းနှင့် အခြားသူများ ရှိနေလျင်တောင်မှ သူတို့ကို စိတ်ရင်းနှင့် ကူညီပါ့မလား အာမမခံနိုင်ပါ။

သူတို့ လင်းမိသားစု၏ ကိစ္စအတွက် အခြားသူများက အသေခံရန် ကြိုးစားပါမည်လော။ ဤသည်မှာ အလွန် လက်တွေ့မကျလှပေ။

“ကျစ်ကျစ် … ဒါပေမဲ့ ငါက မင်းတို့ လင်းမိသားစုကို ဒီအတိုင်း မထားချင်ဘူး၊ နှစ်တွေကြာသွားပြီဆိုပင်မယ့် ငါ အဲ့ ကလေးမလေးရဲ့ အရသာကို မေ့မရသေးဘူး၊ ငါ မင်းတို့ လင်းမိသားစုဆီ တစ်နေ့ ပြန်လာပြီး မင်းတို့ လင်းမိသားစုက မိန်းမတွေကို ပျော်ပျော်ကြီး ခံစားချင်သေးတာကွ”

မိစ္ဆာသွေးမိကျောင်းက စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်ပြီး သူ၏ မျက်လုံးများက မျက်စိရှေ့မှ လူတိုင်းကို ကြည့်နေသည်။

“ပြောစမ်းပါဦး၊ ဒီနှစ်တွေထဲမှာ မင်းတို့ လင်းမိသားစုက မိန်းကလေး မွေးပါတယ်၊ ဟုတ်တယ်မလား”

ထိုစကားက လင်းမိသားစုဝင်များကို ဒေါသထွက်သွားစေသည်။ ပြီးခဲ့သော နှစ်များအတွင်း လင်းမိသားစုက တကယ်ပင် သမီးမိန်းကလေး မွေးဖွားခဲ့သည်။ လင်းဝူယာ၏ အစ်ကိုကြီးက သမီးလေးနှစ်ယောက် မွေးဖွား ထားသည်။

သူတို့ရှေ့မှ ဤတဏာရူးက သူတို့ လင်းမိသားစုမှ ကလေးမလေးများအား ဖျက်ဆီးရန် တကယ် ကြံစည်နေသည် တဲ့လား။

ရက်စက်လှသည်။ ဝက်များ၊ ခွေးများထက်ပင် တိရစ္ဆာန်ပိုဆန်နေ၏။ လက်ရှိတွင် လူတိုင်း၏ မျက်နှာတွင် ဒေါသစိတ်များ ပြည့်နှက်နေပြီး လုံးဝ ရန်စခံရသလို ခံစားနေရသည်။

အပြင်လူဖြစ်သော ယဲ့ဖန်တောင်မှ မိစ္ဆာသွေးမိကျောင်း၏ ရမက်ကြီးသော စကားကိုကြားပြီး ရင်ထဲ အေးစိမ့်သွားပြီး သတ်ချင်စိတ်ပင် ပေါက်လာရသည်။

*ဒီလိုအမှိုက်ကောင်မျိုးက လောကထဲမှာ အသက်ရှင်မနေသင့်ဘူး*

“မိစ္ဆာသွေးမိကျောင်း ငါတို့ လင်းမိသားစုက မင်းကို တကယ် ကြောက်တယ်လို့ ထင်နေတာလား”

လင်းတုန်လိုင်၏ မျက်နှာတွင် ကြောက်လန့်ဟန် ပေါ်သော်လည်း သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။

“ဒီနေ့ မင်းကို သတ်ဖို့ ငါတို့ လူတွေ ပြင်ထားပြီးသားကွ”

လင်းမိသားစုကို ကာကွယ်ရန်အတွက် သူ အရှက်အကွဲခံရန် လိုလားပြီးသား ဖြစ်သည်။ သို့သော် လူသားတစ်ယောက် ဖြစ်သော သူ့အတွက် အကန့်အသတ် ရှိပေသည်။ သူတို့ သေလူအတွက် လက်စားမချေနိုင်သော်လည်း အသက်ရှင်နေသူများအား ကံဆိုးခွင့် မပေးနိုင်ပါ။

ထိုစကားကိုကြားသော် မိစ္ဆာသွေးမိကျောင်း၏ ရက်စက်သော မျက်လုံးက တစ်ယောက်ချင်းစီပေါ် ကျရောက်လာပြီးနောက် အထင်သေးစွာ ပြုံးလေသည်။

“ငါ မင်းတို့ကို ကြိုစိန်ခေါ်တယ်ဆိုတာက မင်းတို့ လင်းမိသားစုကို အသက်ရှင်နိုင်မယ့် အခွင့်အရေး ပေးဖို့ပဲ၊ မင်းတို့က နာမည်မရှိတဲ့ ဆန်ကုန်မြေလေးတစ်သိုက်ကို ခေါ်ထားတာက စိတ်မကောင်းစရာပဲ”

“ဒီလိုဆိုမှတော့ မင်းတို့ လင်းမိသားစု သေလို့ရပြီ”

ချင်ယန်ကျွင်းနှင့် အခြားသူများ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူတို့သည် သူတော်စင်သခင်အဆင့်များ ဖြစ်ပြီး လူတိုင်း၏ လေးစားခြင်း ခံရသူများ ဖြစ်ပေသည်။ သို့ရာတွင် မိစ္ဆာသွေးမိကျောင်းက သူတို့ကို ဆန်ကုန်မြေလေးဟု ပြောရဲသည်တဲ့လား။ ခွင့်မလွှတ်နိုင်စရာပင်။

သူတော်စင်သခင်အဆင့် အချို့၏ မျက်နှာတွင် ပြင်းထန်သော လူသတ်ချင်စိတ် ပေါ်လာ၏။

“မိစ္ဆာသွေးမိကျောင်း မင်းက သိပ်သန်မာနေတယ်ပေါ့လေ ဟုတ်လား”

ချင်ယန်ကျွင်းက ရှေ့တက်လိုက်ပြီး မိစ္ဆာသွေးမိကျောင်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူ့ကျောနောက်မှ နတ်ဓားက မသိမသာ တုန်ခါလာပြီး လူသတ်ချင်စိတ်များ ထွက်ပေါ်နေလေသည်။

မိစ္ဆာသွေးမိကျောင်းက သူ့ကို အသာကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“အမှိုက်ကောင် ထွက်သွားလိုက်တော့”

“သေချင်နေတာပဲ”

ချင်ယန်ကျွင်း ချက်ချင်း ဒေါသထွက်သွားသည်။ သူ နာမည်ကျော်လာကတည်းက မည်သူမှ သူ့ကို ဤသို့ မပြောရဲချေ။

*သေချင်နေတာ*

*ဒါ သက်သက်မဲ့ သေချင်နေတာ*

ချက်ချင်းဆိုသလိုပင် ချင်ယန်ကျွင်းက ပြင်းထန်စွာ တုန်ယင်လာပြီး နတ်ဓားက ကျောနောက်မှ ပျံတက်လာပြီး ချင်ယန်ကျွင်း၏ ထိန်းချုပ်မှုအောက်၌ တိုက်ခိုက်လာသည်။

နတ်ဓားက ရန်သူကို သတ်ပေတော့မည်။

အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ဓားသွားပေါ်၌ ဓားစွမ်းအင်များ စုဝေးလာပြီး ခက်ထန်၍ လွှမ်းမိုးနိုင်စွမ်း နှင့်အတူ မိစ္ဆာသွေးမိကျောင်းထံ ပျံဝင်သွားသည်။

ထိုအခိုက်တွင် လင်းတုန်လိုင်နှင့် အခြားသူများတွင် စိုးရိမ်သော အမူအရာများ ပေါ်လာသည်။ ဤတိုက်ပွဲက သူတို့ လင်းမိသားစု၏ အသက်နှင့် ဆက်စပ်နေ၏။

“သွေးမုန်တိုင်း”

ရုတ်တရက် မိစ္ဆာသွေးမိကျောင်း၏ မျက်လုံးတွင် အေးစက်မာကျောသော အလင်းတစ်ချက် ဖြတ်သွားပြီး စူးရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ နတ်ဓားပေါ် ရိုက်ခတ်သွားသည်။

ထိုအခိုက်တွင် နတ်ဓားသည် အလင်းတန်းများ မှေးမှိန်သွားပြီး သံချေးတက်လာပြီး စိတ်ဝိညာဉ် စွမ်းအင် ပျောက်ဆုံးသွားလေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချင်ယန်ကျွင်း၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွားသည်။ သူ၏ နတ်ဓားသည် နတ်သံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ လက်နက်များအကြားတွင် ယင်း၏ ထက်ရှမှုကို ခုခံနိုင်သည့် အရာမရှိချေ။ သို့သော် ယခု တစ်ဖက်လူ၏ တိုက်ခိုက်မှုအောက်၌ ပျက်စီးသွားသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ဟားဟားဟား အရူး မင်း သိအောင် ပြောပြလိုက်မယ်၊ ဒီနှစ်တွေအတွင်း လက်စားချေဖို့အတွက် မကောင်းဆိုးဝါး တွေကို နေ့ရောညပါ တိုက်ခိုက်ပြီး မကောင်းဆိုးဝါးတွေရဲ့ သွေးနဲ့ ကျင့်ကြံလာတာ။ အခု ငါ့ကိုယ်က မကောင်းဆိုးဝါး အဆိပ်တွေနဲ့ ပြည့်နေပြီ။ ငါနဲ့ ထိတဲ့ ဘယ်အရာမဆို ပျက်စီးသွားမှာပဲ”

မိစ္ဆာသွေးမိကျောင်း၏ ကြမ်းကြုတ်သော အကြည့်က လူတိုင်းပေါ် ကျရောက်လာပြန်သည်။

“မင်းတို့အားလုံး သေပြီ”

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ စိတ်အခြေအနေက အောက်ဆုံးအထိ ထိုးကျသွားသည်။ အားလုံး၏ မျက်လုံးတွင် အလွန် အံ့အားသင့်ဟန်များ ပေါ်လွင်နေ၏။

*မကောင်းဆိုးဝါးတွေရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံထားတယ် ဟုတ်လား၊ ထင်မှတ်မထားလောက်အောင်ကို နာနေမှာပဲ*

သတိမမူမိလျင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည်အထိ စိုးရိမ်ရသည်။

လင်းတုန်လိုင်၏ မိသားစုသည် ဆေးပညာကို လေ့လာသူများ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို မကောင်းဆိုးဝါး၏ သွေးဖြင့် မွမ်းမံခြင်းက ခန္ဓာကိုယ်ကို ချော်ရည်ထဲ ပစ်ချလိုက်သလိုပင်။

*ရူးနေပြီ*

*ဒီမိစ္ဆာသွေးမိကျောင်းက တကယ် ရူးနေပြီ*

All Chapters