အခန်း ၁၅၀၀
Vol. 100 Ch. 1500
Chapter 1500 အရမ်း သန်မာတယ်
ဤအချက်မှနေ၍ မိစ္ဆာသွေးမိကျောင်းက သူတို့ လင်းမိသားစုကို မည်မျှ မုန်းတီးကြောင်း သိနိုင်ပေသည်။
လင်းတုန်လိုင်နှင့် အခြားသူများ တုန်ယင် နေသည်။ ချင်ယန်ကျွင်း၏ နတ်ဓားပင် မိစ္ဆာသွေးမိကျောင်းကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ယနေ့ ပြင်းထန်သော တိုက်ပွဲ ဖြစ်ရန် ကံပါနေလေပြီ။
သူတို့ ကြောက်စပြုလာသည်။ ယနေ့ မိစ္ဆာသွေးမိကျောင်းသည် ကြောက်မက်ဖွယ် ကောင်းနေ၏။ ချင်ယန်ကျွင်းတောင်မှ ကြောက်သလို ခံစားနေရသည်။ ဤသို့သော ပြိုင်ဘက်တစ်ယောက်ကို သူ တစ်ခါမှ မရင်ဆိုင်ဖူးပါ။ တစ်ဖက်လူက သူ့လက်နက်ကို ချက်ချင်း ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။
သူ၏ နတ်ဓားသည် သူ၏ အကြီးမားဆုံး အားထားရာ ဖြစ်သည်။ ဤနတ်ဓားကို အားကိုး၍ သူ နှစ်ပေါင်းများစွာ သူတော်စင်သခင်အဆင့်များကို သတ်ဖြတ်ခဲ့သည်။ သို့သော် ယနေ့တွင် ၎င်းက မိစ္ဆာသွေးမိကျောင်းထံ၌ သက်ရောက်မှု မရှိခဲ့ချေ။
သူ့နှလုံးက ဒရမ်တီးသကဲ့သို့ တဒိန်းဒိန်း ခုန်နေ၏။ သူတို့ နောက်ဆုတ်ရန်ပင် စဉ်းစားစပြုလာ၏။ သူ လင်းမိသားစုအပေါ် ကျေးဇူးကြွေး တင်နေသော်လည်း သူ့အသက်ဖြင့် လဲ၍ ပြန်ပေးဆပ်ရန် မဖြစ်နိုင်ပါ။
“မိစ္ဆာသွေးမိကျောင်း မင်း အသေခံလိုက်တော့”
ရုတ်တရက် မိစ္ဆာသွေးမိကျောင်း၏ အနောက်မှနေ၍ ခက်ထန်သော အသံတစ်သံ ထွက်လာပြီး ကြီးမားသော ပုဆိန်တစ်လက်က မိစ္ဆာသွေးမိကျောင်းပေါ် ကျရောက်လာသည်။ ၎င်းပုဆိန်က ပြင်းလှပြီး အရှိန်ကလည်း ပါသည်။
အလစ်ဝင်တိုက်ခြင်းပင်။ သို့သော် ယခုလိုအချိန်၌ သူ အလစ်ဝင်တိုက်သည်ကို မည်သူက အရေးစိုက်မည်နည်း။
ချင်ယန်ကျွင်း၊ လင်းတုန်လိုင်နှင့် အခြားသူများသည် ဤသည်ကိုမြင်သော် ချက်ချင်း ဝမ်းသာသွားဟန် ပေါ်လာသည်။
*ဟုတ်ပြီကွ*
ဆက်လက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက ဝမ်းသာနေသော လူအများအား ချက်ချင်း မျက်ရည်ကျသွားစေသည်။ ဧရာမ ပုဆိန်တစ်လက် ကျလာသော်လည်း မိစ္ဆာသွေးမိကျောင်းက လုံးဝ မရှောင်ပေ။
တစ်ချိန်တည်းမှာပင် အထင်သေးသော အပြုံးမျိုး ပြုံးနေပြီး ဤအရူးများ၏ သွေးကြီးမှုကို သရော်နေပုံ ရသည်။
“ဒေါင်”
ကျယ်လောင်သော ဆူညံသံ ထွက်ပေါ်လာပြီး ဧရာမပုဆိန်က မိစ္ဆာသွေးမိကျောင်း၏ ခေါင်းကို ခုတ်မိသွားသည်။ သို့သော် ထင်ထားသကဲ့သို့ သွေးများ ထွက်မလာပါ။ ထိုအစား မိစ္ဆာသွေးမိကျောင်းက နေရာတွင် တောင်တစ်လုံး သဖွယ် မလှုပ်မယှက် ရပ်နေ၏။
ထိုအခါ သေမတတ် ကြောက်ရွံ့သောကြောင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။ လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။
သူတော်စင်သခင်အဆင့်၏ ပုဆိန်ဖြင့် ခေါင်းကိုခုတ်မိသော်လည်း မိစ္ဆာသွေးမိကျောင်းက ဘာမှမဖြစ်ချေ။ ဤသူတော်စင်သခင်အဆင့်၏ ပုဆိန်က ကောင်းကင်အဆင့် လက်နက် ဖြစ်ပေသည်။ သို့ရာတွင် ဤမိစ္ဆာပေါ်၌ မည်သို့သော သက်ရောက်မှုမှ မရှိဘူးတဲ့လား။
*ကြောက်စရာကောင်းလိုက်တာ*
*ဒီမြင်ကွင်းက ကြောက်ဖို့ကောင်းတယ်*
သို့သော် ပို၍ ကြောက်စရာကောင်းသော မြင်ကွင်း ဖြစ်လာရန် ကျန်သေးသည်။
“ဂျွတ်”
ထိုအသံနှင့်အတူ ဧရာမပုဆိန် အက်ကွဲလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ထို့နောက် အက်ကြောင်းက ပိုပျံ့လာပြီး တစ်ခဏအတွင်း ပျက်စီးသွားလေသည်။
*ကောင်းကင်အဆင့် လက်နက်က တစ်စစီ ဖြစ်သွားတာလား*
ထိုအခိုက်တွင် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့၏ နှလုံးပါ နင်းခြေခံလိုက်ရသလို ခံစားလိုက်ရသည်။
အခွင့်ကောင်းယူ၍ အလစ်ဝင်တိုက်သော်လည်း မိစ္ဆာသွေးမိကျောင်းကို သူ မသတ်နိုင်သည့်အပြင် သူ့လက်နက်ပါ ပျက်စီးသွားရသည်။
*ဒီကောင့်ကိုယ်က ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာလဲ*
မိစ္ဆာသွေးမိကျောင်း ပြောသောစကားက အမှန်ပင်။ မကောင်းဆိုးဝါး၏ သွေးက အလွန် ကြောက်စရာ ကောင်းလှသည်။ သူ့ခန္ဓာကိုယ်က နှိုင်းမရ ဖြစ်သွားသည်။
ဘေးများအားလုံး ကျောချမ်းသွားပြီး လူတိုင်း မျက်နှာထား သုန်မှုန်၍ ရင်တုန်နေကြသည်။
*ဒီလူက သန်မာပြီး ကြောက်စရာကောင်းတယ်*
ဧရာမပုဆိန်ကို ကိုင်ထားသော သူတော်စင်သခင်အဆင့်သည် ကြက်သေ သေနေပြီး သူ နတ်ဘုရင်အဆင့်နှင့် ကြုံနေရသလားဟုပင် သံသယဝင်လာ၏။
သို့မဟုတ်ပါက ဤမျှ ကြောက်စရာကောင်းသော ခန္ဓာကိုယ် ရှိနိုင်မည်နည်း။ ဤသည်က မျှော်လင့်ချက် မဲ့စရာပင်။
“မင်း တိုက်ခိုက်ရင်တောင် ငါ့ကို နာအောင် မလုပ်နိုင်တာ မင်းက အမှိုက် မဟုတ်ဘူးလား”
မိစ္ဆာသွေးမိကျောင်းက နောက်လှည့်၍ ထိုသူတော်စင်သခင်အဆင့်ကို စိုက်ကြည့်လေသည်။ ထိုသူတော်စင် သခင်အဆင့်သည် မှင်တက်နေပြီးမှ တွေဝေခြင်းမရှိဘဲ အနောက်သို့ လှည့်၍ ထွက်ပြေးတော့သည်။
သို့သော် ကြေးခွံများ ဖုံးအုပ်နေသော လက်တစ်ဖက်က သူ့လည်ပင်းအား ဖမ်းချုပ်၍ နောက်သို့ ပြန်ဆွဲလာ၏။ မိစ္ဆာသွေးမိကျောင်း၏ မျက်လုံးတွင် သွေးဆာဟန်များ ပေါ်လွင်နေပြီး ချွန်ထက်သော သွားများကို လှစ်ဟာပြလာသည်။
“အမှိုက်ကောင် သေလိုက်တော့”
ထို့နောက် သူသည် ပါးစပ်ကိုဖြဲ၍ တစ်ဖက်လူ၏ ဦးခေါင်းကို ကိုက်ဝါးပစ်လိုက်သည်။ ထိုအခါ သွေးများ ငေါခနဲ ပန်းထွက်လာလေသည်။
မိစ္ဆာသွေးမိကျောင်း၏ လက်ထဲ၌ ထိုသူတော်စင်သခင်အဆင့်၏ ခန္ဓာကိုယ်က အကြိမ်အနည်းငယ်မျှ တွန့်လိမ် သွားပြီးမှ လှုပ်ရှားမှု မရှိတော့သည်ကို လူတိုင်း မြင်လိုက်ရသည်။ ခေါင်းတစ်ခုလုံး မိစ္ဆာသွေးမိကျောင်း၏ ဝါးစားခြင်း ခံလိုက်ရသည်။
“ဂျွိ ဂျွိ”
မိစ္ဆာသွေးမိကျောင်း၏ ကြီးမားသော မိချောင်းပါးစပ်ကြီးက တမြုံ့မြုံ့ ဝါးနေသောအခါ ကြောက်စရာ ကောင်းသော အသံထွက်နေပြီး မသိလျင် အရသာရှိသော အစားအစာတစ်ချို့ကို စားနေသည်ဟု ထင်မှတ်ရသည်။
*ကြောက်စရာကောင်းလိုက်တာ*
*သူတော်စင်သခင်အဆင့်ကို သူ တကယ် စားနေတာပဲ*
*ဒီမြင်ကွင်းကြီးက ရက်စက်လွန်းတယ်*
*သွေးထွက်သံယို များလိုက်တာ*
ဤသည်မှာ လူမဆန်သော လုပ်ရပ်ပင်။ ချင်ယန်ကျွင်းနှင့် အခြားသူတော်စင်သခင်အဆင့်များသည် ဤသည်ကို မြင်သော် သူတို့၏ ကံကြမ္မာကို ခန့်မှန်းမိသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ကြောက်လန့်၍ အကြောသေ လုနီးပါး ဖြစ်သွားရသည်။
*ကြောက်စရာပဲ*
*ငါတို့က ဒီမကောင်းဆိုးဝါးနဲ့ အဆင့်မတူဘူး*
“ဂလု”
အချိန်တစ်ချို့မျှ ကြာအောင် ဝါးနေပြီးနောက် မိစ္ဆာသွေးမိကျောင်းသည် ကျန်နေသော အသားဖတ်များနှင့် အရိုးများကို မျိုချလိုက်လေသည်။
ထို့နောက် သွေးစွန်းနေသော ပါးစပ်ဖြင့် လောဘတက်သော အပြုံးမျိုး ပြုံးကာ ကျန်သူတော်စင်သခင် အဆင့်များကို ပြောလိုက်သည်။
“မင်းတို့အားလုံးက ငါ့လက်ထဲမှာပဲ ဘယ်သူမှ ပြေးမလွတ်နိုင်ဘူး”
လင်းတုန်လိုင်သည် လေးလံထိုင်းမှိုင်းသော မျက်နှာထားနှင့် အခြားသူများကို စောင့်ကြည့်နေသည်။ လက်ရှိတွင် အားလုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေ၏။
နှစ်များစွာကြာပြီးနောက် မိစ္ဆာသွေးမိကျောင်း တစ်ဖန် ပြန်လာပြီး ခွန်အားကလည်း အလွန် ကြောက်စရာ ကောင်းနေလိမ့်မည်ဟု သူ ထင်မထားမိချေ။ လူအများအား လုံးဝ ခုခံခွင့်ပင် မပေးချေ။
“အားလုံးတက်ကြ”
ထိုစဉ် ချင်ယန်ကျွင်းက အော်ဟစ်လာသည်။ သူ ဤသို့ ထိုင်ကြည့်မနေချင်ပါ။ လက်ရှိတွင် သူသည် မျှတခြင်း၊ မမျှတခြင်းကို မတွေးအားပါ။ မိစ္ဆာသွေးမိကျောင်းအား ပေါင်းတိုက်မှသာလျင် အသက်ရှင်နိုင်မည့်နည်းကို ရှာတွေ့နိုင်လောက်သည်။
သူတော်စင်သခင်အဆင့်များအားလုံး သတိဝင်လာပြီး ချက်ချင်း ပြေးတက်လာကြသည်။ အားလုံး မိစ္ဆာသွေးမိကျောင်းကို ပြိုင်တူ တိုက်ခိုက်လာ၏။ ပြင်းထန်သော တိုက်ကွက် တစ်ခုပြီးတစ်ခုက သူ့ကိုယ်ပေါ် ကျရောက်လာသည်။
ထိုစဉ် သန်မာသော သူတော်စင်သခင်အဆင့်တစ်ယောက်က လက်ကိုမြှောက်၍ အရှေ့မှ မိစ္ဆာ သွေးမိကျောင်းအား ထိုးနှက်လိုက်သည်။
မိစ္ဆာသွေးမိကျောင်းသည် နောက်သို့ သုံးလှမ်းဆုတ်လိုက်ပြီးမှ ဟန်ချက်ထိန်းလိုက်နိုင်သည်။ သူ့ရင်ဘတ်တွင် အဖြူရောင် အမှတ်တစ်ခု ရှိနေသည်။
သူ့ကိုယ်ပေါ်မှ အဖြူရောင်အမှတ်ကို အထင်သေးစွာ ခါထုတ်လိုက်ပြီး ထိုလူအား လှမ်းကြည့်ကာ ထီမထင်ဟန် ပြုံးလိုက်သည်။
“ဒီလောက်ပဲလား”
“မင်း”
ထိုလူ ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ သူ့လက်သီးက တောင်ကိုပင် တုန်ခါစေရန် လုံလောက်သော်လည်း ဤမိစ္ဆာကို အနိုင်မယူနိုင်ဘူးတဲ့လား။
“တကယ့် လက်သီးက ဘာလဲဆိုတာ ပြပေးမယ်”
ထို့နောက်တွင် မိစ္ဆာသွေးမိကျောင်းက လက်ကိုဝင့်လိုက်ပြီးနောက် လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်သည်။ ထိုအခါ ကြောက်စရာကောင်းလောက်အောင် သွေးကြောများ ထောင်တက်လာပြီး ထိုလူအား ထိုးနှက်လိုက် လေသည်။
*မကောင်းတော့ဘူး*
ထိုလူ မျက်လုံးပြူးသွားပြီး ကြောက်စိတ်များ ပြည့်နှက်လာ၏။ လက်ရှိတွင် ဂြိုဟ်တစ်လုံးက သူ့ထံ ကျဆင်း လာပြီး ဧဝရက်တောင်ကဲ့သို့ လေးလံသော ဖိအားတစ်စုံက သူ့အား ခုခံမရအောင် ပြုလုပ်နေသည်ဟု ခံစားလာရသည်။
ထိုလူ ပေါက်ကွဲကာ သေဆုံးသွားလေသည်။ လက်သီးချင်း ယှဉ်ထိုးသော်လည်း ထိုသူသည် မိစ္ဆာ သွေးမိကျောင်းအား နည်းနည်းလေးမျှ ထိခိုက်အောင် မလုပ်နိုင်ဘဲ မိစ္ဆာသွေးမိကျောင်းကသာ သူ့ကို လက်သီးတစ်ချက်တည်းဖြင့် သတ်သွားသည်။
“ချီးပဲ”
ချင်ယန်ကျွင်းနှင့် အခြားသူတော်စင်သခင်အဆင့်များ ရူးမတတ် ဖြစ်သွားကြသည်။ သေမှာကြောက်သောစိတ်က သူတို့အား နည်းနည်းလေးမျှ ထိန်းချုပ်မထားနိုင်စေတော့ပါ။ သူတို့ဘဝ၏ အစွမ်းအထက်ဆုံး သိုင်းကွက်များကို ထုတ်သုံးလာကြသည်.
မိစ္ဆာသွေးမိကျောင်းအား သိုင်းကွက် တစ်ခုပြီး တစ်ခု ထိမှတ်လာသည်။ ဆက်တိုက် ထိမှန်ပြီး ပြင်းထန်သောကြောင့် တုန်လှုပ်ဖွယ် ကောင်းလှသည်။
“နိုင်မှဖြစ်မယ်၊ မင်းတို့ နိုင်မှဖြစ်မယ်”
ဤသည်ကိုကြည့်ပြီး လင်းတုန်လိုင်နှင့် အခြားသူများ မျှော်လင့်တကြီး ဖြစ်နေသော မျက်လုံးတို့ဖြင့် စိုးရိမ်တကြီး ဆုတောင်းလာကြသည်။ နောက်ဆုံး၌ သူတို့ မျှော်လင့်ချက် ရောင်နီလေး မြင်နေရပြီ မဟုတ်ပါတကား။
သို့သော် ထိုအရာအားလုံးက အချည်းနှီးပင်။ သူတို့၏ တိုက်ကွက်များ ပြီးသွားသောအခါ မိစ္ဆာသွေးမိကျောင်းက မြေကြီးမှ ဖြည်းဖြည်းချင်း ထလာပြီး ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်နေကာ မောက်မာဟန်ဖြင့် ရှိနေသည်။
*ဘာမှမဖြစ်ဘူး*
*ထပ်ပြီး ဘာမှမဖြစ်ပြန်ပါလား*
ချင်ယန်ကျွင်းနှင့် အခြားသူများ သေးထွက်ကျမတတ် ကြောက်သွားလေသည်။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
*သူတော်စင်သခင်အဆင့် ငါးယောက် ပြိုင်တူ တိုက်တာတောင် တစ်ဖက်လူကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ဘူးလား*
*ဒါက*
*အံ့ဩစရာပဲ*
လူတိုင်း မျက်ခုံးလှုပ်လာပြီး စိတ်ထဲ၌ ကြောက်စိတ်တို့ ပြည့်နှက်လာ၏။ တစ်ဖက်လူ၏ ခွန်အားက သူတို့အား တုန်လှုပ်စေသည်။ မိစ္ဆာသွေးမိကျောင်း၏ ရှေ့၌ သူတို့သည် ပုရွက်ဆိတ်တမျှ အားနည်းနေကြောင်း ခံစားမိနေ၏။
မိစ္ဆာသွေးမိကျောင်းထံမှ ထွက်ပေါ်နေသော ကြမ်းကြုတ်သည့် အရှိန်အဝါက ငရဲမှထွက်လာသလိုပင်။
“ဒီလူအိုကြီး ကစားရတာ ပျင်းလာပြီ၊ အမှိုက်ကောင်တွေ သေလိုက်တော့”
မိစ္ဆာသွေးမိကျောင်း၏ မျက်နှာတွင် စိတ်မရှည်ဟန် ပေါ်လာသည်။ သူ တကယ် စိတ်မဝင်စားတော့ချေ။ ဤအမှိုက်ကောင်များက သူ့ကို အလေးအနက် ဖြစ်စေသော စိတ်ပေါ်လာအောင် မလုပ်နိုင်ပေ။
“နေပါဦး”
ချင်ယန်ကျွင်းက ရုတ်တရက် ထအောင်လိုက်သည်။ သူ့မျက်လုံးများက လင်းလက်နေပြီး အမူအရာက မသေချာမရေရာ ဖြစ်နေ၏။ သူ ဘာကိုတွေးနေမှန်း မသိနိုင်ပါ။
*ဟမ်*
မိစ္ဆာသွေးမိကျောင်းက ချင်ယန်ကျွင်းကို သံသယဖြင့် ကြည့်လာ၏။ ချင်ယန်ကျွင်းက ပြာနှမ်းနေသော မျက်နှာနှင့် ရှက်ရွံစွာ ပြောလိုက်သည်။
“ဒီနေ့ကိစ္စကို ကျုပ် အရေးမစိုက်တော့ဘူး၊ မင်း လင်းမိသားစုကို သတ်ချင်ရင် သတ်လိုက်၊ ငါ အခု ထွက်သွားမယ်”
ချင်ယန်ကျွင်း၏ စကားက လင်းတုန်လိုင်နှင့် အခြားသူများကို မှင်တက်သွားစေသည်။ ဤသို့ သေရေးရှင်ရေး အခြေအနေ၌ ချင်ယန်ကျွင်းက သူတို့ လင်းမိသားစုကို ပစ်ပယ်သည်တဲ့လား။
“ငါရောပဲ၊ ဒါ လင်းမိသားစုကိစ္စလေ၊ ငါနဲ့ ဘာမှမဆိုင်ဘူး၊ မိစ္ဆာသွေးမိကျောင်း အသက်ချမ်းသာပေးပါ”
“မိစ္ဆာသွေးမိကျောင်း ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါက မင်းပြိုင်ဘက် မဟုတ်ပါဘူး၊ ငါတို့ကို ဖုန်မှုန့်လို သဘောထားပြီး သွားခွင့်ပေးပါလား”
ချင်ယန်ကျွင်းက စကားစလိုက်သည်နှင့် အခြားသူတော်စင်သခင်အဆင့်များကလည်း တစ်ယောက်ပြီး တစ်ယောက် ကြောက်လန့်နေသော မျက်လုံးများဖြင့် အသနားခံလေသည်။
မိစ္ဆာသွေးမိကျောင်းသည် အံ့ဩနေပြီးမှ ထရယ်တော့သည်။
“ဟားဟားဟား လင်းမိသားစု ဒါလား မင်းတို့ ဖိတ်ထားတဲ့ ကူညီတဲ့သူ၊ အမှိုက်ဖြစ်နေရုံတင်မကဘူး သွေးပါ ကြောင်နေပါလား”
“ဒီလိုအမှိုက်တွေကို အားကိုးပြီး ငါနဲ့ တိုက်ချင်သေးတယ်ပေါ့လေ”
စကားထဲ၌ သွေးနားထင်ကြီးခြင်းနှင့် အထင်သေးခြင်းတို့ ပါဝင်နေ၏။ သို့သော် မပျော်မရွှင် ဖြစ်ရမည့်အစား သူတော်စင်သခင်အဆင့်များက ပိုရိုကျိုးလာပြီး မျက်နှာချိုသွေးလာသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မိစ္ဆာသွေးမိကျောင်း ပြောတာ မှန်ပါတယ်၊ ကျုပ်တို့က ခင်ဗျားအမြင်မှာ အမှိုက်တစ်သိုက်ပါပဲ”
ချင်ယန်ကျွင်းက ပြုံး၍ ခွေးလို မျက်နှာလုပ်လေသည်။
“မင်း …”
လင်းတုန်လိုက် ကြက်သေ သေသွားပြီး တစ်ကိုယ်လုံး ဆယ်စုနှစ် တစ်ခုစာမျှ ပိုအိုစာသွားပုံရပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဤလူများက သူတို့ လင်းမိသားစုကို သစ္စာဖောက်လိမ့်မည်ဟု သူ ထင်မထားမိပေ။
ထိုစဉ် မိစ္ဆာသွေးမိကျောင်းက ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“မင်းတို့ကို လင်းမိသားစုကို သတ်လိုက်ဖို့ ငါ အမိန့် ပေးတယ်”
စာစဉ် ၁၀၀ ဤတွင် ပြီးပါပြီ။